feature-image

အခန်း (၆) - အိပ်မက်တစ်ခု အဆုံးသတ်ခြင်း (၂)

ရာသီကုန်ကုန်ချင်းမှာပဲ မာဆေးလ်နဲ့ စာချုပ်သက်တမ်းတိုးလိုက်ပါတယ်..။ ကျွန်တော် သိသလောက်တော့ စာချုပ်သက်တမ်းတိုးတယ် ဆိုတဲ့သဘောဟာ အသင်းမှာဆက်ပြီး ရှိနေဦးမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ.။ ဒီလိုသိထားတဲ့အတွက် ကင်မရွန်းနဲ့ကန်ရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မတိုင်မီ ဂျာနယ်လစ်တစ်ယောက်နဲ့ တွေ့ဆုံခန်းတစ်ခုမှာ နောက်ရာသီ I’OM မာဆေးလ်အသင်းနဲ့ အိပ်မက်တွေကို ပြောပြနေပါတယ်.။ မာဆေးလ်အသင်းနဲ့ ဘာတွေဆက်ပြီး ရချင်တယ်၊ ဂန္တဝင် တိုက်စစ်မှူး ဂျင်း ပယ်ရီ ပါပင်ရဲ့ တစ်ရာသီအတွင်း ဂိုး (၃၀) သွင်းနိုင်ခဲ့တဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်ချင်တယ်၊ အသင်းရဲ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ချင်သလို လီဂူး (၁) ဆုဖလား ကြီးကိုလည်း  ဆွတ်ခူးပေးချင်တယ် စသဖြင့်ရွန်းရွန်းဝေအောင် ပြောခဲ့ပါတယ်..။

ဒီပွဲမှာ ကင်မရွန်းက ၂ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်.၊ ပွဲပြီးတော့ ပါပီ ဒီယော့ပ်က ဟိုတယ်ဧည့်ခန်းထဲ ကျွန်တော့်ကို လာတွေ့တယ်..၊ အခုသူက ကျွန်တော့်ရဲ့ အေးဂျင့်မဟုတ်တော့ပဲ မာဆေးလ်အသင်းရဲ့ အထွေထွေမန်နေဂျာ ဖြစ်နေပါပြီ..။ ဒီလိုလက်ရွေးစင် အသင်းနဲ့ နိုင်ငံတကာပွဲစဉ်တွေ ကန်တဲ့အခါမျိုးမှာ သူတို့လာလေ့လာထ မရှိတာကြောင့် အခုလို သူရုတ်တရက် ရောက်လာတဲ့အပေါ် အံ့သြမိပါတယ်..။


“ငါမင်းနဲ့ စကားနည်းနည်း ပြောစရာရှိတယ်..”. သူဘာလို့ ဒီလိုအရေးတကြီးပြောရမှန်း မစဉ်းစားနိုင်အောင် ဖြစ်နေပါတယ်..။ “အသင်းတစ်သင်းက မင်းကိုကမ်းလှမ်းထားတယ်..၊ ငါတို့အသင်းဘက်ကလည်း လက်သင့်ခံဖို့ အသင့်ဖြစ်နေပြီ..။ မင်းကိုသူတို့ လစာအများကြီး ပေးလိမ့်ဦးမယ်..။”


“ငါမသွားချင်ဘူး..။ အခုမှ စာချုပ်သက်တမ်းသစ် တိုးထားတာ ပူပူနွေးနွေးပဲ ရှိသေးတယ်..။ မင်းတို့ပဲ လက်မှတ်ထိုးဆိုလို့ ငါထိုးပေးလိုက်တာလေ.. အာရုံလာမစားပါနဲ့ကွာ..။”
“ဒါတော့ဒါပေါ့.. မင်းသွားရလိမ့်မယ်.. ဘာလို့လဲဆိုတော့ အသင်းကိုယ်တိုင်က မင်းကို သွားစေချင် နေပြီ..။”


“ဘယ်အသင်းကိုလဲ?”

“ချယ်လ်ဆီး..”


“ငါမသွားနိုင်ဘူး.. ပြောပြီးသား.. ငါ့ရဲ့စကားထပ်မပြင်တော့ဘူးနော်.. ငါမသွားဘူး..”
“အိုကေ.. ဟုတ်ပြီ.. ဥက္ဏဌက ဒီနေ့ပဲ အဆုံးအဖြတ်ပေးလိမ့်မယ်..။”

“ငါဂရုမစိုက်ပါဘူး.၊ ပိုက်ဆံအများကြီးရလည်း ငါမမက်မောဘူး..။ ငါမှမသွားချင်တာ…၊ မင်းပြောတဲ့ ချယ်လ်ဆီးက အခုလစာထက် နှစ်ဆတိုးပေးတောင် မသွားဘူးလို့ ဥက္ဏဌကို ပြန်ပြောလိုက်.၊ မသွားဘူးဆို မသွားဘူးကွာ.. ဒါပဲ.။” ကျွန်တော်ထပြီးထွက်လာခဲ့တယ်..၊ ဆွေးနွေးပွဲပြီးပြီပေါ့..၊ 

ကျွန်တော်စိတ်အရမ်းဆိုးပါတယ်..၊ ဒါပေမယ့်ငါ့ကို ထောင်ချောင်ဆင်ကြတာလား၊ သူတို့ငါ့အပေါ် သစ္စာဖောက်ပြီလားလို့ စဉ်းစားရင်း စိတ်တော့ပူမိပါတယ်..။ သူအခုလိုလာပြီး ပြောတာကိုလည်း မယုံနိုင်အောင် ဖြစ်ရပါတယ်..။

နောက်ရက်မှာပဲ ပါရီကို ကျွန်တော်အမြန်ပြန်သွားပါတယ်..။ ပါပီနဲ့နောက်တစ်ကြိမ် ထပ်တွေ့တဲ့အခါ သူကအပြောင်းအရွှေ့ကို လက်ခံလိုက်ဖို့ တိုက်တွန်းပါတယ်.. ကျွန်တော့်အတွက် သိပ်ကောင်းတဲ့ အခွင့်အရေးဖြစ်နေလို့ပါတဲ့..။ အဲဒါနဲ့သူ့ကို ငွေရေး၊ ကြေးရေးဟာ အဓိကမကျကြောင်း၊ မိသားစုလို နေသားတကျ၊ အစစ အရာရာ အဆင်ပြေနေတဲ့ ဒီအသင်းဟာ သူတို့ပေးတဲ့ ငွေပုံကြီးထက် ပိုပြီးအရေးကြီးတဲ့အကြောင်း ထပ်ပြောရပြန်ပါတယ်..။ တစ်ကယ်တော့ ကျွန်တော် ဟာ ပေါ်လို မာလ်ဒီနီတို့လို အသင်းတစ်သင်းထဲမှာပဲ ရိုးမြေကျ ကစားသွားတဲ့ စံပြကစားသမားမျိုး ဖြစ်ချင်ခဲ့တာပါ..။ ငယ်ငယ်ကတည်းက မိဘနဲ့ခွဲနေခဲ့ရတာ..၊ တစ်နေရာပြီးတစ်နေရာ ခဏခဏ ပြောင်းနေခဲ့ရတာကြောင့် တစ်နေရာမှာ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းလိုစိတ် ပြင်းပြနေတာလည်း ပါနိုင်ပါတယ်..။ အခုမာဆေးလ်မှာ အဆင်ပြေမယ်ကျန်သေး၊ တစ်နေရာကို ပြောင်းရတော့မှာလား? နည်းပြ ဟိုဆေး အနီဂိုဆီကို ကျွန်တော်ဖုန်းဆက်လိုက်ပါတယ်..။



“ဟိုဆေး.. ဘာတွေဖြစ်နေတာလဲဗျာ..?”
“ဘာမှငါမပြောချင်ဘူးကွာ.. နားလည်ပေးစမ်းပါ..။”

သူ့ကိုဘာမှမပြောဖို့ တစ်ယောက်ယောက်က တင်းတင်းကျပ်ကျပ် နှုတ်ပိတ်ထားပုံ ရပါတယ်..။ ဒါပေမယ့် အသင်းရဲ့ အဓိကတိုက်စစ်မှူးကို ဆုံးရှုံးလိုက်မယ့်အရေးကို စိတ်ပျက်မိမှာကတော့ သေချာပါတယ်..။

ကျွန်တော့်အမျိုးသမီးကိုလည်း ဒီအကြောင်းကို ပြန်ပြောပြချင်စိတ်တောင်မရှိဘူး ဖြစ်နေပါတယ်..။ အခုအနေအထားဟာ အကောင်းဘက်ကို ဦးတည်နေသလား၊ အဆိုးဘက်ကို ဦးတည်နေ သလားဆိုတာ စေ့စေ့မတွေးနိုင်ဘူး ဖြစ်နေတာပါပါတယ်..။ ကိုယ်နဲ့ လုံးဝမရင်းနီးတဲ့ နိုင်ငံရပ်ခြား တစ်နေရာ၊ သူတို့ဘာသာစကားလည်း မပြောတတ်တဲ့နေရာ.. အဲဒီရောက်ရင် ဘာတွေဆက်ဖြစ်မလဲ မမှန်းဆနိုင်တဲ့ နေရာတစ်ခုကို ပြောင်းရတော့မှာလား? ကျွန်တော့်အမျိုးသမီးဟာ ကျွန်တော်လုပ်သမျှတွေကို အမြဲတမ်းထောက်ခံပြီး အကူအညီပေးနေကျပါ..။ ဒါပေမယ့် သူလည်း ပြောင်းချင်မှာ မဟုတ်သေးပါဘူး..၊ အင်္ဂလန်ကျွန်းစုဆိုရင် ပိုတောင်ဆိုးလိမ့်မယ်..၊ ဒီအပြောင်း အရွှေ့ဟာ သူ့အတွက်လည်း တော်တော်ခက်ခဲပါလိမ့်မယ်..။

မာဆေးလ်ပြန်ရောက်ရောက်ချင်း အသင်းဥက္ဏဌ ခရစ်စ်တော့ဖ် ဘူးချက်ကို ချက်ချင်း သွားတွေ့ပါတယ်..။ အသင်းမပြောင်းချင်တဲ့အကြောင်း သူ့ကိုထပ်ရှင်းပြပါတယ်..။
“နောက်ထပ် နှစ်ရာသီ၊ သုံးရာသီလောက် ဆက်နေပါရစေဦး..။ အခုအချိန်မှာ အသင်းပြောင်းဖို့ ကျွန်တော့်အတွက် အသင့်မဖြစ်သေးဘူး..။”
“အေးပါ.. ဒါတော့ဒါပေါ့.. ဒါပေမယ့် နောက်တပ်တစ်နှစ်၊ နှစ်နှစ်လောက်ကျရင် အခုလို ကမ်းလှမ်း မှုမျိုး ထပ်ရ၊ မရ မသေချာတော့ဘူး..။”

ရုတ်ခြည်းဆိုသလိုပဲ… ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ အားလုံး ပြိုလဲသွားသလို ခံစားလိုက်ရပါတယ်..။

“ဟုတ်ပြီလေ.. ဒီနှစ်ခြေစွမ်းမျိုး ကျွန်တော်ထပ်မရနိုင်တော့ဘူးလို့ ခင်ဗျားထင်ထားတာပေါ့.. ဟုတ် တယ်မလား? အခုခြေစွမ်းက တစ်ရာသီ ကြက်ကန်းဆန်အိုးတိုးတာလို့ ခင်ဗျားတွက်ထားတာ. ဒါ့ကြောင့် အခုလိုကြေးကောင်းတုန်း ရောင်းချင်နေတာမလား? အိုကေလေ.. ခင်ဗျားဆီမှာ ဒီလို သဘောထားရှိမှန်း သိလိုက်ရတာ ကောင်းပါတယ်..။ ခင်ဗျားတို့နဲ့ ဇာတ်လမ်းက ပြီးပါပြီ..။”


သူ့ရဲ့စကားတစ်ခွန်းထဲနဲ့ လုံလောက်သွားပါပြီ..။ ကျွန်တော့်အပေါ် လုံလောက်တဲ့ ယုံကြည်မှု မရှိကြပါဘူး..။ တစ်ကယ်တော့ ကိုယ်ကစားနေတဲ့အသင်းက ကိုယ့်အပေါ် ယုံကြည်မှု ရှိတယ်ဆိုတာ ကစားသမားတစ်ယောက်အတွက် အားဆေးတစ်ခုပါ..။ အခုတော့ ကျွန်တော့်အတွက် ရွေးစရာလမ်းမရှိတော့ပါ။ ကျွန်တော်အသင်းပြောင်းတော့မယ်.၊ ချယ်လ်ဆီး၊ အေစီ မီလန်၊ ဂျူဗင်တပ်စ်၊ ရီးရဲလ် မက်ဒရစ်.. ဘယ်အသင်းဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး..။ ဘူးချက်ရဲ့ လုပ်ရပ်ဟာ ကျွန်တော့်ကို သစ္စာဖောက်တာ..၊ နောက်ကျောက ဓါးနဲ့ထိုးတာလို့ စိတ်ထဲ ခံစားလိုက် ရပါတယ်..။

နောက်ပိုင်းမှာ အပြောင်းအရွှေ့က ချောချောမောမောပါပဲ။ အပြောင်းအရွှေ့တန်ကြေး က ယူရို (၃၇) သန်း၊ (စတာလင်ပေါင် (၂၄) သန်း) ဖြစ်ပါတယ်။ ပြင်သစ်က အညတရ တိုက်စစ်မှူး တစ်ယောက်ကို ဒီလောက်ကြေးကြီးကြီး ပေးဝယ်ခဲ့တာကြောင့် ဟိုဆေး မော်ရင်ဟိုမှာ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်..။ သူကတစ်ခွန်းပဲ ပြန်ပြောတယ်.. “သူအသင်းကနေ ထွက်သွားတဲ့ အချိန်ကမှ မှားလား၊ မှန်သလား ပြောကြပါ..။” ဒီအပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်တော့်ရဲ့ အရင်အသင်းတွေဖြစ်တဲ့ ဗန်းန်၊ တော်ကူးရ်၊ လီဗယ်လ်လွား၊ လီမန်းစ်တို့ကိုလည်း အချိုးကျ ပေးချေရပါတယ်..။ လီဗယ်လ်လွားအသင်းဟာ စတာလင်ပေါင် (၄) သိန်းခွဲလောက် ရလိုက်တာမို့ အသင်းအတွက် အကျိုးအမြတ်အများကြီး ဖြစ်ထွန်းသွားပါတယ်..၊ ဒီပိုက်ဆံနဲ့ သူတို့ အရမ်းလိုအပ်နေတဲ့ ဘောလုံးကွင်းတစ်ခု တည်ဆောက်နိုင်ခဲ့တယ်…။

ကြားဖြတ်ပြောချင်တာက သူတို့တည်ဆောက်နိုင်ခဲ့တဲ့ ဘောလုံးကွင်းကို ကျွန်တော့် နာမည်ပေးခဲ့တဲ့အတွက် အရမ်းဂုဏ်ယူဝမ်းမြောက်ခဲ့ရပါတယ်..။ ၂၀၁၀ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ကစားကွင်းဖွင့်ပွဲကို ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အသင်းက လူငယ်လေးတွေနဲ့ အတူတူကစားခဲ့ပါတယ်..။ နောက်ပြီးကျွန်တော့်ရဲ့ငယ်ဆရာ ဘရန်ကို ရက်ပ်စစ်နဲ့လည်း ပြန်တွေ့ခဲ့ရလို့ အရမ်းဝမ်းသာခဲ့ပါတယ်.။ ငယ်ငယ်က ကျွန်တော့်ဘ၀ ကြမ်းတမ်းနေစဉ်မှာ သူ့ရဲ့ လမ်းပြမှု၊ ကူညီမှုတွေဟာ အရမ်းကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်.။ ဒါ့ကြောင့်မို့ ဘောလုံး လောကတိုးတက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ အပျော်တမ်း အသင်းလေးတွေ ရှင်သန်နေဖို့ဆိုတာ အင်မတန်မှအရေးကြီးလှပါတယ်…။ ဒီလိုနေရာကနေ ဘောလုံးပညာအပြင် ဘဝအတွက် အရေးကြီးတဲ့သင်ခန်းစာတွေပါ ရရှိနိုင်ပါတယ်..။



ကျွန်တော့်ရဲ့ နောက်ဆုံးနှုတ်ဆက်သတင်းစာ ရှင်းလင်းပွဲကို စတာဒီ ဗယ်လ်လာ ဒရုန်းန်မှာ ပြုလုပ်ပါတယ်..။ သတင်းစာရှင်းလင်းပွဲတစ်ချိန်လုံး မျက်ရည်မကျရအောင် ကျွန်တော် မနည်းထိန်းထားရပါတယ်..။ ပြီးခဲ့တဲ့နှစ်ဆယ့်လေးနာရီအတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို နားလည်နိုင်အောင် မနည်းကြိုးစားနေရတုန်းမို့ ဒီသတင်းစာရှင်းလင်းပွဲကို ကျွန်တော်မတက်ချင်ပါဘူး.။ ရှင်းလင်းပွဲလုပ်နေတဲ့ တစ်ချိန်လုံး ကျွန်တော့်မှာ ခေါင်းကိုငုံ့၊ ခန္ဓာကိုယ်ကို ကြုံ့ကြုံ့လေးထာားပြီး ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်မိအောင် ကြိုးစားနေခဲ့ပါတယ်..။ ပျော်စရာမကောင်းခဲ့တဲ့ပွဲတစ်ခုဆိုတာ သေချာပါတယ်.။ ရှင်းလင်းပွဲပြီးပြီးချင်း အဝတ်လဲခန်းထဲဝင်ပြီး မျက်ရည်တွေကျနေခဲ့တယ်..။ အသင်းဘက်ကနေ “မင်းအသင်းပြောင်းတော့” လို့ အပြောခံရတဲ့အဖြစ်ပဲလို့ တွေးမိရင်း နာကျင်ခဲ့ရပါတယ်။ ကျွန်တော်နဲ့ပိုက်ဆံ.. တစ်ခုခုရွေးဆိုတဲ့ အနေအထားမှာ ပိုက်ဆံကိုပဲ သူတို့ ပိုပြီးမက်မောခဲ့ပါလား..။

ကွင်းထဲက မြက်ခင်းစိမ်းပေါ်ကို နောက်ဆုံးအကြိမ်အဖြစ် ကျွန်တော်ခြေချကြည့်ပါတယ်..။ ကွင်းထဲမှာ တစ်ကိုယ်တည်းထီးထီး..။ ကျွန်တော့်နာမည်ကို ဟစ်ကြွေးမယ့် ဘယ်ပရိသတ် မှလည်းမရှိနေ..၊ တစ်ကွင်းလုံးတိတ်ဆိတ်၊ မှောင်မိုက်..။ မျက်ရည်တွေကြားထဲကပဲ ကျွန်တော် အင်မတန် ချစ်မြတ်နိုးရတဲ့အသင်းကို ကျောခိုင်းခဲ့ပါပြီ..။ အိမ်ပြန်ချင်စိတ်လည်း မရှိတာကြောင့် မာဆေးလ်မြို့ရဲ့ လှပတဲ့ကမ်းခြေတစ်လျှောက် မောင်းသွားပြီး သဲသောင်ပြင်ပေါ် ခြေပစ်၊ လက်ပစ် ထိုင်နေလိုက်ပါတယ်..။ တစ်ယောက်တည်းထိုင်နေရင်း အခြေအနေတွေကိုနားလည်အောင် နောက်တစ်ခါပြန်တွေးပါတယ်.၊ အဖြစ်အပျက်တွေက သိပ်မြန်ပါတယ်..။ သတင်းစာရှင်းလင်းပွဲသာ ကမန်းကတန်းလုပ်လိုက်ပေမယ့် တစ်ကယ်တမ်းစာချုပ်က အပြီးမသတ်ရသေးပါဘူး..။ ဒါပေမယ့် အပြောင်းအရွှေ့ပြီးပြီလို့ အကြမ်းဖျင်းယူဆနိုင်ပါပြီ..။ ဘောလုံးလောကဆိုတာ စီးပွားရေးလုပ်ငန်း တစ်ခုပါပဲလား..၊ ဒီလိုငွေကြေးတွေနောက် လိုက်နေတဲ့သူတွေကို ဆန့်ကျင်လို့လဲ ဘာမှမထူးပါဘူး။ အဖြစ်မှန်ကို လက်ခံလိုက်တာ အကောင်းဆုံး ဖြစ်မှာပါ။

အိမ်ကိုပြန်ရောက်တော့ တော်တော်မိုးချုပ်နေပါပြီ..။ ကျွန်တော့်ရဲ့အေးဂျင့် သီယာနို ဆေးဒီက ညနေကတည်းက အိမ်မှာစောင့်နေပါတယ်.။ စာချုပ်အပြီးသတ်ဖို့ မနက်စောစော အင်္ဂလန်ကို သွားရမယ်..။ အထုပ်အပိုးတွေလည်း ပြင်ချင်စိတ်မရှိတဲ့အတွက် ကျွန်တော့်အမျိုးသမီးကိုပဲ ကြည့်စီစဉ်ခိုင်းလိုက်ပါတယ်..။ တစ်ညလုံးလည်း အိပ်မရတာကြောင့် သန်းခေါ်ကျော်ကျော်မှာ အောက်ထပ်ဆင်းထိုင်ပြီး စဉ်းစားကြည့်ပါတယ်..။ အခုအချိန်မှာ ကျွန်တော်ဟာ အသင်းလက်မဲ့ ဖြစ်နေတယ်..။ မာဆေးလ်ကထွက်ခဲ့ပြီဆိုပေမယ့် ချယ်လ်ဆီး ကစားသမားလည်း မဖြစ်သေးပါဘူး။ တစ်ခြားတစ်နေရာကိုပဲ သွားလိုက်ရင်ကောင်းမလား? ချယ်လ်ဆီးဟာ အသင်းကြီးတစ်သင်း ဆိုပေမယ့် အဲဒီအချိန်က ကျွန်တော်ဟာ သိပ်ပြီးပြောင်းချင်လှတာ မဟုတ်ပါဘူး..။ ဒီအသင်းဟာ ဟိုဆေး မော်ရင်ဟိုကို ခန့်လိုက်တယ်..၊ ပြင်ဆင်မှုတွေ ကြီးကြီးမားမားလုပ်နေတာကြောင့် ရည်ရွယ်ချက်ကြီးတဲ့ အသင်းတစ်သင်းဆိုတာ သိသာပါတယ်…။

ဒါပေမယ့်ပြင်သစ်မှာ ကစားနေတဲ့သူတွေ အတွက် အင်္ဂလန်ကျွန်းစုမှာ သူ့တို့စိတ်ဝင်စားတာ အာစင် ဝင်းဂါးရဲ့ အာဆင်နယ်ပါ..။ “လီဂူး (၂၁) အသင်း”လို့ နာမည်ပြောင်ခေါ်တဲ့အပြင် ၂၀၀၃- ၀၄ ဘောလုံးရာသီကို တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်နဲ့ ဗိုလ်စွဲခဲ့တဲ့အတွက် ပြောစမှတ်လည်း ဖြစ်နေတဲ့အချိန်ပါ..။ ချယ်လ်ဆီးဟာ ပရီးမီးယား လိဂ်မှာ ဒုတိယရခဲ့ပေမယ့် ပြင်သစ်ကစားသမားတွေအတွက် ဆွဲဆောင်မှု သိပ်မကောင်းသေးပါဘူး..။



ဒါပေမယ့် ကျွန်တော့်ရဲ့စိတ်ရူးပေါက်မှုဟာ ခဏလေးပဲ ကြာလိုက်ပါတယ်..။ မနက် စောစော ဝေလီဝေလင်းမှာတော့ လေယာဉ်နဲ့ အင်္ဂလန်ကိုသွားပါတယ်..။ ဖန်းဘရော့ခ် လေဆိပ်ကို ရောက်တယ်ဆိုရင်ပဲ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ကိုယ်ပိုင်လေယာဉ်က အသင့်စောင့်နေပါတယ်.။ သူကိုယ်တိုင် ဟိုဆေး မော်ရင်ဟိုနဲ့အတူ လာကြိုပါတယ်..။ တွေ့တွေ့ချင်း ဟိုဆေးက ကျွန်တော့်ကို ပြင်သစ်ဘာသာနဲ့ အခုလိုပြောတယ်..


“ဘယ်လိုလဲ သူငယ်ချင်း? မင်းဟာကစားသမားကောင်းတစ်ဦးပါ..။ ဒါပေမယ့် ကြီးကျယ်တဲ့ ကစား သမား ဖြစ်ဖို့ဆိုရင် မင်းငါ့ဆီမှာ ကစားရမယ်..။ မာဆေးလ်ဟာ အသင်းကောင်း ဆိုပေမယ့် မင်းအနေနဲ့ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ ကစားသမားတစ်ယောက် ဖြစ်ဖို့ဆိုရင် ချယ်လ်ဆီးလို ပိုပြီးကြီးကျယ်တဲ့အသင်း၊ ငါ့လိုနည်းပြမျိုးရဲ့ လက်အောက်မှာ ကစားမှဖြစ်မယ်..။”

သူပြောတဲ့ဆိုလိုရင်းက ကျွန်တော့်မှာ အလားအလာကောင်းတွေရှိနေတယ်..၊ အသင်းကလည်း လိုလိုချင်ချင်ရှိနေတယ်ဆိုတဲ့ သဘောပါ..။ ကျွန်တော်သူ့ကို ယုံကြည်လို့ရပြီဆိုတာ သိလိုက်ပါပြီ..။ စိတ်ထဲမှာ တွေးမိလိုက်တာက “ငါ့ကိုနားလည်နိုင်မယ့်သူ နောက်တစ်ယောက်တော့ ထပ်တွေ့ပြန်ပြိထင်တယ်…။” ကျွန်တော်လိုချင်နေတာကလည်း ကျွန်တော့်အပေါ် ယုံကြည်မှု ရှိဖို့ပါ..။ ဒီလိုစကားကို ကြားလိုက်ရတဲ့အတွက် ကျေနပ်မိပါတယ်.။

လက်မှတ်ထိုးဖို့ အသင့် ဖြစ်ပါပြီ..။