feature-image

ဘန်လေအသင်းနှင့်ပွဲစဉ်မှ ဖရန့် လမ်းပတ် ၏ အပြောင်းအလဲများ

ဖရန့် လမ်းပတ် မှာ ခြေစွမ်းနှင့် ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်း ကာလတွင် အသင်းကို အပြောင်းအလဲ ပြုလုပ်နိုင်ရန် Plan B မရှိဘူး ဟူ၍ အဝေဖန်ခံခဲ့ရသည်..။ သို့သော် တော့တင်ဟမ်အသင်းနှင့်ပွဲစဉ်တွင် မျှော်လင့်မထားခဲ့သည့် ၃- ၄- ၃ ကစားကွက် အဆိုပါဝေဖန်မှုတွေကို ခေတ္တငြိမ်သက်စေခဲ့သလို မနေ့ကယှဉ်ပြိုင်ခဲ့သည့် ဘန်လေအသင်းနှင့် ပွဲစဉ်တွင် သူ၏မူလပထမ Plan A ကစားကွက်၏ မူကွဲအပြောင်းအလဲများကို ထုတ်ဖော်ပြသခဲ့သည်..။

(၁) မျှော်လင့်မထားခဲ့သည့် ပွဲထွက်လူစာရင်း..

ပြီးခဲ့သည့်ဒီဇင်ဘာ ပွဲကျပ်ကာလကို ဖြတ်ကျော်ခဲ့ချိန်အထိ ဖရန့် လမ်းပတ် မှာ သူ၏အဓိက ကစားသမားများနှင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခြင်းမရှိပဲ တသတ်မှတ်တည်းလိုလို ပွဲထွက်ခဲ့သည်..။ အထူးသဖြင့် ပွဲပန်းသည့်ဟန် ပြသလာသည့် ကတ် ဇူးမား၊ တန်မီ အေဘရာဟမ် တို့လို ကစားသမားမျိုးကို အပြောင်းအလဲ၊ လူစားလဲမှုများ လုံးဝမပြုလုပ်ပဲ ပွဲတိုင်းလိုလို အသုံးပြုခဲ့သောကြောင့် သူ့အပေါ်ဝေဖန်မှုတွေ များပြားခဲ့ရသည်..။ တကယ်တော့ ဘန်လေအသင်းနှင့်ပွဲစဉ်မှာ ဖောရက်စ်အသင်းနှင့် FA ဖလားပွဲစဉ်အပြီး ခြောက်ရက်..၊ နယူးကာဆယ်အသင်းနှင့်ပွဲမတိုင်မီ (၇) ရက်အလိုတွင် ယှဉ်ပြိုင်ရသည့်ပွဲစဉ် ဖြစ်သောကြာင့် ဖရန့် လမ်းပတ် အနေဖြင့် ပုံမှန်ပွဲထွက်လူစာရင်းအတိုင်း ပွဲထုတ်ဖို့ ဖြစ်နိုင်ခြေရှိခဲ့သည်..။

သို့သော်လည်း မနေ့ကပွဲတွင် ဖရန့် လမ်းပတ် မှာ အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် နှင့် အန်တိုနီယို ရူဒီဂါ တို့ ဗဟိုခံစစ်အတွဲကို ယခုနှစ်ဘောလုံးရာသီတွင် ပထမဆုံးအကြိမ်အဖြစ် ပွဲထုတ်ခဲ့သည်..။ သူတို့နှစ်ဦးမှာ စက်တင်ဘာလအတွင်း ဝုလ်ဖ်အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် တစ်ကြိမ်သာ အတူတွဲဖက် ကစားဖူးခဲ့သလို လမ်းပတ် အနေဖြင့် ယနေ့ပွဲတွင် ခရစ်စ်တီယန်ဆန် အား ပွဲထုတ်ခြင်းမှာ ဒိန်းမတ်လူငယ် နောက်ခံလူအား ယခုဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း လုံးဝထွက်ခွာခွင့်ပြုမည် မဟုတ်ကြောင်း သူ၏ပြောကြားချက်ကို ထောက်ခံသည့်အနေဖြင့် ယခုလို အခင်းအကျင်းဖြင့် ပွဲထွက်ခြင်းလား ထင်မြင်စရာ ရှိခဲ့သည်..။

ကွင်းလယ်တွင် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သည့် အန်ဂိုလို ကန်တေး နှင့် ပုံမှန်ခြေစွမ်း ပြသနေသည့် ခရိုအေရှား ကွင်းလယ်ကစားသမား မက်တီယို ကိုဗာဆစ် တို့ကို ချန်လှပ်ထားခဲ့ပြီး ရော့စ် ဘာကလေ ဖြင့် အခင်းအကျင်းသစ်တစ်ခုကို စတင်ခဲ့သည်..။ အသင်း၏ ညာခြမ်းတိုက်စစ်ကို ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း နှင့် ရိစ် ဂျိမ်းစ် တို့ဖြင့် ဦးဆောင်စေခဲ့သည်..။ ခရစ်စ်တီယန် ပူလီဆစ် ဒဏ်ရာဖြင့် မပါဝင်နိုင်ခြင်းကြောင့် ဟတ်ဒ်ဆန် အိုဒွိုင်း ကို ပွဲထွက်စေခြင်း ဖြစ်နိုင်သော်လည်း လမ်းပတ် အနေဖြင့် နော့တင်ဟမ် အသင်းနှင့်ပွဲစဉ်တွင် တွဲဖက်ညီခဲ့သည့် လူငယ်အကယ်ဒမီ ကစားသမားနှစ်ယောက်၏ နားလည်မှုနှင့် လုပ်အားနှုန်းကောင်းမွန်ခဲ့သည့်ခြေစွမ်းကို ဆက်လက်အသက်သွင်းလိုသည့်သဘော ဖြစ်နိုင်ပါသည်..။



(၂) အသွင်သစ် ကွင်းလယ်အခင်းအကျင်း..

ယခုနှစ်ဘောလုံးရာသီတွင် ဖရန့် လမ်းပတ် ၏ အဓိက ကစားကွက်အခင်းအကျင်းမှာ ၄- ၂- ၃- ၁ (သို့မဟုတ်) ၄- ၃- ၃ ကစားကွက်ပုံစံ ဖြစ်ခဲ့သည်..။ အဆိုပါကွင်းလယ်အခင်းအကျင်းတွင် အများဆုံးပါဝင်ခွင့်ရခဲ့သည့် အန်ဂိုလို ကန်တေး နှင့် မက်တီယို ကိုဗာဆစ် တို့ကို ယခုပွဲတွင် ချန်လှပ်ထားခဲ့ပြီး ဂျော်ဂင်ဟို၊ ရော့စ် ဘာကလေ နှင့် မေဆန် မောင့် တို့ဖြင့် တိုက်စစ်ဦးစားပေးလွန်းသည့် ကွင်းလယ်သုံးယောက်တန်း အခင်းအကျင်းကို အသုံးပြုခဲ့သည်..။ ရော့စ် ဘာကလေ မှာလည်း ကွင်းလယ်မှ ဘောလုံးနှင့်အတူ ဆွဲထွက်နိုင်သည့် ကစားသမားတစ်ဦး ဖြစ်သောကြောင့် ယခင်ပွဲစဉ်များတွင် ကိုဗာဆစ် ၏ ကွင်းလယ်နှင့်တိုက်စစ်ကို ချိတ်ဆက်သည့် တာဝန်များကို ထမ်းဆောင်စေရန် ရည်ရွယ်ခဲ့ပုံရသည်..။

သို့သော်ဘန်လေအသင်းနှင့်ပွဲတွင် ချယ်လ်ဆီးအသင်းမှာ ၄- ၁- ၄- ၁ ပုံစံဖြင့် အများဆုံးကစားခဲ့ပြီး ဂျော်ဂင်ဟို မှာ ကွင်းလယ်အဖျက် ကစားသမားနေရာမှ အများဆုံး ကစားသွားခဲ့ပြီး ဘာကလေ ၏ နေရာယူ၊ လှုပ်ရှားမှုအပေါ် မူတည်ပြီး ၄- ၂- ၃- ၁ နှင့် ၄- ၃- ၃ ပုံစံများကို အလျဉ်းသင့်သလို ပြောင်းလဲကစားသွားခဲ့ကြသည်..။ အထူးသဖြင့် Deep Playmaker ဂျော်ဂင်ဟို မှာ အသင်းနှင့် build up play များနှင့် ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းထားချိန်များတွင် ယခင်ပွဲများလောက် ပါဝင်မှုမရှိခဲ့သည်ကို ထူးခြားမှုအနေဖြင့် တွေ့ရှိခဲ့သည်..။ ဘန်လေအသင်းနှင့်ပွဲတွင် ဂျော်ဂင်ဟို ဘောလုံးပေးပို့မှု အကြိမ်ရေ (၅၀) ခန့်သာ ပြုလုပ်ခဲ့ပြီး ရော့စ် ဘာကလေ ထက်ပင် ပေးပို့မှုအကြိမ်ရေ နည်းပါးခဲ့သည်ကို တွေ့ရှိခဲ့ရသည်..။




(၃) တောင်ပံများမှ ထိုးဖောက်မှုပုံစံ အပြောင်းအလဲ..

မနေ့ကပွဲတွင် ရော့ ဘာကလေ မှာ တောင်ပံခံစစ်မှူးများ (full backs)..၊ တောင်ပံကစားသမားများ (wingers) နှင့် အများဆုံး တွဲဖက်ကစားခဲ့ပြီး ညာတောင်ပံမှ ရိစ် ဂျိမ်းစ် က တန်မီ အေဘရာဟမ် ထံသို့ တိကျသည့် ဖြတ်တင်ဘောများစွာကို ပေးပို့နိုင်ခဲ့သည်..။ ထို့အပြင် ဂျိမ်းစ် နှင့် ဟတ်ဒ်ဆန် အိုဒွိုင်း တို့၏ တစ်ချက်ထိ တွဲလုံးများမှာလည်း ထိရောက်မှု ရှိခဲ့သည်ကို တွေ့ခဲ့ရသည်..။ အထူးသဖြင့် နောက်ဆုံးတိုက်စစ်ဇုန် (final third) သို့ မဝင်ရောက်မီ တွဲလုံးများနှင့် ဘယ်မှ ညာတောင်ပံ၊ ညာမှဘယ်တောင်ပံများသို့ ကန့်လန့်ဖြတ် ပေးပို့မှုဖြင့် တိုက်စစ်လမ်းကြောင်း ပြောင်းလဲဖန်တီးမှုများ သုံးစွဲခဲ့သည်..။

နောက်ခံလူများမှာ ကွင်းလယ်သို့ ဘောလုံးနှင့်အတူ ဆွဲတက်လာခဲ့ပြီး ရော့စ် ဘာကလေ သို့မဟုတ် ဂျော်ဂင်ဟို တို့နှင့် ချိတ်ဆက်ကစာသည်..။ ကွင်းလယ်ကစားသမားများမှာ ဘောလုံးကိုလက်ခံရရှိပြီးသည်နှင့် full back သို့မဟုတ် winger များထံ ချက်ချင်းပေးပို့ပြီး ဘန်လေအသင်းနှင့် ခံစစ်ကြောင်းကို စုစည်းချိန်မရအောင် ဘယ်၊ ညာတောင်ပံများသို့ မောင်းနှင်ကစားခဲ့သည်..။ ထိုသို့ဘေးတိုက်အမြန်ပေး ရွှေ့လျားကစားမှုကြောင့် ဘန်လေအသင်း၏ full backs များနှင့် ဗဟိုခံစစ်မှူးများ၊ full backs များနှင့် ကွင်းလယ် ကစားသမားများကြားတွင် နေရာလွတ်များ ပေါ်လာခဲ့ပြီး ချယ်လ်ဆီးအသင်း တိုက်စစ်ကစားသမားများက ထိထိမိမိ အသုံးချနိုင်ခဲ့သည်..။

တောင်ပံတိုက်စစ်ဆင်ရာတွင် ဆီဇာ အက်ဇ်ပီလီကွဲတား နှင့် ဝီလီယံ တို့၏ ဘယ်တောင်ပံ တိုက်စစ်မှာ ဘောလုံးနှင့်အတူ ဆွဲထွက်၊ ထိုးဖောက်မှု ပိုမိုများပြားခဲ့သည်..။ ဝီလီယံ မှာ ဘန်လေအသင်း ကစားသမားများကို မြှားခေါ်ပြီး ညာတောင်ပံမှ အိုဒွိုင်း၊ ဂျိမ်းစ် တို့ထံသို့ ရုတ်တရက်ဖြန့်ပေးကာ တိုက်စစ်လမ်းကြောင်းသစ် ဖန်တီးပေးနိုင်ခဲ့သည်..။ 




(၄) လူစားလဲမှု လုံးဝမပြုလုပ်ခဲ့သည့် ပွဲစဉ်တစ်ပွဲ..

ဖရန့် လမ်းပတ် ၏ ထူးခြားမှုတစ်ခုမှာ ကစားသမားများကို အနားပေးနိုင်ရန်နှင့် အချိန်ဆွဲနိုင်ရန်အတွက် လူစားလဲမှုများကို ပြုလုပ်ရန် လုံးဝစိတ်ဝင်စားမှု မရှိသူဖြစ်သည်..။ သူ့အနေဖြင့် လူငယ်ကစားသမား တစ်ဦးကို ပွဲထွက်ခွင့်ပေးမည်ဆိုပါက ယခင်နည်းပြများကဲ့သို့ ပွဲပြီးခါနီးမှ လူစားဝင်ခွင့်ပေးခြင်း၊ ဂိုးအသာစီးရချိန်တွင် လူစားဝင်ခွင့်ပေးခြင်းမျိုးမရှိပဲ ပွဲ၏အခြေအနေကို အပြောင်းအလဲ ပြုလုပ်နိုင်ရန်သာ ရည်ရွယ်ပြီး လူစားလဲမှု ပြုလုပ်လေ့ရှိပါသည်..။ ဥပမာအားဖြင့် လူငယ်ကစားသမား တာရစ် လမ်တေး ကို အာဆင်နယ်အသင်းအား ၁- ၀ ဖြင့် ရှုံးနိမ့်နေချိန်တွင် လူစားလဲခြင်းမျိုး ဖြစ်သည်..။

မနေ့ကပွဲတွင်မူ ဖရန့် လမ်းပတ် မှာ သူ၏ပွဲထွက်လူစာရင်းအပေါ် ကျေနပ်အားရမှု အပြည့်ရှိခဲ့သောကြောင့် ပွဲစပွဲဆုံး လူစားလဲမှုမပြုလုပ်ပဲ ကစားခဲ့ခြင်းဖြစ်နိုင်ပါသည်..။ အထူးသဖြင့် မနေ့ကပွဲစဉ်အပြီး တစ်ပါတ်ခန့် အနားရမည့် အခြေအနေရှိနေသည့်အတွက် ကစားသမားတစ်ဦးချင်းစီ၏ အများဆုံးကစားနိုင်စွမ်းကို စမ်းသပ်ခြင်းလည်း ဖြစ်နိုင်ပေသည်..။

ထို့ကြောင့်မစ်ချီ ဘတ်ရှူအားယီ နှင့် ပီဒရို တို့မှာ မနေ့ကပွဲစဉ်တွင် ကစားခွင့်အတိုင်းအတာ တစ်ခုထိတော့ ရရှိလိမ့်မည်ဟု မျှော်လင့်ခဲ့နိုင်သော်ငြား ဖရန့် လမ်းပတ် မှာ ထိုသို့ပြုလုပ်ရန် စိတ်ဝင်စားမှု လုံးဝရှိခဲ့ပုံမရပေ..။ ဤနည်းအားဖြင့် နည်းပြကာလို အန်စလော့တီ လက်ထက် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ (၃၁) ရက်နေ့က ဘော်လ်တန်အသင်းကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချယ်လ်ဆီးအသင်းမှာ လူစားလဲမှု လုံးဝမပြုလုပ်ခဲ့သည့် ပွဲစဉ်တစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါကြောင်း တင်ဆက်လိုက်ရပါသည်..။

#FRANK
(The pride of London မှ ဆောင်းပါးရှင် George Perry ၏ “Chelsea: Four ways Frank Lampard left his mark on win over Burnley” ဆောင်းပါးကို ပြန်ဆိုပါသည်..။)