ဂွမ်အောင်းန်ဟာ ဘရစ်တ္ကနီဒေသက ဆိတ်ငြိမ်တဲ့မြို့ငယ်လေးတစ်ခုပါ…။ မြို့နေလူဦး ရေကလည်း (၈,၀၀၀) လောက်ပဲ ရှိပါတယ်..။ မာဆေးလ်နဲ့ဆိုရင် တခြားစီပါ..။ မာဆေးလ်ဆိုတာ မြေထဲပင်လယ်ကမ်းခြေက ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်ပြီး ပြင်သစ်ရဲ့ဒုတိယအကြီးဆုံးမြို့ပါ။ လူဦး ရေ (၈) သိန်းခွဲ လောက်နေထိုင်ပြီး လူမျိုးစုံ၊ ယဉ်ကျေးမှု စုံလင်ပါတယ်..။ နောက်ပြီး ဂွမ်အောင်းန် အသင်းပရိသတ်ဆိုတာ မြိ့နီးနားဝန်းကျင်လူနည်းစုလောက်သာ ရှိပေမယ့် မာဆေးလ်ပရိသတ်ဟာ နေရာစုံ၊ အလွှာစုံ ပျံ့နှံ့ပြီး ကမ္ဘာ့အဆင့်ပါ..။ အသင်းရဲ့ကစားကွင်း စတာဒီ ဗယ်လာဒရုန်းန်ဟာ လည်း ပရိသတ် (၆၀,၀၀၀) ကျော်ဆန့်ပြီး ပြင်သစ်က အကောင်းဆုံးကွင်းတစ်ကွင်း ဖြစ်ပါတယ်..။
ကျွန်တော့်ရဲ့အပြောင်းအရွှေ့ဟာ နိုင်ငံတကာပွဲစဉ်တွေနဲ့ အာဖရိကကိုရောက်နေတုန်း အပြီးသတ် ခဲ့တာမို့ အသင်းရဲ့ရာသီကြို ပွဲစဉ်တွေကို ကျွန်တော် မမှီခဲ့ပါဘူး..။ ဒါပေမယ့် အသင်းလေ့ကျင့်ခန်း ဆင်းနေတဲ့နေရာဟာ ဘရစ်တ္ကနီမှာပဲ ဖြစ်နေတာမို့ သူတို့နဲ့ အဆင်ပြေပြေနဲ့ပဲ ကျွန်တော် ပူးပေါင်း နိုင်ခဲ့ပါတယ်..။ ရောက်ရောက်ချင်း ကျွန်တော့်ရဲ့အခန်းဖော်ဟာ အသင်းခေါင်းဆောင် ဆွစ်ဇာလန် လက်ရွေးစင် ဖာဘီယို ဆလက်တီနီပါ..။ သူ့ဆီက နည်းပြဆရာ အလိန်း ပါရင်ရဲ့ပုံစံ၊ နည်းစနစ် တွေနဲ့ လေ့ကျင့်တဲ့စနစ်စတဲ့ အချက်အလက်တွေကို သိခဲ့ရပါတယ်..။ ကိုယ်ဘာတွေ ပြင်ဆင်ရမယ်ဆိုတာ ကြိုတင်သိခဲ့ရတဲ့အတွက် အစစအရာရာ အဆင်ပြေပါတယ်..။ ဒါ့အပြင် မာဆေးလ် အသင်းပရိသတ်တွေကိုလည်း နေရာအနှံ့ အများအပြား တွေ့နေရတာမို့ အသင်းရဲ့ အောင်မြင်မှု၊ လူသိများမှုအပေါ် အံ့သြရပြန်ပါတယ်.။
ကျွန်တော့်အတွက် ကံကောင်းတဲ့တစ်ချက်က ပရိသတ်ရဲ့အာရုံဟာ အေးဂျက်စ်က ပေါင် (၁၂) သန်းနဲ့ရောက်လာတဲ့ အီဂျစ် တိုက်စစ်မှူး မီဒိုအပေါ် ရောက်နေခဲ့တာပါ.။ ကျွန်တော်က ဂွမ်အောင်းန်က ရောက်လာတဲ့ အညတရကစားသမား ဖြစ်သလို အများစုက နာမည်တောင် မှန်အောင်မခေါ်နိုင်ကြသေးပါဘူး။ ဒါပေမယ့် အဲဒီလိုမလိုအပ်တဲ့ ဖိအားတွေမရတဲ့အပေါ် ကျွန်တော် ကျေနပ်မိပါတယ်..။ အသင်းဖော်တွေကလည်း လိုက်လိုက်လှဲလှဲ ကြိုဆိုကြတာမို့ အားတက်ခဲ့ရပါတယ်..။ တစ်ကယ်တော့ မာဆေးလ်က အသင်းဖော်တွေအားလုံးဟာ တစ်ယောက်ချင်း ကျော်ကြားပြီးဖြစ်နေတဲ့ နာမည်ကြီး ကစားသမားအများစုပါ..။ ဒါပေမယ့် သူတို့ဟတစ်ဦးချင်း အောင်မြင်မှုအတွက် ဘာမှအာရုံမရှိတော့တဲ့ ပုံစံတွေပါပဲ..။ သူတို့အဓိက ထားတာဟာ အသင်းလိုက် စိတ်ဓါတ်ကောင်းမွန်ဖို့ပဲ အဓိကဆိုတာ မကြာခင်မှာပဲ သိလိုက်ရပါတယ်..။
မာဆေးလ်ရောက်ပြီး အသင်းနဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာဖြစ်ပါတယ်.။ သြဂုတ်လနေပူကျဲကျဲအောက်မှာ ကျွန်တော်တို့အပြေးလေ့ကျင့်ခန်း ပြုလုပ်ကြပါတယ်။ အသင်းကို ရောက်တာ မကြာသေးသလို ရာသီကြို လေ့ကျင့်ခန်းတွေနဲ့လည်း ဝေးခဲ့တာမို့ ကျွန်တော်ရဲ့ ကြံ့ခိုင်မှုဟာ အားနည်းနေပါတယ်။ အသင်းသားတွေနဲ့ ပြေးနေရင်း နေ့ခင်းအပူရှိန်အောက်မှာ တဖြည်းဖြည်းခြေကုန်လက်ပန်း ကျလာပါတယ်.။ နှလုံးတွေ တဒိန်းဒိန်း ခုန်လာသလို သွေးခုန်နှုန်းကလည်း အရမ်းကိုမြန်လာ..၊ ဒီလိုနဲ့ ကျွန်တော်ဟာ အသင်းဖော်နောက်.. ဝေးရာမှာ ဖြည်းဖြည်းချင်း ပြတ်ကျန်ခဲ့ပါတယ်..။ ဒါကိုနောက်တန်းလူ ဂျွန်နီ အက်ကာက အရင်ဆုံး သတိထား မိလိုက်တယ်..။ သူကကျွန်တော့်ကိုအားပေးဖို့ ကြိုးစားသလို တခြားသူတွေကိုလည်း ကူညီကြဖို့ အခုလို နှိုးဆော် လိုက်ပါတယ်..။ “ဒီဒီယာ.. အဆင်ပြေတယ်မလား..၊ ငါတို့စောင့်မယ်..၊ မင်းကရှေ့က ဦးဆောင် သွားပါ..၊ ငါတို့နောက်ကလိုက်ခဲ့မယ်..။”
သူတို့ရဲ့အခုလို အားပေးမှုဟာ ကျွန်တော့်ကို အရမ်းအားတက်စေပါတယ်..။ အခုလို အချင်းချင်း ဖေမမှုမျိုးကို အခြားအသင်း၊ အထူးသဖြင့် အောက်တန်းအသင်းတွေမှာတွေ့ရဖို့ ခဲယဉ်းလှပါတယ်။ မင်းကျန်ခဲ့ပြီဆို ကိုယ့်ဟာကိုယ် နေခဲ့တော့.. ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်.. ဒါပါပဲ..။
အခုလို ကျွန်တော့်ကို ကြိုဆိုကြတယ်..၊ လက်ခံကြတယ်မှန်း သိလိုက်ရတာ သိပ်ကို ကောင်းပါတယ်..။ နည်းပြအလိန်း ပါရင်နဲ့ တွေ့တော့လည်း အဆင်ပြေပါတယ်။ သူဟာစည်းကမ်း တင်းကျပ်သူတစ်ဦး ဖြစ်ပေမယ့် မန်နေဂျာကောင်းတစ်ယောက်ပါ..။ သူရဲ့နည်းပြတဲ့ပုံစံက ဂုစ် ဟစ်ဒင့်ခ်နဲ့ ဆင်တူပါတယ်..။ “ကွင်းထဲမှာ ကစားရတာ ငါမဟုတ်ဘူး..၊ မင်းတို့..။ ကိုယ့်ရဲ့ကစားပုံ အတွက် ကိုယ်တာဝန်ယူရမယ်..။” အဲဒီအချိန်က ပြင်သစ်မှာ သူ့လိုပုံစံနည်းပြမျိုးက ရှားပါးပါတယ်။ ဒါ့ကြောင့်အသေးစိတ်ကအစ မှာကြားတတ်တဲ့နည်းပြမျိုးနဲ့ အသားကျနေတဲ့ ကစားသမားတစ်ချို့နဲ့ တစ်ခါတစ်လေမှာ ပြဿနာရှိတတ်ပါတယ်။ ကျွန်တော့်ရဲ့ ခံယူချက်က တစ်မျိုးပါ.. ဒီလို အဆင့်မျိုး ရောက်လာပြီဆိုမှတော့ ကိုယ်ဘာလုပ်ရမလဲဆိုတာ သိသင့်ပါပြီ..။ နည်းပြကကိုယ့်ကို ညွှန်ပြရုံလောက်ပဲ တတ်နိုင်ပြီး အဓိကကွင်းထဲမှာ တာဝန်ခံရတာ ကစားသမားကိုယ်တိုင်ပါ..။ အလိန်း ပါရင်ရဲ့ နည်းပြတဲ့ပုံစံဟာ ကျွန်တော့်အတွက် အဆင်ပြေပါတယ်..။ နောက်ပြီးသူပြောထားတဲ့ ကတိအတိုင်းပါပဲ. အထောင်တိုက်စစ်မှူးအဖြစ် ကျွန်တော့်ကို အခြားတိုက်စစ်မှူးတစ်ဦးနဲ့ တွဲကစား စေပါတယ်..။ အသင်းနဲ့ ချက်ချင်းအံဝင်ပြီး ရာသီကြိုပွဲစဉ်တွေကတည်းက ကျွန်တော်ဂိုးတွေသွင်း နိုင်ခဲ့ပါတယ်..။
ဘောလုံးရာသီစတော့ ပထမဆုံးပွဲဟာ မနှစ်ကအသင်းဟောင်း ဂွမ်အောင်းန်နဲ့ ကန်ရ မှာပါ..။ ဒါ့ကြောင့် ကံကြမ္မာဆိုတာ တစ်ခါတစ်လေ အရမ်းဆန်းကြယ်ပါတယ်လို့ ပြောရမလိုပါပဲ..။ ကျွန်တော့်ရဲ့အသင်းဟောင်း၊ ရိုဒါရူးလ် ကစားကွင်းဟောင်း..၊ စာချုပ်ပေါ်ကမင်ချက်တောင် ကောင်းကောင်းမခြောက်သေးပါဘူး..၊ အခုသူတို့ဆီပြန်ရောက်ပြီး အသင်းဖော်ဟောင်းတွေကို နိုင်အောင် ကန်ရပါတော့မယ်..။ ကိုယ့်ရဲ့အသင်းဖော်ဟောင်း၊ ပရိသတ်ဟောင်းတွေကို ပြန့်ပြီး ရင်ဆိုင်ရတာ မလွယ်ကူပါဘူး..၊ အထူးသဖြင့် ကွင်းထဲကို ခြေချတယ်ဆိုရင်ပဲ သောင်းသောင်းဖျဖျ ကျွန်တော့်ကို ကြိုဆိုခဲ့ကြတဲ့အတွက်ပါ..။ ဒီပွဲမှာ ကျွန်တော် ဂိုးမသွင်း နိုင်ခဲ့ပါဘူး..။
မာဆေးလ်အသင်းက ကျွန်တော့်ကို ကျောနံပါတ် (၁၁) ပဲ ဆက်ပေးပါတယ်.။ ဒီနံပါတ်ကို အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်း ဖြစ်သလို ဘောလုံးလောကရဲ့ သူရဲကောင်းတစ်ဦး လည်းဖြစ်တဲ့ “အဲရစ် ကန်တိုနာ” လည်း ဝတ်ဆင်ခဲ့ပါတယ်။ ဒီလိုခမ်းနားတဲ့ အားကစားကွင်းကြီးရဲ့ မြက်ခင်းစိမ်းထက်..၊ ခမ်းနားတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တဲ့အသင်းမှာ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ရတော့မယ်ဆိုတဲ့ အသိကြောင့် စိတ်လှုပ်ရှားမှုတွေ၊ စိတ်အားထက်သန်မှုတွေ မဆုံးနိုင်အောင်ပါပဲ..။
အသင်းအတွက် အဖွင့်ဂိုးကို သြဂုတ်လ၊ လန်းစ်အသင်းနဲ့ပွဲမှာ စပြီးရခဲ့ပါတယ်..။ ပထမဆုံး အိမ်ကွင်းဂိုးကိုတော့ အဲဒီပွဲပြီးနောက်တစ်ပွဲ ဆိုးချော့စ်အသင်းနဲ့ ကန်တဲ့ပွဲမှာသွင်းယူနိုင်ခဲ့ ပါတယ်..။ ဂိုးသွင်းပြီးတိုင်း အိုင်ဗရီကို့စ်နဲ့ ပြင်သစ်ရောက်နေတဲ့ အိုင်ဗရီကို့စ် မိသားစုတွေ ကြားမှာ ရေပန်းစားနေတဲ့ Coupe’-de’cale’ အကနဲ့ ကျွန်တော်ကပြ၊ အောင်ပွဲခံလေ့ရှိပါတယ်..။ အဲဒီက ကွက်ဟာ နောက်ပိုင်းမှာကျွန်တော့်ရဲ့မူပိုင် အောင်ပွဲခံတဲ့ဟန်ဖြစ်လာပြီး ပရိသတ်ကလည်း နှစ်ခြိုက် သဘောကျကြပါတယ်..။ ဆိုးချော့စ်နဲ့ပွဲအပြီး မကြာခင်မှာပဲ ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝအတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်.။ ဒါကတော့ ချန်ပီယံလိဂ် ဘောလုံံးပြိုင်ပွဲ အုပ်စုအဆင့်ပါ..။ ကျွန်တော်တို့ဟာ ပါတီဇန် ဘဲလ်ဂရိတ်၊ ပေါ်တို၊ ထိပ်သီးအသင်း ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်တို့နဲ့ တစ်အုပ်စုတည်းကျပါတယ်..။ အုပ်စုပထမဆုံး ပွဲစဉ်ကို ရီးရဲလ် အသင်းရဲ့ နာမည်ကျော် ဘာနေဗျူး ကစားကွင်းကြီးမှာ ကန်ရပါမယ်။ သူတို့အသင်းမှာပါတဲ့ ကစား သမားတိုင်းဟာ အနည်းနဲ့ အများဆိုသလို နေရာအလိုက် ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေပါ..။ ခင်ဗျား စဉ်းစားကြည့်လေ အသင်းခေါင်းဆောင် ရာအူးလ်ကစပြီး ဇီဒိန်း၊ ရော်နယ်လ်ဒို၊ ဖီဂို၊ ကာဆီးလက်စ်၊ နောက်ဆုံး ဒီနှစ် နွေရာသီမှ မန်ချက်စတာ ယူနိုက်တက်က ရောက်လာတဲ့ ဒေးဗစ် ဘက်ခမ်..။
ကမ္ဘာ့ဘောလုံးလောကထဲက အထင်ကရ ကျောင်းတော်ကြီးတစ်ခုရဲ့ မြက်ခင်းစိမ်း ထက်၊ ဥရောပအကောင်းဆုံး ဘောလုံးပြိုင်ပွဲကြီးမှာ ပါဝင်ရတော့မယ်ဆိုတဲ့အတွေးဟာ ဘာနဲ့မှ မလဲနိုင်အောင် ကြည်နူးမိစေပါတယ်..။ ကွင်းထဲကိုရောက်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ တေးသွားကို နားဆင်ရတဲ့အချိန်က ခံစားမှုကိုလည်း မှတ်မိနေပါသေးတယ်..။ ကျွန်တော်ကွင်းထဲကို ဖြည်းဖြည်း လျှောက်သွားတယ်၊ ဘေးနားမှာ လက်ရှိဘောလုံးလောကရဲ့ ဒိတ်ဒိတ်ကြဲတွေ ရှိနေတယ်.. သူတို့နဲ့ အတူ ဒီတေးသွားကို စပြီးနားဆင်မိချိန် တစ်ကိုယ်လုံးမှာရှိတဲ့ အာရုံကြောတွေအားလုံး တဖျင်းဖျင်း ကျင်တက်သွားပြီး “ငါ.. ဒီနေရာကို တကယ်ရောက်ခဲ့ပြီ..” ဆိုတဲ့အတွေးနဲ့ မယုံနိုင်အောင် ဖြစ်နေရ ပါတယ်..။ ပွဲမတိုင်ခင် သုံးရက်ကမှ လေ့ကျင့်ခန်းဆင်းနေရင်း ခြေကျင်းဝတ်လည်သွားတာကြောင့် ရီးရဲလ်နဲ့ပွဲကို လွဲတော့မလို ဖြစ်နေပါသေးတယ်။ နောက်ဆုံးအချိန်ကျမှ ကြံ့ခိုင်မှု ပြည့်စုံတဲ့အတွက် ဝင်ကန်ခွင့်ရခဲ့ပါတယ်..။
ပွဲချိန် (၂၇) မိနစ်မှာ အဖွင့်ဂိုးကို ကျွန်တော်သွင်းပေးနိုင်ခဲ့ပါတယ်..။ ကွင်းထောင့် အလံတိုင်နားကို အောင်ပွဲခံဖို့ တရှိန်ထိုးပြေးသွားတယ်..။ ကျွန်တော်တို့အသင်း ပရိသတ်တွေက တဟေးဟေးနဲ့ အားပေးနေကြပါတယ်.။ ဒါပေမယ့် ရီးရဲလ်ပရိသတ်တွေဘက်က တုံ့ပြန်မှုဟာ မထင်မှတ်စရာပါ…။ မျောက်အူသံလို အသံမျိုးကို ကျွန်တော်ထင်ထင်ရှားရှား ကြားမိပါတယ်..။ တော်တော်အံ့သြမိပါတယ်။ ဘဝရဲ့အကြီးမားဆုံး အခိုက်အတန့်တစ်ခုအတွက် ဂုဏ်ယူနေရင်း နဲ့တောင် အခုလိုတွေးရင်း တရားကျမိခဲ့ပါတယ်.. “သြော်.. ရီးရဲလ်လို အသင်းကြီးမှာတောင် ဒီလို ပရိသတ်မျိုး ရှိနေသေးပါလား..” ။ ပွဲပြီးတော့ ဂလက်တီကိုကပဲ ၄ဂိုး၊ ၂ဂိုးနဲ့ အနိုင်ရသွားပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ အဝေးကွင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့အတွက် ယုံကြည်မှု အရမ်းမြင့်တက်ခဲ့ပါတယ်..။ နောက်ပွဲအိမ်ကွင်းမှာ ပါတီဇန် ဘဲလ်ဂရိတ်ကို ၃ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာလည်း အဖွင့်ဂိုးကို ကျွန်တော်သွင်းနိုင်ခဲ့ပြန်ပါတယ်..။ ကျွန်တော့်ရဲ့ကစားပုံအတွက် သာမက အသင်းရဲ့ ကစားပုံ၊ ပွဲပြီးရလဒ်အတွက် အရမ်းကျေနပ်ခဲ့ရပါတယ်..။
မက်ဒရစ်နဲ့ပွဲပြီးကတည်းက သူငယ်ချင်းတွေဆီက ဖုန်းဆက်ချီးကျူးမှုတွေ၊ မက်ဆေ့ချ် ပို့ချီးကျူးမှုတွေ အဆက်မပြတ် ရရှိခဲ့ပါတယ်..။ ကျွန်တော့်မိဘတွေကတော့ အဲဒီလို စိတ်လှုပ်ရှား မှုတွေ မပြသပါဘူး..။ ဒါပေမယ့် သူငယ်ချင်းတွေက မနေနိုင်ပါဘူး..။ “ဟား… ချန်ပီယံ လိဂ်.. မင်းချန်ပီယံလိဂ်မှာ ကစားနေတယ်နော်.. တစ်ကယ့်ကို မယုံနိုင်စရာပါပဲ.။ အဲဒီပြိုင်ပွဲမှာ ကစားရ တာ ဘယ်လိုနေလဲ”..။ တစ်ကယ်တော့ သူတို့တင်မကပါဘူး. ကျွန်တော်ကိုယ်တိုင်လည်း အိပ်မက် မက်သလို ခံစားနေရတုန်းပါ..။ “ဟုတ်ပါ့.. အဲဒီပြိုင်ပွဲမှာ ကစားရတာ သိပ်ကောင်းတာပေါ့..။”
တကယ်တမ်းဆို လီဂူး (၂) မှာ ကစားရတာကမှ ကိုယ်ကာယ အရမ်းသုံးရတာမို့ ပိုပြီးခက်ခဲ ပါတယ်..။ ချန်ပီယံလိဂ်မှာကျတော့ အချိန်ကိုက် လှုပ်ရှားမှု၊ အချိန်ကိုက် အတိအကျ တိုက်စစ်ဆင် နိုင်မှုစတဲ့ နည်းစနစ်ပိုင်း ကြွယ်ဝမှုက အလွန်အရေးကြီးပါတယ်..။ ဘောလုံးဦးနှောက်ကောင်းဖို့၊ ပြိုင်ဘက်အသင်းကျမယ့်အချိန်ကို ကောင်းကောင်းဖမ်းနိုင်ဖို့၊ ကစားပွဲရဲ့ အနေအထားကို ဖတ်နိုင်ဖို့က အဓိကကျပါတယ်..။ ဒီလိုပြိုင်ပွဲရဲ့ အနေအထားကို ကောင်းကောင်းနားလည်လာတာနဲ့အမျှ ကစားရတာလည်း ပိုပြီးတော့ လွယ်ကူလာပါတယ်..။
ပေါ်တိုအသင်းနဲ့ ကျွန်တော်တို့ အပြန်အလှန် နှစ်ပွဲဆက်တိုက် ကစားရပါတယ်။ (အဲဒီ နှစ်က သူတို့အသင်း နောက်ဆုံးမှာ ဗိုလ်စွဲသွားပါတယ်..။) မန်နေဂျာက “ဟိုဆေး မော်ရင်ဟို..”။ ပထမအကျာ့အိမ်ကွင်းမှာ ကျွန်တော်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂- ၃ နဲ့ ကျွန်တော်တို့ အသင်းရှုံး သွားတယ်.။ ဒုတိယအကျော့ ပေါ်တူဂီမှာလည်း ၁- ၀ နဲ့ ထပ်ရှုံးပြန်ပါတယ်။ ပထမအကျော့မှာ ကျေနပ်မိတာကတော့ ကျွန်တော့်ကို မထိန်းနိုင်ရင် ပိတ်သာကန်ပစ်လိုက်လို့ သူတို့နောက်တန်းသမားအချင်းချင်း ပြောဆိုနေကြာတာကို ကြားမိတာပါပဲ..။
ဒီပွဲစဉ်တွေဟာ ကျွန်တော်နဲ့ဟိုဆေး မော်ရင်ဟို ပထမဆုံး စတင်ဆုံစည်းခြင်းပါ..။ ကွင်းထဲအဝင်ဥမင်ထဲမှာ သူကျွန်တော့်ကို ပြင်သစ်လို ရယ်စရာ လာပြောတယ်..။ “မင်းကစားတဲ့ အတိုင်း ကစားနိုင်တဲ့ ညီဖြစ်ဖြစ်၊ အစ်ကိုဖြစ်ဖြစ် တစ်ယောက် ယောက်များရှိလား?”
“အာဖရိကမှာ ကျွန်တော့်လို ကစားနိုင်တဲ့သူတွေ တစ်ပုံကြီးပါ”.. သူ့ကိုပြန်ပြီး ရယ်စရာ တုံ့ပြန်လိုက်ပါတယ်..။
ကျွန်တော်တို့နှစ်ယောက် လမ်းမခွဲခင်မှာ သူအခုလို ပြောခဲ့ပါတယ်..။ “ငါမင်းကိုဝယ်ဖို့ တတ်နိုင်တဲ့ တစ်နေ့ကျ ရအောင်ခေါ်မှာပါ”..။
ဒီထက်ပိုပြီး ကျွန်တော်ဆက်မတွေးတော့ပါဘူး…။ ဒါပေမယ့်သူ့ရဲ့ကင်းထောက်တစ် ယောက် ဖြစ်တဲ့ အင်ဒရီ ဗီးလက်ရှ် ဘိုအက်ရှ်က ကျွန်တော့်ကိုဆက်ပြီး စောင့်ကြည့်နေလိမ့်မယ်..၊ သူ့ရဲ့ဘော့စ်ကို ဆက်ပြီးသတင်းတွေ ပို့နေမယ်ဆိုတာ အဲဒီအချိန်က မသိခဲ့ပါဘူး..။ မာဆေးလ်ရောက်ပြီးနောက်ပိုင်း ကျွန်တော့်ရဲ့ ထူးခြားချက်တစ်ခုကတော့ ကြံ့ခိုင်မှု ပိုင်းမှာ အကောင်းဆုံးအခြေအနေ အမြဲတမ်းရောက်နေတာပါပဲ..။ ဒီလိုတိုးတက်မှုဟာ စတက်ဖန် ရေးနောနဲ့ ပါစကယ်လ် ကာလီယူးဆိုတဲ့ ကြံ့ခိုင်ရေးမှူးနှစ်ယောက်ရဲ့ ကျေးဇူးကြောင့်လည်း ပါပါတယ်..။ ကျွန်တော်သူတို့နဲ့ ဂွမ်အောင်းန်မှာကတည်းက စတင်လက်တွဲခဲ့တာ အခုအချိန်ထိပါပဲ..။ (နောက်ပိုင်းမှာ ပါ စကယ်လ် ထွက်သွားတာကြောင့် မက်သလူး ဘရာ့ဒ်ဘက်ခ်နဲ့ အစားထိုးခဲ့ရပါတယ်..။) သူတို့ဟာ အရင်က ဖလောရင့် မာလူဒါရဲ့လူတွေပါ..။
မာလူဒါဟာ ပွဲတွေဘယ်လောက် ကြမ်းကြမ်း အမြန်ဆုံးပြန်ပြီး ခွန်အားပြည့်လေ့ရှိတာကြောင့် သူ့ကိုကျွန်တော်အံ့သြမိပါတယ်။ အထူးသဖြင့် ကြားပွဲကန်တဲ့ရက်တွေမှာ ပိုသိသာပါတယ်..။ သူ့ကိုကြည့်ရတာ အမြဲတမ်းလန်းဆန်း နေပါတယ်..။ ကျွန်တော်ကတော့ ပွဲတစ်ပွဲကန်ပြီး အင်အားပြန်ပြည့်ဖို့ အနည်းဆုံး ငါးရက်လောက် အချိန်ယူရပါတယ်..။ ဒါဟာသိပ်မကောင်းပါဘူး..။ တစ်ခုခုလုပ်မှရတော့မယ်လို့ စဉ်းစားမိပါတယ်..။ အဲဒါနဲ့ မာလူဒါက ကျွန်တော့်ကိုသူတို့နဲ့ ချိတ်ဆက်ပေးတာပါ။ စတက်ဖန်နဲ့ ပါစကယ်လ်တို့ဟာ ကြံ့ခိုင်မှုပိုင်း ပိုကောင်းစေရန် သာမက နည်းစနစ်ပိုင်း.၊ နည်းဗျူဟာပိုင်းတွေမှာပါ လိုအပ်သလို အကူအညီ ပေးကြပါတယ်..။
သူတို့တွေအပြင် တစ်ပါတ်ကိုတစ်ခါဖြစ်ဖြစ် အရိုးဗေဒ ကျွမ်းကျင်သူတစ်ယောက်နဲ့ လည်း မှန်မှန်တွေ့ဆုံပါတယ်။ တစ်ချို့လူတွေက ဒီလိုကိုယ်ပိုင်နည်းပြတွေ ဌားတာကို အပိုအလုပ်အဖြစ် မြင်ကြပါမယ်...။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီလိုကိုယ်ပိုင်နည်းပြအဖွဲ့ဟာ အကျိုးရှိမှန်း ယုံကြည်ထားသလို လက်တွေ့မှာလည်း သိသာခဲ့ပါတယ်..။ ဂွမ်အောင်းန်မှာ သူတို့နဲ့ စတင်လက်တွဲ မိကတည်းက ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုအပိုင်းမှာ တိုးတက်လာတာ၊ ဂိုးတွေပိုသွင်းယူနိုင်လာတာ၊ ဘောလုံးသမားဘ၀ တိုးတက်လာတာ မျက်မြင်ဒိဌိပါ..။
ကျွန်တော့်ရဲ့ “ကြံ့ခိုင်ရေးအကူအဖွဲ့” ဟာ အသင်းနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ အသင်းရဲ့ လေ့ကျင့်ရေးစနစ်တွေအပေါ် ဘာမှဝင်ရောက်စွက်ဖက်တာမရှိပါဘူး..။ သူတို့ဟာအသင်းနည်းပြ တွေနဲ့ လက်တွဲပြီး ကျွန်တော့်ရဲ့စွမ်းဆောင်ရည် ပိုကောင်းအောင် တစ်ဖက်တစ်လမ်းက ကူညီရုံ သက်သက်ပါပဲ..။ ကျွန်တော်အင်မတန်လေးစား၊ အားကျရတဲ့ဘတ်စ်ကတ်ဘော အကျော်အမော် ကစားသမားတွေဖြစ်တဲ့ ကိုဘီ ဘရိုင်ယန့်၊ မိုက်ကယ်လ် ဂျော်ဒန်တို့မှာလည်း ဒီလိုကိုယ်ပိုင်ကြံ့ခိုင်ရေး နည်းပြတွေ ရှိပါတယ်..။ အခုဆိုရင် အသင်းကြီးတော်တော်များများက ထိပ်တန်း ကစားသမား အများစုဟာ ကိုယ်ပိုင်နည်းပြအဖွဲ့ ကိုယ်စီ၊ ကိုယ်စီ ထားရှိနေကြပါပြီ..။
လက်တွေ့မှာလည်း တစ်ကယ့်ထိပ်တန်းအသင်းကြီးဆိုရင်တောင် ကြံ့ခိုင်ရေးနည်းပြ ကို နှစ်ယောက်၊ အများဆုံး သုံးယောက်ပဲ ခန့်ထားနိုင်ပါတယ်.။ ဒါပေမယ့်ကစားသမားက အနည်းဆုံး နှစ်ဆယ့်သုံးယောက်လောက်ရှိနေတော့ ကြံ့ခိုင်ရေးနည်းပြတစ်ယောက်ဟာ ကစားသမား တစ်ဦးကို ဆယ် မိနစ်၊ မိနစ်နှစ်ဆယ်ထက်ပိုပြီး အချိန်မပေးနိုင်ပါဘူး။ ဒါ့အပြင် သူတို့ရဲ့ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ကစားသမားတစ်ဦးချင်းစီအတွက် လိုအပ်တဲ့ သီးခြားအစီအစဉ်တွေ မပါဝင်နိုင်ပါဘူး..။
အဲဒီလို ကျွန်တော့်ရဲ့တစ်ဦးချင်းစွမ်းရည်ဟာ အကောင်းဆုံးကို ရောက်နေပေမယ့် အသင်းရလဒ်က မှန်းထားသလို ဖြစ်မလာပါဘူး..။ မနှစ်ကအမှတ်ပေးပြိုင်ပွဲမှာ ဒုတိယ ရခဲ့တာကြောင့် အသင်းနဲ့ပတ်သက်သူအားလုံးဟာ ဒီနှစ်ကို မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့ကြပါတယ်..။ ရာသီအဖွင့်မှာ တာထွက်ကောင်းခဲ့သလို စက်တင်ဘာလမှာ အမှတ်ပေးဇယား ဒုတိယနေရာအထိတောင် ရောက်လာခဲ့ပါသေးတယ်..။ ဒါပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေ တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်.။ ချန်ပီယံလိဂ်အုပ်စုပြိုင်ပွဲမှာလည်း တတိယသာရခဲ့လို့ ရှုံးထွက်အဆင့် မတက်ရောက်နိုင်တော့ပါဘူး.။ ဒီလိုပြိုင်ပွဲနှစ်ရပ်စလုံးမှာ အခြေအနေ ဆိုးနေတဲ့အပေါ် နည်းပြ အလိန်း ပါရင်ဟာ အသင်းသားတွေအပေါ် အယုံအကြည်ကင်းမဲ့သွားပြီး သူနဲ့ ကျွန်တော်တို့ရဲ့ကြားက ဆက်ဆံရေး ဆိုးရွားသွားပါတယ်..။ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ပွဲအပြီးမှာ ဂိုးသမားဗီဒရန် ရန်းဂျ်ဟာ သူ့ရဲ့နည်းစနစ်တွေကို ဝေဖန်ခဲ့ပါတယ်..။
မကြာခင်မှာပဲ အသင်းက ဖာဘီယန် ဘားသက်ဇ်ကို မန်ချက်စတာ ယူနိုက်တက်ကနေ အဌားခေါ်ယူ လိုက်ပါတယ်..။ ဒီဖြစ်ရပ်နှစ်ခုဟာ ဆက်စပ်မှုရှိ၊ မရှိ ကျွန်တော်တို့ မပြောတတ်ခဲ့ပေမယ့် ယုံထင်၊ ကြောင်ထင် ဖြစ်စေခဲ့တာတော့ အမှန်ပါပဲ..။ ဆောင်းရာသီ အနားပေးကာလ ရောက်တဲ့အချိန်မှာ နည်းပြပါရင်နဲ့ ကစားသမား တစ်ချို့ကြားက တင်းမာမှုတွေ ပိုပြီးဆိုးဝါးလာခဲ့ပါတယ်။ ဒီလိုမပြေလည်မှုတွေ ရှိနေချိန်နဲ့ အသင်း ခေါင်းဆောင် ဒဏ်ရာကြောင့် အနားယူချိန်နဲ့ တိုက်ဆိုင်နေခြင်းဟာ ပိုပြီးအကြောင်းဆိုးစရာတွေ ဖန်တီးလိုက်သလိုပါပဲ..။
တစ်နေ့မှာတော့ လက်ထောက်နည်းပြတစ်ယောက်က ဘယ်စီနီယာကစားသမားကမှ သူတို့ပြောတာ နားမထောင်တော့ဘူး..၊ အသင်းမှာ ခေါင်းဆောင်မယ့်သူ မရှိနေပဲ တစ်ကွဲတစ်ပြား ဖြစ်နေတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ကို လာပြောတယ်..။ နောက်ကျွန်တော့်ဘက်ကို လှည့်ပြီး “ဒီအတိုင်းဆို မဖြစ်သေးဘူး.. ခင်ဗျားခေါင်းဆောင်တက်လုပ်မှ ရလိမ့်မယ်..။” “ကျွန်တော်??!!!” မာဆေးလ်အသင်းရဲ့ ခေါင်းဆောင်.. ဟုတ်လား..?? နောက်ဆုံးမှာ တခြားရွေးချယ်စရာလည်း မရှိတော့တာမို့ ဒီတာဝန်ကို ကျွန်တော်လက်ခံလိုက်ပါတယ်..။ ဝါးအစည်းပြေသလိုဖြစ်နေတဲ့ အသင်းသားတွေကို ပြန်လည်စုစည်းရပါတော့မယ်..။ အဲဒါနဲ့ လေ့ကျင့်ခန်းတွေ ပြီးတဲ့အခါဖြစ်ဖြစ်၊ အထိမ်းအမှတ်တစ်ခုခု ရှိတဲ့အခါဖြစ်ဖြစ် အသင်းသားတွေကို ကျွန်တော် ညစာ စားပွဲလေးတွေ စီစဉ်ပေးပြီး အသင်းစိတ်ဓါတ်ပြန်ရအောင် လှုံ့ဆော်ပေးပါတယ်။ ဒီလိုတွေ့ဆုံပွဲ လေးတွေ မကြာမကြာလုပ်ပေးခြင်းအားဖြင့် တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာသလို ကစားသမားတွေရဲ့ မိသားစုအချင်းချင်းပါ ပိုပြီးရင်းနှီးလာပါတယ်..။ အခုလိုနည်းပြဆီက ခေါင်းဆောင်မှု ကင်းမဲ့နေတဲ့ အချိန်မျိုးမှာ ကိုယ့်အချင်းချင်း စုစုစည်းစည်းဖြစ်အောင် လုပ်ခြင်းဟာ အကျိုးရှိမှန်း သိခဲ့ရပါတယ်..။
ဇန်နဝါရီလ အမှတ်ပေးဇယားမှာ အဆင့်ခြောက်နေရာအထိ ရောက်သွားစေခဲ့တဲ့ ရှုံးပွဲ တစ်ပွဲအပြီး နည်းပြအလိန်း ပါရင် အလုပ်ထုတ်ခံလိုက်ရပါတယ်..။ ပါရင်ဟာ ကျွန်တော်အမြဲတမ်း လေးစားရတဲ့သူတစ်ယောက် ဖြစ်တာကြောင့် သူအခုလို အလုပ်ထုတ်ခံခဲ့ရတဲ့အပေါ် စိတ်ထိခိုက်ခဲ့ ရပါတယ်..။ ဒါပေမယ့် သူဒီလိုထုတ်ခံရလိမ့်မယ်ဆိုတာ ကြိုပြီးမှန်းဆမိတာမို့ သိပ်ပြီး အံ့သြစရာ သတင်း မဟုတ်ခဲ့ပါဘူး..။ စိတ်မကောင်းဖြစ်မိတဲ့တစ်ချက်က အသင်းအတွက် သူလုပ်ပေးခဲ့တဲ့ အပေါ် ထိုက်သင့်သလောက် အသိအမှတ်ပြု မခံခဲ့ရတာပါ..။ အခက်အခဲတွေကြားက လေးနှစ် အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို အမှတ်ပေးဇယား မှာလည်း လိုင်ယွန်အသင်းရဲ့နောက် ဒုတိယနေရာ ရခဲ့ပါတယ်..။ အခုဖြစ်ရပ်ကနေ တွေ့နိုင်တာက အသင်းအတွက် ဘယ်လိုပဲ စွမ်းဆောင်ပေးခဲ့၊ ပေးခဲ့ လုံလောက်တယ်ဆိုတာ မရှိဘူး ဆိုတာပါ…။ ကစားသမားတွေသူ့ဘက်မှာ မရှိတောခြင်းဟာလည်း အလုပ်ထုတ်ခံရခြင်းအကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ပါတယ်..။
သူ့ရဲ့နေရာကို အရန်အသင်းနည်းပြ ဟိုဆေး အနီဂို ဆက်ခံပါတယ်..။ သူကတော့ မာဆေးလ်ရဲ့ ငယ်မွေးခြံပေါက်၊ ပရိသတ်နဲ့ရင်းနှီးသူ ဖြစ်သလို ဒီအသင်းမှာပဲ အဆင့်ဆင့် ဖြတ် သန်းလာခဲ့သူ တစ်ဦးပါ.။ ကစားသမားတွေနဲ့ ရင်းနှီးပြီးသားဖြစ်သလို ပွင့်ပွင့်လင်းလင်း၊ လိုက်လိုက် လျောလျော ဆက်ဆံတတ်ပါတယ်..။ ဟိုဆေးဟာ တာဝန်ယူယူပြီးချင်း ကစားသမားတွေနဲ့ နားလည်မှု ချက်ချင်းတည်ဆောက်နိုင်ခဲ့တာမို့ ကျွန်တော်တို့ပြန်ပြီး အားတက်လာပါတယ်..။ အလိန်း ပါရင်ထွက်ခွာရတဲ့အပေါ် ကျွန်တော်တို့ဝမ်းနည်းမိပေမယ့် ဟိုဆေးအတွက် အကောင်းဆုံး ပေးဆပ်ကစားပေးမယ်ဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါတယ်..။
ဒီအသင်း မရောက်ခင်အထိ ကျွန်တော်လေးစားရတဲ့နည်းပြတွေ ထွက်သွားပြီးတိုင်း အသစ် ဝင်လာတဲ့ နည်းပြ၊ မန်နေဂျာတွေဟာ ကျွန်တော့်ရဲ့ ကစားပုံကိုမကြိုက်တဲ့သူ၊ ပုဂ္ဂိုလ်ရေး သဘောမကျတဲ့ သူတွေများပါတယ်..။ ဒါ့ကြောင့် ဒီတစ်ကြိမ်မှာ အခုမန်နေဂျာဟာ ကျွန်တော့်အပေါ်ယုံကြည် အားထားလို့ရမှန်း သိသာစေရမယ်..၊ အသင်းအတွက် အကောင်းဆုံး ပေးဆပ်ကစားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်..။ တစ်ယောက်နဲ့တစ်ယောက် ရှင်းရှင်းလင်းလင်း နားလည်သွားပြီး နှစ်ဦးကြား ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ကျွန်တော် အပါအဝင်..၊ ကျွန်တော့်အသင်း.. အားလုံးဟာ အသစ်ကနေ နောက်တစ်ကြိမ် ပြန်စရတော့မှာပါ..။