feature-image

‘ဘီလီ ဂေးလ်မား’ ၏ ‘First, Last and Always’

ချယ်လ်ဆီးအသင်း Official website မှာ ယခုနှစ်ဘောလုံးရာသီတွင် ကစားသမားတစ်ဦးချင်းစီ၏ ယခင်အတိတ်က အမှတ်တရများ၊ လက်ရှိအနှစ်သက်ဆုံး အရာများအကြောင်းကို တွေ့ဆုံ၊ မေးမြန်းခန်းပုံစံဖြင့် တင်ဆက်ပေးခဲ့သည်..။ စကော့တလန် လူငယ်ကွင်းလယ်ကစားသမား ဘီလီ ဂေးလ်မား နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် သူရဲ့ပထမဆုံး ချယ်လ်ဆီးအကျီအကြောင်း..၊ အားလပ်ရက်ခရီးစဉ်များ၊ မိုဘိုင်းလ် ဖုန်းများ အပါအဝင် ယခင်ကာလ၊ ယခုကာလနှင့် အမြဲတမ်းပြုလုပ်လေ့ရှိသော အမူအကျင့်များအကြောင်းကို ယခုလိုပြောပြခဲ့သည်.။

First: ခင်ဗျားပထမဆုံး ဝတ်ဆင်ခဲ့ဖူးတဲ့ ဘောလုံးအကျီအကြောင်း ပြောပြနိုင်မလား..?

“ကျွန်တော်ငါးနှစ်သားအရွယ်မှာ ရခဲ့ဖူးတဲ့ ချယ်လ်ဆီးအသင်းအင်္ကျီ ဖြစ်ပါမယ်..။ အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ချယ်လ်ဆီးအသင်း ပရိသတ်ဖြစ်သွားခဲ့တာပါ..။ ချယ်လ်ဆီးအသင်းမှာ ထိပ်တန်းကစားသမားကြီးတွေ အများကြီးရှိသလို ဆုဖလားတွေလည်း အများကြီးရရှိခဲ့ပါတယ်..။”

Last: ခင်ဗျားတစ်ခါမှ မကစားခဲ့ဖူးတဲ့ အသင်းတစ်သင်းရဲ့အကျီကို နောက်ဆုံးအကြိမ် ဝတ်ဖူးခဲ့တဲ့ ဘယ်တုန်းကလဲ..? ဘယ်အသင်းရဲ့အကျီ ဖြစ်မလဲ..?

“နောက်ဆုံးကန်ခဲ့တဲ့ FA ဖလားပွဲစဉ်အပြီးမှာ အန်ဒီ ရော်ဘတ်ဆန် နဲ့ လဲခဲ့တဲ့ လီဗာပူးလ်အသင်းအင်္ကျီ ဖြစ်ပါလိမ့်မယ်..။ အခုတစ်လော အဲဒီအကျီကို မကြာခဏ ဝတ်ဖြစ်နေပါတယ်..။ အိမ်ရှေ့ပန်းခြံထဲမှာ ဘောလုံးကစားရင်လည်း ဝတ်ဖြစ်ခဲ့ပါတယ်..။”

Always: အဲဒီအကျီဟောင်းတွေထဲမှာ ခင်ဗျားအကြိုက်ဆုံးအကျီကို ပြောပြပေးပါလား..?


“ကလေးဘ၀ ရိန်းဂျားအသင်းကနေစပြီး အခုချယ်လ်ဆီးအသင်းအထိ ဝတ်ခဲတဲ့အသင်းအကျီတွေ..၊ လေ့ကျင့်ခန်းဝတ်စုံတွေကို အကုန်သိမ်းထားပါတယ်..။ ကျွန်တော့်အမေက အဝတ်ဘီရိုတွေ..၊ သေတ္တာတွေနဲ့ အားလုံးကို သေသေချာချာ ထိန်းသိမ်းထားပါတယ်..။”



First: ခင်ဗျားမှတ်မိသလောက် ပထမဆုံးကြည့်ဖူးတဲ့ ရုပ်ရှင်အကြောင်း ပြောပြပေးပါလား..?

“Grown Ups ဒါမှမဟုတ် ‘Step Brothers’. တစ်ကားကားပဲဗျ...။”

Last: ခင်ဗျားနောက်ဆုံးကြည့်ခဲ့တဲ့ ရုပ်ရှင်.. ဒါမှမဟုတ် TV အစီအစဉ်ကို ပြောပြပေးပါလား..?

“အခုတလော ရုပ်ရှင်တွေ အရမ်းကြည့်ဖြစ်ပါတယ်..။ ‘Power’ တို့၊ ‘Prison Break’ တို့ စီးရီးတွေ ကြည့်တာများပါတယ်..။ နောက်ဆုံးကြည့်လိုတဲ့ စီးရီးက Netflix က လွှင့်တဲ့ ‘Peaky Binders’ စီးရီးဖြစ်ပါမယ်..။”

Always: မကြာခဏလိုလို ကြည့်ဖြစ်တဲ့ ရုပ်ရှင်ကားရှိခဲ့ရင် ပြောပြပေးနိုင်မလား..?

စတော့တလန် ဟာသကားဖြစ်တဲ့ ‘Still Game’ ဖြစ်ပါလိမ့်မယ်..။ အဲဒီကားမှာ အဓိကသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ စကော့တလန် အဖိုးကြီးနှစ်ယောက်ဟာ အရမ်းရယ်ရပါတယ်..။ အခုလည်း Netflix မှာ ရှိပါတယ်..။ ဒါပေမယ့် လူတော်တော်များများ နားလည်လိမ့်မယ် မထင်ဘူး.."



First: ပထမဆုံး အသုံးပြုခဲ့တဲ့ မိုဘိုင်းဖုန်းကို မှတ်မိသေးလား..?

“ကျွန်တော်ဆယ်နှစ်သားတုန်းက ကိုင်ခဲ့ရတဲ့ Sony Erisson ဖုန်းဖြစ်ပါလိမ့်မယ်..။ ကျွန်တော်အပြင်မှာရောက်နေတဲ့ အမေက အိမ်ကိုပြန်လာခိုင်းဖို့ အဓိကရည်ရွယ်ပြီး ကျွန်တော့်ကို ဝယ်ပေးခဲ့တာပါ..။”

Last: ခင်ဗျားရဲ့လက်ရှိဖုန်းမှာ နောက်ဆုံး install လုပ်ဖြစ်တဲ့ application လေး ပြောပြလို့ ရနိုင်မလား..?

“အခုလောလောဆယ် Zoom ကို အများဆုံးသုံးဖြစ်ပါတယ်..။ Zoom ကို သုံးပြီး သူငယ်ချင်းတွေနဲ့ မကြာခဏ တွေ့ဖြစ်ပါတယ်..။”

Always: ဖုန်းနဲ့ဆိုရင် အများဆုံး ဘာကိုပြုလုပ်ဖြစ်လဲဗျ..?

“သီချင်းနားထောင်ထာ များပါတယ်..။”

First: ပထမဆုံး ခင်ဗျားဝယ်ဖြစ်ခဲ့တဲ့ video game ကို ပြောပြပါလား..?

“Xbox က FIFA 10 ဘောလုံးဂိမ်းပါ..။ ကျွန်တော်က တီဗွီ ဂိမ်းနဲ့ ကစားရင် လက်ကောင်းပါတယ်..။ ဟိုတစ်ပါတ်က ရိစ် ဂျိမ်းစ် ထက်တော့ သာပါတယ်..။ သူ့ရဲ့လက်စွမ်းက အတော်လေးကို ချာပါတယ်..။ ကျွန်တော်တို့ group chat ထဲမှာလည်း အဲဒီပွဲက ကစားပုံနဲ့ပတ်သက်ပြီး သူ့ကိုဝိုင်းပြီး နှိပ်ကွပ်ခဲ့ကြတယ်ဗျ..။”



Last: ခင်ဗျားနောက်ဆုံးကစားခဲ့တဲ့ TV ဂိမ်းကို ပြောပြနိုင်မလား..?

“Fortnite ပါ..။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် နေ့တိုင်းကစားဖြစ်ပါတယ်..။”

Always: TV ဂိမ်းကစားရင် အမြဲတမ်းတွဲပြီး ကစားဖြစ်တဲ့သူ..?

“ကျွန်တော်က အိမ်ပြန်ရောက်ရင် သူငယ်ချင်းတွေနဲ့ online အမြဲတမ်းကစားပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက သူငယ်ချင်းတွေနဲ့ပဲ အများဆုံးကစားဖြစ်ပါတယ်...။ အထူးသဖြင့် ‘မာဆယ်လ် လာဗီးနီးယား’ နဲ့ တွဲကစားဖြစ်တာ များပါတယ်..။”

First: ကလေးဘဝတုန်းက အားလပ်ရက်တွေမှာ ဘယ်နေရာကို ခရီးထွက်ဖြစ်ခဲ့လဲ..?

“ကျွန်တော့်ရဲ့ မိဘတွေဟာ ကျွန်တော်တို့ ညီအစ်ကိုနဲ့အတူ တူရကီကို မကြာခဏ သွားခဲ့ကြတာ မှတ်မိနေပါသေးတယ်..။ တခါတုန်းက ကျွန်တော့်မိဘတွေရဲ့ သူငယ်ချင်းတွေ အပါအဝင် လူ (၄၀) လောက် အုပ်စုကြီးနဲ့သွားခဲ့ကြပါတယ်…။”

Last: ပြီးခဲ့တဲ့နိုင်ငံတကာ ပွဲစဉ်အချိန်တုန်းက ဘယ်နေရာကို သွားလည်ခဲ့လဲ..?

“ပြီးခဲ့တဲ့နွေရာသီတုန်းက ကျွန်တော်ဟာ စကော့တလန် လူငယ်အသင်းနဲ့အတူ တူလွန်း လူငယ်ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် ဘယ်ကိုမှ မသွားလိုက်ရပါဘူး..။ ဒါပေမယ့် လာမယ့်နှစ် ဆောင်းရာသီ အနားပေးရက်ကျရင် တူရကီကို မဖြစ်ဖြစ်အောင် သွားပါဦးမယ်..။”

Always: အမြဲတမ်းလိုလို ပုံမှန်သွားလည်ဖြစ်တဲ့ နေရာတစ်ခု ပြောပြပါလား..?

တူရကီ ဒါမှမဟုတ် စပိန်က မာဘယ်လာ မြို့ပါ...။ လာမယ့်နွေရာသီ အခွင့်အရေးရခဲ့မယ်ဆိုရင် သွားလည်ချင်ပါသေးတယ်..။



First: ကားမောင်းလိုင်စင် စာမေးပွဲကို တစ်ကြိမ်တည်းနဲ့ အောင်ခဲ့လား..?

“No.. ကျွန်တော်ဟာ တတိယအကြိမ် ဖြေတဲ့အထိ စာမေးပွဲ မအောင်ခဲ့ပါဘူး..။ ပထမအကြိမ်တုန်းက ကားမောင်းစစ်ဆေးမှုမှာ လော်ရီကားနား အရမ်းကပ်သွားခဲ့တာကြောင့် စာမေးပွဲကျခဲ့ပါတယ်..၊ ကျွန်တော်က လော်ရီကားရဲ့ဘေးက နေရာလွတ်ကို ကားပါကင်ထိုးဖို့ ကြိုးစားခဲ့တာ တိုက်မိမလို ဖြစ်ခဲ့ပါတယ်..။ ဒုတိယအကြိမ်ကျတော့ ဘယ်ဘက်ကို ချိုးကွေ့လိုက်တဲ့အခါ စက်ဘီးသမားတစ်ယောက်ကို တိုက်မိမလို ဖြစ်သွားခဲ့ပါတယ်..။ တကယ်တော့ ကျွန်တော်ဟာ ကားမောင်းကျွမ်းကျင်ပေမယ့် စိတ်လှုပ်ရှားလွန်းတာကြောင့် အမှားအယွင်း လုပ်မိတာပါ..။”

Last: ဘတ်စ်ကား၊ မီးရထားတို့ ဘယ်တုန်းက နောက်ဆုံးစီးဖြစ်ခဲ့တာလဲ..?

“အရန်အသင်း (အသက် ၂၃ နှစ်အောက်) ပွဲအတွက် မန်ချက်စတာမြို့ကို ရထားနဲ့နောက်ဆုံးသွားဖြစ်ခဲ့ပါတယ်.။”

Always: ဒါဆိုရင် မော်တော်ကားမောင်းတဲ့အချိန် အမြဲတမ်းနားဆင်ဖြစ်တဲ့ ဂီတ..၊ ဒါမှမဟုတ် သီချင်းကရော..?

“အိမ်အပြန်ကားမောင်းရင်း သီချင်းနားထောင်လေ့ရှိပါတယ်..။ များသောအားဖြင့် R & B သီချင်းတွေ နားထောင်ဖြစ်ပါတယ်..။