ဘရာဇီးလ်နိုင်ငံဖွား ဘောလုံးသမား တစ်ယောက်ရဲ့ မိသားစုဘဝဟာ မလွယ်ကူပါဘူး..။ ဘရာဇီးလ်ဘောလုံးလောကနဲ့ ပတ်သက်ပြီး ‘ဘရာဇီးလ်နိုင်ငံမှာ ဘောလုံးနည်းပြပေါင်း သန်း (၂၀၀) ကျော်ရှိတယ်’ ဆိုတဲ့ ဆိုရိုးစကား ရှိခဲ့သလို အဲဒီစကားဟာ မှန်ကန်ပါတယ် ဆိုတဲ့အကြောင်း ကျွန်တော်ထပ်ပြီး အတည်ပြုပါတယ်..။ ဒီထက်ပိုပြီး ပြောရဦးမယ်ဆိုရင် အဲဒီသန်း (၂၀၀) ကျော်သော နည်းပြတွေထဲမှာ ကျွန်တော့်ရဲ့သမီး အမွှာနှစ်ယောက်လည်း ပါနေကြောင်းပါ…
ဒါ့အပြင် ကျွန်တော့်မိသားစုဝင်တွေအားလုံးကလည်း ဘောလုံးနဲ့ ပတ်သက်ရင် အကုန်သိ..၊ အကုန်တတ်တဲ့ ဆရာကြီးတွေလို့ပဲ သူတို့ကိုယ်သူတို့ ခံယူထားကြတာပါ..။ ဒါ့ကြောင့်အိမ်ထဲမှာ အမှန်အကန် ဘောလုံးကန်နေတဲ့ ကျွန်တော်ကပဲ သူတို့လောက်တောင် ဘောလုံးအကြောင်း သိပ်မသိသလိုပါပဲ..။ ချယ်လ်ဆီးအသင်းနဲ့ ပွဲတစ်ပွဲပြီးသွားလို့ အဝတ်လဲခန်းထဲ ပြန်ရောက်ပြီဆိုရင် ဖုန်းထဲမှာ သူတို့ပို့ထားတဲ့ voice messages တွေ ပုံလို့နေပါတယ်..။ တစ်အိမ်သားလုံးဟာ ကျွန်တော့်ရဲ့ ပွဲတိုင်းကို ကြည့်ကြသလို ဟိုလိုလုပ်သင့်တယ်..၊ ဒီလိုလုပ်သင့်တယ်.. အမြဲတမ်းအကြံပေးလေ့ ရှိပါတယ်..။ အထူးသဖြင့် ပထမပိုင်းအပြီး ဖုန်းကိုဖွင့်ကြည့်လိုက်မယ်ဆိုရင် ပထမဆုံးတွေ့ရမှာ အဖေဖြစ်သူ ဆာဗီရီနို ရဲ့ မက်ဆေ့ချ် ဖြစ်ပါလိမ့်မယ်..
“ငါ့သား… တောင်ပံမှာပဲ တစ်ချိန်လုံး ပြေးမနေနဲ့.. အတွင်းဘက်၊ ဗဟိုကြောထဲကို ပိုပြီးဝင်ကစားရင် ကောင်းလိမ့်မယ်ကွ..”
ဒါပြီးရင် ကျွန်တော့်ရဲ့ ဇနီး ဗင်နက်ဆာ က အခုလို ပို့ထားပြန်ပါတယ်..
“အချစ်ရေ.. ဒီထက်ပိုပြီး ဖြတ်တင်ဘောတွေ ပေးပို့နိုင်ရင် ကောင်းလိမ့်မယ်နော်…”
နောက်တော့ အမွှာညီအစ်မ.. မန်နူရယ်လား နဲ့ ဗလင်တီနား ဆိုတဲ့ သမီးနှစ်ယောက်ဆီကပေါ့ဗျာ..
“ဒယ်ဒီ.. ဂိုးရချင်တယ်ဆိုမှတော့ ဂိုးပေါက်ထဲ ကန်သွင်းမှ ရမှာပေါ့… များများကန်စမ်းပါ… ဒယ်ဒီရယ်..၊ အားမရလိုက်တာ..”
ကျွန်တော်ဂိုးမသွင်းနိုင်ဘူးဆိုရင် သမီးနှစ်ယောက်က စိတ်အပူဆုံးပါ..။ ပြိုင်ဘက်ကစားသမား တစ်ယောက်ယောက်က ကျွန်တော့်ကို လူချလို့ လဲကျသွားပြီဆိုရင် သူတို့က ‘ok’ ရဲ့လားလို့ အမြဲတမ်းမေးပါတယ်..။
“ဒယ်ဒီ.. အဲဒီလူက ဒယ်ဒီ့ကို ဘာလို့ကန်ရတာလဲ..?”
ကျွန်တော်ကတော့ သူတို့ဆီက အဲဒီလို အားပေးမှုတွေနဲ့ပဲ ရှင်သန်နေရသလို အမောပြေတဲ့ အားဆေးတွေပါပဲ..။ သူတို့ဟာ ကျွန်တော့်ကို တတ်နိုင်သမျှ ကူညီပေးနေတာပါ..။ ပေးပို့တဲ့ မက်ဆေ့ချ်တိုင်းဟာ ကောင်းစေချင်တဲ့ဆန္ဒအပြည့်..၊ ချစ်ခြင်းမေတ္တာတွေ ထုံမွမ်းနေတဲ့ သင်္ကေတများ ဖြစ်ပါတယ်..။
ဖခင်တစ်ယောက်အဖြစ် သမီးလေးနှစ်ယောက် ဒီကမ္ဘာကြီးထဲ ရောက်ရှိလာခြင်းဟာ ကျွန်တော့်ရဲ့ဘဝမှာ အကောင်းဆုံးသော ဘုရားပေးတဲ့ဆုလာဘ်ပါပဲ..။ ကျွန်တော်ဟာ ဘောလုံးအကြောင်းကိုပဲသိတယ်..၊ တစ်ချိန်လုံးဘောလုံးအကြောင်း တွေးရင်းနဲ့ပဲ ကြီးပြင်းလာသူတစ်ယောက် ဖြစ်ပေမယ့် သမီးလေးနှစ်ယောက် ရလာချိန်မှာ ကျွန်တော့်ဘဝရဲ့ ဦးစားပေးအရာတွေ ပြောင်းလဲသွားခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေ..၊ ဂရုစိုက်မှုတွေ လိုအပ်နေတဲ့အတွက်ပါပဲ..။ သူတို့တွေဟာ ဘောလုံးသမား တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို အလုပ်နဲ့ဘဝ.. သမမျှတအောင် ကူညီပေးနေတဲ့သူတွေ ဖြစ်ပါတယ်..။
ဒါ့အပြင်မကြာသေးခင်နှစ်တွေထဲမှာ ကျွန်တော်ဟာ ဘောလုံးထက်ပိုပြီး အရေးကြီးတဲ့အရာတွေ ဘဝမှာအများကြီး ရှိသေးတယ်ဆိုတာ ပိုပြီးသိမြင်လာပါတယ်.။ အဲဒီထဲမှာ ဖခင်တစ်ယောက်ရဲ့တာဝန်တွေ..၊ ဝတ္တရားတွေထက်ပိုပြီး ဘာသာတရား ရိုသေကိုင်းရှိုင်းမှုဆိုတာလည်း ပါပါသေးတယ်..။ ကျွန်တော်ဟာ လန်ဒန်မြို့မှာ ဘုရားကျောင်း ပုံမှန်တက်ဖြစ်သလို ကျမ်းစာတွေကို နာယူတယ်..၊ ကိုယ့်ကိုယ်ကို ပီတိသောမနသ ဖြစ်ရပါတယ်..။ ဒါ့အပြင် ဘုရားကျောင်းတက်ရင်း ရင်းနှီးခဲ့တဲ့ မိတ်ဆွေအပေါင်းအသင်းတွေလည်း မနည်းပါဘူး..။
ကျွန်တော်ဟာ ဘာသာရေးအကြောင်း သိပ်ပြီးပြောလေ့ မရှိပေမယ့် ဘဝဆိုတာ စာအုပ်တစ်အုပ်လို အမြဲတမ်းတံခါးဖွင့်ထားဖို့..၊ မှတ်သားနာယူဖို့ လိုအပ်တာကြောင့် တခြားတစ်ဘက်ကနေ ကျမ်းစာ၊ နှုတ်ကပါတ်တွေ နာယူရတယ်..၊ ဘုရားသီချင်းတွေ ဟစ်ကြွေးရင်း ရရှိလာတဲ့ သိမှတ်မှုတွေကို အလုပ်နဲ့သက်သေပြရပါတယ်..။ ဘဝမှာလိုက်နာရမယ့် ကျင့်ဝတ်တွေ..၊ စည်းကမ်းတွေကို ဘုရားသခင်ဆီ ယုံကြည်ဆည်းကပ် သက်ဝင်ခြင်းဖြင့် ပိုမိုသိရှိ လိုက်နာသွားနိုင်မှာ ဖြစ်ပါတယ်..။ ဒါမှလည်း ကျွန်တော်တို့ဟာ ဘဝကိုပျော်ပျော်ရွှင်ရွှင် စည်းစနစ်ကျကျ ဖြတ်ကျော်သွားနိုင်မှာပါ..။
ဘောလုံးသမားဆိုတာနဲ့ လက်ဖျားမှာငွေသီးနေပြီး ပျော်ရွှင်မှုနောက်လိုက်တယ်..၊ မိန်းမတွေကိုပဲ စိတ်ဝင်စားတဲ့သူတွေလို့ ထင်နေကြတဲ့သူတွေများပါတယ်..။ လူတိုင်းဟာ ကိုယ့်ရဲ့ရွေးချယ်ခွင့်နဲ့ကိုယ်ပါ..၊ တစ်ဘက်က အပျော်ရှာတဲ့သူတွေ ရှိကြသလို ဘာသာရေး ကိုင်းရှိုင်းလှတဲ့ ကျွန်တော်တို့လို ကစားသမားတွေလည်း အများကြီးပါပဲ..။ မကြာသေးခင်ကပဲ ရော်ဘတ်တို ဖာမီနို ဟာ နှစ်ခြင်းခံခဲ့သလို အဲဒီအခမ်းအနားမှာ ဂိုးသမား အဲလစ်ဆန် လည်း တက်ရောက်ခဲ့ပါတယ်..။ ဒေးဗစ် လူးဝစ်ဇ် ဟာ ကျွန်တော်ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်ပါ..။ ပီအက်စ်ဂျီအသင်းမှာ ကစားနေတုန်းက သူလည်းနှစ်ခြင်းခဲ့ပါတယ်..။ ဒီလိုဘာသာရေးနဲ့ဆိုင်တဲ့ ပွဲလမ်းတွေအပြင် ဟိုတစ်လောတုန်းက လူးကပ်စ် မော်ရာ ဟာ ပီဇာ စုပြီးလုပ်စားဖို့ သူ့ရဲ့အိမ်ကိုဖိတ်ခဲ့ပါတယ်..။ ကွင်းထဲမှာဆိုရင် ကျွန်တော်တို့အားလုံးဟာ ကိုယ့်ရဲ့အသင်းကိုယ်စီအတွက် အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပေမယ့် အပြင်မှာတော့ အားလုံးသူငယ်ချင်းတွေပါ..။
ကျွန်တော့်ရဲ့အကြောင်း..၊ ကျွန်တော့်ရဲ့ငယ်ဘဝကို ပြန်လည်စဉ်းစားကြည့်လိုက်မယ်ဆိုရင် ကျွန်တော်ဟာ ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတဲ့သူလို့ပဲ ထင်မိပါတယ်..။ အဲဒီအတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်..။ ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ ကျွန်တော့်ရဲ့ဘဝတစ်လျှောက်မှာ ဘောလုံးသမားတစ်ယောက် ဖြစ်မလာပဲ လွဲချော်သွားနိုင်ခဲ့တဲ့ အဖြစ်အပျက်တွေ အများကြီးကြုံခဲ့ရဖူးပါတယ်..။
ဥပမာဆိုရင် အသက်နှစ်နှစ်သားအရွယ်တုန်းက ဇာတိမြို့ဖြစ်တဲ့ ဆော် ပေါ်လိုမြို့တော်ဆင်ခြေဖုံးမှာရှိတဲ့ Ribeirao Pires မြိုလေးရဲ့လမ်းတွေပေါ်မှာ ဘောလုံးကစားနေရင်း ကျွန်တော်ဟာ ခြေထောက်ကျိုးခဲ့ဖူးပါတယ်..။ အမေပြန်ပြောပြသလောက်တော့ ဖြစ်တဲ့နေ့တုန်းက သွေးပူနေလို့ မသိသာပေမယ့် နောက်ရက်ကျ ခြေထောက်မထောက်နိုင်တော့ဘူးလို့ သိရပါတယ်..။ ဒီလိုနဲ့ အသက်ကိုးနှစ်အရွယ်မှာ ဘရာဇီးလ်နိုင်ငံက ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ကိုရင်သီယန်အသင်းကို ရောက်ရှိသွားပါတယ်..။ ကျွန်တော့်ရဲ့မိသားစုတစ်ခုလုံးအပြင် အိမ်နီးနားချင်းတွေ အားလုံးဟာ ကိုရင်သီယန် အသင်းပရိသတ်တွေ ဖြစ်ကြပါတယ်..။
အဲဒီလိုလူငယ်ကစားသမားဘဝကနေ အဆင့်ဆင့်ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက်မှာ ကံတရားကလည်း ကျွန်တော့်ကို ဖေးမခဲ့တယ်လို့ ထင်ပါတယ်..။ ဒါ့အပြင်အရေးကြီးဆုံး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အ၀ ရှိနေဖို့ပါ..။ ကျွန်တော်ဟာ တစ်ချိန်ချိန်မှာ professional ကစားသမားတစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်ရှိနေပြီး အဲဒီအပေါ်မှာ လုံးဝသံသယ မဖြစ်ဖူးခဲ့ပါဘူး..။ တကယ်တော့ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ဖို့ တက်လှမ်းခဲ့ရတဲ့ ခရီးလမ်းဟာ ကြမ်းတမ်းလွန်းပါတယ်..။ အဲဒီအိပ်မက်ဟာ သန်းပေါင်းများစွာသော ဘရာဖီးလ် လူငယ်လေးတွေရဲ့အိပ်မက် ဖြစ်ပါတယ်..။ တစ်ချို့က ပင်ကိုယ်ပါရမီ အရည်အချင်း ရှိပေမယ့် စိတ်ဓါတ်မခိုင်မာဘူး..၊ တစ်ချို့ကဒဏ်ရာကြောင့် ကံမကောင်းခဲ့ပါဘူးး..။
ဒါတွေအပြင် ကျွန်တော့်အဖေရဲ့ ပံံ့ပိုးမှုကလည်း အထူးအရေးပါခဲ့ပါတယ်..။ ကျွန်တော်အသက် (၁၅) နှစ်အရွယ်မှာ ဘောလုံးနဲ့ဖူဆယ်.. တစ်ခုခုကို အသေအချာရွေးဖို့ သတိပေးခဲ့ပါတယ်..။ နောက်ပြီးအဖေဟာ ကျွန်တော်လေးနှစ်သား အရွယ်ကတည်းက ကိုယ့်ရဲ့ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ လေ့ကျင့်၊ ပျိုးထောင်ပေးခဲ့ပါတယ်..။ ကျွန်တော်ဟာ လူငယ်အသင်း လက်ရွေးစင်အသင်းဆင့်မှာ ရွေးချယ်ခံရလို့ အရမ်းစိတ်ဓါတ်တက်ကြွခဲ့ပြီး အဆင့်တွေကျော်နိုင်မလား စဉ်းစားခဲ့ပေမယ့် အဖေကတော့ ကျွန်တော်ဟာ သူများတွေထက် ဘာမှပိုပြီး ထူးချွန်တဲ့သူတစ်ယောက် မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်..။ ကျွန်တော်တု့ိလို လူငယ်လေးတွေရဲ့ကြားမှာ ပြိုင်ဆိုင်မှုဟာ အရမ်းကိုပြင်းထန်ပါတယ်..။
ဒီလိုနဲ့ကိုရင်သီယန်အသင်းကြီးကို ရောက်ရှိပြီးမကြာခင်မှာပဲ ကျွန်တော်ဟာ အခွင့်အရေးတစ်ခု ပေါ်လာပါတယ်..။ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ..၊ ကျွန်တော် အသက် (၁၉) နှစ်အရွယ်မှာ ရှက်တာ ဒိုးနက်စ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပါတယ်..။ ဘရာဇီးလ်မှာရှိတဲ့ ကစားသမားတိုင်းမှာ ဥရောပမှာ ကစားခွင့်ရဖို့ဆိုတဲ့ အိပ်မက်..၊ အထူးသဖြင့် အသင်းကြီးတစ်သင်းသင်းမှာ ကစားခွင့်ရဖို့ဆိုတဲ့ အိပ်မက်.. ရှိကြပါတယ်..။ တကယ်တော့ ကျွန်တော်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘရာဖီးလ်ကနေထွက်ခွာဖို့ အစီအစဉ် မရှိခဲ့သလို ယူကရိန်းဆိုတော့ ပိုလို့တောင် သွားဖို့စိတ်ကူးမရှိခဲ့ပါဘူး..။ ဒါပေမယ့် ကိုရင်သီယန်အသင်းဟာ အဲဒီအချိန်က ကျွန်တော့်ကို ရောင်းချဖို့ လိုအပ်နေသလို ရှက်တာအသင်းကလည်း ကျွန်တော့်ကို အရမ်းခေါ်ယူချင်နေပါတယ်..။ ဒ့ါကြောင့်အဖေနဲ့ကျွန်တော် နှစ်ယောက်သွားပြီး အခြေအနေကြည့်ပါမယ်..
ရှက်တာ ဒိုးနက်စ်အသင်းကလူတွေကလည်း သူတို့အသင်းကို လာချင်အောင် အရမ်းဆွဲဆောင်ခဲ့ကြပါတယ်..။ ပြင်သစ်နိုင်ငံကို ကျွန်တော်တို့လေယာဉ်ဆိုက်တာနဲ့ သီးသန့်ဂျက်လေယာဉ်တစ်စင်းက အသင့်စောင့်နေခဲ့ပါတယ်..။ ကျွန်တော်အရမ်းကို သဘောကျသွားပါတယ်.. ‘ဘုရားရေ.. အခုလိုသီးသန့် ဂျက်လေယာဉ်နဲ့ တစ်ခါမှမသွားဖူးပါလား..!!’ ကျွန်တော်ရှာဖွေကြည့်သလောက် ယူကရိန်းနိုင်ငံ၊ ဒိုးနက်စ် ဆိုတဲ့ဒေသဟာ တအားအေးလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ကျွန်တော်တို့ ရောက်တဲ့အချိန်က နွေရာသီ ဖြစ်တာကြောင့် နွေးနွေးထွေးထွေးပါပဲ..။ ဒါ့ကြောင့်ရုရှား ဆောင်းရာသီဆိုတာ ပြောသလောက်ကြီး အေးမှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်..။
နောက်တော့ နည်းပြ မီယာကာ လူဆက်စ်ကူ အပြင် ဘရာဇီး ကစားသမားတွေဖြစ်တဲ့ ဖာနန်ဒင်ဟို၊ လူးဝစ်စ် အေဒရီယာနို၊ အီလ်ဆင်ဟို တို့နဲ့ တွေ့ပါတယ်..။ အသင်းက ထောက်ကူကိရိယာတွေအားလုံး ခေတ်မှီပြီး ကောင်းမွန်ပါတယ်..။ ဒီလိုနဲ့ပဲ ကျွန်တော်တို့သားအဖဟာ ဥရောပမှာပဲ ကျွန်တော့်ရဲ့ကစားသမားဘဝကို စတင်ကြတာပေါ့.. ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတယ်..။ ရှက်တာ အသင်းကို ကျွန်တော်ပြောင်းပါမယ်..။
ဒါပေမယ့် တကယ့်ဆောင်းရာသီရဲ့ ကြုံတဲ့အခါ အရမ်းကိုအခက်တွေ့ခဲ့ပါရော..။ ရေခဲမတတ် အေးလွန်းတဲ့အပြင် မြူခိုးတွေ၊ ဆီးနှင်းတွေ.. တစ်ခါမှမကြုံခဲ့ဖူးပါဘူး..။ ဒီလိုနဲ့ပဲ ကျွန်တော်ဟာ နာမည်ကျော် ရုရှားဆောင်းရာသီ အခက်အခဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်..။ ဒါကလည်း ဘရာဇီးလ် ကစားသမား အသင်းဖော်တွေဖြစ်တဲ့ ဘရန်ဒါအို..၊ ဂျက်ဒ်ဆန် တို့ရဲ့ ကူညီမှုတွေက အရမ်းအရေးပါခဲ့ပါတယ်..။ ရှက်တာ အသင်းမှာ ကျွန်တော်အထိုင်ကျခဲ့သလို နောက်ပိုင်းမှာ ရုရှစကားတောင် ပြောနိုင်ခဲ့ပါတယ်..။
နောက်ပြီးယူကရိန်းမှာပဲ ကျွန်တော်ဟာ နှစ်ခြင်းခရစ်စ်ယာန်အဖြစ် ပြောင်းလဲ၊ ခံယူခဲ့တာ ဖြစ်ပါတယ်.။ ကျွန်တော့်မိဘနှစ်ပါးဟာ ကက်သလစ် ခရစ်စ်ယာန် ဘာသာဝင်တွေဖြစ်ပြီး ငယ်တုန်းက တနင်္ဂနွေနေ့တိုင်း သူတို့နဲ့အတူ ဘုရားကျောင်းတက်လေ့ရှိပါတယ်..။ ဒါပေမယ့် ယူကရိန်းကို ရောက်လာတဲ့အချိန်မှာ ဘာသာရေးနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ခံယူချက်တွေ ပြောင်းလဲလာသလို ဖာနန်ဒင်ဟို..၊ ဂျက်ဒ်ဆန် တို့နဲ့ ပိုပြီးနီးစပ်ခဲ့တာကလည်း အကြောင်းရင်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်..။ သူတို့ရဲ့အိမ်မှာ အခမ်းအနားတွေ ပြုလုပ်တဲ့အခါ သူတို့အတူ ကျမ်းစာတွေ လေ့လာဆည်းပူးရင်း ယုံကြည်မှုတွေ ပိုပြီးတိုးပွားလာခဲ့ပါတယ်..။ နောက်ဆုံးမှာ ကျွန်တော်ဟာ ယေရှုခရစ်တော်ကို ပိုပြီးသက်ဝင်ယုံကြည်ခဲ့ပါတယ်..။ ကျွန်တော့်ဇနီးလည်း ကျွန်တော်နဲ့အတူတူ နှစ်ခြင်းခံယူခဲ့ပါတယ်..။
အဲဒီနှစ်ခြင်းခံခဲ့တဲ့အချိန်နဲ့ မရှေးမနှောင်းလောက်မှာပဲ ကျွန်တော့်ရဲ့အေးဂျင့် နေထိုင်တဲ့ လန်ဒန်မြို့ကို သွားရောက်ခဲ့ပါတယ်..။ တစ်ရက်မှာသူနဲ့အတူ စတန်းဖို့ဒ် ဘရစ်ချ်က ချယ်လ်ဆီးအသင်းရဲ့ပွဲတစ်ပွဲ သွားကြည့်ကြပါတယ်..။ အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ပရီးမီးယားလိဂ်ပွဲတွေရဲ့ ကစားဟန်နဲ့ ပရိသတ်အားပေးပုံကို အရမ်းသဘောကျခဲ့တာကြောင့် ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ကို စတင်အားပေးခဲ့ပါတယ်..။ ဒါ့အပြင် လန်ဒန်မြို့ကိုလည်း သဘောကျခဲ့ပါတယ်..။ လန်ဒန်မြို့နဲ့ ပတ်သက်ပြီး ဘယ်အရာကို နှစ်သက်ခဲ့တယ်လို့ တိတိပပ မပြောနိုင်ပေမယ့် ကျွန်တော်နဲ့ ပိုပြီးနီးစပ်နေတယ်..၊ ရင်းနှီးနေတယ်ဆိုတဲ့ ခံစားချက်မျိုး ရရှိခဲ့ပါတယ်..။
ရှက်တာ အသင်းမှာ ငါးနှစ်ခွဲကြာခဲ့ပြီးနောက် ကျွန်တော်ဟာ ရုရှားလိဂ် ပြိုင်ပွဲဝင် အန်ဇီ မာကာချာကလာ အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်..။ ဒါပေမယ့် အန်ဇီအသင်းမှာ ခြောက်လပဲကြာခဲ့ပြီး သူတို့အသင်းဟာ ဘဏ္ဍာရေး အကျပ်အတည်း ကြုံခဲ့ရတာကြောင့် ကျွန်တော့်ကို တခြားအသင်းတစ်သင်း ရှာခိုင်းပါတယ်..။ ကျွန်တော့်ကို ခေါ်ယူချင်တဲ့ အသင်းတွေ အများကြီးရှိခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကိုပဲ ကျွန်တော်သွားချင်ခဲ့ပါတယ်..။ နောက်ဆုံးမှာတော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့ပြီး ကျွန်တော့်ရဲ့အိပ်မက် ပြည့်ဝခဲ့ရပါတယ်..။ အသင်းကိုရောက်ပြီး လေ့ကျင့်ကွင်းတွေ..၊ အဝတ်လဲခန်း..၊ ထောက်ကူကိရိယာတွေကို လိုက်ပြီးကြည့်ရှုနေရင်း ဒးဗစ် လူးဝစ်ဇ် နဲ့ ပြန်လည်ဆုံစည်းရပါတယ်..။ ကျွန်တော်အရမ်းကို စိတ်ကျေနပ်၊ ပျော်ရွှင်ခဲ့ရပါတယ်..။
ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း အပြောင်းအလဲ..၊ အတက်အကျတွေအများကြီး ကြုံတွေ့ခဲ့ရသလို ကျွန်တော်ဟာ ပိုပြီးရင့်ကျက်လာခဲ့တယို့ ထင်မိပါတယ်..။ ပထမဆုံးရာသီမှာ ဆုဖလားရဖို့ ရည်မှန်းချက် ထားခဲ့ပေမယ့် အဆင့် (၃) ပဲ ရခဲ့တာကြောင့် စိတ်ပျက်ခဲ့ရပါတယ်..။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲအဆင့် တက်ရောက်ခဲ့ပြီး အက်တလက်တီကို မက်ဒရစ်အသင်းနဲ့ ပထမအကျော့၊ အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်..။ ဒုတိယအကျော့ အိမ်ကွင်းမှာ ကန်တဲ့အချိန်၊ ပထမပိုင်းအပြီး ကျွန်တော်တို့ဟာ ၁ - ၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ‘ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တစ်ခါမှမရောက်ခဲ့ဖူးသေးဘူး..၊ အခုတော့ ဗိုလ်လုပွဲကို ရောက်တော့မှာပါလား..’ လို့ တွေးမိနေခဲ့တာကို မှတ်မိနေပါသေးတယ်..။ ဒါပေမယ့် ဒုတိယပိုင်းမှာ အက်တလက်တီကို အသင်းဟာ ၁- ၃ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်..။ ကျွန်တော်တို့ အရမ်းကိုစိတ်ပျက်ခဲ့ရပါတယ်..။
တကယ်တမ်း ကျွန်တော့်အတွက် အခက်ခဲဆုံးကာလက နည်းပြ အန်တိုနီယို ကွန်တီ နဲ့ ပရီးမီးယားလိဂ် ရရှိခဲ့တဲ့ ၂၀၁၆/ ၁၇ ဘောလုံးရာသီ ဖြစ်ပါတယ်..။ အဲဒီဘောလုံးရာသီမှာ အရန်ခုံထိုင်နေရတာများသလို ဒီထက်ပိုပြီး ဆိုးတာက ကင်ဆာရောဂါနဲ့ အမေ့ကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်..။ အဲဒီခက်ခဲခဲ့တဲ့ ကာလမှာ အဖေနဲ့ဇနီးဖြစ်သူတို့ဟာ ကျွန်တော့်ကို အထူးကူညီပေးခဲ့သလို ကျွန်တော့်အတွက် ဘဝရဲ့သင်ခန်းစာ အများကြီး သင်ယူခဲ့ရပါတယ်..။ ဒီလိုလောကဓံ၊ အထုအထောင်းတွေက ကျွန်တော့်ကို ပိုပြီးရင့်ကျက်စေခဲ့တယ်လို့ ထင်ပါတယ်..။
ချယ်လ်ဆီးအသင်းမှာ အဲဒီလိုခက်ခဲတဲ့ အချိန်တွေရှိခဲ့ပေမယ့် ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ ကာလတွေ အများကြီးရှိခဲ့ပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်ကို ခြေချခဲ့တဲ့ ပထမနေ့ကတည်းက ပရိသတ်တွေဟာ ကျွန်တော့်ကို အရမ်းအားပေးခဲ့ကြသလို ကျွန်တော့်ရဲ့နာမည်ကို ဟစ်ကြွေးခဲ့တဲ့ သီချင်းသံတိုင်းအတွက် အထူးဂုဏ်ယူခဲ့ရပါတယ်..။ သူတို့ရဲ့တစိုက်မတ်မတ် အားပေးမှုဟာ ကျွန်တော့်အတွက် ယုံကြည်မှုပိုပြီး တိုးပွားစေသလို သူတို့ရဲ့ချစ်ခြင်းတရားကို အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လည်ပေးဆပ်နိုင်ဖို့ ကျွန်တော်အစွမ်းကုန် ကြိုးစားခဲ့ပါတယ်..။ ကျွန်တော်ဟာ အပြောနဲ့တင်မဟုတ်ပဲ အလုပ်နဲ့..၊ ခြေစွမ်းနဲ့ သက်သေပြနိုင်ဖို့ အမြဲတမ်း အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်..။
ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးခဲ့တဲ့အချိန်တိုင်းဟာ ကျွန်တော့်အတွက် အပျော်ရွှင်ဆုံး အချိန်တွေပါပဲ..။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအမှတ်ပေးချန်ပီယံဆုဆိုတာ တစ်ရာသီလုံး ကြိုးစား၊ ရုန်းကန်ပြီးမှ ရရှိခဲ့တဲ့အတွက် ဖြစ်ပါတယ်..။ အထူးသဖြင့် ၂၀၁၅ ခုနှစ်မှာ ဟိုဆေး မော်ရင်ဟို နဲ့ ကျွန်တော့်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်တော့မှ မေ့နိင်မှာ မဟုတ်ပါဘူး..။ ဖလားရပြီး ကွင်းထဲမှာနဲ့ အဝတ်လဲခန်းအတွင်း ကျွန်တော်တို့ရဲ့ အောင်ပွဲခံပါတီ အခမ်းအနားတွေဟာ အရမ်းကိုအမှတ်ရဖို့ ကောင်းခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ ချန်ပီယံဆုအတွက် သေချာတဲ့အချိန် ကစားဖို့သုံးပွဲကျန်သေးပေမယ့် ဟိုဆေး မော်ရင်ဟို က အမှတ်ပေးချန်ပီယံဆု ရခဲ့မယ်ဆိုရင် တစ်ပါတ်ကို လေးရက်အနားပေးမယ်လို့ ကတိပေးပါတယ်..။ ဒါ့ကြောင့်လက်ကျန်ပွဲစဉ်တွေမှာ ကျွန်တော်တို့ဟာ တစ်ရက်လေ့ကျင့်၊ တစ်ရက်ပွဲကစားပြီး မိသားစုနဲ့အတူ လေးရက်နေခွင့်ရခဲ့ပါတယ်..။
ကျွန်တော်ဆုံခဲ့ဖူးတဲ့ အကောင်းဆုံးနည်းပြ ဘယ်သူလဲလို့ မကြာခဏ အမေးခံရပါတယ်..။ ဟိုဆေး မော်ရင်ဟို ဟာ အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ပါ..။ ကျွန်တော်တို့ရဲ့ကြားမှာ ဆက်ဆံရေးအရမ်း ကောင်းပါတယ်..။ သူဟာတောင်းဆိုမှု အရမ်းများတဲ့ နည်းပြတစ်ယောက် ဖြစ်တာကြောင့် ပွတ်တိုက်မှုတွေ ရှိခဲ့ပေမယ့် ဒါတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပါပဲ..။ သူဟာကျွန်တော့်ရဲ့အမှားတွေကို ထောက်ပြပြီး မထောက်မညှာ ဝေဖန်တတ်ပေမယ့် ကျွန်တော်အကောင်းဆုံး ကစားနိုင်ခဲ့ရင်လည်း ချီးမွမ်းဖို့ မမေ့တဲ့လူစားမျိုးပါ..။ ကျွန်တော်ဟာ သူ့ရဲ့အုပ်ချုပ်ပုံ၊ လေ့ကျင့်ခန်းအစီအစဉ်တွေ စီမံခန့်ခွဲပုံ၊ အသင်းအစည်းအဝေးတွေမှာ ညွန်ကြားချက်ပေးတဲ့ပုံတွေကို နှစ်သက်ပါတယ်..။ သူ့ဆီကနေ အများကြီးသင်ယူခဲ့ရပါတယ်..။ ချယ်လ်ဆီးအသင်းကနေ သူထွက်ခွာပြီးနောက်ပိုင်းမှာလည်း ကျွန်တော်နဲ့ပတ်သက်ပြီး ကောင်းတဲ့အကြောင်းကိုပဲ သူပြောလေ့ရှိပါတယ်..။ အခုအချိန်ထိ ရင်းနှီးတဲ့သူငယ်ချင်းတွေအဖြစ် ရှိနေဆဲပါပဲ..။ တခါတလေအပြန်အလှန် မက်ဆေ့ချ် ပို့ကြတာရှိပါတယ်..။ မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောက်နေတဲ့အချိန်တုန်းက ကျွန်တော့်ကို မန် ယူနိုက်တက်အသင်းဆီ လာစေချင်ခဲ့ပါသေးတယ်..။ သူ့ရဲ့အားလုံးကို ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တဲ့အကျင့်ဟာ အင်မတန် လေးစားဖို့ကောင်းပါတယ်..။
ဖရန့် လမ်းပတ် ရဲ့ လက်အောက်မှာ ကစားရတာလည်း အရမ်းကောင်းပါတယ်..။ ကစားသမားဘဝတုန်းက အရမ်းကိုအောင်မြင်ခဲ့တဲ့ ဂန္တဝင်ကစားသမား တစ်ယောက်ရဲ့ လက်အောက်မှာ ကစားခွင့်ရခဲ့တာ ဂုဏ်ယူဖို့ကောင်းမွန်သလို နည်းပြတစ်ယောက်အနေနဲ့လည်း သူ့ကိုနှစ်သက်ပါတယ်..။ သူဟာကစားသမားတွေကို အထူးဂရုစိုက်ပြီး သူ့ရဲ့စီမံခန့်ခွဲတဲ့ပုံစံဟာလည်း အထူးကျေနပ်ဖို့ကောင်းပါတယ်..။
ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းမှာ ခြောက်နှစ်ကျော်ခဲ့ပါပြီ..။ ဒါ့ကြောင့်ဒီအသင်းမှာ အရမ်းကို ပျော်ရွှင်ပါတယ်ဆိုတာ ရိုးရိုးသားသား ဝန်ခံပါတယ်..။ ‘လန်ဒန်မြို့ကနေ ပြောင်းချင်လား..?’ လို့ ကျွန်တော့်ရဲ့ဇနီးကို မေးမယ်ဆိုရင် သူမကလည်း ‘No’ လို့ ဖြေပါလိမ့်မယ်..။ သမီးနှစ်ယောက်စလုံးကလည်း ထပ်တူပါပဲ.။ မှန်ပါတယ်… ဘရာဇီးလ်.. ဟာ ဘရာဇီးလ် ပါ..။ ကျွန်တော်တို့ရဲ့မြေ..၊ ကျွန်တော်တို့ရဲ့ ဇာတိ..၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု..။ ဒါ့အပြင်အားလပ်ရက်တွေမှာ အိမ်ပြန်ရတယ်..၊ မိသားစုဝင်တွေ..၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရတာလည်း ကျေနပ်ဖို့ကောင်းပါတယ်..။ ဒါပေမယ့် လန်ဒန်မြို့ဟာ ကျွန်တော်တို့ရဲ့ ဒုတိယအိမ် ဖြစ်နေပါပြီ..။
ဒါ့အပြင်မကြာသေးခင်ကပဲ ကျွန်တော်ဟာ ဗြိတိသျှနိုင်ငံသား ခံယူခွင့် စာမေးပွဲ အောင်မြင်ခဲ့ပါတယ်..။ အဲဒီစာမေးပွဲဟာ အရမ်းခက်ခဲပါတယ်..။ အထူးသဖြင့် ဗြိတိသျှ သမိုင်းကြောင်းတွေ အကုန်လုံးကို မေးတာပါ..၊ ၁၅၀၀ ခုနှစ်..၊ ၁၆၀၀ ခုနှစ်..၊ စစ်ပွဲတွေ..၊ တိုက်ပွဲတွေအကြောင်း၊ ကြီးမြတ်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ အကြောင်းအရာအစုံပါပဲ..။ တစ်ချို့မေးခွန်းတွေဆိုရင် အရမ်းကိုခက်လွန်းလို့ ကျွန်တော့်ရဲ့ အင်္ဂလိပ်မိတ်ဆွေ တစ်ချိုု့တောင် မဖြေနိုင်ကြပါဘူး..။ ကျွန်တော်ဟာ ‘Life in the UK Test’ ဆိုတဲ့ စာမေးပွဲ လမ်းညွန်စာအုပ်ကို ဖင်ပြန်၊ ခေါင်းပြန်ဖတ်ပြီး စာမေးပွဲဝင်ဖြေခဲ့တာပါ..။ ဘယ်နှစ်နာရီလောက်တောင် စာဖတ်ခဲ့ရလဲ မမှတ်မိပါဘူး..။ ဒါ့အပြင် လူတွေ့စာမေးပွဲအတွက် ဖုန်း Apllication တစ်ခု ဒေါင်းပြီး လေ့ကျင့်ခဲ့ပါသေးတယ်..။ ဒါတောင်မှ ပထမနှစ်ကြိမ် ကျရှုံးခဲ့ပြီး တတိယအကြိမ် ဖြေတော့မှ အောင်မြင်ခဲ့တာပါ..။ အခုဆိုရင် ကျွန်တော်ဟာ ဗြိတိသျှနိုင်ငံသား ဖြစ်သွားပါပြီ..။
ဒါ့ကြောင့်လန်ဒန်ဟာ ကျွန်တော်အခြေချမယ့်နေရာ ဖြစ်သွားဖို့ အတော်လေး သေချာသွားပြီ ဖြစ်သလို ဒီနေရာဟာ ကျွန်တော့်ရဲ့ မိသားစု၊ ကျွန်တော့်ရဲ့ ဘုရားကျောင်းတို့ ရှိနေတဲ့မြေလည်း ဖြစ်ပါတယ်..။ ကျွန်တော့်သမီးတွေကို ဒီမှာပဲကြီးပြင်းစေချင်ပါတယ်.။ ကွင်းထဲကနေ အဝတ်လဲခန်းကို ပြန်ရောက်တိုင်း သူတို့ရဲ့ မက်ဆေ့ချ်တွေ..၊ ချစ်ခြင်းတွေ ထုံမွှမ်းနေတဲ့ အားပေးစကားတွေကို မြင်တွေ့နေချင်ပါသေးတယ်..။
သူတို့တွေဟာ ကျွန်တော့်ကို ဂိုးတွေများများသွင်းပေးအောင် တွန်းအားပေးရုံမကပါဘူး..။ ဘောလုံးသမား တစ်ယောက်အတွက် အကောင်းဆုံး၊ အရေးအကြီးဆုံး၊ အထူးမြတ်ဆုံး အောင်မြင်မှု၊ ဆုဖလားဟာ ကိုယ့်ရဲ့မိသားစု ဖြစ်တယ် ဆိုတဲ့အကြောင်း အမြဲတမ်းအသိပေး၊ သတိပေးနေလျှက် ရှိနေကြောင်းပါ…
ဝီလီယံ (Chelsea FC)
(The Players’ Tribune ဆောင်းပါးရှင် ချယ်လ်ဆီးအသင်းမှ ဘရာဇီးလ် ကွင်းလယ်ဖန်တီးရှင် ဝီလီယံ ၏ ‘My Life is an Open Book’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)