ချယ်လ်ဆီးအသင်း ဂန္တ၀င်ကစားသမားဟောင်းနှင့် နည်းပြ ဖရန့် လမ်းပတ် မှာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ Official website နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံ၊ မေးမြန်းခန်းတွင် သူ၏ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ပတ်သက်သည့် အမှတ်တရ ဖြစ်ရပ်များ၊ သွင်းဂိုးများနှင့် ချယ်လ်ဆီးအသင်း၊ ချယ်လ်ဆီးပရိသတ်တို့နှင့် ချစ်ခြင်းမေတ္တာရားများကို ယခုလိုပြောပြသွားခဲ့ပါသည်..။
မေး - ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်း၊ စတန်းဖို့ဒ် ဘရစ်ခ်ျနဲ့ ချယ်လ်ဆီးပရိသတ်တွေနဲ့ ခင်ဗျားရဲ့ကြားက ဆက်နွယ်မှုတွေကို ပြောပြနိုင်မလား..?
“ချယ်လ်ဆီးနဲ့ ကျွန်တော့်ရဲ့ကြားက ဆက်နွယ်မှု၊ သံယောဇဥ်ဟာ ကျွန်တော့်ဘ၀ကို သတ်မှတ်ထားတဲ့ အဓိပ္ပါယ်..၊ တန်ဖိုးပါပဲ..။ ဘာဖြစ်လို့လဲဆိုတော့ ချယ်လ်ဆီးအသင်းကို ရောက်ခဲ့တဲ့ ပထမဆုံးနေ့ကတည်းက ကျွန်တော့်ရဲ့အိမ်လိုပဲ ခံယူထားခဲ့တဲ့အတွက် ဖြစ်ပါတယ်..။ အထူးသဖြင့် လန်ဒန်အရှေ့ပိုင်း ၀က်စ်ဟမ်းအသင်းပရိသတ် တစ်ယောက်အဖြစ်နဲ့ ကြီးပြင်းလာခဲ့တဲ့ ကောင်လေးတစ်ယောက်အတွက် အခုဆုံးဖြတ်ချက်ဟာ တကယ့်ကို ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ပြောရမယ်ဆိုရင် အကောင်းရော..၊ အဆိုးရော နှစ်မျိုးစလုံး ကြုံတွေ့ခဲ့ရပါတယ်..။ ဒါပေမယ့် ခြုံပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အခုထက်ပိုပြီး ရရှိသင့်တယ်ဆိုတဲ့ အချက်ကလွဲရင် ကျွန်တော်တို့အသင်းသားတွေရဲ့အားနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအပေါ် ကျေနပ်ပါတယ်...။
ကျွန်တော်ဟာ အသင်းအတွက် စိတ်ရော၊ ကိုယ်ပါနှစ်မြုပ်ပြီး ချစ်မြတ်နိုးခဲ့ပါတယ်..။ ကျွန်တော်တို့နဲ့အတူတူ ခရီးကြမ်းတွေ ဖြတ်သန်းခဲ့ကြတဲ့ ဘယ်လိုပရိသတ်ပဲဖြစ်ဖြစ်..၊ ကျွန်တော်နဲ့အတူတူ အသင်းဖော်တွေဖြစ်ခဲ့ကြတဲ့ ဘယ်ကစားသမားတွေပဲဖြစ်ဖြစ်..၊ လက်ရှိအသင်းမှာရှိနေဆဲ..၊ ဒါမှမဟုတ် အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ဘယ်၀န်ထမ်းတွေပဲဖြစ်ဖြစ် သူတို့အားလုံးအတွက် ကျွန်တော့်ရဲ့ ရင်ထဲမှာ တစ်နေရာအမြဲတမ်း ပေးထားပါတယ်..။ ဒါ့ကြောင့်လည်း ချယ်လ်ဆီးအသင်းကို နည်းပြအဖြစ် ပြန်ရောက်တဲ့အချိန်မှာ အောင်မြင်မှု ရရှိချင်တာ ဖြစ်ပါတယ်..။ ကျွန်တော့်ရဲ့ တစ်ဦးချင်းအတွက်,..၊ ဒီထက်ပိုပြီး တိုးတက်ဖို့အတွက် အောင်မြင်မှုတွေ ရရှိချင်သလို တစ်ဖက်ကလည်း ကျွန်တော့်ဘ၀ရဲ့ တစိတ်တပိုင်းလိုဖြစ်နေတဲ့ အသင်းကိုလည်း ထိပ်တန်းအသင်းကြီး တစ်သင်းအနေနဲ့ သူနဲ့ထိုက်တန်တဲ့နေရာတစ်ခုမှာ အမြဲတမ်းရောက်ရှိ နေစေချင်ပါတယ်..။”
မေး - ဒါဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲကရော..? ခင်ဗျားအတွက် ဘယ်လိုအဓိပ္ပါယ် ရှိခဲ့ပါသလဲ..?
“ကျွန်တော်တို့ဟာ ၂၀၀၀ ခုနှစ်အစောပိုင်းကာလ..၊ နည်းပြကလော်ဒီယို ရေနာရီ ရဲ့ လက်ထက်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ပွဲစဥ်တွေမှာ ပထမဆုံး ပါ၀င်ကစားခဲ့ကြရပါတယ်..။ အဲဒီပွဲစဥ်တွေကို အခုထိမှတ်မိနေဆဲပါ..။ အဲဒီနေ့က ကျွန်တော်တို့ဟာ လာဇီယိုအသင်းကို စတန်းဖို့ဒ် ဘရစ်ချ်မှာ ၂ဂိုး- ၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်..။ ပွဲမစခင်ကွင်းထဲကို ၀င်လိုက်တဲ့အချိန် ချန်ပီယံလိဂ် ပြိုင်ပွဲတေးသွားကို ကြားလိုက်ရတာနဲ့ ကြက်သီးတွေတဖြန်းဖြန်းထလောက်အောင် ဖြစ်ခဲ့ရတဲ့ခံစားချက်ဟာ မနေ့ကလိုပါပဲ..။ အဲဒီခဏလေးမှာပဲ... ‘Wow..!! ဒီလိုခံစားမှုတွေကမှ တကယ့်ကို မိုက်လွန်းလှပါလား…’ ဆိုတဲ့ အတွေးကို ခံစားခဲ့ရပါတယ်..။
ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်ရင် အကောင်း၊ အဆိုး၊ အတက်အကျတွေ အများကြီးပါပဲ..။ နောက်ဆုံးဗိုလ်လုပွဲအဆင့်ထိရောက်အောင် အကြိမ်ကြိမ် တိုက်ပွဲ၀င်နိုင်ခဲ့သလို ဗိုလ်လုပွဲရောက်ပြီး တစ်ကြိမ်ရှုံးခဲ့ဖူးတယ်..၊ နောက်ဆုံးမှာတော့ မြူးနစ်မှာ ပြန်ပြီးအနိုင်ရဗိုလ်စွဲခဲ့ပါတယ်..။ နောက်ပြီးကျွန်တော်တို့ဟာ ဘေယန် မြူးနစ်အသင်းရဲ့ အိမ်ကွင်းမှာ ရေပန်းမစားတဲ့ အောက်အသင်းအနေနဲ့ အနိုင်ရခဲ့တာပါ..။ အထူးသဖြင့်အဲဒီမြူးနစ်ကွင်း ဗိုလ်လုပွဲဆီကို တက်ရောက်တဲ့လမ်းခရီးဟာ ရုပ်ရှင်ကားတစ်ကား ကြည့်ခဲ့ရတဲ့အတိုင်း အရမ်းကိုပြဇာတ်ဆန်လွန်းခဲ့ပါတယ်..။
တကယ်လို့ တစ်ယောက်ယောက်က ဘ၀ရဲ့အမှတ်အရဆုံး အခိုက်အတန့်တွေအကြောင်း မေးမယ်ဆိုရင် ချန်ပီယံလိဂ် ပြိုင်ပွဲတွေအကြောင်း..၊ အထူးသဖြင့် မြူးနစ်မြို့က အကြောင်းတွေပဲ အရင်ဆုံးခေါင်းထဲ ရောက်လာဆဲပါပဲ..။ ကျွန်တော့်ရဲ့ ကစားသမားဘ၀ကို ချန်ပီယံလိဂ် ဆုဖလားသာ မရရှိခဲ့ပဲနဲ့ အနားယူခဲ့ရမယ်ဆိုရင် ကွက်လပ်တစ်ခုအနေနဲ့ ကျန်ရစ်နေခဲ့မှာ ဖြစ်သလို အသင်းအတွက်လည်း ကွက်လပ်တစ်ခုအဖြစ် ထင်ကျန်နေခဲ့မှာပါ..။ အခုကျတော့ ချယ်လ်ဆီးအသင်းဆိုတာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖူးတဲ့ လန်ဒန်မြို့က ပထမဆုံးအသင်း..၊ လန်ဒန်မြို့ရဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ကျွန်တော်တို့ မြတ်မြတ်နိုးနိုး၊ ဂုဏ်ယူ၀ံ့ကြွား တန်ဖိုးထားနိုင်ခဲ့ပါပြီ...။"
မေး - ဖရန့် ရေ.. ကစားသမားဘ၀တုန်းက ခင်ဗျားဟာ ပွဲရဲ့အရှိန် (intensity) ကို ဘယ်တော့မှမကျစေပဲ တစ်ချိန်လုံ’ လျှင်လျှင်မြန်မြန်၊ ပြင်းပြင်းထန်ထန် အရှိန်တင်ပြီးကစားလေ့ ရှိပါတယ်..။ အခုနည်းပြ ဖြစ်နေတဲ့အချိန်မှာရော..?
“ပွဲရဲ့အရှိန်အမြဲတမ်းလျှင်မြန်နေရမယ်ဆိုတာ ဘယ်တော့မှ မပြောင်းလဲမယ့် ကျွန်တော့်ရဲ့ ဒဿနတစ်ခုပါပဲ..။ နေ့စဥ်နေ့တိုင်း အဲဒီလိုကစားနိုင်အောင် လေ့ကျင့်လေ့ရှိသလို အမြဲတမ်းပွဲရဲ့အရှိန်မကျအောင်၊ ပွဲရဲ့အရှိန်ကို လိုသလို ထိန်းချုပ်ထားနိုင်အောင် ကစားဖို့ ကြိုးစားလေ့ရှိပါတယ်..။ အဲဒီလိုအမြဲတမ်း တစ်သတ်မှတ်တည်း ကစားနိုင်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေဖို့လည်း အင်မတန်မှ အရေးကြီးပါတယ်..။ ပွဲတစ်ပွဲကို ပြင်ဆင်တဲ့အခါမှာလည်း ပွဲချိန်ပြည့်အရှိန်တင်ပြီး ကစားနိုင်အောင် အမြဲတမ်းပြင်ဆင်လေ့ရှိပါတယ်..။
အခုအချိန်မှာလည်း ပွဲအရှိန်ကို ဘယ်လိုတင်နိုင်မလဲ…? ပွဲကိုဘယ်လိုထိန်းချုပ်ကစားနိုင်မလဲ..? ဆိုတာ အင်မတန်မှ အရေးပါလာတယ်လို့ ကျွန်တော်ထင်ပါတယ်..။ ကျွန်တော်တို့အသင်းက ကစားသမားတွေဟာ ပင်ကိုယ်ထူးချွန်တဲ့ ကစားသမားတွေ ဖြစ်သလို တခြားအသင်းက ကစားသမားတွေဟာလည်း ကိုယ်တွေနဲ့ မရိုးစွဲပါပဲ..။ ဒါ့ကြောင့်ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေဟာ အရမ်းကိုပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာပါ..။ အခုခေတ်ဘောလုံးပွဲတွေကို အရှိန်မပါပဲ၊ အားမပါပဲ ကစားမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ အနိုင်ရမှာ မဟုတ်ပါဘူး..။ အဲဒီလိုပါပဲ…၊ ခင်ဗျားဟာ လေ့ကျင့်တဲ့နေရာမှာ စိတ်အားထက်သန်မှုမရှိဘူး..၊ အားသွန်ခွန်စိုက် မရှိဘူးဆိုရင် ခင်ဗျားမှာလည်း တိုးတက်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ပါဘူး..။”
မေး - ခင်ဗျားရဲ့အကောင်းဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲ သွင်းဂိုးကို ပြောပြပါလား..?
“၂၀၀၅ ခုနှစ်တုန်းက ဘေယန် မြူးနစ်အသင်းနဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျမှာ ယှဥ်ပြိုင်ခဲ့တုန်းက ပွဲစဥ်မှာ သွင်းခဲ့တဲ့ဂိုး ဖြစ်ပါလိမ့်မယ်..။ အဲဒီပွဲမှာ ကျွန်တော်နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး ဒုတိယဂိုးကို အထူးအမှတ်ရခဲ့ပါတယ်..။ မက်ခလီလီ ခုတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရင်ဘတ်နဲ့တားပြီး ဘယ်ခြေနဲ့ မြေမကျ၊ ပတ်ပြီးကန်လိုက်တာ.. ဂိုးသမား အိုလီဗာ ခန်း ဘေးကနေ ဖြတ်ပြီးဂိုး၀င်သွားပါတယ်...။ တခြားလှပတဲ့ သွင်းဂိုးတစ်ချို့ရှိပေမယ့် အသက်အရွယ်ရလာတဲ့အချိန် နည်းစနစ်ပိုင်းအရ ပြန်ပြီးကြည့်လိုက်တဲ့အခါ အဲဒီဂိုးကို အနှစ်သက်ဆုံး ဖြစ်ခဲ့ပါတယ်..။ အခုအချိန်မှာဆိုရင် အဲဒီလို လှည့်ပြီးကန်လိုက်တဲ့ပုံစံမျိုး ပြန်လုပ်ပြပါဆိုရင် အခါ (၁,၀၀၀) လောက် ပြန်ပြီးကြိုးစားကြည့်ရင်တောင် မရနိုင်ဘူးထင်တာပဲ..”
ဘေယန် မြူးနစ်အသင်းနှင့် ပွဲစဥ်မှ ဖရန့် လမ်းပတ် ၏ သွင်းဂိုး ကြည့်ရှုရန် >>>
မေး - ဒါဆိုရင် အမှတ်အရဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အခိုက်အတန့် ဆိုရင်ကော…?
“မြူးနစ်မှာ ဒီဒီယာ ဒရော့ဘာ ရဲ့ ပင်နယ်တီကန်ချက် ဂိုးပိုက်နဲ့မိတ်ဆက်သွားတဲ့ အခိုက်အတန့်… ပေ့ါဗျာ..။ အဲဒီပွဲကိုတစ်ပွဲလုံး ကျွန်တော်မကြိုက်ပါဘူး..။ အထူးသဖြင့် ကျွန်တော်တို့အသင်းရဲ့ခြေစွမ်း မကောင်းမွန်ခဲ့ပါဘူး..။ ပွဲချိန်အတွင်းမှာ ရှုံးနိမ့်မသွားရအောင် ကြိုးစားရုန်းကန်ခဲ့ရတဲ့ အချိန်တွေဟာ အရမ်းကိုနာကျင်ခဲ့ရသလို ပင်နယ်တီ တစ်ဘက်ငါးလုံး ကန်သွင်းရတဲ့အထိ သူတို့ကိုဆွဲခေါ်ခဲ့ရတာလည်း သိပ်ကိုပင်ပန်းခဲ့ရပါတယ်..။ ဒါပေမယ့် ဘောလုံးဟာ ဂိုးပိုက်နဲ့မိတ်ဆက်သွားခဲ့တဲ့အချိန်..၊ အခိုက်အတန့်လေးကတော့ သိပ်ကိုချိုမြိန်၊ လှပလွန်းခဲ့ပါတယ်..။”
မေး - ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ခင်ဗျားရင်ဆိုင်ခဲ့ရဖူးတဲ့ ပြိုင်ဘက်တွေထဲက အကောင်းဆုံးပြိုင်ဘက်ကို ရွေးချယ်ပေးပါလား..?
“အဖြေနှစ်ခု.. ဒါမှမဟုတ် သုံးခုပေးရင် ရမလား..? ပထမဆုံးတစ်ယောက်က ‘လိုင်ယွန်နယ် မက်ဆီ’ ပါ..။ သူဟာတကယ့် ပါရမီရှင် ကစားသမားတစ်ယောက် ဖြစ်သလို သူ့ရဲ့အမြန်နှုန်း..၊ ဟန်ချက်ထိန်းညှိသွားပုံတွေဟာ သိပ်ကိုကောင်းမွန်၊ လှပပါတယ်..။ သူနဲ့ရင်ဆိုင်ခဲ့တဲ့အခါ ဘာနဲ့တူလည်းဆိုတော့ ကိုယ့်ထက်တစ်ဆင့်မြင့်တဲ့ ကစားသမားတစ်ယောက်နဲ့ ကစားနေရသလို ခံစားရပါတယ်..။ ကျွန်တော်ဟာ တခြားထိပ်တန်းကစားသမား အများအပြားနဲ့ ရင်ဆိုင်ခဲ့ဖူးပေမယ့် မက်ဆီ ကတော့ ဘယ်သူနဲ့မှ မတူပါဘူး…၊ အရမ်းကိုထူးခြားပါတယ်..။
ဒါပေမယ့် မက်ဆီ ဟာ ကျွန်တော်နဲ့ ကစားတဲ့နေရာ မတူဘူးပေါ့ဗျာ…။ ကျွန်တော်နဲ့ တစ်နေရာတည်း ကွင်းလယ်ကစားသမားတွေထဲမှာ ရင်ဆိုင်တဲ့အခါ အခက်ခဲဆုံးကတော့ ဘာစီလိုနာအသင်းက ‘ဇာဗီ ဟာနန်ဒက်စ်’ နဲ့ ‘အင်ဒရီးယက်စ် အင်နီယက်စ်တာ’ တို့နှစ်ယောက် ဖြစ်ပါတယ်..။ သူတို့နဲ့ကစားရပြီဆိုရင် ဘောလုံးကွင်းဟာ အကျယ်ကြီးလို ဖြစ်သွားပါတယ်..။ ခင်ဗျားဟာ သူတို့နားဘယ်လိုမှ ကပ်လို့ကိုမရပါဘူး..။ စတန်းဖို့ဒ် ဘရစ်ခ်ျမှာတော့ ကွင်းကျဥ်းတဲ့အတွက် သူတို့နားကို ကပ်လို့တော့ ရပါလိမ့်မယ်..။ ဒါပေမယ့်သူတို့နှစ်ယောက် တွဲမိပြီဆိုရင် သိပ်ကိုခြေစွမ်းကောင်းလွန်းပါတယ်..။ ဒါ့ကြောင့်သူတို့ရဲ့ ကစားပုံဟာ ခင်ဗျားတို့၊ ကျွန်တော်တို့ ကစားတဲ့ပုံနဲ့ မတူပါဘူး...။ တခြားရင်ဆိုင်ဖူးတဲ့ ပြိုင်ဘက်တွေနဲ့လည်း မတူပါဘူး..။”
မေး - ခင်ဗျားကစားခဲ့ဖူးသမျှထဲက အကောင်းဆုံးကွင်းကို ပြောပြပါလား..?
“ဘာစီလိုနာ အသင်းရဲ့ ‘နူကမ့်ပ်’ ကစားကွင်းပါ..။ အခုခေတ်မျက်စိနဲ့ ကြည့်မယ်ဆိုရင် ကွင်းဟောင်းကြီးလိုပါပဲ..၊ ဒါပေမယ့်အရှိန်အ၀ါ အရမ်းကြီးတယ်..၊ ကြီးမြတ်ခမ်းနားမှုကို ခံစားရပါလိမ့်မယ်..။ ခင်ဗျာတို့ပရိသတ်အပြည့်နဲ့ အဲဒီကွင်းထဲကို လမ်းလျှောက်၀င်သွားပြီ ဆိုတာနဲ့ အဲဒီကြီးမြတ် ခမ်းနားတဲ့ အရှိန်အ၀ါကို ခံစားရမှာပါ..။ ကွင်းကြီးက အကြီးကြီးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးပုံတွေ..၊ ကြီးကျယ်ခမ်းနားခဲ့တဲ့ ဂန္တ၀င်ကစာသမားကြီးတွေဖြစ်တဲ့ ရော်နယ်လ်ဒို (ဒိုကြီး)..၊ ဂျိုဟန် ခရိုက်ဖ်..၊ ရီဗယ်လ်ဒို တို့လို ကစားသမားကြီးတွေ ချန်ထားခဲ့တဲ့ အရှိန်အ၀ါတွေကို ခံစားရမှာပါ..။
၂၀၀၄/၀၅ ဘောလုံးရာသီမှာ သူတို့နဲ့ ယှဥ်ပြိုင်တဲ့ပွဲတုန်းက ရော်နယ်လ်ဒင်ဟို..၊ ဆယ်မြူရယ်လ် အီတိုး တို့နဲ့ ရင်ဆိုင်ရတဲ့အခါ အဲဒီလိုခမ်းနားလှတဲ့ ပြိုင်ဘက်မျိုး..၊ အဲဒီပွဲကအရှိန်အဟုန်.. လျှင်မြန်မှုမျိုးကို အရင်က ကျွန်တော်တို့ မတွေ့ခဲ့ဖူးပါဘူး..။ ဘာစီလိုနာအသင်းနဲ့ အဲဒီပွဲစဥ်ဟာ ကျွန်တော်တို့ကို အများကြီးမျက်စိပွင့်စေခဲ့ပါတယ်..။ အဲဒီလိုပါပဲ.. နူးကမ့်ပ် ကွင်းကြီးဟာ ကျွန်တော့်အတွက် အမြဲတမ်းအမှတ်ရနေခဲ့ရတဲ့ ကစားကွင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်..။”