feature-image

‘မေဆန် မောင့်’ ကို အနားပေးပါဦးလို့ ပြောလိုက်တဲ့ ‘ဂျေမီ ရက်ဒ်နပ်’

လွန်ခဲ့တဲ့ နှစ်လလောက်က အကယ်ဒမီ လူငယ်လေးများရဲ့ရုန်းအား၊ ဖျော်ဖြေမှုအပြည့် ပေးနိုင်တဲ့ တိုက်စစ်ကစားဟန်တို့နဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်းဟာ အခုနောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ငါးပွဲမှာ လေးပွဲရှုံးနိမ့်ပြီး ချိနဲ့နေတဲ့ လက္ခဏာကို ပြသနေပါတယ်..။

သူတို့အသင်း အရှိန်အဟုန်နဲ့ ပြေးလွှားနေတဲ့ အချိန်တုန်းက အသင်းကို အဓိကဦးဆောင် မောင်းနှင်ခဲ့တဲ့ ကစားသမားတွေထဲမှာ အသက် (၂၀) နှစ်အရွယ် လူငယ်ကွင်းလယ် ကစားသမား မေဆန် မောင့် နဲ့ အသက် (၂၂) နှစ်အရွယ် တိုက်စစ်မှူး တန်မီ အေဘရာဟမ် တို့ ပါဝင်ခဲ့ပါတယ်..။ သူတို့နှစ်ယောက်ဟာ အတွဲအဖက် ညီခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ဂိုးတွေ သွင်းပေးနိုင်၊ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ သူတို့နှစ်ယောက်စလုံးဟာ အသင်းရဲ့ ပေါက်ကွဲအား၊ ဒိုင်းနမိုက်တွေ ဖြစ်ကြပေမယ့် ဘောလုံးလောကရဲ့ အခက်ခဲဆုံး လိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အပါတ်စဉ်တိုင်း အဲဒီလို ဖောက်ခွဲပြနိုင်ဖို့ မဖြစ်နိုင်ပါဘူး..။ လမ်းပတ် ရဲ့အသင်းမှာ အတွေ့အကြုံရင့်၊ ဝါရင့် သမ္ဘာရင့် ကစားသမားတွေအများကြီး ရှိနေပါတယ်.။ သူတို့တွေရဲ့ စွမ်းအားနဲ့ ပါဝင်မှုနဲ့ လူငယ်လေးတွေရဲ့ ဝန်နဲ့မမျှ ဖြစ်နေတဲ့ အခြေအနေကို တစ်ဖက်တစ်လမ်းကနေ ထမ်းပိုးပေးဖို့ လိုအပ်နေဆဲပါပဲ..။

ဝီလီယံ၊ ပီဒရို တို့လို ကစားသမားတွေအနေနဲ့ မောင့် နဲ့ တန်မီ တို့လို လူငယ်ကစားသမားလေးတွေက အသင်းရဲ့ အဓိကတာဝန်တွေကို ထမ်းရွက်နေတာကို ထိုင်ကြည့်နေလို့ မဖြစ်ပါဘူး..။ သူတို့လို ကစားသမားတွေဟာ ပါဝင်ခွင့်ရတဲ့အချိန်တိုင်းမှာ အသင်းကို ဦးဆောင်၊ မောင်းနှင်ပေးနိုင်ရမှာပါ..။ အထူးသဖြင့် မေဆန် မောင့် နဲ့ ပတ်သက်ရင် ခဏလောက်တော့ သူ့ကိုအနားပေးရင် ကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် အသက် (၁၉) နှစ်အရွယ် လီဗာပူးလ်အသင်းကြီးထဲမှာ စတင်ရောက်ရှိခဲ့တဲ့ အချိန်တုန်းက အဖြစ်အပျက်တွေကို ပြန်ပြီးသတိရမိလို့ ဖြစ်ပါတယ်..။



အဲဒီအချိန်က ကျွန်တော်တို့အသင်းရဲ့ မန်နေဂျာက ဂရမ်မ် ဆောင်းနက်စ် ဖြစ်ပါတယ်..။ တစ်နေ့တော့ လေ့ကျင့်ကွင်းမှာ ကျွန်တော့်ကိုခေါ်ပြီး ‘နောက်လာမယ့်ပွဲမှာ မင်းကိုချန်ထားဦးမယ်..’ ပြောပါတယ်..။ ကြားကြားချင်းမှာပဲ ကျွန်တော်ဒေါသထွက်သွားပါတယ်..။ ‘ကျွန်တော်ကစားခွင့် ရချင်တယ်’ ဆိုပြီး သူ့ကိုစောဒက တက်ပါတယ်..။ လူငယ်ကစားသမား တစ်ယောက်အနေနဲ့က ကစားခွင့်ကို ရပြီးရင်း ဆက်ရချင်နေတာ မဆန်းပါဘူး..၊ ဟုတ်တယ်မလား..? ဒါ့ကြောင့် ကျွန်တော့်ကို ချန်ထားမယ်လို့ ပြောခဲ့တာဟာ ကျွန်တော့်ကို စော်ကားတာလို့ပဲ မြင်ခဲ့ပါတယ်..။ ဒါပေမယ့် ဂရမ်မ် ကတော့ ခပ်အေးအေးပါပဲ..

“နားထောင်..၊ မင်းဟာပွဲတွေအများကြီး ဆက်တိုက်ကစားထားခဲ့ရတာမို့ အနားပေးဖို့ လိုအပ်နေလို့ပါကွ..။ တခြားအကြောင်း မရှိပါဘူူး..” လို့ ပြောပါတယ်..။ ကျွန်တော်စိတ်ပျက်သွားခဲ့ပါတယ်..။ ဒါပေမယ့် သူဟာကျွန်တော့်ရဲ့ အကျိုးကိုကြည့်ပြီး အခုလိုပြောတယ်ဆိုတာ နားလည်လိုက်ပါတယ်..။ ဒါ့ကြောင့်သူခွင့်ပြုပေးခဲ့တဲ့ ကာလအတွင်း အပြည့်အဝအနားယူပြီး အင်အားပြန်ဖြည့်တယ်..၊ စိတ်ရော၊ ခန္ဓာကိုယ်ပါ ပိုပြီးကြံ့ခိုင်လာအောင် ကြိုးစားလေ့ကျင့်ခဲ့ပါတယ်..။

အဲဒီလိုပါပဲ.. မေဆန် အနေနဲ့လည်း ခဏလောက်တော့ အနားရသင့်ပါတယ်..။ ပြောသာပြောရတာပါ.. ဂရမ်မ် ပြောတဲ့အချိန်တုန်းက ကျွန်တော်ချက်ချင်း လက်မခံနိုင်ခဲ့သလို မေဆန် လည်းပဲ အခုလိုကျွန်တော့်ရဲ့ အကြံပေးချက်ကို နားဝင်ချင်မှ နားဝင်ပါလိမ့်မယ်..။ ဒါပေမယ့် ဂရမ်မ် ဟာ မန်နေဂျာတစ်ယောက် အနေနဲ့ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို စဉ်းစားပေးခဲ့တာ ဖြစ်ပါတယ်..။



တန်မီ အေဘရာဟမ် ရဲ့ အနေအထားကျတော့ မေဆန် နဲ့ မတူပါဘူး..။ အသင်းမှာ သူ့ကိုအားဖြည့်ပေးတဲ့ တိုက်စစ်မှူးကောင်းကောင်း တစ်ယောက်လောက် လိုအပ်နေပါတယ်..။ မစ်ချီ ဘတ်ရှူအားယီ ဟာ သူ့ကိုအားဖြည့်ပေးနိုင်မယ့် အရန်တိုက်စစ်မှူးတစ်ယောက်ရဲ့ အရည်အချင်းမျိုး ရှိမနေခဲ့ပါဘူး..။ အိုလီဗာယာ ဂျီရူးဒ် ကလည်း ပွဲကစားခွင့် ပိုမိုရရှိဖို့အတွက် လာမယ့်ဇန်နဝါရီမှာ အသင်းကနေထွက်ဖို့ ရှိနေပါတယ်..။ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် သူစဉ်းစားရဦးမယ်လေ..

အခုဆိုရင် ချယ်လ်ဆီးအသင်းရဲ့ transfer ban ပြစ်ဒဏ်ကို လျော့ပေါ့ပေးလိုက်ပြီ ဖြစ်တာကြောင့် ဖရန့် လမ်းပတ် ဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကိုအားဖြည့်မှုတွေ ပြုလုပ်ဖို့ ရှိနိုင်ပါလိမ့်မယ်..။ အထူးသဖြင့် အသင်းရဲ့လက်ရှိကျဆင်းနေတဲ့ ခြေစွမ်းနဲ့ ရလဒ်တွေဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ ခြေလှမ်းသွက်စေဖို့ တွန်းအားတွေ ဖြစ်လာစေနိုင်ပါတယ်..။ ဒါ့ကြောင့်သူ့အနေနဲ့ မေဆန် မောင့် နဲ့ တန်မီ အေဘရာဟမ် တို့ကို အားဖြည့်ပေးနိုင်မယ့် အတွေ့အကြုံရှိပြီး ကစားသမားတစ်ချို့ကို ခေါ်ယူ..၊ ဖြည့်တင်းပေးမလားဆိုတာ စောင့်ကြည့်ရမှာပါ..။



တကယ်တော့ ဒီနှစ်ဘောလုံးရာသီမှာ မေဆန် မောင့် နဲ့ တန်မီ အေဘရာဟမ် တို့ဟာ ချယ်လ်ဆီးအသင်းကရဲ့ အစောပိုင်းကာလများမှာ အသင်းကို အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့ပါတယ်..။ တကယ်လို့ သူတို့နှစ်ယောက်ဆီက အခုလိုခြေစွမ်းနဲ့ သွင်းဂိုးတွေသာ မရရှိခဲ့ဘူးဆိုရင် ချယ်လ်ဆီးအသင်းဟာ အခုရောက်ရှိနေတဲ့ အဆင့် (၄) နေရာနဲ့ အဝေးကြီးရောက်မှာ ရောက်ရှိနေမယ်ဆိုတာ ကျွန်တော် ပြောရဲပါတယ်..။

သူတို့နှစ်ယောက်အပြင် ဒီနှစ်ဘောလုံးရာသီမှာမှ ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိခဲ့တဲ့ ခရစ်စ်တီယန် ပူလီဆစ် (အသက် ၂၁ နှစ်) နဲ့ ဖီကာရို တိုမိုရီ (အသက် ၂၀ နှစ်) တို့လို လူငယ်ကစားသမားလေးတွေရဲ့ ပါဝင်မှု၊ လုပ်အားနှုန်းတွေကိုလည်း ချန်ထားခဲ့လို့ မရပါဘူး..။ ဒါ့ကြောင့်အခုအချိန်ဟာ ဖရန့် လမ်းပတ် နဲ့ အသွင်သစ် ချယ်လ်ဆီးအသင်းရဲ့ မုန်တိုင်းထန်တဲ့ ကာလလို့ပြောရင် မှန်ကန်ပါတယ်..။ ဒါပေမယ့် သူတို့လို လူငယ်လေးတွေကို ကူညီအားဖြည့်ပေးနိုင်ဖို့ လိုအပ်သလို သူတို့လေးတွေကို ပြန်လည်အားဖြည့်နိုင်ဖို့ အခွင့်အရေး ဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်..။ မေဆန် မောင့် နဲ့ တန်မီ အေဘရာဟမ် တို့လို လူငယ်လေးတွေအနေနဲ့ မျှော်မှန်းချက်၊ ဖိအားကြီးမားလှတဲ့ ချယ်လ်ဆီးလို အသင်းကြီးတစ်သင်းကြီးကို တစ်ရာသီလုံး ထမ်းပိုးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်မထားသင့်ပါကြောင်း တင်ဆက်လိုက်ရပါတယ်..။

ဂျေမီ ရက်ဒ်နပ်


(Daily Mail မှ ဆောင်းပါးရှင် Jamie Redknapp ၏ “JAMIE REDKNAPP: Chelsea's kids need a break like Graeme Souness gave me at Liverpool” ဆောင်းပါးကို ပြန်ဆိုပါသည်..။)