ပြင်သစ်ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေး မှာ သူ၏အေးဂျင့်ဟောင်းဖြစ်သူ နူရီ ခီယာရီ အား ငွေကြေးအလွဲသုံးစားမှု၊ ယုံကြည်မှု အလွဲသုံးစား ပြုလုပ်မှုများဖြင့် တရားစွဲဆိုလိုက်ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်..။
အန်ဂိုလို ကန်တေး မှာ အေးဂျင့် ခီယာရီ နှင့် ၂၀၁၆ ဇူလိုင်လတွင် လက်တွဲခဲ့ပြီး တစ်နှစ်အကြာတွင် လက်တွဲဖြုတ်ခဲ့သည်..။ ထိုသို့လက်တွဲဖြုတ်ခဲ့ရာတွင် ကန်တေး က သူ့အား နစ်နာကြေး ယူရို (၁၅၀,၀၀၀) ပေးအပ်ခဲ့ပြီးလည်းဖြစ်သည်..။
သို့သော် သူ၏အေးဂျင့်ဟောင်းမှာ ကန်တေး နှင့် ပတ်သက်သည့် ပုံရိပ်အသုံးချခွင့်၊ မူပိုင်ခွင့် စာရွက်စာတမ်းများအားလုံးကို မိတ္တူပွားထားခဲ့ပြီး အန်ဂိုလို ကန်တေး ထံ ထပ်မံ၍ ငွေညှစ်ခဲ့ကြောင်း သိရသည်..။ ထို့အပြင် ခီယာရီ မှာ ၂၀၁၈ ခုနှစ်၊ နွေရာသီတွင် ကန်တေး အား ရီးရဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် ဖိအားပေး ခိုင်းစေခဲ့သေးကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်..။ အေးဂျင့်ခီယာရီ နှင့် ဖြစ်ရပ်အပေါ် ကန်တေး က ယခုလို ပြောပြခဲ့သည်..။
"ကျွန်တော်က သူ့အပေါ် အရမ်းယုံကြည်ခဲ့ပြီး လိုက်လျောမှုတွေ များလွန်းခဲ့ပါတယ်..။ သူ့မှာရိုးသားမှုရှိလိမ့်မယ်..၊ ပွင့်လင်းမှု ရှိလိမ့်မယ်လို့လည်း ထင်မြင်မိခဲ့ပါတယ်..။ ဒါပေမယ့် သူ့ဘက်ကတော့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာ ငွေကြေးအကျိုးအမြတ်ကိုပဲ အဓိကထားခဲ့တာပါ..။"