ယခုနှစ်ဘောလုံးရာသီ၊ ချယ်လ်ဆီးအသင်း နိုင်ပွဲဆက်နေခဲ့သည့် ကာလအတွင်း၌ မက်တီယို ကိုဗာစ် - ဂျော်ဂင်ဟို ကွင်းလယ်ဝင်ရိုးမှာ ပရိသတ်များနှင့် ဝေဖန်သူအားလုံး နှစ်ခြိုက်ခဲ့သည့် ကွင်းလယ်အတွဲအစပ်ဖြစ်ခဲ့သည်..။ သူတို့နှစ်ဦး၏ နားလည်မှုနှင့် လုပ်အားနှုန်းမှာ အသင်း၏ဟန်ချက်နှင့် ကစားကွက်ကို ထိန်းချုပ်ပေးသည့် အဓိက အင်ဂျင်စက်လည်း ဖြစ်နေခဲ့သည်..။
သူတို့နှစ်ဦးစလုံးမှာ ၂၀၁၈ ခုနှစ်၊ နွေရာသီတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့ကြပြီး ယခုနှစ်မှာ နှစ်ဦးစလုံး၏ ပရီးမီးယားလိဂ် ဒုတိယဘောလုံးရာသီ ဖြစ်ခဲ့သည်..။ အထူးသဖြင့် ဘောလုံးပိုင်ဆိုင်မှုနှင့် တိုက်စစ်ဦးစားပေး ကစားဟန်ကို တည်ဆောက်လိုသည့် ဖရန့် လမ်းပတ် အတွက် ဂျော်ဂင်ဟို၊ မက်တီယို ကိုဗာဆစ် တို့၏ ကွင်းလယ်စိုးမိုးမှုအားမှာ အရေးပါခဲ့သည်..။ သို့သော် သူတို့နှစ်ဦး ပြသခဲ့သည့်ခြေစွမ်း၊ တိကျသော ပေးပို့မှုများ၊ နားလည်မှုအပြည့်နှင့် ရွေ့လျားမှုများမှာ အလိုအလျောက် ဖြစ်တည်လာခဲ့ခြင်း မဟုတ်ကြောင်း ကိုှဗာဆစ် က ယခုလို ပြောပြခဲ့သည်..။
“ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း အဆက်အသွယ် ရှိနေဖို့ ကြိုးစားခဲ့သလို ကိုယ်ကဘယ်နေရာကို ရောက်ရင် သူကဘယ်နေရာမှာ ရှိနေမလဲ ဆိုတာကအစ နားလည်နေအောင် အားထုတ်ရပါတယ်..။ ဥပမာ ကျွန်တော်က ခံစစ်ဇုန်ထဲမှာ ရောက်နေရင် ဂျော်ဂင်ဟို က တိုက်စစ်ဇုန်ဘက်မှာ ပိုပြီးရွှေ့လျားပေးပါတယ်..။ ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အတက်အဆင်းညီညီ ရွေ့လျားကြသလို ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဝမ်းတူး အပေးအယူတွေ ပြုလုပ်တာကိုလည်း နှစ်ခြိုက်ပါတယ်..။
များသောအားဖြင့် ကျွန်တော်ဟာ ဘောလုံးလမ်းကြောင်းရဲ့နောက်မှာ ရှိနေတာကို ပိုပြီးသဘောကျပါတယ်..။ ဒါပေမယ့် တစ်ခါတစ်လေကျရင် ဂျော်ဂင်ဟို နဲ့ တစ်တန်းတည်းတက်ပြီး နေရာယူပေးရပါတယ်..။ အဲဒီလို ကျွန်တော်တို့နှစ်ယောက် တစ်တန်းတည်း ရှိနေပြီဆိုရင် တစ်ချက်လေးပေးပြီး ခံစစ်ကနေ တိုက်စစ် transition ကို အမြန်ဆုံး ပြောင်းလဲပေးနိုင်တဲ့ အားသာချက် ရှိပါတယ်..။ ဒါ့ကြောင့်တခါတလေမှာ ကျွန်တော်တို့နှစ်ယောက် အတူတူတွဲပြီး တစ်ယောက်တည်းလို ကစားရတာလည်း ရှိပါတယ်..။ ဒီလိုနည်းအားဖြင့် တိုက်စစ်ဇုန်ထဲကို တိုက်ရိုက်ပေးပို့ပြီး ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကြောင်းတွေကို ထိုးဖောက်တာမျိုး ရှိတတ်ပါတယ်..။”
ကိုဗာဆစ် ၏ ရှင်းပြချက်အပေါ် ဂျော်ဂင်ဟို က ယခုလို ဖြည့်စွက်ပြောပြသည်..။
“ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်တာနဲ့ သူဘာကိုလိုချင်လဲ..၊ ကိုယ်ဘာကို လိုချင်လဲဆိုတာ သိပါတယ်..။ ဒါ့ကြောင့်သူနဲ့အတူတူ တွဲဖက်ကစားရတာ ပိုပြီးလွယ်ကူပါတယ်..။ ကျွန်တော်က ခံစစ်ဇုန်မှာ ပိုပြီးနေရာယူတာ များပေမယ့် သူနဲ့ကျွန်တော် အတက်အဆင်း ပြုလုပ်ကစားရတာ ရှိတတ်ပါတယ်..။
ကျွန်တော်တို့လို ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့ ဘောလုံးလက်ခံတော့မယ်ဆိုရင် ဘေး၊ ဘယ်ညာကြည့်ပြီး ပြိုင်ဘက်ကစားသမားတွေရဲ့ အနေအထားကို ကြိုတင်လေ့လာရပါတယ်..။ ဒါမှမဟုတ်ရင် သူတို့ရဲ့ pressing ဖိအားပေးတာကို ရုန်းမထွက်နိုင်တော့ပဲ ရှေ့ကိုမတက်နိုင်တော့တာ..၊ ဘောလုံးဆုံးရှုံးတာတွေ ဖြစ်တတ်ပါတယ်..။ ဒ့ါကြောင့် ကျွန်တော်ကတော့ ဘောလုံးလက်ခံတော့မယ်ဆိုရင် ရှေ့ကတိုက်စစ်ကစားသမားတွေရဲ့ နေရာယူပုံကို အရင်ဆုံးကြည့်ပါတယ်..။ ပြီးရင်ကျွန်တော့်ရဲ့ ပထမဦးစားပေးက တိုက်စစ်မှူးတွေရဲ့ ပြေးလမ်းကြောင်းထဲကို ရောက်ရှိအောင် ပေးပို့ပေးဖို့ ဖြစ်ပါတယ်..။”
ကိုဗာဆစ် က ယခုလို ထပ်မံဖြည့်စွက် ပြောပြပြန်ပါသည်..။
“မနှစ်ကနဲ့နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကစားပုံဟာ ပြောင်းလဲမှုတွေ ရှိပါတယ်..။ မနှစ်ကဘောလုံးရာသီမှာ တစ်ချက်ထိ၊ နှစ်ချက်ထိများတယ်..၊ ဘောလုံးကိုအမြန်ပေးပို့ရတယ်..၊ ဆွဲထွက်တာတို့..၊ ကျော်ဖြတ်ပြေးတာတွေ သိပ်ပြီးမပြုလုပ်ရပါဘူး..။ အဓိကအားဖြင့် ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးပါတယ်..။ ကျွန်တော်ကလည်း ဘောလုံးကိုင်ပြီး ကစားရတာကို နှစ်ခြိုက်ပါတယ်..။ ဒီနှစ်မှာတော့ ကစားရတာ ပိုပြီးလွတ်လွတ်လပ်လပ် ရှိသလို ကျွန်တော်နဲ့ ဂျော်ဂင်ဟို ကြားမှာလည်း နားလည်မှု ပိုပြီးကောင်းမွန်လာတယ်လို့ ထင်ပါတယ်..။”
နောက်ထပ်ထူးခြားမှုတစ်ခုမှာ ယခုနှစ်ဘောလုံးရာသီတွင် ဂျော်ဂင်ဟို ၏ ကွင်းအတွင်း ခေါင်းဆောင်နိုင်မှု အရည်အချင်းနှင့် အသင်းသားများအပေါ် တွန်းအားပေးနိုင်သည့် စိတ်ဓါတ်ပြင်းပြမှုကို အသိအမှတ်ပြုသည့်အနေဖြင့် သူ့အား လက်ထောက်အသင်းခေါင်းဆောင်အဖြစ် နည်းပြ ဖရန့် လမ်းပတ် က ခန့်အပ်ပေးခဲ့ခြင်းဖြစ်သည်..။ အီတလီကွင်းလယ် ဖန်တီးရှင်မှာ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ပြီး အသင်း၏ ကွင်းလယ်စိုးမိုးမှုကို ရယူခဲ့သည့်အပြင် မိမိအသင်းဖော်များကိုလည်း နေရာလွတ်များ ရှိရာကို တစ်ချိန်လုံး ညွှန်ပြ၊ အော်ပြ ပြောပြနေခဲ့သည်..။
“ကျွန်တော်တို့ဟာ အသင်းဖော်တွေနဲ့လည်း တစ်ချိန်လုံး စကားပြောနေဖို့ လိုပါတယ်..။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့.၊ ဆက်သွယ်မှု ကောင်းမွန်ဖို့ဟာ အဓိကသော့ချက်ပါ..။ ဒီလိုနည်းအားဖြင့် ကိုယ့်ရဲ့အသင်းဖော်တွေကို ‘လှည့်ထွက်’ ရမလား..၊ ‘တစ်ချက်ထိ’ ကစားရမလား..၊ တစ်ဖက်က တန်ပြန်တိုက်စစ် ပြန်ဆင်လာနိုင်မယ့် နေရာတွေကို ပိတ်ဆို့ရမလား..၊ စသဖြင့် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်..။”
ကိုဗာဆစ် ကလည်း ဂျော်ဂင်ဟို ၏ ကွင်းအတွင်း ခေါင်းဆောင်နိုင်မှုစွမ်းရည်အပေါ် အခုလို ဖြည့်စွက်ပြောပြခဲ့သည်..။
“တခါတလေကျရင် ကိုယ်သတိထားရမယ့် ကစားသမားကို မေ့နေတတ်တာမျိုး ရှိတတ်ပါတယ်..။ ဒီလိုအခြေအနေမှာ ဂျော်ဂင်ဟို က ဘယ်သူ့ကို ဂရုစိုက်ရမယ်..၊ ဘယ်နေရာကနေ စောင့်နေရမယ် စသဖြင့် ညွန်ကြားမှုတွေ ပေးပါတယ်..။ အဲဒီလို ပွဲရဲ့အခြေအနေကို ဖတ်နိုင်စွမ်းမှာတော့ သူဟာအရမ်းကို ထူးချွန်ပါတယ်..။ အသင်းလိုက် စုစည်းမှုကောင်းမွန်ဖို့အတွက် ညွန်ကြားပေးတဲ့နေရာမှာ သူဟာသိပ်ကို ထူးချွန်ပါတယ်…။”
ဂျော်ဂင်ဟို နှင့် ကိုဗာဆစ် တို့မှာ သူတို့နှစ်ယောက်ကြားတွင် တည်ရှိနေသည့် နားလည်မှု၊ ဆက်သွယ်မှု ကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှုများကို ပြောကြားရင်း သူတို့နှင့်အတူ တွဲဖက်ကစားရသည့် အဓိက ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်သော အန်ဂိုလို ကန်တေး အကြောင်းကိုလည်း ယခုလို ချီးကျုးပြောဆိုခဲ့သည်..။
“ကျွန်တော်တို့ရဲ့ ကွင်းလယ်ကစားကွက်အကြောင်းပြောရင် အန်ဂိုလို ရဲ့အကြောင်းကိုလည်း ထည့်ပြောဖို့လိုပါတယ်..။ သူဟာကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက် ကစားသမားတစ်ယောက်ပါ..။ သူဟာကျွန်တော်တို့ကို အများကြီး အကူအညီပေးခဲ့ပါတယ်..။ သူ့ရဲ့ပြေးအား၊ လုပ်အားနှုန်းနဲ့ ပြိုင်ဘက်ကစားသမားဆီက ဘောလုံးလုယူနိုင်တဲ့ စွမ်းရည်တွေဟာ သိပ်ကိုအံ့သြဖို့ ကောင်းလှပါတယ်..။ ကျွန်တော်တို့အသင်းမှာ သူ့လိုကစားသမားမျိုး လိုအပ်ပါတယ်..။ ကျွန်တော်တို့အသင်းမှာ ကွင်းလယ်ကစားသမားကောင်းတွေ အများကြီးရှိနေသလို ဘောလုံးရာသီ ကြာလာတာနဲ့အမျှ လိုအပ်သလို အပြောင်းအလဲ ပြုလုပ်ရမှာပါ..။” ဟု အန်ဂိုလို ကန်တေး နှင့် ပတ်သက်ပြီး ကိုဗာဆစ် က ပြောပြခဲ့သည်..။
လက်ထောက်အသင်းခေါင်းဆောင် ဂျော်ဂင်ဟို ကတော့..
“အန်ဂိုလို ကန်တေး လို ကစားသမားမျိုး ရှိနေတာ အသင်းအတွက် သိပ်ကိုကောင်းတာပေါ့ဗျာ..။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ကမ္ဘာ့အဆင့် ကစားသမားမျိုးဟာ အသင်းကိုပိုပြီး အဆင့်မြင့်မား စေပါတယ်..။ ဒါ့အပြင် ကျွန်တော်တို့အချင်းချင်းကြားမှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခြင်းအားဖြင့် ကြိုးစားအားထုတ်မှုတွေ..၊ ပေးဆပ်မှုတွေမှာလည်း ပိုပြီးတိုးတက်လာစေပါတယ်..။”