ချယ်လ်ဆီးအသင်းနှင့် အက်စ်တွန် ဗီလာအသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အသင်း၏ရွှေရောင်မျိုးဆက်မှ အအောင်မြင်ဆုံး ဂန္တဝင်ကစားသမား နှစ်ယောက်ဖြစ်သည့် ဖရန့် လမ်းပတ် နှင့် ဂျွန် တယ်ရီ တို့မှာ ပြိုင်ဘက်များအဖြစ် ရင်ဆိုင်ရတော့မည်ဖြစ်သည်..။ အဆိုပါပွဲစဉ်အထိမ်းအမှတ်အဖြစ် ‘Captain, Leader, Legend’ ဂျွန် တယ်ရီ နှင့် ဖရန့် လမ်းပတ် တို့ကြားမှ ပရိသတ်များ သတိမထားမိသည့် အချက်အချို့ကို Chelsea အသင်း Official website က ယခုလို ဖော်ပြခဲ့သည်..။
ကွင်းလယ်အတွဲအစပ် ဖြစ်လာမလား..?
ချယ်လ်ဆီးအသင်း၏ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းများတွင် အသင်း၏ ခိုင်မာသော ကျောရိုးများကို တည်ဆောက်နိုင်ခဲ့ကြသည်..။ ရွှေရောင်မျိုးဆက်၏ အအောင်မြင်ဆုံး ကာလများအတွင်း ဂျွန် တယ်ရီ မှာ ဗဟိုခံစစ်မှူးအဖြစ် ကျောက်ဆောင်ကြီးတစ်ခုအလား ရပ်တည်နေခဲ့ပြီး ဖရန့် လမ်းပတ် ကတော့ ကွင်းလယ်မှ အသင်း၏ ကစားကွက်ကို ထိန်းကျောင်းပေးခဲ့သည်..။ သို့သော် ဂျွန် တယ်ရီ မှာ ချယ်လ်ဆီးအသင်းကို စတင်ရောက်ရှိလာခဲ့သည့် အသက် (၁၄) နှစ်အရွယ်အချိန်က ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့ပြီး ခံစစ်ကြောင်းတွင် လူမရှိသောကြောင့်သာ ဗဟိုခံစစ်မှူးအဖြစ် ပြောင်းလဲ ကစားခဲ့ခြင်းဖြစ်သည်..။ အကယ်၍ ဂျွန် တယ်ရီ သာ ကွင်းလယ်ကစားသမားအဖြစ် ဆက်လက်ကစားနေဦးမည် ဆိုပါက ဂျွန် တယ်ရီ နှင့် ဖရန့် လမ်းပတ် တို့၏ ကွင်းလယ်အတွဲအစပ်မှာ စိတ်ဝင်စားစရာ ဖြစ်လာနိုင်သော်လည်း ၂၀၀၁ ခုနှစ်အချိန်က ဂျွန် တယ်ရီ သာ ကွင်းလယ်ကစားသမားအဖြစ် ရှိနေဦးမည် ဆိုပါက ဖရန့် လမ်းပတ် အား ထပ်မံခေါ်ယူ ဖြစ်ပါဦးမလား ဆိုသည့် မေးခွန်းမှာလည်း စဉ်းစားစရာအချက်တစ်ခု ဖြစ်ခဲ့ပါသည်..။
အရှေ့ပိုင်းသားများ…
တယ်ရီ နှင့် ဖရန့် လမ်းပတ် ဟု ဆိုလိုက်သည်နှင့် သူတို့နှစ်ဦး၏ ချယ်လ်ဆီးအသင်းမှ အောင်မြင်မှုများကိုသာ အရင်ဆုံး သတိရမိမည် ဖြစ်သော်လည်း နှစ်ဦးစလုံးမှာ ကစားသမားဘဝကို ဝက်စ်ဟမ်း ယူနိုက်တက် အသင်းနှင့်အတူ လန်ဒန်မြို့၏ အရှေ့ဘက်ခြမ်းမှ စတင်ခဲ့ခြင်းဖြစ်သည်.။ ဖရန့် လမ်းပတ် မှာ ဝက်စ်ဟမ်းအသင်းကို အသက်ခြောက်နှစ် အရွယ်ကပင် ရောက်ရှိခဲ့ပြီး အသင်းကြီး ပွဲထွက်ခွင့်ကို ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရရှိခဲ့သည်..။ ဂျွန် တယ်ရီ မှာ လူငယ်ကစားသမားဘဝက ဝက်စ်ဟမ်းအသင်းနှင့်အတူ လေ့ကျင့်ခဲ့ပြီး လန်ဒန်မြို့ အနောက်ခြမ်းရှိ ချယ်လ်ဆီးအသင်းကို ၁၉၉၅ ခုနှစ်တွင် ပြောင်းရွှေ့လာခဲ့သည်..။
အင်္ဂလန် လက်ရွေးစင်အသင်း မှတ်တမ်းများ…
ဂျွန် တယ်ရီ နှင့် ဖရန့် လမ်းပတ် တို့မှာ ချယ်လ်ဆီးအသင်း၏ ကျောရိုးကစားသမားအဖြစ် ဆယ်စုနှစ်တစ်ခုကျော် အတူတကွ လက်တွဲခဲ့သလို အင်္ဂလန်လက်ရွေးစင် အသင်းတွင်လည်း အဓိက ကစားသမားများအဖြစ် (၁၈၄) ပွဲ အတူတွဲဖက် ကစားခဲ့သည်..။ အကယ်၍ ဂျွန် တယ်ရီ သာ နိုင်ငံလက်ရွေးစင်အသင်းမှ စောစောစီးစီး အနားမယူခဲ့ပါက အတူတွဲဖက် ကစားခဲ့သည့် ပွဲအရေအတွက်မှာ ယခုထက်ပို များပြားနိုင်ဖွယ်ရှိပါသည်..။ ထို့အပြင် အထင်ကရ ပြိုင်ပွဲကြီးသုံးကြိမ်ကို သူတို့နှစ်ဦး အတူတကွ ပါဝင်ခဲ့ပြီး ဖရန့် လမ်းပတ် မှာ အင်္ဂလန်အသင်းနှင့် ယူရို ၂၀၁၂ ပြိုင်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသည်..။ သူတို့နှစ်ဦးစလုံးမှာ နိုင်ငံအသင်းနှင့် ပြိုင်ပွဲကြီးများတွင် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ဂျွန် တယ်ရီ မှာ ၂၀၀၆ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ဖရန့် လမ်းပတ် မှာ ယူရို ၂၀၀၄ ဥရောပဖလား ပြိုင်ပွဲ၏ အကောင်းဆုံး အသင်းတွင် ရွေးချယ်ခံခဲ့ရသည်..။
အကောင်းဆုံး ဗြိတိသျှသားများ..
သူတို့နှစ်ဦးစလုံးမှာ ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်အသင်းတွင် နှစ်ပေါင်းများစွာ အတူတကွ လက်တွဲခဲ့သောကြောင့် တစ်ယောက်နှင့်တစ်ယောက် နားလည်မှု၊ အတွဲအစပ် အထူးကောင်းမွန်ခဲ့သည်..။ ထို့အပြင် သူတို့ရှိနေစဉ်က ချယ်လ်ဆီးအသင်းမှာ ကမ္ဘာအရပ်ရပ်မှာ အကောင်းဆုံး နိုင်ငံရပ်ခြား ကစားသမား အများအပြား ရှိနေသောကြောင့် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များတွင် သူတို့နှစ်ယောက်မှာ အင်္ဂလန်သားများ အသင်းဘက်က အများဆုံး ယှဉ်ပြိုင်ခဲ့ရသည်..။ ထို့ကြောင့်ချယ်လ်ဆီးအသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များတွင် ဂျွန် တယ်ရီ နှင့် ဖရန့် လမ်းပတ် နှစ်ဦးစလုံး ပါဝင်ပြီဆိုပါက သူတို့အသင်းကို ‘Team Bulldog’ ဟု နာမည်ပြောင်ပေးထားပြီး အင်္ဂလန် နည်းပြများနှင့် အသင်းဝန်ထမ်းများက ဇာတိမာန်အပြည့်နှင့် အထူးအားပေးခဲ့ကြသည်ဟု ဖော်ပြခဲ့သည်..။
သူငယ်ချင်းကောင်းလည်းဟုတ်..၊ ပြိုင်ဘက်ကောင်းလည်းဟုတ်…
ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီ နည်းပြဘဝတွင် ဖရန့် လမ်းပတ် နှင့် ဂျွန် တယ်ရီ တို့မှာ သုံးကြိမ်ရင်ဆိုင်ထားခဲ့ဖူးပြီး ယခုအကြိမ်မှာ စတုတ္တအကြိမ်မြောက်ဖြစ်သည်..။ မနှစ်က ဘောလုံးရာသီ၊ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဂျွန် တယ်ရီ ၏ ဗီလာအသင်းက ဖရန့် လမ်းပတ် ၏ ဒါဘီ ကောင်တီအသင်းကို Championship Playoff Final ပွဲစဉ်တွင် အနိုင်ရပြီး ပရီးမီးယားလိဂ် တန်းတက်ခွင့် ရရှိခဲ့သည်..။ ထို့အတူ ကစားသမားဘဝတွင်လည်း ပြိုင်ဘက်များအဖြစ် တစ်ယောက်နှင့်တစ်ယောက် သုံးကြိမ်ရင်ဆိုင်ဖူးပြီး လူသိအများဆုံးပွဲစဉ်ကတော့ ၂၀၁၄/ ၁၅ ဘောလုံးရာသီ၊ အက်တီးဟတ်တွင်းတွင် ယှဉ်ပြိုင်ခဲ့သော မန်ချက်စတာ စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်ဖြစ်သည်..။ အဆိုပါပွဲစဉ်တွင် ဖရန့် လမ်းပတ် မှာ မန်ချက်စတာ စီးတီးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့သည်..။
သို့သော်လူသိနည်းသေးသည့် ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့သည့် ပွဲစဉ်မှာ ၂၀၀၁ ခုနှစ်၊ မတ်လတွင် ချယ်လ်ဆီးအသင်းက ဝက်စ်ဟမ်းအား အဝေးကွင်းတွင် ၂ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်ဖြစ်သည်..။ အဆိုပါပွဲစဉ်တွင် ဖရန့် လမ်းပတ် မှာ ဝက်စ်ဟမ်းအသင်း၏ ကွင်းလယ်တွင် ပါဝင်ခဲ့ပြီး ဂျွန် တယ်ရီ မှာ ပွဲပြီးခါနီးတွင် ဘယ်နောက်ခံလူ ဂရမ်မီ လီ ဆောက်စ် အစား လူစားဝင် ကစားခဲ့ရသည်..။ နောင်တစ်ချိန်တွင် ချယ်လ်ဆီးအသင်း၏ ဂန္ထဝင်တောင်ပံ ကစားသမားတစ်ယောက် ဖြစ်လာမည့် ဂျိုး ကိုးလ် မှာလည်း ထိုနေ့ကပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းမှ ပါဝင်ခဲ့သည်..။