feature-image

အခန်း (၇) - အပြာရောင်ခြင်္သေ့ ကျွန်တော်

အစည်းအဝေးက သိပ်မကြာပါဘူး..။ မစ္စတာ အေဘရာမိုဗစ်ချ်၊ ဟိုဆေး မော်ရင်ဟို တို့နဲ့ လက်ဆွဲနှုတ်ဆက်တာရယ်..၊ အသေးစိတ်အချက်အလက်တစ်ချို့ ဆွေးနွေးတာရယ်..၊ ဒီလောက်ပါပဲ..။ ပါပီကမာဆေးလ်အသင်းကိုယ်စားလှယ်အနေနဲ့ လာရောက်ပါတယ်..။ စားပွဲရဲ့ တခြားဘက်မှာ သူ့ကိုမြင်နေရတာ နည်းနည်းတော့ ထူးဆန်းနေသလိုပါပဲ..။ ဖန်းဘရော့ခ်ရောက်ပြီး ပထမနေ့မှာ ဟိုဆေးနဲ့ စကားအများကြီးမပြောဖြစ်ပါဘူး။ ကျွန်တော်နဲ့တွေ့တွေ့ချင်း ပြောလိုက်တဲ့ စကားနဲ့တင် သူဘယ်လိုလူစားလဲဆိုတာ ကျွန်တော်နားလည်လိုက်ပါပြီ..။ အစည်းအဝေးအပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီးနှုတ်ဆက်လိုက်ကြပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော် နားလည်ထားတဲ့ သူနဲ့ကျွန်တော့်ကြားက ဆက်နွယ်မှုဟာ အသင်းမန်နေဂျာနဲ့ ကစားသမား ကြားက သာမာန်နားလည်မှုမျိုး မဟုတ်တော့ပါဘူး..။ ချယ်လ်ဆီးကို စွန့်စားခန်းတစ်ခုအတွက် ကျွန်တော်တို့အတူတူ ရောက်လာခဲ့တယ်..။ အသင်းသစ်မှာ တစ်ပြိုင်နက်တည်း ဘဝအသစ်ကို စတင်ကြတယ်..၊ အတူတူတည်ဆောက်ကြတယ်..၊ အဲဒီအချိန်ကနေ စတင်ပြီးဖြစ်တည်ခဲ့တဲ့ ဆက်နွယ်မှုဟာ ယနေ့ထိတိုင် တည်မြဲနေဆဲပါ..။

နောက်ထပ်နှစ်ပါတ်လောက် ကြာတဲ့အခါမှသာ အသင်းနဲ့အမှန်တကယ် လက်မှတ်ထိုး ဖြစ်ပါတယ်..။ ဒေမီယန် ဒပ်ဖ်က နံပါတ် (၁၁) ဝတ်ဆင်နေတဲ့အတွက် ဒီတစ်ခါကျွန်တော် နံပါတ် (၁၅) ဝတ်ဆင်ရပါမယ်..။ လန်ဒန်မှာ ပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲအပြီး သီယာနိုနဲ့ပါပီတို့ဟာ ကျွန်တော့်ကိုနှုတ်ဆက်ပြီး မာဆေးလ်ကို ပြန်သွားပါတယ်..။ ကျွန်တော့်အဖို့တော့ မိဘတွေကို နှုတ်ဆက်ပြီး ပြင်သစ်ကို စထင်ထွက်ခွာလာတဲ့ အိုင်ဗရီကို့စ် ကလေးလေးတစ်ယောက် ပြန်ဖြစ် သွားတယ်လို့ ခံစားမိပါတယ်..။ အသင်းကိုရောက်ရောက်ချင်း စတန်းဖို့ဒ် ဘရစ်ချ်ဘေးက “ချယ်လ်ဆီး ဗီးလေ့ဂျ်” ဟိုတယ်မှာ နေရပါတယ်..။ နေရတဲ့ အခန်းက တော်တော်ခမ်းနားပြီး ကစား ကွင်းထဲကို လှမ်းမြင်နေရပါတယ်..။ ဒါပေမယ့် ဘယ်သူမှအဖော်ပါမလာတာကြောင့် တစ်ယောက် တည်း အထီးကျန်နေပါတယ်..။ ပြင်သစ်ကနေ အင်္ဂလန်ကိုပြောင်းလာဖို့ စီစဉ်စရာတွေ အများကြီး ရှိတာမို့ ကျွန်တော့်မိသားစုဟာ ပြင်သစ်မှာပဲ ကျန်နေခဲ့တုန်းပါ..။

အသင်းနဲ့လက်မှတ်ထိုးအပြီး နောက်ရက်မှာပဲ အမေရိကန် ပြည်ထောင်စုကို ရာသီကြို ခရီးစဉ် ထွက်ခွာတော့မယ့်အသင်းနဲ့အတူ လိုက်ရပါတော့တယ်..။ ဒါ့ကြောင့် အသင်းသားတွေနဲ့ ပထမဆုံး မိတ်ဆက်တဲ့ပွဲဟာ ဟာလင်တန် လေ့ကျင့်ကွင်းကိုသွားတဲ့ ဘတ်စ်ကားပေါ်မှာပဲ ဖြစ်ပါ တယ်..။ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေရာသီမှာ အတော်အလုပ်ရှုပ်ခဲ့ပြီး ကျွန်တော်ရောက်ပြီး နောက်တစ်ပါတ်အတွင်းမှာ ပီအက်စ်ဗွီအသင်းက အာဂျန် ရော်ဘင်၊ ရန်းန်အသင်းက ပီတာ ချက်၊ ဟိုဆေးရဲ့ အသင်းဟောင်းပေါ်တိုက ရီကာဒို ကာဗယ်လ်ဟိုတို့ အစီအရီ ရောက်ရှိလာကြပါတယ်.။ ဒီကိုရောက်ပြီး ပထမဆုံး ကျွန်တော်ကြုံတွေ့ရတဲ့ ပြဿနာက အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်ခြင်းပါ..။



ပထမဆုံး အသင်းဘတ်စ်ကားပေါ်တက်ရတဲ့ ခံစားမှုဟာ မူလတန်း ကျောင်းကိုစပြီး တက်ရတဲ့ ကလေးလေးတစ်ယောက်လိုပါပဲ..။ ခုံတွေကြားက လျှောက်သွားရင်း ကမ်းလာတဲ့လက် တစ်ချို့ကို လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်…။ ကားပေါ်မှာ ပြင်သစ်လက်ရွေးစင် ကလော့ဒ် မက်ခ လီလီ၊ ဝီလီယံ ဂါးလက်စ်၊ ကင်မရွန်းသား ဂျယ်ရမီ၊ ရင်းန်အသင်းမှာ ကျွန်တော့်ရဲ့ပြိုင်ဘက် ပီတာ ချက်စတဲ့ ရင်းနှီးပြီးသားသူတစ်ချို့ကို မြင်မိပါတယ်…။ သူတို့နဲ့အရမ်းခင်မင်တာ မဟုတ်ပေမယ့် ပြင်သစ်လိုပြောလို့ရတဲ့အတွက် အဆင်ပြေပါတယ်။ ဒါ့ကြောင့်အမေရိကန်ခရီးစဉ် တစ်လျှောက်လုံး သူတို့တွေကြားထဲမှာ ကျွန်တော်သွားထိုင်ပြီး အဖော်လုပ်ခဲ့ပါတယ်…။ အမေရိကန် ပြည်ထောင်စုကို ရောက်ပြီး နောက်တစ်ရက်မှာ အသင်းနဲ့ပထမဆုံး လေ့ကျင့်ခန်း စဆင်းပါတယ်..။ ကျွန်တော် လုပ်နေကျအတိုင်း ဘယ်သူနဲ့မှ စကားမပြောသေးပဲ အသင်းရဲ့အနေအထား ဘယ်လိုရှိတယ်..၊ အသင်းသားတွေ ဘယ်လိုသဘော၊ သဘာဝရှိတယ်ဆိုတာ အရင်လိုက်ပြီးလေ့လာကြည့်ပါတယ်..။ အရပ်ရှည်ရှည်၊ ခန္ခာကိုယ်တောင့်တောင့် လူငယ်လေးတစ်ယောက်ကို သတိပြုမိတယ်..၊ သူ့ရဲ့ပုံစံ ကြည့်ရတာ အရန်အသင်းက အတွေ့အကြုံရအောင် ခေါ်လာတာနဲ့ တူပါတယ်.၊ စိတ်ဝင်စားစရာပဲ။ လေ့ကျင့်ခန်းပြီးတော့ ကျွန်တော့်နားက တစ်ယောက်ကို သူကဘယ်သူတုန်းလို့ မေးကြည့်ပါတယ်။ ကျွန်တော့်ကိုခွက်ထိုးခွက်လှန် ဟားတိုက်ပြီး..

“အဲဒါ အသင်းခေါင်းဆောင်လေ. ဂျွန် တယ်ရီဆိုတာ သူပေါ့.. ဟားဟား..။”

ချယ်လ်ဆီးနဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင် အသစ် စက်စက်ကိုတောင် မသိခဲ့တဲ့အထိ ဗဟုသုတနည်းခဲ့တဲ့ ကျွန်တော်ပါ...။
အဲဒီပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာတင်ပဲ ကျွန်တော့်အတွက် မျက်စိပွင့်စရာ အများကြီးရခဲ့ပါတယ်..။ ကားပေါ်ကဆင်းဆင်းချင်း မန်နေဂျာက ကျွန်တော်ဝတ်စားထားတဲ့ ပုံစံကို ကြည့်ပြီး

“ဒီလိုပုံစံနဲ့ မင်းဘယ်သွားမလို့လဲဟ..?”
“ကျွန်တော်တို့ အပြေးလေ့ကျင့်မှာ မဟုတ်ဘူးလား..?”
အံ့သြတကြီးနဲ့ ကျွန်တော်ပြန်မေးပါတယ်..။
“ဘောလုံးကန် ဖိနပ်တွေနဲ့ ပြန်လဲလိုက်ပါ။ မင်းဘောလုံးကစားဖို့ ဒီကိုရောက်လာတာမလား၊ ငါရဲ့ လေ့ကျင့်ခန်းအာလုံးဟာ ကစားပွဲမှာ အသုံးကျမယ့်ဟာ၊ ကစားပွဲနဲ့ သက်ဆိုင်တာတွေပဲ ဖြစ်ရ မယ်..။ တစ်ကယ့်ပွဲကစားတဲ့အခါမှာ အပြေးလေ့ကျင့်တာ မပါဘူး..။”

သူ့ရဲ့နည်းစနစ်တွေဟာ ကျွန်တော့်အတွက် အသစ်အဆန်းပါ..။ ပြင်သစ်က ရာသီကြို လေ့ကျင့်ခန်းဆိုရင် ၁၀ ကီလိုမီတာလောက် အပြေးလေ့ကျင့်တာ ပါနေကျပါ..။ တစ်ခါတစ်လေ အတားအဆီးတွေ၊ သစ်တောတွေ ဖြတ်ကျော်ပြေးရတာတောင် ပါပါသေးတယ်။ ကြံ့ခိုင်မှုနဲ့ အမော ခံနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီလိုတာဝေးအပြေးလေ့ကျင့်ခန်းတွေကို ကျွန်တော်မုန်းပါတယ်။ ဟိုဆေးရဲ့ လေ့ကျင့်နည်းစနစ်တွေဟာ အခြားအသင်းသားတွေအတွက်လည်း အသစ်အဆန်း ဖြစ်နေတာပါပဲ..။ သူ့ရဲ့လေ့ကျင့်ခန်းတွေမှာ ဒီလိုအပြေးလေ့ကျင့်တာနဲ့ ကြံ့ခိုင်ရေး လေ့ကျင့်ခန်း တွေ မပါပေမယ့် ပိုလို့တာင် ပင်ပန်းပါသေးတယ်။ ဘောလုံးနောက်ကို အသားကုန် လိုက်ရတယ်၊ အတိုလေးတွေ အပြေးထွက်ရတယ်..၊ အားစိုက်ပြေးရတယ်..၊ ပြေးနေရင်း ရုတ်တရက် လမ်း ကြောင်း ပြောင်းရတယ်..။ ပိုပြီးတော့ပင်ပန်းပေမယ့် ပျော်စရာပိုကောင်းပါတယ်..။

ကိုယ်လေ့ကျင်ု့နေကျ ပုံစံမျိုး မဟုတ်တာကြောင့် ပထမသုံးကြိမ်၊ လေးကြိမ် လောက်ဟာ အရမ်း ခက်ခဲပါတယ်..။ ဒါပေမယ့်လိုက်နိုင်အောင် ကြိုးစားရတာကိုက စိတ်ဝင်စားဖို့ ကောင်းပါတယ်..။ လေ့ကျင့်ခန်းတွေသာ မဟုတ်ပါဘူး၊ မန်နေဂျာကိုယ်တိုင်လည်း တခြားသူတွေနဲ့ ခြားနားပါ တယ်..။ လေ့ကျင့်ခန်းနားတဲ့အချိန်တွေမှာဆို ရယ်လိုက်၊ မောလိုက်၊ ဟာသတွေ ပြောလိုက်နဲ့ပါ.။ ဒါပေမယ့် လေ့ကျင့်ခန်းစပြီဆိုတာနဲ့ သူဟာအရမ်းကို အလေးအနက်ထားပါတယ်.၊ ဘယ်လိုအမှားအယွင်းကိုမှ လုံးဝလက်မခံပါဘူး..။ ငါတို့အားလုံး ဆုဖလားတွေ ဆွတ်ခူးဖို့လာခဲ့တာ၊ ဒီလိုအသေးအမွှား အမှားအယွင်းတွေအတွက် အချိန်မရှိဘူး.. အဲ့ဒါသူ့အယူအဆ..။



အမေရိကန် ပြည်ထောင်စုကအပြန် မန်နေဂျာက ကျွန်တော့်ကို တစ်ပါတ် အနားပေး ပါတယ်..။ အားလပ်ရက်ကအပြန် အသင်းကိုရောက်တော့မှ ဟာလင်တန် လေ့ကျင့်ကွင်းက ပစ္စည်း ကိရိယာတွေကိုကြည့်ပြီး အံ့သြမိပါတယ်.။ ရည်မှန်းချက်ကြီးကြီးထားတဲ့ ပရီးမီးယားလိဂ် အသင်း ကြီး တစ်သင်းလို့ ဘုရာစူး ပြောဖို့တောင် မထိုက်တန်တဲ့ အခြေအနေပါ.။ ဒါပေမယ့်ရိုမန် အေဘရာ မိုဗစ်ချ်ဟာ အဆင့်မြင့် လေ့ကျင့်ရေးကွင်းတွေ တည်ဆောက်ဖို့ပါ ရင်းနှီးမြုပ်နှံထားပြီး ဖြစ်တာကြောင့် ပထမအသင်းကြီးဟာ နောက်နှစ်ဆိုရင် ကော့ဘ်ဘမ်ကို ပြောင်းတော့မှာပါ..။ ဒီမှာရှိတဲ့ ပစ္စည်းကိရိယာတွေကတော့ ၁၉၇၀ ကျော်ကတည်းက ဖြည့်တင်းထားတဲ့ ကိရိယာတွေ ဖြစ်နေ တာကြောင့် ဟောင်းနွမ်းနေပြီး တစ်ချို့ကိရိယာတွေဆို တစ်ခါလေ့ကျင့်ပြီးတိုင်း တစ်ခါပြန်ပြင်ရ ပါတယ်..။ ရေချိုးခန်းမှာလည်း ရေပူချိုးဖို့မရှိပါဘူး…။ ဂွမ်အောင်းန်က လေ့ကျင့်ကွင်းတောင် သူ့ထက်သာပါလိမ့်မယ်..။

ဒါ့အပြင် နေဖို့ထိုင်ဖို့ ရှာရ၊ ဖွေရတဲ့အခါမှာလည်း ချယ်လ်ဆီးအသင်းဟာ သိပ်အားမကိုးရပါဘူး..။ ပြင်ပဆက်ဆံရေးအတွက် ဂယ်ရီ စတက်ကာကို ခန့်ထားပေမယ့် သူ့မှာတခြား အလုပ်တွေ တစ်ပုံကြီးရှိနေတာကြောင့် ကျွန်တော်တို့ကိစ္စကို လှည့်တောင်မကြည့်နိုင်ပါဘူ။ ကစား သမားအချင်းချင်း အကူအညီတောင်းပြီးတော့ဖြစ်စေ၊ ကိုယ့်အားကိုယ်ကိုးပြီးတော့ပဲဖြစ်စေ လှည့်ပတ်ကြည့်ရှုရပါတယ်..။ အိမ်ရှာရတဲ့အလုပ်ကလည်း တစ်ကယ့်ကိုမလွယ်ပါဘူး.။ အင်္ဂလိပ် စကား ကောင်းကောင်းမပြောတတ်တဲ့အပြင် ဒီအသင်းမှာဘယ်လောက်ကြာကြာ ကစားမလဲ ဆိုတာ မသေချာ..၊ စတဲ့ အချက်တွေအပြင် မနက်ပိုင်း ရေကုန်ရေခမ်း လေ့ကျင့်ခန်းတွေအပြီး မောပန်းနေတဲ့အချိန် အိမ်တွေအများးကြီး လှည့်ပတ်ကြည့်ရတာ အင်မတန်မှပင်ပန်း၊ ခက်ခဲလှ ပါတယ်။ တွေဝေနေတာတစ်ခုက လက်ရှိလေ့ကျင့်ကွင်းနဲ့ နီးတဲ့ Chelsea Harbour နားမှာပဲ နေရမလား၊ နောက်နှစ်ပြောင်းမယ့် ကော့ဘ်ဟမ်နဲ့ နီးတဲ့နေရာကို ပြောင်းရမလားဆိုပြီး ဘယ်လို နေရာမှာနေရမလဲ မဆုံးဖြတ်နိုင်အောင် ဖြစ်နေရပါတယ်..။

ဒီကြားထဲ ကျွန်တော် ဆက်သွယ်မိတဲ့ အိမ်ပွဲစားဟာ ပြောင်းရွှေ့ကြေး ပေါင် (၂၄) သန်းစလုံး ကျွန်တော့် အိပ်ကပ်ထဲ ရောက်လာတယ်လို့ ထင်နေပုံရပါတယ်..။ သူလိုက်ပြတဲ့အိမ်တိုင်းဟာ အနည်းဆုံး ပေါင် (၁၀) သန်းလောက်တန်တဲ့ အိမ်တွေပဲမို့ ကျွန်တော်မတတ်နိုင်ပါဘူး…။ အဲဒါနဲ့မာဆေးလ်မှာ ကျွန်တော်ဝယ်တဲ့အိမ်က ပေါင် ငါးသိန်း လောက်ပဲတန်တယ်ဆိုတာ သူ့ကိုကြိုးစားရှင်းပြရပါတယ်..။ သူ့ကိုကြည့်ရတာ စိတ်ရှုပ် သွားပုံပါပဲ..။

အိမ်မရသေးခင်စပ်ကြား ချယ်လ်ဆီး ဗီးလေ့ဂျ် ဟိုတယ်မှာပဲ ဆက်နေပါတယ်.။ စတန်းဖို့ဒ် ဘရစ်ချ်နဲ့ နီးလွန်းတာကြောင့် ကစားပွဲရှိတဲ့နေ့ဆို ပရိသတ်တွေဟာ မနက် (၈) နာရီ လောက်ကစပြီး ကွင်းထဲမှာ သီဆို၊ ကခုန်နေကြပြီဖြစ်လို့ ဆက်အိပ်မရတော့ပါဘူး..။ အဲဒီလို ဟိုတယ်မှာ နေတဲ့ကာလအတွင်း ကျွန်တော့်မိသားစုဟာ မကြာမကြာလာလည်ပါတယ်.။ ဒါပေမယ့် ကလေးတွေက ဟိုတယ်မှာ ကြာကြာနေရတာ မပျော်တော့တဲ့အပြင် ပြင်သစ်နဲ့သွားလိုက်၊ ပြန် လိုက်ဆိုတော့ သူတို့အတွက်အဆင်မပြေပါဘူး..။ ဒီလိုနဲ့ ရှာရင်း၊ ဖွေရင်း ကော့ဘ်ဟမ်လေ့ကျင့် ကွင်းနဲ့ ဆယ်မိနစ်လောက်ပဲ ဝေးတဲ့နေရာမှာ အိမ်လှလှလေးတစ်လုံး ရှာတွေ့ပါတယ်..။ သားကြီး ကီဗင်ရဲ့ ကျောင်းနဲ့လည်း ဆယ့်ငါးမိနစ်ခရီးပဲရှိတာမို့ အဆင်ပြေတယ်ပြောရမှာပါ.။ အဲဒီအိမ်လေး မှာပဲ ကျွန်တော်တို့နှစ်အတော်ကြာ ဆက်ပြီး နေဖြစ်ခဲ့ပါတယ်..။ ချယ်လ်ဆီးကို ရောက်စနေ့ရက် များမှာ တော်တော့်ကို အဆင်မပြေ ဖြစ်ခဲ့တာပါ..။

ကျွန်တော့်ရဲ့အသင်းအတွက်အဖွင့်ဂိုးကို တတိယမြောက်ပွဲကစားတဲ့ ခရစ်စ်တယ် ပဲလေ့စ်နဲ့ပွဲမှာ ရခဲ့ပါတယ်…။ အဲဒီလို အဖွင့်ဂိုးရခဲ့လို့ ကျေနပ်ခဲ့ရပေမယ့် ကြံ့ခိုင်မှု အသားပေးလွန်းတဲ့ ကစားဟန်၊ ရက်စက်တဲ့ ဖျက်ထုတ်ပူံတွေနဲ့ ပရီးမီးယားလိဂ်ဘောလုံးလောကကို ရင်ဆိုင်နေရပါပြီ..။ အင်္ဂလန်က့ဓလေ့ထုံးစံတစ်ချိုတွေဟာ ထူးဆန်းပါတယ်..။ ပြစ်ဒဏ်ကျုးလွန်ခံရတယ်၊ ဒါမှမဟုတ် ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခံရတယ်ဆိုပါစို့.. ကိုယ့်ဟာကိုယ် ကြိုးစားပြန်ထပြီး ကိုယ့်ကို လူချလိုက်တဲ့သူနဲ့ ပြန်လက်ဆွဲနှုတ်ဆက်ရပါတယ်..။ ရောက်စမှာ ဒီလိုအလေ့အထတွေနဲ့ အသား ကျဖို့ ကျွန်တော့်အတွက် အတော်ခက်ခဲ့ပါတယ်..။ အဖွင့်ဂိုးရပြီး ဒုတိယဂိုးရဖို့ တစ်လလောက် ထပ်စောင့်လိုက်ရပါတယ်.။ မစ်ဒယ်လ်ဘရော့နဲ့ပွဲကျမှ သွင်းနိုင်ခဲ့တာပါ..။



ရာသီအစပိုင်းမှာ လက်ရှိ ချန်ပီယံအာဆင်နယ်ကလည်း တာထွက်ကောင်းခဲ့တာကြောင့် သူတို့ကိုမှီအောင်လိုက်နိုင်ဖို့ ခက်ခဲ နေပါတယ်..။ ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်လည်း ပေါင်ခြံဒဏ်ရာခွဲစိတ်ကုသခံရ သေးတာကြောင့် အချိန်တော်တော်ကြာကြာ နားလိုက်ရပါသေးတယ်..။ ရိုးရိုးသားသားပြောရရင် ချယ်လ်ဆီးကို ကျွန်တော့်ရဲ့ဆန္ဒမပါပဲ ပြောင်းရွှေ့ခဲ့ရတာဖြစ်လို့ အသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်မယ်ဆိုပြီး စိတ်နှစ်ဖို့ ခက်နေတာလည်း ပါပါတယ်…။ နိုဝင်ဘာလရောက်တဲ့အချိန်မှာတော့ ချယ်လ်ဆီးဟာ အမှတ်ပေးဇယား ထိပ်ကိုစတင်ရောက်ရှိလာခဲ့ပြီး အဲဒီအချိန်ကစလို့ နံပါတ်နှစ်နေရာကို လုံးဝမဆင်းပေး ရတော့ပါဘူး..။

အဲဒီရာသီမှာ ကျွန်တော့်အတွက်ကော၊ အသင်းအတွက်ပါ အဆိုးဝါးဆုံး အဖြစ်အပျက် ကတော့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဖြစ်ပါတယ်.။ အဝေးကွင်းမှာ ကျွန်တော်တို့ ဦးဆောင်ဂိုး ရထားတာကြောင့် အခြေအနေကောင်းနေ ပါတယ်..။ ဒုတိယပိုင်းအစမှာ သူတို့ဂိုးသမားကို လူချလိုက်တယ်ဆိုပြီး ဆွီဒင်ဒိုင်လူကြီးက ကျွန်တော့်ကို အနီကတ်ဒ် ပြပါတယ်..။ သူတို့ဘက်က လူတစ်ယောက်အသာရသွားပြီး ပွဲအပြီးမှာ ၂ဂိုး၊ ၁ဂိုးနဲ့ နိုင်သွားပါတယ်..။ အများစုကတော့ ဒီပွဲမှာ ဘာစီလိုနာ ကံကောင်းလို့ နိုင်သွားတယ်ပဲ ပြောကြပါတယ်..။ ချယ်လ်ဆီးပရိသတ် မဟုတ်တဲ့သူတွေကတောင် ကျွန်တော် အထုတ်မခံရသင့် ဘူးလို့ ယူဆကြပေမယ့် ရလဒ်ကိုပြန်ပြင်လို့ မရနိုင်တော့ပါဘူး..။ အသင်းပရိသတ်တွေရဲ့ တုံ့ပြန် ချက်တွေဟာ ပိုပြီးတော့တောင်ဆိုးခဲ့ပါတယ်.။ သတ်မယ်၊ ဖြတ်မယ်ဆိုတဲ့အထိ ခြိမ်းခြောက်စာတွေ ပို့ခဲ့တာကြောင့် သူဟာနောက်ပိုင်းမှာ ဒိုင်လူကြီးဘဝကို စွန့်လွတ်သွားခဲ့ပါတယ်..။

အခုလိုအထုတ်ခံရပြီး အသင်းအပေါ် အကြွေးတင်နေတာကို လီဗာပူးလ်အသင်းနဲ့ ကန်ရမယ့် ကာလင်းဖလားဗိုလ်လုပွဲမှာ ပြန်ပြီးပေးဆပ်မယ်လို့ ကျွန်တော်စိတ်ပိုင်းဖြတ်လိုက် ပါတယ်..။ ဒီဗိုလ်လုပွဲဟာ ဘာစီလိုနာအသင်းနဲ့ပွဲအပြီး လေးရက်အကြာမှာ ကန်ရတာဖြစ်ပါတယ်..။ မန်နေဂျာကတော့ စပိန်မှာ ဖြစ်ပျက်ခဲ့တာတွေကို ခွင့်လွတ်ပြီး ပွဲထွက်လူစာရင်းမှာ ရွေးချယ်ပေး ခဲ့ပါတယ်..။ အခုဗိုလ်လုပွဲစဉ်ဟာ မန်နေဂျာနဲ့ အသင်းပရိသတ်ကို ပွဲကြီးတွေမှာ ကျွန်တော့်ကို ဘယ်လိုအားကိုးလို့ရတယ်ဆိုတာ ပြသနိုင်မယ့်အခွင့်အရေးလည်း ဖြစ်စေရပါမယ်..။ ဒါ့အပြင် ဒီပွဲအနိုင်ရလဒ်ဟာ ကျွန်တော့်အတွက် အဆင့်မြင်ပွဲစဉ်တွေမှာ ပထမဆုံးဆွတ်ခူးနိုင်မယ့် ဆုဖလား လည်း ဖြစ်ပါတယ်..။ ဒီလိုမျှော်လင့်ချက်တွေ အများကြီးထားရှိခဲ့တာကြောင့် ကျွန်တော့်မှာ ဖိအား တွေ ပိုရှိနေသလိုပါပဲ..။ ကျွန်တော်တင်မကပါဘူး.. ဒီပွဲဟာ အသင်းသားတွေအတွက်လည်း ဖိစီးမှု တွေ များနေပါတယ်.။ ရာသီမစခင်မှာ မန်နေဂျာပြောဖူးတာ ရှိပါတယ်..။ အခုလက်ရှိ အသင်းသား တွေထဲမှာ အရေးပါတဲ့ ဆုဖလား၊ အထူးသဖြင့် အမှတ်ပေးပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖူးတဲ့လူတွေဟာ လက်ငါချောင်းတောင် မပြည့်ပါဘူး..။ လက်ရှိအသင်းဟာ အောင်မြင်မှုတွေ ဆွတ်ခူးဖို့အတွက် မွေးဖွားလာတဲ့အသင်းဆိုတာ ကမ္ဘာကိုပြသဖို့ အခွင့်အရေးလည်း ဖြစ်နေပါတယ်..။ ဒါ့ကြောင့် ဒီပွဲကို ဗိုလ်စွဲမှဖြစ်ပါမယ်..။

ကျွန်တော်တို့ပြိုင်ဘက် လီဗာပူးလ်မှာလည်း ဖိအားတွေရှိနေမှာ အသေအချာပါ..။ သူတို့အသင်းဟာ မန်နေဂျာသစ် ရာဖေးလ် ဘင်နီတက်ဇ်ရဲ့လက်အောက်မှာ..၊ ဒါ့ကြောင့် ဒီပွဲဟာ UEFA ဖလားကို ဗိုလ်စွဲထားတဲ့ နည်းပြနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲထားတဲ့ နည်းပြနှစ်ဦး ကျားနဲ့ဆင် လယ်ပြင်မှာ စတွေ့ကြတဲ့ပွဲ၊ သူတို့နှစ်ဦးရဲ့ ဒီလိုစီးချင်းထိုးပွဲကို ပိုပြီးအားကောင်းလာအောင် ပံ့ပိုးနေတာက ဒီနှစ်သင်းကြားက ပြင်းထန်တဲ့ပြိုင်ဆိုင်မှုပါ..။

ကာဒစ်ဖ်မြို့ Millenium ကစားကွင်းမှာ ကျင်းပတဲ့ ဗိုလ်လုပွဲမှာ ကျွန်တော်တို့ တာထွက်မကောင်းခဲ့ပါဘူး။ ပွဲစလို့တစ်မိနစ်မပြည့်ခင်မှာပဲ ဂျွန် အာနီ ရီဆေးဟာ ပြိုင်ပွဲရဲ့ အမြန်ဆုံးသွင်းဂိုးနဲ့ ဦးဆောင်နေပါတော့တယ်..။ ကျွန်တော်တို့မှာ အထိုင်ကောင်းကောင်းမကျခင်မှာကိုပဲ နောက်ကနေ အသည်းအသန် လိုက်ကစားနေရပါပြီ။ ကျွန်တော်တို့ အစွမ်းကုန် တိုက်ကြပါတယ်..။ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရနေပေမယ့် ချေပဂိုးနဲ့ မနီးစပ်နိုင်ဘူး ဖြစ်နေပါတယ်..။

ဒီလိုနဲ့ ပွဲပြီးခါနီး ဆယ်မိနစ်လောက်အလိုမှာ ပြစ်ဒဏ်ဘောကန်ခွင့်ရပါတယ်။ ပေါ်လို ဖာရဲရား ကန်တင်ပေးလိုက်ပါတယ်..။ နောက်ကျွန်တော်မှတ်မိလိုက်တာက စတီဖင် ဂျရတ်ရဲ့ နောက်ပြန် ခေါင်းတိုက်ချက်ဟာ သူတို့ဂိုးပေါက်ထဲ တန်းကနဲ ဝင်သွားတာပါပဲ..။ သူတို့အဖို့ ကပ်ဆိုက်တာ ဖြစ်ပေမယ့် ကျွန်တော်တို့အတွက်တော့ စိတ်သက်သာရာ ရသွားစေတဲ့ အဖြစ်အပျက်ပါ။ ဒါ့အပြင် ဒီချေပဂိုးဟာ ကျွန်တော်တို့အတွက် နှစ်ထပ်တိုးပါပဲ..။ ချေပဂိုးကြောင့် စိတ်အားတွေ အရမ်းတက်လာရသလို နောက်ထပ်အားအင်သစ်တွေ ရလာတကြောင့် အသင်းသားတွေမှာ ကစားပွဲကိုပိုပြီး စိုးမိုးလာနိုင်ပါတော့တယ်။ အချိန်ပိုဒုတိယပိုင်းအစမှာ ကျွန်တော် အနီးကတ်ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရနိုင်ခဲ့တယ်..။ ဘာစီလိုနာက အဖြစ်အပျက်အတွက် ချက်ချင်းပြန် အကြွေးဆပ်နိုင်ခဲ့တဲ့အပြင် အရေးအကြောင်းပွဲကြီးပွဲကောင်းဆိုရင် အားကိုးလို့ရမယ့် သူတစ်ယောက်ဆိုကာ ပြသနိုင်ခဲ့တဲ့အတွက် အရမ်းကိုပျော်ခဲ့ရတယ်။ ကျွန်တော်ဂိုးသွင်းပြီး ငါးမိနစ်လောက်အကြာမှာ မာတီဂျာ ကက်ဇ်မန်းက တတိယဂိုး သွင်းပေးခဲ့ပါတယ်..။ ပွဲပြီးတော့ ကျွန်တော်တို့ ၃ဂိုး၊ ၂ဂိုးနဲ့ အနိုင်ရလိုက်ပါတယ်..။



အခုအောင်ပွဲဟာ ကျွန်တော်တို့အားလုံးအတွက် ထူးရှယ်အောင်မြင်မှုလို့ ဆိုရမှာပါ..။ ဒီပွဲမတိုင်မီ ဘာစီလိုနာနဲ့ပွဲ၊ FA ဖလား ပဉ္စမအဆင့်ပွဲစဉ် နယူးကာဆယ်လ်နဲ့ပွဲ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်က မဆင်းရသေးပေမယ့် အသင်းသားတွေကြားမှာ လှုပ်ခတ်မှုတွေရှိနေပါတယ်..။ အခုအနိုင်ရလဒ်ဟာ ဒီလိုတွေဝေနေတဲ့စိတ်တွေကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်..။ နောက်ပြီးကျွန်တော်တို့အသင်းဟာ အောင်ပွဲ အဆင့်ဆင့်အတွက် တည်ဆောက်နေတဲ့အသင်းဆိုတာ ကြေငြာလိုက်သလိုပါပဲ။ အခုအောင်ပွဲဟာ ကျွန်တော်တို့နဲ့ အခါးသီးဆုံးပြိုင်ဘက် အာဆင်နယ်အသင်းနဲကျွန်တေ်တို့ကြားက ချိန်ခွင်လျှာ အလှည့်အပြောင်းကို စတင်လိုက်တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်..။ ဒီပွဲစဉ်ပြီးတဲ့နောက်ပိုင်းအသင်းဟာ ခြေစွမ်းကော၊ ယုံကြည်မှုပါ တောက်လျှောက်မြင့်တက်ခဲ့ပါတယ်။ ရာသီနောက်ပိုင်းပွဲစဉ်တွေထဲမှာ တစ်ခုတည်းသော စိတ်ပျက်စရာက လီဗာပူးလ်အသင်းဟာ ကာလင်းဖလားကအရှုံးကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ပြန်ပြီးလက်စားချေသွားတာပါပဲ..။ ဒါပေမယ့် ဒီချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲကို ပရီးမီးယားလိဂ်သရဖူ ပထမဦးဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ ပွဲစဉ်အပြီး ရက်ပိုင်းအတွင်း ကန်ရတာဖြစ်လို့ ရှုံးချက်က သိပ်မနာလိုက်ဘူး ဆိုရမှာပါ..။

ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ပရီးမီးယားလိဂ်ဆုဖလား သေချာစေခဲ့တဲ့ အဝေးကွင်းမှာ ဘော်လ်တန်အသင်းကို အနိုင်ရခဲ့တဲ့အခိုက်အတန့်ကို အခုထိအချိန်ထိ စိတ်ထဲမှာ အမှတ်ရနေဆဲပါ..။ အဲဒီလို ပရီးမီးယားလိဂ် ဆုဖလားကြီး ရရှိခဲ့ခြင်းကြောင့် အသင်းမှာစိတ်ဓါတ်ပိုင်းဆိုင်ရာ ယုံကြည်မှုများစွာ မြင့်တက်စေခဲ့သလို ကျွန်တော့်အတွက် အရေးကြီးတဲ့ ဆုဖလားတစ်ခုကို ပထမ ဦးဆုံးအကြိမ် ရရှိခဲ့ခြင်းလည်း ဖြစ်ခဲ့ပါတယ်..။  ပြင်သစ်မှာ ကစားနေတုန်း တစ်ရာသီ အကောင်း ဆုံးသွင်းဂိုးဆု၊ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုစတဲ့ တစ်ဦးချင်း အောင်မြင်မှုတွေ ရခဲ့ဖူးပေမယ့် အသင်းလိုက်ဆုဖလား မရခဲ့ဖူးသလို အခုကျတော့လည်း တစ်ရာသီတည်း ဖလားနှစ်လုံး ရခဲ့ပါပြီ..။ ဒီအထဲက ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာ့ အခက်အခဲဆုံးလိဂ်ပြိုင်ပွဲ တစ်ခုပါ..။

ရာသီအစပိုင်းမှာ ဟိုဆေးပြောခဲ့ဖူးတာ မှတ်မိပါတယ်.။ သူညွန်ကြားတဲ့အတိုင်း ကျွန်တော်တို့အတိအကျ လိုက်နာရမယ်..၊ သူကစားစေချင်တဲ့အတိုင်း ကစားမယ်..၊ သူ့အပေါ် အပြည့်အ၀ ယုံကြည်ကြမယ်ဆိုရင် လိဂ်ပြိုင်ပွဲကို အနိုင်ရလိ့်မ်မယ်..။ အဲဒီလို ပြောစကားတွေကြောင့် တချို့ကသူ့ကို မောက်မာတယ်လို့ ပြောကြတာ ဖြစ်ပါတယ်..။ ဒါဟာယုံကြည်မှုပါ..။ အမှတ်ပေးလိဂ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့ဆိုရင် အသင်းငယ်တွေနဲ့ ပွဲတိုင်းကို အနိုင်ရရမယ်.၊ အသင်း ကြီးတွေကို အနိုင်.. ဒါမှမဟုတ် သရေကျအောင် ကစားနိုင်ဖို့ လိုအပ်ပါတယ်..။ ရိုးရိုးလေးပါပဲ..။ ဟိုဆေးဟာ တစ်ရာသီလုံးအတွက်လမ်းကြောင်းကို အဲဒီလိုရှင်းရှင်းလင်းလင်းပြောပြတယ်..၊ အဲဒီအတိုင်း ကျွန်တော်တို့ လျှောက်ကြတယ်..။ အသင်းငယ်တွေတင် မကပါဘူး..၊ မန်ချက်စတာ ယူနိုက်တက်အသင်းကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရအောင်ကန်နိုင်ခဲ့တယ်.၊ အာဆင်နယ်ကို သရေကန်နိုင်ခဲ့ပါတယ်..။ တစ်ရာသီလုံးမှာ မန်ချက်စတာ စီးတီနဲ့ အဝေးကွင်း တစ်ပွဲတည်းပဲ ရှုံးခဲ့ပြီး စံချိန်တင်ရမှတ်ဖြစ်တဲ့ (၉၅) မှတ်ရအောင် ယူနိုင်ခဲ့ပါတယ်..။



ကျွန်တော့်ရဲ့ အင်္ဂလန်ရောက် ပထမဆုံးဘောလုံးရာသီကို ပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် အောင်မြင်မှုတွေရခဲ့သလို အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်..။ အင်္ဂလန်မြေဟာ ကျွန်တော်ထင်ထားတာထက် ပိုခက်ခဲခဲ့ပါတယ်…။ အင်္ဂလိပ်တွေရဲ့ ကစားပုံကို အထာကျအောင် ကြိုးစားခဲ့ရသလို မိသားစုမှာလည်း ဘာသာစကားကြောင့် အတော်လေး အခက်တွေ့ခဲ့ပါတယ်.။ ဒါ့အပြင်ကျွန်တော့်ရဲ့ ကြိုးစားမှုကို ပရိသတ်က အသိအမှတ်မပြုခဲ့ပါဘူး..။ ဂိုးသွင်းနှုန်း က အမှတ်ပေးပွဲမှာ (၁၀) ဂိုး၊ ပြိုင်ပွဲစုံ (၁၆) ဂိုးဆိုတော့ အလယ်အလတ်ပဲ ပြောရမှာပါ.။ ဒီရာသီရဲ့ ဂိုးသွင်းဘုရင် အွန်နရီနဲ့တော့ အဝေးကြီးပေါ့..။ သူကပြိုင်ပွဲစုံ (၃၁) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်..။ နောက်ထပ်စိတ်ပျက်စရာတစ်ချက်ကတော့ ဒဏ်ရာခဏ၊ ခဏရတာပါ.။ ဒဏ်ရာကြောင့် ခြေစွမ်းကို အရှိန်ယူနိုင်ဖို့ အခက်တွေ့ခဲ့ရပါတယ်.။ အပြောင်းအရွှေ့အပြီးသတ်တာလည်း အတော်လေး နောက်ကျခဲ့တာမို့ အင်္ဂလိပ်ဘောလုံး၊ အင်္ဂလိပ်ယဉ်ကျေးမှုအကြောင်း လေ့လာဖို့အချိန် သိပ်မရခဲ့တာလည်း ပါပါတယ်..။ ဥပမာဆိုရင် ပရီးမီးယားလိဂ်ရဲ့ တစ်ချိန်လုံး အရှိန်တင် ကစားပုံ၊ ပွဲတွေရဲ့ လျှင်မြန်နှုန်း၊ တစ်ပါတ်တည်းသုံးပွဲလောက် ကစားခဲ့ရတဲ့ပွဲဆက်များမှု အဲဒါတွေနဲ့ အသားကျဖို့ အတော်ခက်ခဲခဲ့ပါတယ်..။

ပြင်သစ်မှာဆို သုံးပွဲကန်ရတဲ့အပါတ်ဆိုတာ အတော်ရှားပါတယ်..။ တစ်ကယ်လို့ အသင်းမှာ ကစားသမားအများကြီးရှိနေရင် အလှည့်ကျစနစ်နဲ့ အပြောင်းအလဲ လုပ်နိုင်ပေမယ့် ဒဏ်ရာမကြာခဏ ရတတ်တာတွေ၊ ကြံ့ခိုင်မှုမပြည့်ဝတာတွေနဲ့ အလှည့်ကျကစား ဖို့လည်း အခက်တွေ့ရတတ်ပါတယ်.။ ဒါကြောင့် “နာနေပေမယ့်လည်း ကစားနေရတာပဲ” ဆိုတာ အင်္ဂလန်မှာ ဖြစ်ရိုးဖြစ်စဉ်ပါ..။

အင်္ဂလန်ကို မရောက်ခင် နယူး ကာဆယ်လ်၊ လီဗာပူးလ်တို့နဲ့ ရင်ဆိုင်ခဲ့ဖူးပေမယ့် ခန္ဓာကိုယ် ကြံ့ခိုင်မှု အသုံးချလွန်းတဲ့ အင်္ဂလိပ်ဘောလုံးပွဲတွေကို နဖူးတွေ့၊ ဒူးတွေ ရင်ဆိုင်မိတဲ့ အခါမှာ ကျွန်တော့်အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်..။ ပွဲတစ်ပွဲမှာဆိုရင် လက်ပစ်ဘောကို ကျွန်တော်ဘောလုံးရယူဖို့ ကြိုးစားနေတုန်း ဘယ်ကနေရောက်လာမှန်းမသိတဲ့ နောက်ခံလူက ဝုန်းဆို ပြေးတိုက်လိုက်ပါတယ်..။ ကျွန်တော့်မှာ သူ့ကိုတစ်ချက်ကြည့်ပြီး ပြစ်ဒဏ်ဘောများ ပေး မလားဆိုပြီး ဒိုင်လူကြီးကို လှမ်းကြည့်လိုက်ပါတယ်..။ ဒိုင်ကဆက်ကစားဖို့ပဲ အချက်ပြပါတယ်..။ ပြင်သစ်မှာဆို ဒါမျိုးကိုသေချာပေါက် ပြစ်ဒဏ်ဘော ပေးမှာပါ..။ အင်္ဂလန်မှာတော့ အဲဒီလို မဟုတ်ပါဘူး..။

ဒီလိုဆိုးကွက်တွေရှိပေမယ့်လည်း ပွဲဦးထွက်မှာ အမှတ်ရစရာတွေလည်း ရှိခဲ့ပါတယ်.။ အသင်းဖော်တွေအားလုံးက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြသလို ဝီလီယံ ဂါးလက်စ်၊ ကလော့ဒ် မက်ခလီလီနဲ့ ဂျရမီတို့နဲ့လည်း အရမ်းကိုခင်မင်ရင်းနှီးခဲ့ရပါတယ်..။ သူတို့နဲ့ပျော်စရာကောင်းတဲ့ စကားဝိုင်းတွေ ခဏခဏ ဝိုင်းဖွဲ့ခဲ့ရသလို အဝေးကွင်းပွဲတွေအတွက် ခရီးထက်ကြရင် ဟိုတယ်မှာ ညနေပိုင်း ပိုကာကစားပွဲများ ဆင်နွဲခဲ့ကြတာလည်း အမှတ်ရစရာများပါပဲ.။ တဖြည်းဖြည်းနဲ့ ကျွန်တော့်ရဲ့ အင်္ဂလိပ်စကားပြောလည်း တိုးတက်လာတာကြောင့် သူများတွေနဲ့ ဆက်သွယ်ရတာ ပိုပြီးအဆင်ပြေ လာပါတယ်..။



နောက်ဆုံးအချုပ်ပြောရမယ်ဆိုရင် ဖလားနှစ်လုံး ရခဲ့တာ ပထမဆုံး ဘောလုံးရာသီရဲ့ အဓိက အမှတ်တရပါပဲ..။ ဒီလိုဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ဖို့ အားဆေးပဲ ဖြစ်ခဲ့ပါတယ်။ ကျော်ဖြတ်စရာ အခက်အခဲတွေကလည်း ရှိတုန်းပါပဲ..။ ဒီလိုဆုဖလားတွေကြောင့်သာ အင်္ဂလန်မှာ ဆက်လက်အသက်ဆက်ဖို့ ဆုံးဖြတ်နိုင်ခဲ့တာပါ.။ ဘာလို့လဲဆိုတော့ အသင်းကိုရောက်ပြီး အတော်ကြာတဲ့အထိ ဒီအသင်း၊ ဒီနိုင်ငံမှာ ဖြစ်ပါ့မလားဆိုတဲ့ သံသယစိတ်တွေ ဖြစ်ပေါ်ခဲ့တဲ့အတွက်ပါ..။ နောက်ပြီးကာလင်းဖလားကို ဆွတ်ခူး နိုင်ခဲ့ခြင်းဟာ အသင်းသားတွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာ အပြောင်းအလဲအများကြီး ဖြစ်စေခဲ့ပါ တယ်..။ ဖလားရပြီး ဘာစီလိုနာနဲ့ကန်ရမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မစခင်လေးမှာ ပရိသတ်ကို ဖလားအပ်နှံတဲ့ အခမ်းအနားလေး ကျင်းပခဲ့ပါတယ်..။ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲစဉ်မှာ ကျွန်တော် ပါဝင်ခွင့်မရခဲ့ပေမယ့် အခမ်းအနားအတွက် ကွင်းထဲကို အသင်းနဲ့အတူ ဝင်ခွင့်တော့ ရခဲ့ပါတယ်.။ ဒီလိုအခိုက်အတန့်လေးတွေဟာ အရမ်းကိုကျေနပ်စရာ ကောင်းခဲ့တာကြောင့် ကျွန်တော့် အတွက် စိတ်ဓါတ်ခွန်အားရခဲ့တဲ့အပြင် ဒီနေရာမှာ ဆက်လက်တိုက်ပွဲဝင်ဖို့ အားဆေးလည်း ဖြစ်ခဲ့ရပါတယ်..။