feature-image

‘Match of the Day’ သုံးသပ်ချက် (တော့တင်ဟမ် vs ချယ်လ်ဆီး)

တနင်္ဂနွေနေ့က Tottenham Hotspurs ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော တော့တင်ဟမ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်အပြီး ချယ်လ်ဆီးအသင်း၏ ကစားပုံနှင့် ပွဲချိန်အတွင်းမှ အငြင်းပွားစရာ ဖြစ်ရပ်များအပေါ် အင်္ဂလန်အသင်း ကွင်းလယ်ကစားသမားဟောင်း ဒယ်နီ မာဖီ နှင့် တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ် တို့က BBC ရုပ်သံဌာနမှ တင်ဆက်သော ‘Match of the Day’ အစီအစဉ်မှတဆင့် ယခုလို သုံးသပ်သွားခဲ့ကြသည်..။

ဂျပ်ဖ် စတာလင် - ပထမဆုံးအနေနဲ့ ကျွန်တော်ဆွေးနွေးချင်တာက အခုနှစ် ပရီးမီးယားလိဂ် ကစားပွဲတွေမှာ လူမျိုးရေး၊ အသားအရောင် ခွဲခြားမှုတွေ ပြန်လည်မြင့်တက်လာတဲ့ကိစ္စပဲ ဖြစ်ပါတယ်..။ ဒီနေ့မှာဆိုရင် ချယ်လ်ဆီးအသင်းက အန်တိုနီယို ရူဒီဂါ ကို လူမျိုးရေး ခွဲခြားဆက်ဆံပြီး တိုက်ခိုက်တာ ကြုံခဲ့ရပါတယ်..။ ကျွန်တော်ပြောချင်တဲ့အချက်က ပရီးမီးယားလိဂ် အသင်းတွေဟာ အဲဒီလို လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေနဲ့ ကြုံခဲ့ရပြီဆိုရင် ကွင်းထဲမှာ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းအဆင့် (protocols) တွေကို လိုက်နာကြရဲ့လား ဆိုတာပါပဲ..။ ဒါဆိုရင် ကျွန်တော်တို့ဟာ အဲဒီလို ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်ရာမှာ အောင်မြင်ဖို့ နောက်ထပ်ခြေတစ်လှမ်း နီးစပ်လာပြီလို့ ဆိုရမှာပါ..

ပီတာ ခရော့ချ် - ကျွန်တော်ကတော့ မကြာခင်မှာ အဲဒီလို ခွဲခြားဆက်ဆံမှုတွေ ချုပ်ငြိမ်းသွားဖို့ ဖြစ်လာနိုင်လိ်မ့်မယ်လို့ မြင်မိပါတယ်..။ ဒီနေ့ဆိုရင် ရူဒီဂါ ဟာ အရမ်းကို စိတ်ပျက်သွားတယ်..၊ အဲဒီတော့ သူ့ရဲ့အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား ကို ပြောတယ်..၊ အက်ဇ်ပီလီကွဲတား က ဒိုင်လူကြီး စောဒက ပြန်တက်ပါတယ်..။ ဒါဟာသူတို့တွေ လိုက်နာရမယ့် protocols အတိုင်းပါပဲ..။ တကယ်လို့ သူတို့တွေသာ ကွင်းထဲကနေ ထွက်လာခဲ့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်လည်း ချယ်လ်ဆီးအသင်းက သူတို့တွေရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမှာ အသေအချာပါပဲ..။



ဂျပ်စ် စတာလင် - ဟုတ်ကဲ့ပါ.. အခုဆိုရင် အဲဒီလို လူမျိုးရေး၊ အသားအရောင် ခွဲခြားဆက်ဆံတာနဲ့ ပတ်သက်ပြီး ဒီလအတွင်းမှာ ဒုတိယအကြိမ်မြောက် ပြသနာတက်ခြင်းပါ..။ ပြီးခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်အပြီးမှာလည်း အခုလို လူမျိုးရေး ခွဲခြားဆက်ဆံမှုအပေါ် ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါသေးတယ်..။ အဲဒီပွဲစဉ်အပြီးမှာလည်း အခုလိုပဲ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေငြာချက်၊ အသင်းတွေဘက်က ထုတ်ပြန်တဲ့ ကြေငြာချက်တွေ ဖတ်ခဲ့ရတယ်ဆိုတော့ နောက်ပိုင်းမှာလည်း ထုတ်ပြန်ကြေငြာချက်အသီးသီးတွေကို ထပ်ပြီးဖတ်ပြနေရဦးမယ် ထင်တာပါပဲ..။ ဒါ့ကြောင့် ထုတ်ပြန်ကြေငြာချက်တွေနဲ့တင်မကပဲ အဲဒီဖြစ်ရပ်တွေအပေါ် ထိရောက်တဲ့ ဖော်ထုတ်မှု၊ အပြစ်ပေး၊ အရေးယူမှုတွေ ပြုလုပ်ဖို့ လိုအပ်လာပါပြီ..။

ကဲပါ.. ပွဲနဲ့ဆက်နွယ်နေတဲ့ဖြစ်ရပ်ကို ဒီလောက်နဲ့ပဲ ထားလိုက်ပြီး ပွဲစဉ်နဲ့ပတ်သက်တဲ့ သုံးသပ်မှုတွေဘက် ပြန်လှည့်လိုက်ကြရအောင်ဗျာ.. ဒီနေ့ပွဲမှာ ကစားကွက် နည်းစနစ် ရွေးချယ်ပုံ၊ လူထုတ်ပုံကစလို့ အစစအရာရာမှာ ချယ်လ်ဆီးအသင်းအတွက် ပြီးပြည့်စုံခဲ့တယ်..၊ စပါးအသင်းထက် သာလွန်ခဲ့တယ်လို့ ပြောရမှာပါပဲ.. ဟုတ်တယ်မလား.. ဒယ်နီ ရေ..

ဒယ်နီ မာဖီ - ပြိုင်ဘက်အသင်းရဲ့ အဝေးကွင်းမှာ သွားရောက်ကစားရပြီဆိုရင် ကိုယ့်အသင်းမှာ ပြိုင်ဘက်ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ ဖိအားကို ရင်ဆိုင်နိုင်မယ့် အရည်အသွေးမြင့် ကစားသမားတွေ လိုအပ်တယ်..၊ ကစားသမားတိုင်းဆီက ပုံမှန်ထက်ပိုတဲ့ လုပ်အားနှုန်းနဲ့ အာရုံစူးစိုက်မှု ကောင်းမွန်ရပါမယ်..။ နောက်ဆုံးမှာတော့ Game Plan ပေါ့ဗျာ..။ ပွဲကြို၊ ပွဲတွင်း စီမံချက်တွေ ကောင်းမွန်ရပါမယ်..။ များသောအားဖြင့် အဲဒီအင်္ဂါရပ် သုံးခုစလုံး ပြည့်စုံခဲ့တာ ရှားပါးပေမယ့် ဒီနေ့မှာတော့ ဖရန့် ဟာ မော်ရင်ဟို အပေါ် နည်းစနစ်ပိုင်း ပြင်ဆင်မှု၊ အသင်းသားတွေကို ပွဲထုတ်လာမှုနဲ့ လုပ်အားနှုန်း၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ.. အားလုံးမှာ အသာစီး ရခဲ့ပါတယ်..။



သူတို့ဟာ ပူးတွဲပုံ (ပုံ -၁) မှာ ပါတဲ့အတိုင်း ၃- ၄- ၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်..။ ဒီနှစ်ဘောလုံးရာသီမှာ အခုလို ‘3 back system’ နဲ့ ပွဲထွက်ခဲ့တာ သူတို့အတွက် ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေမယ့် ဟိုဆေး နဲ့ သူ့ရဲ့တော့တင်ဟမ် အသင်းသားတွေဟာ အဲဒီကစားကွက်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြမှာ မဟုတ်ပါဘူး..။ တိုက်စစ်ကစားသမား သုံးယောက်မှာ ဝီလီယံ က ဘယ်တောင်ပံ၊ မေဆန် မောင့် က ညာတောင်ပံ မှာ ကစားပြီး တော့တင်ဟမ် ရဲ့ ခံစစ်ကစားသမား လေးယောက်နဲ့ ရင်ဆိုင်ပါတယ်..။ အဲဒီမှာ တော့တင်ဟမ်အတွက် ပြသနာက အခုအောက်က ပူးတွဲပုံ (ပုံ -၂) မှာ ပြထားတဲ့အတိုင်း သူတို့ရဲ့ နောက်ခံအစွန်လူတွေဖြစ်တဲ့ ညာဘက်က အော်ရီယာ၊ ဘယ်ဘက်က ဗာတွန်ဂန် တို့ဟာ ချယ်လ်ဆီးအသင်းက တောင်ပံကစားသမား၊ wing back တွေနဲ့ အမြဲတမ်း 2 vs 1 အခြေအနေတွေ ဖြစ်နေတာပါပဲ..။



ဟိုဆေး ဟာ ချယ်လ်ဆီးဘက်က အဲဒီလို ဘယ်၊ ညာတောင်ပံတွေဘက်ကနေ အသာစီးယူပြိး တိုးဖောက်နေတာကို ပြင်ဆင်ဖို့ မကြိုးစားခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ ပိုပြီးရလာခဲ့တယ်..၊ ဘောလုံးပိုင်ဆိုင်မှုနဲ့ ခြေစွမ်းပိုင်းမှာလည်း အသာစီးရလာခဲ့ပါတယ်..။ အခုအောက်က ပူးတွဲပုံ (ပုံ -၃) မှာဆိုရင် လူူးကပ်စ် ဟာ အော်ရီယာ ကို ဆင်းမကူနိုင်ခဲ့တာကြောင့် အော်ရီယာ ဟာ သုံးယောက်တစ်ယောက် (3 vs 1) ရင်ဆိုင်နေခဲ့တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ ဒီနေ့ပွဲကြို စီမံချက်မှာ ချယ်လ်ဆီးအသင်းဘက်က wing back နဲ့ တက်လာမှာကို ကြိုတင်ပြင်ဆင်ထားခဲ့ပုံ မရတာကြောင့်ပါ..။



အောက်ကပူးတွဲပုံ (ပုံ -၄) မှာဆိုရင် ဗာတိုဂန် ဟာ မေဆန် မောင့် ကို 1 vs 1 ထိန်းထားတယ်..၊ ဒါပေမယ့် ဆွန် ဟောင်မင်း ဟာ အက်ဇ်ပီလီကွဲတား နဲ့အတူ လိုက်ပြီးမဆင်းလာတာကို တွေ့ရမှာပါ..။ တကယ်လို့ အဲဒီဘောလုံးမှာ ဘယ်ခြမ်းက ဖြတ်တင်ဘောသာ ဒီထက်ကောင်းမွန်ခဲ့မယ်ဆိုရင် အက်ဇ်ပီလီကွဲတား ဟာ ဂိုးရှေ့မှာ တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းခွင့် ရခဲ့မှာပါ.။ အထူးသဖြင့် ပထမပိုင်း တစ်ပိုင်းလုံးမှာ ချယ်လ်ဆီးအသင်းဟာ ကွင်းရဲ့နေရာတိုင်းမှာ အကောင်းဆုံး အသာစီးရယူ ကစားနိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်..။



အောက်ပါပူးတွဲပုံ (ပုံ -၅) မှာဆိုရင် ဗာတိုဂန် ဟာ ဝီလီယံ နဲ့ အက်ဇ်ပီလီကွဲတား တို့နှစ်ယောက်မှာ ဘယ်သူ့နောက်ကို လိုက်ရမှန်း ဝေခွဲမရဖြစ်နေပါတယ်..။ ပုံမှာဆိုရင် အဝိုင်းပြထားတဲ့ ဒယ်လီ အားလီ က ဝီလီယံ ကို ဘယ်သူကပ်မလဲလို့ လှမ်းမေးနေပါတယ်..။ အဲရစ် ဒိုင်ယာ လား..? ဆွမ် ဟောင်မင် လား.? ဆိုတာ ပြတ်ပြတ်သားသား မရှိခဲ့ပါဘူး..။


အဲဒီလို တော့တင်ဟမ်အသင်း ကစားသမားတွေအနေနဲ့ ကြိုတင်မျှော်လင့်မထားခဲ့တဲ့ အခြေအနေပေါ် တုံ့ပြန်နိုင်မှု နှေးကွေးခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဘက်က တဖြည်းဖြည်းနဲ့ ယုံကြည်မှုပိုပြီး ရရှိလာခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်ဟာ တကယ့်ကို ကောင်းမွန်ခဲ့တယ်လို့ ပြောရမှာပါ..။

ပီတာ ခရော့ချ် - တကယ်တော့ ချယ်လ်ဆီးရဲ့ နည်းစနစ် အပြောင်းအလဲမှာ အကျိုးဖြစ်ထွန်းခဲ့တဲ့ ကစားသမား နှစ်ယောက်ကတော့ ဝီလီယံ နဲ့ မေဆန် မောင့် ပဲ ဖြစ်ပါတယ်.။ အထူးသဖြင့် ဒီနေ့ပွဲမှာ ဝီလီယံ ရဲ့ ရွှေ့လျားမှုနဲ့ တစ်ဦးချင်း ကျော်ဖြတ်မှုတွေ အထူးကောင်းမွန်ခဲ့သလို ပွဲချိန် (၁၂) မိနစ်မှာ ကန်သွင်းခဲ့တဲ့ ထောင့်ဖြတ်ကန်ချက်ကလည်း သိပ်ကိုလှပ၊ သပ်ရပ်ခဲ့ပါတယ်..။ မေဆန် မောင့် ဆိုရင်လည်း တော့တင်ဟမ် နောက်တန်းလူတွေကြားထဲမှာ နေရာလွတ်တွေ ကောင်းကောင်းရှာဖွေနိုင်ခဲ့သလို တန်မီ နဲ့အတူ တွဲဖက်မိခဲ့ပြီး ခံစစ်ကြောင်းကို အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့တာ တွေ့ခဲ့ပါတယ်..။ ဒါ့အပြင် သူ့ရဲ့ပေးပို့မှုကနေတဆင့် မားကို့စ် အလွန်ဆို ကို ဂိုးသမား ပေါ်လို ဂက်ဇန်နီဂါ ပိတ်ဆို့လိုက်လို့ ပင်နယ်တီရရှိခဲ့တာပါ..။ ဂိုးသမားရဲ့ ဖျက်ထုတ်မှုဟာ kick boxing လက်ဝှေ့ထိုးတာနဲ့တောင် ပိုပြီးတူနေသလားလို့… ဟားဟား..

ဒီနေ့ပွဲမှာ ဝီလီယံ နဲ့ မေဆန် နှစ်ယောက်အနက် ဝီလီယံ ဟာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရတာဟာ သူ့ရဲ့သွင်းဂိုးနဲ့ ဂိုးဖန်တီးပေးနိုင်မှု အသာရခဲ့လို့ပါပဲ..။ ဒီနေ့ပွဲမှာ မေဆန် မောင့် ရဲ့ ကစားပုံ အရမ်းကောင်းမွန်ခဲ့ပါတယ်..။



ဂျက်ဖ် စတာလင် - ကျွန်တော်တို့ရဲ့ အခုဆွေးနွေးမှုတွေဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားကွက် အပြောင်းအလဲ.၊ မေဆန် မောင့် နဲ့ ဝီလီယံ တို့ရဲ့ ကစားပုံအပေါ်ကိုပဲ အာရုံစိုက်နေသလို ဖြစ်နေတယ်ဗျ..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်း နောက်တန်းသုံးယောက်ထဲက ကတ် ဇူးမား ရဲ့ခြေစွမ်းကိုလည်း ချန်ထားလို့ မသင့်ဘူးထင်တာပဲဗျ..။ အထူးသဖြင့် သူဟာ ခင်ဗျားနဲ့စတုတ်အသင်းမှာ အတူတူ တွဲဖက်ကစားခဲ့ဖူးတယ်ဆိုတော့ ဇူးမား ဟာ သုံးယောက်တန်း ခံစစ်ကြောင်းနဲ့ဆိုရင် ခြေစွမ်းပိုပြီးကောင်းမွန်နေသလားလို့.. ပီတာ ရေ..

ပီတာ ခရော့ချ် - ဟုတ်ပါတယ်.. ကျွန်တော်တို့ စတုတ်အသင်းမှာ အတူူတူ ရှိနေခဲ့စဉ်က သုံးယောက်တန်း ခံစစ်ကြောင်း ကစားပုံနဲ့ ကစားခဲ့ကြပါတယ်..။ အစပိုင်းမှာ သိပ်ပြီးအဆင်မပြေခဲ့ပေမယ့် ဇူးမား ရောက်လာတဲ့အချိန် သူရဲ့ကစားပုံနဲ့ လုပ်အားနှုန်းအရ သူဟာကွင်းလယ်အထိ လိုက်ပြီးကစားနိုင်တယ်..၊ ဘောလုံးနဲ့အတူ တိုက်စစ်အထိ ဆွဲတက်နိုင်တယ်..၊ အထူးသဖြင့် တိုက်စစ်ကို သူလိုက်ပါနေချိန်မှာ သူ့ကိုနောက်ကနေ ကာပေးထားနိုင်မယ့် နောက်ခံလူနှစ်ယောက် ကျန်သေးတယ်ဆိုတော့ သူ့အနေနဲ့ လွတ်လွတ်လပ်လပ် ကစားနိုင်တာပေါ့..။ နောက်ပြီးသူဟာ ကွန်တီ ရဲ့လက်အောက်မှာ ‘3 back’ ကစားခဲ့ဖူးတယ်ဆိုတော့ ကျွန်တော်တို့ဆီကို ရောက်လာတဲ့အချိန် အဲဒီကစားကွက်နဲ့ အကျွမ်းတဝင် ရှိပြီးသားလည်း ဖြစ်နေခဲ့ပါတယ်..။ ရူဒီဂါ နဲ့ တိုမိုရီ တို့လည်း အဲဒီလိုပါပဲ..။ ကျွန်တော်ကတော့ သူတို့ကြားက နားလည်မှုဟာ သုံးယောက်တန်း ခံစစ်ကြောင်းမှာ ပိုပြီးကောင်းမွန်တယ်လို့ မြင်မိပါတယ်..။

ဂျပ်စ် စတာလင် - ပင်နယ်တီ အကြောင်း ပြောကြတာပေါ့..။ လက်နဲ့ပုတ်ထုတ်ဖို့ မကြိုးစားပဲ ခြေနဲ့ဖျက်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ ဂက်ဇန်နီဂါ နဲ့ ချယ်လ်ဆီးကို ပင်နယ်တီ ပေးရမယ့်အစား တော့တင်ဟမ် အသင်းဘက်ကို ပြစ်ဒဏ်ဘော ပေးခဲ့တဲ့ ဒိုင်လူကြီး အန်တော်နီ တေလာ တို့နှစ်ယောက်မှာ ဘယ်သူ့ရဲ့ ဆုံးဖြတ်ချက်က ပိုပြီးဆိုးဝါးလဲ..? ပိုမှားလဲ..?

ပီတာ ခရော့ချ် - နှစ်ယောက်စလုံးရဲ့ ဆုံးဖြတ်ချက်တွေ အတော့်ကို ဆိုးရွားတာကြောင့် ဘယ်သူပိုပြီးမှားသလဲ ရွေးရခက်ပါတယ်..။ တကယ်လို့ ဂက်ဇ်နီဂါ သာ မားကို့စ် ကို လှမ်းပြီးကန်ဖို့ မကြိုးစားခဲ့ဘူးဆိုရင် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် ဆက်ပြီးမှားလာစရာ အကြောင်းမရှိဘူးပေါ့ဗျာ..။



ဒယ်နီ မာဖီ - ဒိုင်လူကြီး အန်တော်နီ တေလာ ဘာဖြစ်လို့ အဲဒီလိုမှားယွင်းပြီး ဆုံးဖြတ်မိလဲ မသိဘူးဗျ..။ တကယ်တမ်းဆိုရင် ဘေးကစားသမားတွေရဲ့ တုံ့ပြန်မှုတွေကို ကြည့်လိုက်ရင်ကို သိသာပါတယ်..။ ချယ်လ်ဆီးကစားသမားတွေရဲ့ တုံ့ပြန်ပုံတွေကို ခဏထားဦး.. စပါးနောက်တန်းက ဆန်းချက်ဇ် ဆိုရင် ချက်ချင်းပဲ ခေါင်းပေါ်လက်နောက်ပြစ်ပြီး သွားပါပြီဆိုတဲ့ အမူအယာ ပြခဲ့တာပဲလေ.. (ပုံ -၆)..။

ကစားသမားတွေဘက်က မူယာ၊ မာယာတွေပိုတာ ရှိတတ်ပေမယ့် တခါတလေမှာ ဒိုင်လူကြီးအနေနဲ့ ကစားသမားတွေရဲ့ တုံ့ပြန်မှုတွေကိုကြည့်ခြင်းအားဖြင့် ဘယ်လိုဆုံးဖြတ်ချက်မျိုး ချမှတ်သင့်လဲဆိုတာ စဉ်းစားနိုင်ပါတယ်..။ အဲဒီကန်ချက်ဟာ တကယ့်ကို ပင်နယ်တီ ပေးသင့်တဲ့ ဖျက်ထုတ်မှုပါ..။ သိပ်ကိုရှင်းလင်းပါတယ်..။ ဒီနေရာမှာ VAR ကို ကျေးဇူးတင်ရပါလိမ့်မယ်..။ နို့မို့ဆိုရင် အခုအချိန်မှာ ကျွန်တော်တို့ဟာ ဒီဖျက်ထုတ်မှုအကြောင်း အသည်းအသန် ငြင်းခုန်နေရတော့မှာဗျ..

ဂျက်ဖ် စတာလင် - ဒါဆိုရင် ဆွန် ဟောင်မင် ရဲ့ အနီကတ်ဒ် ရော ပေးသင့်ရဲ့လား..?

ဒယ်နီ မာဖီ - မှန်ကန်ပါတယ်..။ အခုခေတ်မှာ အန္တရာယ်ရှိနိုင်တဲ့ ကစားပုံတိုင်းကို အနီကတ်ဒ်ပြလေ့ ရှိတာကိုးဗျ..။ ကျွန်တော်တို့တွေ ခေတ်တုန်းကတော့ တခါတလေမှာ အဝါကတ်ဒ်လောက်နဲ့ ပြီးသွားတတ်တာ..၊ ပြစ်ဒဏ်ဘောတောင် မပေးခံရတာတွေ ရှိတတ်ခဲ့ပါတယ်..။ တွေ့လား.. တွေ့လား.. ရူဒီဂါ က ဒိုင်လူကြီး ဘယ်လိုပြစ်ဒဏ်မျိုး ပေးမလဲ တစ်ချက်လှမ်းပြီး ခိုးကြည့်လိုက်သေးတယ်.. (ပုံ -၇)..။ အဲဒီလို ဟန်ဆောင်တာတော့ ကျွန်တော်မကြိုက်ပါဘူး..။ အဲဒီကန်ချက်အပေါ် ဆွန် ရဲ့ အနီကတ်ဒ် နဲ့ ထိုက်တန်ပါတယ်..။ ဒါပေမယ့်သူဟာ အဲဒီလို ကစားသမားမျိုးလို့ ကျွန်တော်မထင်မိပါဘူး..။



အဲဒီအနီကတ်ဒ်နဲ့ ပတ်သက်ပြီး ပြောစရာရှိတာက အဲဒီအချိန်မှာ တော့တင်ဟမ် အသင်းဟာ နောက်တန်းသုံးယောက် ပုံစံပြောင်းလဲလိုက်ပြီး တိုက်စစ်တင်ကစားတယ်..၊ အသာစီး ရလာမလို ရှိလာပါတယ်..။ အဲဒီအချိန်မှာ သူ့ရဲ့အနီကတ်ဒ်ဟာ မော်ရင်ဟို ရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲ အားလုံးကို အဆုံးသတ်ပေးလိုက်တာပဲဗျ..။ သူ့ရဲ့အမှတ်တမဲ့ ပြုမူလိုက်မှုဟာ အသင်းကိုအများကြီး ထိခိုက်စေခဲ့ပါတယ်..။

ဂျက်ဖ် စတာလင် - အင်းဗျ.. ခင်ဗျားကသာ သူ့ကိုကာကွယ်နေပေမယ့် ဆွန် ဟောင်မင် ဟာ ဒီနှစ်အတွင်း အထုတ်ခံရတာ သုံးကြိမ်ရှိပြီဗျ..။ ဒါဟာတစ်ချိန်က ၂၀၁၀ ခုနှစ်တုန်းက ခင်ဗျားတို့ကစားဖော် လီ ကာကာမိုး ပြီးရင် ပထမဆုံး တစ်နှစ်ထဲမှာ သုံးကြိမ်အထုတ်ခံရတဲ့ ကစားသမားဖြစ်ခဲ့ပါပြီ..

ဒယ်နီ မာဖီ - ဟာဗျာ.. သူက လီ ကာတာမိုး လို ကစားသမားမျိုး မဟုတ်တာတော့ သေချာပါတယ်..။ သူဟာဒီနေ့မှာ ဆုံးဖြတ်ချက်မှားခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ..။ သူ့အနေနဲ့ ဒီလိုဖြစ်ရပ်တွေအပေါ်ကနေ အမြန်ဆုံးသင်ယူနိုင်ဖို့ လိုအပ်ပါတယ်..။ သူ့ရဲ့လုပ်ရပ်ဟာ အမှားအယွင်းကြီးတစ်ခု ဖြစ်ခဲ့သလို ဒီနေ့ပွဲရဲ့အဓိကအလှည့်အပြောင်းတစ်ခုလို့လည်း ပြောနိုင်ပါတယ်..။



ဂျက်ဖ် စတာလင် - ပြိုင်ဘက်ကစားသမားကို ပြင်းထန်စွာ နာကျင်စေမှု (violent conduct) ဆိုတာ တစ်ဘက်ကစားသမားကို တကယ်ပဲ ပြင်းပြင်းထန်ထန် ထိခိုက်စေမှု၊ ဥပမာ- တကယ့်ကို သေသေချာချာ ချိန်ပြိးကန်တာ..၊ ခေါင်းနဲ့တိုက်တာ.. မဟုတ်ခဲ့ရင်တောင် ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ်က violent conduct လို့ပဲ သတ်မှတ်တာပဲလား..?

ပီတာ ခရော့ချ် - ဒီနေ့ဖြစ်ရပ်မှာ ဆွန် ရဲ့ကန်ချက်ကြောင့် ရူဒီဂါ ဟာ ပြင်းပြင်းထန်ထန် နာကျင်တာ..၊ ဒဏ်ရာရတာ မရှိခဲ့သလို ဆွန် တစ်ယောက် အနီကတ်ဒ်နဲ့ ထွက်ရအောင် လိုအပ်တာထက် ပိုပြီးဟန်ဆောင်ခဲ့တာလည်း မရှိခဲ့ပါဘူး..။ ဒါပေမယ့် ကစားသမားတစ်ယောက်အနေနဲ့ ပြိုင်ဘက်ကစားသမား တစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ အသားလွတ် ကန်ကျောက်လို့မရပါဘူး..။ ဒါဟာအနီကတ်ဒ်နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ပါ..။

ဂျက်ဖ် စတာလင် - ဟုတ်ကဲ့ပါ.. အခုလိုဆွေးနွေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်..။ နောက်လာမယ့်ပွဲတွေမှာ ပြန်ဆုံကြတာပေါ့…

#FRANK