feature-image

အခန်း (၈) - တွေဝေလမ်းခွဲ

ရာသီအဖွင့် ကွန်မြူနတီဖလား၊ အာဆင်နယ်အသင်းနဲ့ ကန်ရတဲ့ပွဲမှာ အဆုံးအဖြတ် အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူနိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ရာသီက ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ ဒုတိယမြောက် ဘောလုံးရာသီမှာ ပြီးဆုံးသွားမယ်လို့ ထင်မှတ်ခဲ့ပါတယ်..။ အခု ၂၀၀၅- ၀၆ ဘောလုံးရာသီအစ နွေရာသီမှာ ဟိုဆေး မော်ရင်ဟိုဟာ အေစီ မီလန်မှာ အဌားချ ထားတဲ့ တိုက်စစ်မှူး ဟာနန် ခရက်စ်ပိုကို ပြန်လည်ခေါ်ယူခဲ့ပါတယ်..။ ဟာနန်ဟာ တစ်ချိန်တုန်းက ကမ္ဘာ့ကြေးအကြီးဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့ပြီး သူ့ရဲ့ဂိုးသွင်းစံချိန်တွေဟာ လေးစားစရာ ကောင်းလှပါတယ်..။ စစချင်းမှာ ဟာနန် ပြန်ရောက်လာမယ့် သတင်းကြားတော့ ဝမ်းသာမိပါတယ်..။

ဒါပေမယ့် မန်နေဂျာဟာ ကျွန်တော်တို့ နှစ်ယောက်အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မခံချင်ဖြစ်ပြီး ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာစေဖို့ ရည်ရွယ်ခဲ့တယ်ဆိုတာ သိလာခဲ့ပါတယ်.။ သူ့ရဲ့ရည်ရွယ်ချက်ဟာ ကျွန်တော်တို့နှစ်ယောက်ကို အလှည့်ကျကစားဖို့ ဆိုတာထက် ပိုခဲ့ပါတယ်..။ တစ်ပွဲမှာ ကျွန်တော်ဂိုးသွင်းနိုင်ခဲ့လည်း နောက်ပွဲကစားချင်မှ ကစားရမယ်၊ ဒါမှမဟုတ် ပထမပိုင်းမှာ တစ်ယောက်ယောက် ဂိုးမသွင်းနိုင်ခဲ့ရင် ဒုတိယပိုင်းမှာ လူစားလဲမယ်၊ ဒီလိုမှမဟုတ် နောက်တစ်ပွဲကျ ပွဲထွက်တိုက်စစ်မှူး အပြောင်းအလဲလုပ်မယ်.။ ကျွန်တော်ထင်တာက သူဟာကျွန်တော်တို့နှစ်ယောက်ရဲ့ အကောင်းဆုံးခြေစွမ်းကို တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ရင်ဆိုင်စေပြီး ကြိုးစားချင်စိတ် ပိုမိုဖြစ်ပေါ်လာ စေဖို့ ရည်ရွယ်ပုံရပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကိုတော့ ကျွန်တော်တို့ကိုမရှင်းပြခဲ့ပါဘူး..။ ဒါပေမယ့် ရာသီစလို့ သုံးပွဲလောက် ကစားပြီးတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်လာသလို ဘာဆက်လုပ်ရမလဲဆိုတာလည်း သိရှိလာခဲ့ပါတယ်..။

ဒီလိုအနေအထားကို ကျွန်တော်တို့နှစ်ယောက်စလုံးက ကောင်းကောင်း နားလည်ခဲ့တဲ့ အတွက် ဘာမှပြဿနာမရှိခဲ့ပါဘူး..။ ကျွန်တော်ကစားခွင့်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြ၊ ဒါမှမဟုတ် ဂိုးသွင်းနိုင်ခဲ့ရင် ဟာနန်ကလာချီးကျူးမယ်..၊ နောက်တစ်ပွဲမှာ သူဂိုးသွင်းနိုင်ခဲ့ရင် ကျွန်တော် သူ့ကိုချီးကျူးမယ်..။ ဒါပေမယ့်အချိန်ကြာလာတဲ့အခါမှာတော့ တဖြည်းဖြည်းနဲ့ စိတ်ပျက်စရာ ဖြစ်လာပါတယ်..။ ဘယ်သူပဲဖြစ်ဖြစ် ပုံမှန်ကစားခွင့်ရတာ အကောင်းဆုံးပဲ မဟုတ်ပါလားဗျာ..။ တစ်ခုရှိတာက ဟိုဆေးဟာ ၄- ၃- ၃ ကစားကွက်ကို ပိုပြီးသဘောကျတဲ့သူမို့ စွန့်စားစရာမလိုတဲ့ အနေအထားမှာဆိုရင် သူဟာအကြိုက်ဆုံးဖြစ်တဲ့ ကစားကွက်ကိုပဲ ခင်းကျင်းပါတယ်..။ ဒီလိုပါပဲ.. တစ်ခါတစ်လေ ၄- ၄- ၂ ပုံစံကို ပြောင်းကစားတဲ့အခါလည်း ရှိတတ်ပါတယ်..။ အဲဒါနဲ့ တစ်နေ့မှာ ကျွန်တော်သူ့ကိုသွားတွေ့ပြီး

“ဟိုဆေး.. အခုမင်းရဲ့ကစားကွက်ပုံစံဟာ ငါ့အတွက် ကစားရတာ အတော်အဆင်မပြေဘူး.။ ငါဟာ တိုက်စစ်မှူး ဖြစ်တဲ့အတွက် ဂိုးသွင်းချင်တယ်၊ ဒါပေမယ့်ကိုယ့်ကို စောင့်ကြည့်နေမယ့် နောက်တန်း လူနှစ်ယောက် အမြဲတမ်းရှိနေတာ သိပ်ကိုခက်ခဲတယ်” လို့ ငြီးငြူခဲ့ပါသေးတယ်..။



ဒီထက်ပိုပြီး စိတ်ပျက်စရာကောင်းတာက အာဖရိကဖလား ပြိုင်ပွဲနဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်.။ ကျွန်တော့်အတွက် ကိုယ့်နိုင်ငံ ကိုယ်စားပြုခွင့်ရခြင်းကို အင်မတန်မှ ဂုဏ်ယူပါတယ်။ ဒါပေမယ့်အခက်အခဲက နှစ်နှစ်တစ်ခါ တစ်ရာသီလုံးအပြည့်ကစားဖို့ မဖြစ်နိုင်တဲ့အချက်ပါ..။ ဒီဇင်ဘာလအကုန်အထိ ကစားနိုင်ပေမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ကန်ရမယ့် ပွဲတစ်ချို့ကို လွတ်သွားနိုင်ပါတယ်..။ အာဖရိကဖလားပွဲ မသွားခင်လေးမှာကို ဟိုဆေးက ခနဲ့သလို၊ ရွဲ့သလိုပြောင်ပြီး “အားလပ်ရက်ခရီး ကောင်းကောင်းသွားလိုက်ဦးပေါ့” လို့ ပြောခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖေဖော်ဝါရီမှာတော့ ကျွန်တော်ပြန်ရောက်ပါပြီ။ အသင်းကို ပြန်ရောက်တဲ့အချိန် မှတ်မိနေတာက ပွဲပန်းပြီး ခြေကုန်လက်ပန်း ကျနေတာပါ။ ဒါလည်း သိပ်တော့အံ့သြစရာ မရှိပါဘူး..။ ပိုဆိုးတာက ကျွန်တော်မရှိတဲ့အချိန်အတွင်း ဟာနန် ခရက်စ်ပိုဟာ ဂိုးတွေအများကြီး သွင်းပေးနိုင်ခဲ့တာပါပဲ..။ ဒါ့ကြောင့်ကျွန်တော်ဟာ ပွဲထွက်နေရာအတွက် ပြန်ပြီးတိုက်ပွဲဝင်ရပါတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အထောင်တိုက်စစ်မှူးအနေနဲ့ ဗဟိုခံစစ်မှူးနှစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ရခြင်းဟာ ကျွန်တော့်အတွက် သိပ်မလွယ်ခဲ့ပါဘူး..။

ဟိုဆေးနဲ့ပတ်သက်ပြီး ထူးခြားတဲ့အရည်အချင်းတွေ သူ့မှာရှိပါတယ်..။ အထူးခြားဆုံးကတော့ သူများပြောစကားကို နားထောင်နိုင်စွမ်းနဲ့ သူပြောတဲ့အတိုင်း ဖြစ်အောင်လုပ်တတ်တဲ့ အရည်အချင်းတွေပါ..။ ကျွန်တော်ဘယ်ပုံစံ ကစားချင်တယ်ဆိုတာ သူသေချာနားထောင်ပါတယ်…၊ သူ့ရဲ့ကစားကွက်ထဲမှာ ဘယ်လိုကစားရင် အဆင်ပြေနိုင်မလဲဆိုတာလည်း ကျွန်တော့်ကိုတွေးခိုင်း၊ တင်ပြခိုင်း၊ ဆွေးနွေးခိုင်းပါတယ်..။

နောက်ဆုံးကျွန်တော်ပြောတဲ့စကားကို နားထောင်ပြီး ဟာနန်နဲ့ကျွန်တော် နှစ်ယောက်စလုံးကို ပြိုင်တူတင်ကစားတဲ့ ၄- ၄- ၂ ပုံစံပြောင်းပြီး ကစားခဲ့ပါတယ်..။ ဒီလိုကစားကွက် အပြောင်းအလဲလုပ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်အနေနဲ့ ပုံမှန် ကစားခွင့်ရခဲ့တဲ့အပြင် ဂိုးတွေလည်း မှန်မှန်သွင်းနိုင်လာပါပြီ..။ အခုပုံစံသစ်ဟာ မာဆေးလ်မှာ ကစားခဲ့ရတာပုံစံနဲ့ ဆင်တဲ့အပြင် ကျွန်တော့်အတွက် နေရာလွတ်တွေလည်း ပိုရလာပါတယ်..။ ဒါ့အပြင် ပွဲထွက်နေရာ ပြိုင်ဆိုင်ဖို့ မလိုတော့တဲ့အတွက် ဖိအားလည်း သက်သာပါတယ်..။

ပွဲကစားချိန် ခြေစွမ်းပြပြီး အဆင်ပြေလာပေမယ့် ပရိသတ်ရဲ့ လက်ခံမှုကို အခုထိမရသေးဘူးလို့ ခံစားနေဆဲဖြစ်နေတာ ကံဆိုးတယ်လို့ ဆိုရမှာပါ..။ ဒါ့အပြင် မတ်လအစောပိုင်းမှာပဲ ဘာစီလိုနာကိုရှုံးပြီး ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲက ထွက်ခဲ့ရပါတယ်..။ မနှစ်က ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တာကြောင့် အခုလို (၁၆) အသင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရခြင်းဟာ အသင်းပရိသတ်တွေအပြင် အသင်းနဲ့ပတ်သက်သူ အားလုံးအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်..။ ဒီပွဲစဉ် နှစ်ကျော့စလုံးမှာ မန်နေဂျာဟာ ၄- ၃- ၃ ပုံစံကိုပဲ အသုံးပြုခဲ့တာကြောင့် ကျွန်တော်ဖြစ်ဖြစ်၊ ဟာနန်ဖြစ်ဖြစ်.. တစ်ယောက်ယောက်ပဲ ပွဲထွက်ခွင့်ရမယ်..၊ ဒါမှ မဟုတ် ဒုတိယပိုင်းမှာ လူစားဝင်ခွင့်ရလိမ့်မယ်.။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်စလုံး ဂိုးပေါက်ပျောက်ခဲ့ရပါတယ်…။



ဒီထက်ဆိုးတာက ကားလင်းဖလားပွဲမှာလည်း ချာလ်တန်အသင်းကို ရှုံးနိမ့် ပြီး လက်ရှိချန်ပီယံဘွဲ့ကို စောစောစီးစီး စွန့်လွှတ်ပြီးတာကြောင့် ဒီနှစ်ရာသီမှာ မျှော်လင့်ချက်က FA ဖလားပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ် သရဖူ ကာကွယ်ဖို့သာ ကျန်ပါတော့တယ်..။


ဒီလိုအခြေအနေမျိုး ကြုံနေဆဲမှာပဲ မတ်လအတွင်းကန်ခဲ့ရတဲ့ ပွဲစဉ်နှစ်ပွဲမှာ ကြုံလာရတဲ့ အဖြစ်အပျက်တွေကြောင့် ကျွန်တော့်ဟာ ကိုယ့်ရဲ့အနာဂတ်အပေါ် ပြန်ပြီးမေးခွန်းထုတ်စရာတွေ ရှိလာခဲ့ပါတယ်..။ ပထမပွဲမှာ ကျွန်တော်တို့ မြို့ခံပြိုင်ဘက် ဖူးလ်ဟမ်းနဲ့ ကစားရပါတယ်..။ သူတို့ဟာ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတာကြောင့် ရလဒ်ကောင်းတစ်ခုကို အသည်းအသန် လိုအပ်နေပါတယ်..။ ခရေဗင် ကော့တေ့ဂျ်မှာ ကစားရတဲ့ပွဲ ပွဲအစ (၅) မိနစ်မှာပဲ သူတို့ပင်နယ်တီရနိုင်မယ့် အခွင့်အရေးတစ်ခုကို ဒိုင်လူကြီးက ငြင်းပယ်ခဲ့တာကြောင့် အိမ်ရှင်ပရိသတ် စိတ်ဆိုးခဲ့ပါတယ်..။ အနှေးပြကွက်တွေအရ ပင်နယ်တီပြစ်ဒဏ်မပေးခဲ့တာ မှန်ကန်ပါတယ်..။ (၁၇) မိနစ်မှာတော့ သူတို့ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး ပွဲကိုလည်းတောက်လျှောက် စီးထားနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့် မော်ရင်ဟိုအနေနဲ့ အပြောင်းအလဲလုပ်မှ ရတော့မယ်..။ ဒုတိယပိုင်းအစမှာ ဂျိုးလ် ကိုးလ်အစား ကျွန်တော့်ကိုလူစားသွင်းပြီး တိုက်စစ်မှာ ဟာနန် ခရက်စ်ပိုနဲ့ ၄- ၄- ၂ ပုံစံပြောင်းကစား၊ တိုက်စစ်ဖွင့်ပါတော့တယ်..။

အသင်းဖော်တစ်ယောက် ကန်တင်ပေးလိုက်တဲ့ အဝေးဘောတစ်လုံးကို ကျွန်တော် အသာလေးထိန်း၊ တစ်ချက်ထုတ်၊ ဂိုးသမား ခရော့စ်လေကို အသာလေးခေါက်ပြီး ဂိုးသွင်းလိုက်ပါတယ်..။ ချေပဂိုးရလိုက်ပြီလို့ ကျွန်တော်ထင်လိုက်ပါတယ်..။ ဒါပေမယ့် ဖူးလ်ဟမ်း ကစားသမား တွေဟာ လက်ထိဘောပေးဖို့ ဒိုင်လူကြီး မိုက်ခ် ဒင်းကို ဝိုင်းပြီးဖိအားပေးကြပါလေရော၊ ကျွန်တော် ဘောလုံးထိန်းခဲ့တဲ့အချိန် မိုက်ခ် ဒင်းရဲ့ နေရာယူပုံအရ သေသေချာချာမြင်ဖို့ မဖြစ်နိုင်ပါဘူး..။ အစပိုင်းမှာ ဆုံးဖြတ်ပြီးတဲ့အတိုင်း ဂိုးပေးဖို့ပဲပါပဲ..။ ဖူးလ်ဟမ်း ကစားသမားတွေနဲ့ ပရိသတ်က အရမ်းကိုဆူပွက်နေတာမို့ စည်းကြပ်ဒိုင်နဲ့ ပြန်တိုင်ပင်ပါတယ်..။ နောက်ပြီးဂိုးမပေးဖို့ ဆုံးဖြတ် လိုက်ပါတယ်..။ ပွဲပြီးတော့ ဂိုးပေး၊ မပေးဆုံးဖြတ်ချက်မှားတာ၊ မှန်တာ အဓိကမကျတော့ပဲ ကျွန်တော့်ကိုဝေဖန်သံတွေသာ မီဒီယာထက်မှာ ပွက်လောညံကုန်ပါတယ်..။ ဒီပွဲက အငြင်းပွားစရာတွေဟာ ဒီလောက်နဲ့ မပြီးဆုံးသွားပါဘူး..။ ဝီလီယံ ဂါးလက်စ်တစ်ယောက် ပွဲပြီးခါနီးမှာ ဖူးလ်ဟမ်း တိုက်စစ်မှူးတစ်ယောက်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် အနီကတ်ဒ်ပြ၊ ထုတ်ပယ် ခံခဲ့ရပါသေးတယ်..။



ဒုတိယပွဲက ပိုဆိုးပါတယ်..။ မန်ချက်စတာ စီးတီးနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွင်း၊ ပွဲပြီး အဖြစ်အပျက်တွေဟာ ကျွန်တော့်အတွက် ဘယ်တော့မှ မမေ့နိုင်စရာပါပဲ..။ ဒီပွဲမှာတော့ ပွဲစတည်းက အသာစီးနဲ့ ကျွန်တော်တို့ ကစားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဂိုးရဖို့ ခက်နေခဲ့တယ်..။ ဒီပွဲမှာ ကျွန်တော့်ရဲ့ တွဲဖက်တိုက်စစ်မှူးက အိုက်ဒါ ဂူဂျွန်ဆင်ပါ..။ ဒီလိုနဲ့ ပွဲချိန် (၁၃) မိနစ်မှာ ဂူဂျွန်ဆင်က ကျွန်တော့်ရဲ့ ပြေးလမ်းထဲကို လှလှပပ ထိုးပေးလိုက်တယ်..၊ နောက်တန်း တွေကြားက ဖြတ်ဆွဲထွက်ပြီး ဒီရာသီအတွက် ဆယ့်သုံးဂိုးမြောက်သွင်းဂိုး ရယူပေးလိုက်ပါတယ်။ ဒီဂိုးသွင်းပြီး သုံးမိနစ်လောက် အကြာမှာပဲ အနီးကတ်ပိတ်သွင်းပြီး ဒုတိယမြောက် ဦးဆောင်ဂိုးရလိုက်ပါတယ်..။ နောက်ဆက်တွဲ အဖြစ်အပျက်တွေဟာ ဖူးလ်ဟမ်းနဲ့ပွဲတုန်းကအတိုင်းပါပဲ..၊ ဂိုးမသွင်းခင် ကျွန်တော်လက်နဲ့ ထိန်းပါတယ်ဆိုပြီး မန်စီးတီးနောက်တန်းလူတွေက ဝိုင်းကန့်ကွက်ခဲ့ကြပါတယ်..။ ဘယ်လောက်အထိအောင် စိတ်ဆိုးကြလဲဆိုရင် အသင်းခေါင်းဆောင် ဆီလ်ဗီယန် ဒက်စ်တင်ဟာ ဒိုင်လူကြီး ရော့ဘ် စတိုင်းလ်ကို ပေါ်တင်စိန်ခေါ် တိုက်ခိုက်တဲ့အထိပါပဲ..။ ပထမပိုင်း ပြီးတဲ့အထိထိတောင် စောဒကတက်လို့ မဆုံးနိုင်တဲ့အတွက် အဝါကတ်ဒ်ပြ သတိပေးခံခဲ့ရပါတယ်။ ကျွန်တော်ဂိုးသွင်း ပြီးပြီးချင်းတုန်းက ပြင်းပြင်းထန်ထန် စောဒက တက်ခဲ့သေးတာကြောင့် သူအဝါ ကတ်ဒ်တစ်ကြိမ် အပြခံရပြီးသားပါ..။

တစ်ယောက်လျော့၊ နှစ်ဂိုးရှုံးဆိုတော့ ပွဲပြီးသလောက် ဖြစ်နေပြီဆိုပေမယ့် ဇာတ်လမ်းတွေက မဆုံးသေးပါဘူး..။ ပွဲပြီးခါနီးမှာ နောက်ခံလူ ရစ်ချက် ဒန်းနဲ့ ကျွန်တော်တို့ ငြိကျပြန်ပါတယ်..။ ကျွန်တော်သူ့ကို ဖြတ်ကျော်ဆွဲပြေးဖို့ ကြိုးစားတဲ့အခါ ကျွန်တော့်ဘက်ကို ပြန်လှည့်ဖို့ သူကြိုးစားပါတယ်..။ အဲဒီမှာခြေချော်ပြီး လဲကျတော့မလိုဖြစ်သွားပြီး သူ့ရဲ့လက်ကိုဆန့်မိတဲ့အချိန် လက်ဖျားနဲ့ကျွန်တော့်မျက်လုံး ထိခိုက်မိပါတယ်…။ ရုတ်တရက် အရမ်းနာကျင်သွားတာကြောင့် ကျွန်တော်လှဲချလိုက်ရပါတယ်..။ မျက်လုံးလည်း ချက်ချင်းယောင်တက်လာပါတယ်..။ ဒါပေမယ့် စီးတီး ပရိသတ်က ဒီလိုဖြစ်တာ သတိမထားမိပဲ ဟန်ဆောင်လှဲချတယ်ဆိုပြီး ကျွန်တော့်ကို ဝိုင်းလှောင်ပါတယ်..။ အဲဒီအထဲမှာ ကျွန်တော်တို့အသင်း ပရိသတ်တွေ ပါနေတာကိုလည်း သတိပြုမိပါတယ်..။ ကျွန်တော့်မှာ ကိုယ့်ပရိသတ်ကိုယ်တိုင်ကတောင် ဒီလိုလုပ်ပါလားဆိုပြီး မယုံနိုင်အောင် ဖြစ်ရပါတော့တယ်..။



အသင်းအတွက် အစွမ်းကုန် မပေးဆပ်လို့၊ ရေသာခို ကစားနေလို့ လှောင်ပြောင်ကြတယ်ဆိုရင် နားလည်ပေးလို့ရပေမယ့် အခုလိုပရိသတ်ရဲ့ အားပေးမှုရအောင်လို့ အသင်းအတွက် အစွမ်းကုန် အားထုတ်ကစားနေချိန်မှာ ဒီလိုဖြစ်ရတဲ့အတွက် ပိုပြီးယူကျုံးမရ ဖြစ်ရပါတယ်..။ ပွဲသိမ်းခရာမှုတ်ခါနီး ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ကျွန်တော်ရတယ်လို့ ကြေငြာပါတယ်..။ နှစ်ဘက်ပရိသတ်ရဲ့ လှောင်ပြောင်၊ ရှုံချသံတွေ ပိုပြီးကျယ်လောင်လာပါတယ်။ ဘယ်သူကမှ မနှစ်သက်တဲ့ အပယ်ခံ အကောင်းဆုံးဘောလုံးသမာပေါ့..။ ဒီလိုဖြစ်ခဲ့တာ ကျွန်တော့်အတွက် အလွန်နာကျင်ရပါတယ်..။

မီဒီယာတွေက ပိုတောင်ဆိုးပါသေးတယ်..။ ပွဲပြီးတာနဲ့ သတင်းထောက်တွေ တစ်ပြုံကြီးရောက်လာပြီး လက်ထိဘောပေးတာ မှန်တယ်လို့ ထင်သလား? ခင်ဗျားရဲ့မျက်လုံးကို တကယ် ထိမိခဲ့သလား? စတဲ့မေးခွန်းတွေ ဝိုင်းမေးပါတော့တယ်..။ ဘီဘီစီ သတင်းဌာနရဲ့ “Match of the Day” အစီအစဉ် သတင်းထောက်နဲ့ တွေ့တဲ့အချိန် သူ့ရဲ့မေးခွန်းတွေက သိပ်မြန်လွန်းပါတယ်..။ အင်္ဂလိပ်စကားပြော အရင်ကထက် ကျွမ်းကျင်လာပြီ ဆိုပေမယ့် ကျွန်တော့်မှာ လုံးစေ့ပတ်စေ့ နားလည်ဖို့တောင် မနည်းပါပဲ..။ သူနဲ့တွေ့ဆုံခန်းမှာ ကျွန်တော့်ရဲ့တစ်ခုတည်းသော အမှားက “နုံအ” တာပါ.။ ဒါကြောင့် “ဒီဘောလုံးဟာ လက်ထိဘောတစ်ကယ်ဖြစ်ခဲ့လား” လို့ သူမေးတဲ့အချိန် ကျွန်တော်က “ဟုတ်ပါတယ်..။” လို့ ဖြေလိုက်တယ်..။ ဒါပေမယ့်ကျွန်တော်ဆိုလိုချင်တာက ဒီပွဲ မတိုင်ခင် ဖူးလ်ဟမ်းနဲ့ပွဲမှာ ငြင်းပယ်ခံရတာကို ရည်ညွှန်းပြီး “ကစားပွဲတွေမှာ ဒါမျိုးဖြစ်တတ်ပါတယ်..။ ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်အပေါ်ပဲ မူတည်တာပါ..။ ဒါ့ကြောင့်ဒီအဖြစ်အပျက်မျိုးဟာ ဘောလုံးပွဲတစ်ပွဲရဲ့ အစိတ်အပိုင်း တစ်ခုလို့ ကျွန်တော်ယူဆပါတယ်” ဆိုတဲ့သဘောပါ..။

မန်ချက်စတာ စီးတီးအသင်းနှင့်ပွဲမှ ဒရော့ဘာ ၏ သွင်းဂိုးများကို ရှုစားနိုင်ရန် >>>

နောက်ကျွန်တော်ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့သလား? လို့ သူဆက်ပြီး မေးပြန်ပါတယ်..။ ဇာတ်လမ်းက ဒီမှာစတာပါ..။ သူ့ရဲ့အမေးကို ကျွန်တော်က “တစ်ခါတစ်လေတော့ လှဲချလိုက်တယ်…။ ဒါပေမယ့် အတတ်နိုင်ဆုံး မလှဲချဖြစ်အောင် ကြိုးစားခဲ့တယ်..။ ဘောလုံးကစားပွဲဆိုတာ အမြဲတမ်းတစ်ပုံစံတည်း ကစားနေလို့ရဘူးဆိုပေမယ့် ကျွန်တော်ဟာ ကစားပွဲကိုပဲ အာရုံစိုက် ပါတယ်..၊ ဟန်ဆောင်လှဲချဖို့ မကြိုးစားဘူး..၊ ဒီလိုမကြာမကြာ လဲကျနေတာကို ပရိသတ်က သဘောမကျရင် ကစားပုံပြောင်းဖို့ ကျွန်တော်ကြိုးစားရမှာပါ..” လို့ အပြည့်အစုံ ပြောခဲ့တယ်..။ ဒါပေမယ့် သူတို့က “တစ်ခါတစ်လေ လှဲချလိုက်ပါတယ်” ဆိုတဲ့ အပိုင်းကိုပဲဖြတ်ပြီး ထပ်ခါထပ်ခါ အသားပေးဖော်ပြကြပါတယ်..။ ကျွန်တော် ထောင်ချောက်မိပါပြီ...။ ဒီအဖြစ်အပျက်ဟာ အင်္ဂလိပ် မီဒီယာတွေနဲ့ပတ်သက်ပြီး ကျွန်တော့်အတွက် ဘယ်တော့မှမမေ့နိုင်မယ့် တစ်သက်စာသင်ခန်းစာပါ..။ အစောပိုင်းကာလမှာ အင်မတန်မှ နာကျင်ခဲ့ရပါတယ်..။ ကျွန်တော့်ရဲ့အဖြေဟာ ရုပ်/ သံဌာနတိုင်း၊ အင်တာနက် စာမျက်နှာတိုင်းထက် ခေါင်းစီးသတင်း ဖြစ်သွားရပါတယ်..။

ဒီအဖြစ်အပျက် မတိုင်ခင်အထိ မေးခွန်းတွေကို ဖြေတဲ့အခါမှာ ကျွန်တော့်အပေါ် သူတို့တွေ ဘယ်လိုမြင်ကြတယ်..၊ မီဒီယာတွေက ကျွန်တော့်ကို ဘယ်လိုသဘောထားကြတယ်..၊ စတဲ့ အချက်တွေကို သတိမမူမိခဲ့ပါဘူး.။ ဒါ့အပြင် ကျွန်တော့်ရဲ့ အင်္ဂလိပ်စကားပြောဟာ ပြင်သစ်ဆန် နေတုန်းဖြစ်ပြီး ဝေါဟာရ အသုံးအနှုန်းလည်း မကြွယ်ဝပါဘူး..။ မေးခွန်းတွေကို ပြင်သစ်လိုသာ ဖြေခွင့်ရမယ်ဆိုရင် အခုလိုပြဿနာတွေ ရှိခဲ့မှာ မဟုတ်ပါဘူး..။ ဝေဖန်မှုတွေ စီစီညံပြီး အားလုံးက ကျွန်တော့်ကို ဝိုင်းဝန်းတိုက်ခိုက်နေချိန်မှာ ကျေးဇူးတင်သင့်တဲ့သူ တစ်ဦးကတော့ အာစင် ဝင်းဂါးပါ။

ကျွန်တော့်ဘက်ကရပ်တည်ပြီး ကျွန်တော်ဟာ ညစ်ကျယ်ကျယ်ကစားတတ်သူ မဟုတ်ကြောင်း၊ တစ်ယောက်နဲ့တစ်ယောက် တွန်းရင်းဆွဲရင်း ဒီလိုဖြစ်ရပ်တွေ ဖြစ်လာနိုင်ကြောင်း ထောက်ခံပေးခဲ့ပါတယ်..။ သူ့ရဲ့ပြောကြားချက်က တစ်ကယ့်အမှန်တရားပါ..။ ကျွန်တော့်ပုံစံ ကစားတတ်တဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ တိုက်စစ်မှူးတိုင်းဟာ တွန်းမယ်..၊ တိုက်မယ်.. နောက်ခံလူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မယ်။ သူတို့ထက်ပိုပြီး ထူးထူးခြားခြားကစားပုံ ကျွန်တော့်ဆီမှာ မရှိပါဘူး..။ ဒါပေမယ့် ကျွန်တော့်မှာ သူများတွေထက် ပိုပြီးအာရုံစိုက်ခံ ခဲ့ရပါတယ်..။ နောက်တစ်ချက်ရှိတာက အင်္ဂလိပ် တွေရဲ့ ဘောလုံးကစားပုံနဲ့ အထာကျအောင် အချိန်ယူခဲ့ရတာမို့ အစပိုင်း တစ်ရာသီ၊ နှစ်ရာသီ အတွင်းမှာ ဟန်ဆောင် လှဲချတယ်ဆိုတဲ့ ပြဿနာ အတော်ရှိခဲ့ပါတယ်..။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ဒါတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်..။   



မန်ချက်စတာ စီးတီးနဲ့ပွဲအပြီးမှာ အရမ်းစိတ်ပျက်မိခဲ့တာကြောင့် အေးဂျင့်ဖြစ်တဲ့ သီယာနို၊ သူကတဆင့် ပါပီတို့နဲ့ပြန်ပြီးတိုင်ပင်ပါတယ်..။

“ဒီမှာငါမပျော်တော့ဘူး၊ အတော်စိတ်ပျက်စရာကောင်းနေပြီ..။ အသင်းကကောင်းပါတယ်..။ ဖလားတွေလည်း ရနေတာပဲ..။ ဒါပေမယ့်ဒီမှာဆက်နေချင်လား မနေချင်လား ငါကိုယ်တိုင်တောင် မသိတော့ဘူး..။”


ကျွန်တော်ပြောတာကို သူတို့နှစ်ယောက်လုံး နားထောင်ပါတယ်…။ ကျွန်တော် ချယ်လ်ဆီးရောက်သွားတာ သူတို့အပြစ်လည်း ပါပုံရတယ်လို့ ထင်နေပုံရပါတယ်..။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ ငြီးတွားချက်တွေအပေါ် ဘာမှပြန်မပြောပါဘူး..။ ဆက်ပြီးအမျိုးသမီးနဲ့ တိုင်ပင်ကြည့်ပါတယ်..။ သူမဟာ ထင်မြင်ချက်တစ်ခုခုကို တော်ရုံတန်ရုံ ပေးခဲပါတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချတော့မယ်ဆိုရင် သူမနဲ့အမြဲ တိုင်ပင်ပါတယ်..။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ဟာ မိသားစုအတွက် အဆင်ပြေမှလည်း ဖြစ်မှာပါ..။

“အခုဟာက ရှင့်အတွက်ကော ကျွန်မတို့အတွက်ပါ ခက်ခဲတယ်..။ ဒါပေမယ့် ကလေးတွေကြည့်ရတာ ဒီမှာ ပျော်နေတဲ့ပုံပါပဲ.. ဒါ့ကြောင့်…” ဆက်မပြောတော့ပါဘူး..။

သူဆိုလိုချင်တာက ဘယ်လိုပဲဆုံးဖြတ်၊ ဆုံးဖြတ် သူလက်ခံမယ်..၊ ဒါပေမယ့် ကျွန်တော်တို့ အင်္ဂလန်မှာ ဆက်ပြီးရှိနေဖို့ မျှော်လင့်တယ်ဆိုတဲ့သဘောပါ..။ သူမရဲ့ ပြောစကားကို အလေးအနက်ထားပြီး နောက်ပိုင်းမှာ အင်္ဂလန်မှာ ဆက်နေဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်..။ အဲဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့်အတွက် အကောင်းဆုံး ဖြစ်သွားခဲ့ပါတယ်..။ အခုအချိန်မှာ ချယ်လ်ဆီးဟာ ရည်မှန်းချက်ကြီးမားပြီး အနာဂတ်အတွက် မျှော်မှန်းချက်၊ အစီအစဉ်တွေလည်း အများကြီး ရှိနေပါတယ်..။ ရာသီအစမှာ ကော့ဘ်ဟမ်လေ့ကျင့်ကွင်းသစ်ကို ပြောင်းခဲ့ပြီ…။ လုပ်ငန်းတွေ အချာသတ်အပြီးမှာတော့ ဒီလေ့ကျင့်ကွင်းဟာ သိပ်ကိုကောင်းမွန်၊ ခေတ်မှီတဲ့ လေ့ကျင့်ကွင်း တစ်ခု ဖြစ်လာခဲ့ပါပြီ..။ အသင်းပိုင်ရှင်ဟာ ကျွန်တော်တို့ ကွင်းထဲမှာ အောင်မြင်မှုတွေ ရနေဖို့ ဘာမဆို ပံ့ပိုးမယ်ဆိုတဲ့သဘောကို ဒီလေ့ကျင့်ကွင်းက ထင်ဟပ်နေပါတယ်..။ ဒါ့အပြင် ကျွန်တော်ဟာ အရန်ခုံမှာ ဖင်ပူအောင် ထိုင်နေရတာ မဟုတ်ပါဘူး..။ ပုံမှန်ကစားခွင့်လည်း ရနေတယ်..၊ ဂိုးတွေလည်း သွင်းပေးနိုင်တယ်..၊ မန်နေဂျာရဲ့ ယုံကြည်မှုကိုလည်း ရနေတယ်..။ ပရိသတ်ရဲ့ စိတ်နှလုံးကို ရရှိဖို့ပဲ ကျန်တော့တာ ဖြစ်ပါတယ်..။



ဒါ့ကြောင့်လာမည့်နောက်ရာသီအတွက် အကောင်းဆုံးဖြစ်အောင် အစီအစဉ်ကြိုတင် ရေးဆွဲပါတော့တယ်။ ပထမဆုံးအနေနဲ့ ရာသီကုန်ရင် အကောင်းဆုံး အနားယူမယ်.၊ နောက်ပြီး  ဂျာမနီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုသွားမယ်..။ ကိုယ့်တိုင်းပြည်အတွက် အကောင်းဆုံး ကစားပေးပြီး ရာသီကြိုကာလမှာ ခြေစွမ်းအကောင်းဆုံးရနေအောင် လေ့ကျင့်မယ်..။ ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှောက် ရာသီကြိုကာလတွေမှာ ပြင်ဆင်ခွင့်ကောင်းကောင်းရခဲ့ရင် တစ်ရာသီလုံး ခြေစွမ်းကောင်းခဲ့တာပါပဲ..။ ရာသီကြိုပြင်ဆင်မှု ကောင်းမွန်ဖို့ဆိုတာ လေ့ကျင့်မှုကောင်းရမယ်၊ ဒဏ်ရာအနာတရကင်းရမယ်..၊ လေ့ကျင့်ခန်းတွေကို တစ်ချိန်ပြီးတစ်ချိန် ကျေညှပ်နေအောင် အထပ်ထပ် လေ့ကျင့်ရမယ်.၊ ခြေကုန်လက်ပန်းကျတဲ့အထိ မဟုတ်ပေမယ့် ကိုယ့်ရဲ့စံချိန်တွေကို တစ်ခုပြီးတစ်ခုချိုးနိုင်အောင် လေ့ကျင့်ရမှာ ဖြစ်ပါတယ်..။ ချယ်လ်ဆီး ရောက်ပြီး ပထမဆုံးအကြိမ် အဖြစ် ရာသိကြို ပြင်ဆင်မှုကို စိတ်ကြိုက်ဖြစ်အောင် လေ့ကျင့်ဖို့ ဖြစ်ပါတယ်..။

ဒါကတော့ စိတ်ကူးထဲက အစီအစဉ်ပါ..။ မန်ချက်စတာ စီးတီးနဲ့ပွဲပြီး နှစ်ရက်အကြာမှာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရပါတယ်..။ ၄ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့အပြင် ဝေဖန်မှုတွေကို ခြေစွမ်းနဲ့ပြန်ပြီး တုံ့ပြန်နိုင်ခဲ့တာကြောင့် ကျွန်တော့်အတွက် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ ပွဲပြီးရလဒ်ကသာ ပြတ်သားပေမယ့် တစ်ကယ့်ကို ခက်ခက်ခဲခဲ ကန်ခဲ့ရတာပါ..။ ပွဲစ (၁၇) မိနစ်အတွင်း ကျွန်တော်တို့ တစ်ဂိုးရှုံးနေတဲ့အပြင် လူတစ်ယောက်ပါ အထုတ်ခံလိုက်ရပါတယ်..။ အခြေအနေ သိပ်မကောင်းပါဘူး..။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အရေးကြီးတဲ့ ချေပဂိုးကို ကျွန်တော်သွင်းပေးနိုင်ခဲ့တဲ့အပြင် ခရက်စ်ပိုအတွက် ဦးဆောင်ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့တယ်..။ ပွဲပြီးတော့ မော်ရင်ဟိုက ကျွန်တော့်ကို ထောက်ခံခဲ့တဲ့အပြင် ဝေဖန်သူတွေကိုပါ နှုတ်ဆိပ်သွားအောင် အခုလို ပြောကြားခဲ့ပါတယ်..။ သူက


“ပွဲပြီးပြီးချင်း ဒီဒီယာကို ကျွန်တော်ဒီလိုပြောလိုက်တယ်..၊ မင်းအခုချက်ချင်းအိမ်ပြန်.၊ TV ဖွင့်ကြည့် ပြီး ပွဲသုံးသပ်သူတွေ ဘာပြောလည်း နားထောင်၊ နောက်တစ်ရက်မနက်ကျ ထွက်သမျှ သတင်းစာတွေ အကုန်ဝယ်ဖတ်ကြည့်လိုက်ပါ..။ လွန်ခဲ့တဲ့နှစ်ရက်က မင်းကိုသတ်ချင်ပါတယ် ဆိုတဲ့သူတွေ အကုန်လုံး မင်းဘယ်လောက်ကောင်းတယ်ဆိုတာ ပြောတဲ့အသံတွေပဲ ကြားနေရလိမ့်မယ်.။” သူ့ရဲ့ အားပေးစကားဟာ ကျွန်တော့်ကို စိတ်သက်သာ ရစေခဲ့ပါတယ်..။



ဧပြီလဆန်းမှာတော့ ကျွန်တော်တို့ဟာ FA ဖလားနဲ့ ပရီးမီးယားလိဂ် ဖလားနှစ်လုံး လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်..။ FA ဖလား ဆီမီးဖိုင်နယ်က မဟာပြိုင်ဘက် လီဗာပူးလ်နဲ့ အိုး ထရက်ဖို့ဒ်မှာ ကစားရပါမယ်..။ ဧပြီလကုန်ကန်တဲ့ပွဲမှာ ကျွန်တော်အမြင့်ဘောကနေ ခေါင်းတိုက်ပြီး တစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ကြိုးကြာနီတွေက နှစ်ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်.။ ကျွန်တော်တို့ အခွင့်အရေးတွေရခဲ့တာ မှန်ပေမယ့် အဲဒီနေ့က လီဗာပူးလ်ဟာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်..။ အဒီရှုံးပွဲဟာ အသင်းသားတွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပေမယ့် လာမယ့် စနေနေ့မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အရေးကြီးတဲ့ပွဲ ကန်ရဦးမှာမို့ ဝမ်းနည်းနေဖို့ အချိန်မရှိပါဘူး..။ မန်ချက်စတာ ယူနိုက်တက်နဲ့ အိမ်ကွင်းမှာ ကစားရမယ့်ပွဲကို အနိုင်ရခဲ့ရင် ကျွန်တော်တို့ ပရီးမီးယားလိဂ် သရဖူကို ဆွတ်ခူးနိုင်ပါမယ်..။

စိတ်အားအရမ်းတက်နေတဲ့အတွက် ပွဲစငါးမိနစ်မှာပဲ ဝီလီယံ ဂါးလက်စ်က ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်.။ ဖရန့် လမ်းပတ် ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောလုံးကို ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ..။ ယူနိုက်တက်ကလည်း ချေပဂိုးရဖို့ အတင်းကြိုးစားပါတယ်..။ ဝိန်း ရူနီ အခွင့်အရေးတွေ ရခဲ့သေးပေမယ့် လွဲချော်ခဲ့ပါတယ်..။ ပွဲဟာသူတင်၊ ကိုယ်တင် ဖြစ်နေတုန်း ဒုတိယပိုင်း (၁၅) မိနစ်လောက်မှာ ဂျိုး ကိုးလ်ဟာ တစ်ဦးချင်း စွမ်းဆောင်မှုနဲ့ အင်မတန်လှပတဲ့ ဒုတိယဂိုး သွင်းပေးနိုင်ခဲ့ပါတယ်..။ ယူနိုက်တက်တို့ရဲ့ ပွဲပြီးထိ တိုက်ပွဲဝင်တတ်တဲ့ စိတ်ဓါတ်ကြောင့် စိတ်မချရ သေးဘူးဆိုပေမယ့် ဂျိုး ကိုးလ်ရဲ့သွင်းဂိုးဟာ ကျွန်တော်တို့ကို စိတ်သက်သာ ရစေခဲ့ပါတယ်..။ နောက်ဆုံးတတိယဂိုးကို တန်ပြန်တိုက်စစ်ကနေ ရီကာဒို ကာဗယ်လ်ဟိုက သွင်းပေးခဲ့ပါတယ်..။ ရလဒ်ကသာ ဂိုးပြတ်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားပုံ၊ စိတ်ဓါတ်ဟာ ရလဒ်နဲ့ ထပ်တူမကျခဲ့ပါဘူး..။

အဆုံးသတ်တော့ အင်္ဂလန်ရောက် ဒုတိယမြောက်ရာသီဟာလည်း အခက်အခဲတွေနဲ့ ကြုံတွေခဲ့ရပါတယ်။ အခုအချိန်အထိ ပရိသတ်အများစုက ကျွန်တော့်ကို လက်မခံကြသေးပါဘူး။ မီဒီယာတွေရဲ့ ပုံဖော်မှုကြောင့် ကျွန်တော့်ရဲ့ကစားပုံကို ပရိသတ်လက်ခံဖို့ ခက်ခဲနေတာလည်း ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီလိုပါပဲ.. အခုနှစ်ဘောလုံးရာသီမှာ ကျွန်တော့်အတွက် ကောင်းတာ ကော၊ ဆိုးကွက်တွေပါ ဒွန်တွဲလို့နေပါတယ်..။ ဒီနှစ်တစ်နှစ်လုံးရဲ့ အဆိုးဆုံးအချိန်က မန်ချက်စတာ စီးတီးနဲ့ပွဲ ဖြစ်ပါတယ်..။ ဒါပေမယ့်နောက်ဆုံးမှာ ဒီအသင်းနဲ့ဆက်ပြီး လက်တွဲဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်..။ ပရီးမီးယားလိဂ် ဆုဖလားကို ထပ်မံရရှိလိုက်ခြင်းဟာလည်း ချယ်လ်ဆီးအသင်းမှာ ဆက်ပြီးရှိနေဖို့ တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်..။ အသင်းဖော်တွေနဲ့အတူ ဆုဖလားကို ကိုင်မြှောက် ခွင့်ရခဲ့တဲ့ အရသာ..၊ အသင်းကိုသိပ်ချစ်တဲ့ ပရိသတ်ရဲ့ရှေ့မှာ အောင်ပွဲခံခဲ့ရတဲ့အရသာ..၊ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးပြိုင်ဘက်ကြီးကို အနိုင်ယူပြီးအောင်ပွဲခံခဲ့ရတဲ့ အရသာတွေဟာ အင်မတန်မှ ချိုမြိန်လွန်းခဲ့ပါတယ်..။

ဒီပွဲကို အနိုင်ရခဲ့အပြီး ဒုတိယနေရာက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ (၁၂) မှတ်အထိ ကွာသွားတာကြောင့် ပရီးမီးယားလိဂ် ဆုဖလားကို အလွယ်တကူ ရခဲ့တယ်လို့ ထင်မှတ်နိုင်ပါတယ်..။ ဒါပေမယ့် ဒုတိယအကြိမ် ဗိုလ်စွဲဖို့ဆိုတာ ပိုလို့တောင်ခက်ခဲပါတယ်..။ ရာသီအစပိုင်း တာထွက်ကောင်းခဲ့ပြီး (၁၆) ပွဲကစား၊ (၁၅) ပွဲအထိ အနိုင်ကစားနိုင်ခဲ့တာမို့ အားလုံးက ကျွန်တော်တို့ရဲ့ ဆုဖလားလို့ပဲ အပိုင်တွက်ထားလိုက်ကြပါပြီ..။ ဒါပေမယ့်နောက်ပိုင်းမှာရလဒ်တွေ မကောင်းပဲ ဖြစ်နေတဲ့အချိန် ကျွန်တော်တို့ရဲ့ပြိုင်ဘက် အာဆင်နယ်၊ လီဗာပူးလ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းတွေဟာ တဖြည်းဖြည်းနဲ့ အမှီလိုက်နိုင်လာခဲ့ပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်မှာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ကန်ပြီး ပန်းမဝင်ခင် ဧပြီလအစောပိုင်းမှာ ဝက်စ်ဟမ်း၊ ဘော်လ်တန်နဲ့ အဲဗာတန်တို့ကို သုံးပွဲဆက် အနိုင်ကန်နိုင်ခဲ့တာကြောင့် အခြေအနေကောင်းခဲ့တာပါ..။



ရာသီကုန်တော့ ကျွန်တော်တို့ ရှစ်မှတ်ဖြတ် ဗိုလ်စွဲခဲ့ပြီး (၂၉) ပွဲအထိ အနိုင်ကစား နိုင်ခဲ့တာကြောင့် မနှစ်ကတင်ထားခဲ့တဲ့ တစ်ရာသီအတွင်း နိုင်ပွဲအများဆုံးစံချိန်ကို လိုက်မှီခဲ့ပါတယ်။ ဒီလိုရမှတ်တွေ၊ စံချိန်တွေအရကြည့်ရင် လွယ်လွယ်ကူကူ ဆုဖလားရခဲ့တယ်လို့ ထင်နိုင်ပါတယ်..။ ဒါပေမယ့် ရာသီ ကုန်ခါနီး အရေးကြီးပွဲစဉ်များဟာ ခက်ခဲလှပါတယ်..။ ဒီနှစ်ရာသီကနေသိလိုက်ရတာက ဖိအားတွေ၊ မျှော်လင့်ချက်တွေဟာ အောင်ပွဲကိုပိုပြီးချိုမြိန်စေသလို  ပိုပြီးတော့ဂုဏ်ယူဖို့လည်း ကောင်းတယ်ဆိုတာပါ..။ ဒီနှစ်ရာသီရဲ့ ခြေစွမ်းတည်ငြိမ်မှုဟာ ဆုဖလားတိုင်းအတွက် စိန်ခေါ်နေမယ့်အသင်းအဖြစ် ကျွန်တော်တို့တစ်တွေ ရှိနေဦးမယ်ဆိုတာ ပြသလိုက်တာပဲဖြစ်ပါတယ်.။ ဟိုဆေး မော်ရင်ဟို ကိုယ်တိုင်ကလည်း နောက်ရာသီမှာဆုဖလားတွေရလိမ့်ဦးမယ်လို့ တွေးထားပုံရပါတယ်..။ ဘာလို့ လဲဆိုတော့ ပရီးမီးယားလိဂ်ဆုဖလားအတွက် အောင်ပွဲခံတဲ့အခမ်းအနားမှာ သူ့ရတဲ့ဆုတံဆိပ်ကို ပရိသတ်ထဲ ပစ်ပေးလိုက်ပြီး ပျော်ရွှင်အောင် လုပ်ပေးခဲ့တာကြောင့်ပါ..။ နောက်ထပ်အောင်ပွဲ တွေအတွက် သူပြင်ဆင်ပြီး ဖြစ်လိမ့်မယ်လို့ ယူဆမိခဲ့ပါတယ်..။