၂၀၀၇ ခုနှစ်၊ ဘောလုံးရာသီအစမှာတော့ ဟိုဆေးနဲ့အသင်းရဲ့ကြားက အနေအထားဟာ ခန့်မှန်းရခက်တဲ့ပုံစံ ဖြစ်သွားပါတယ်..။ အသင်းပိုင်ရှင်နဲ့ ဟိုဆေးတို့ နှစ်ယောက်စလုံးဟာ သူတို့ဘာကို ရချင်သလဲဆိုတာ သေသေချာချာသိကြတဲ့သူတွေပါ.။ ဒါပေမယ့် လိုချင်တဲ့ပန်းတိုင်ကို သွားဖို့ကြတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေမတူကြပါဘူး..။ အသင်းပိုင်ရှင်က ချန်ပီယံလိဂ်ကို အရမ်းလိုချင်နေပါတယ်..၊ ပရီးမီးယားလိဂ်လည်းပါတာပေါ့..။ ပြီးခဲ့တဲ့ရာသီမှာ ဒီဖလားနှစ်ခုစလုံး မရခဲ့ပါဘူး.။ အဲဒီအချက်ဟာ သူတု့ိကြားက အဓိကပြဿနာ ဖြစ်ခဲ့ပုံရပါတယ်..။ မန်နေဂျာက သူ့အသင်းရဲ့ပုံရိပ်၊ ကစားသမားတွေရဲ့ပုံရိပ်တွေကို ကာကွယ်ဖို့ အဓိကထားခဲ့ပုံရပါတယ်..။ သူ့မှာဖိအားတွေ များလာတယ်ဆိုတာ ကျွန်တော်တို့အားလုံး သတိထားမိပါတယ်..။ အထူးသဖြင့် ရာသီအစပိုင်း အထနှေးနေတာကို အရှိန်ပြန်ရအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အပေါ် အသင်းပိုင်ရှင်နဲ့ မန်နေဂျာရဲ့ကြားမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်..။ ပြီးတော့ သူတို့နှစ်ယောက်စလုံးဟာ လူသားတွေပဲ ဖြစ်ကြပါတယ်..။ အမြင်မတူညီကြတဲ့ လူသားတွေအချင်းချင်း ထိတွေ့မှုဖြစ်တဲ့အခါ နောက်ဆက်တွဲဖြစ်ရပ်တွေ တစ်သီကြီး ဖြစ်လာပါတော့တယ်..။
ဒါ့အပြင် နောက်ထပ်ကျွန်တော် ယုံကြည်လာတဲ့ အရာတစ်ခုကတော့ အသင်းရဲ့အဖြစ် အပျက်၊ အတက်အကျတွေဟာ သုံးနှစ်တစ်ကြိမ်၊ စက်ဝိုင်းကြီးလည်နေသလိုပါပဲ..။ အဲဒီစက်ဝန်းအတိုင်းဆိုရင် အခုအချိန်ဟာ အကျဘက်ကိုရောက်နေတယ်လို့ ပြောရမှာပါ..။ ပထမနှစ်မှာ အဓိက ဆုဖလားနှစ်လုံး ရခဲ့တယ်..၊ ဒုတိယနှစ်မှာတော့ ပရီးမီးယားလိဂ်ရခဲ့ပြီး အောင်မြင်မှုကို ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့တယ်..၊ တတိယနှစ်မှာ ကာလင်းဖလား၊ FA ဖလားတွေ ရခဲ့တယ် ဆိုပေမယ့် စိတ်ပျက်စရာ ပိုများတယ်လို့ ဆိုရမှာပါ..။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်က ထွက်ခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့နောက် ဒုတိယနဲ့ အဆုံးသတ် ခဲ့ရတယ်..။ အဲဒီတတိယနှစ်က ကျွန်တော်တို့အတွက် အခက်ခဲဆုံးနှစ်ပါ..။ ဒီနှစ်မှာ အရင်အခြေအနေကို ပြန်တက်ရမယ်..၊ ဒါမှမဟုတ်ရင် ကျွန်တော်တို့ဟာ နောက်ပြန်လှိမ့်နေပြီလို့ ဆိုရမှာပါ…။
ဟိုဆေးဟာ စတုတ္ထမြောက် ဘောလုံးရာသီမှာတော့ သူလိုချင်တဲ့ သတင်းစကားကို ထိထိမိမိဖြစ်အောင် ပြောနိုင်၊ လုပ်နိုင်ဖို့ အခက်အခဲတွေ့နေပုံရပါတယ်..။ ခါတိုင်းလို သူ့ဆီက ထူးရှယ်စကားတွေ၊ တွန်အားတွေကို ရရှိနိုင်အောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားကြပေမယ့် လိုအပ်ချက်တွေ ရှိနေသလို ခံစားရပါတယ်..။ ကွင်းတွင်းရလဒ်တွေ ပိုကောင်းလာဖို့ လိုအပ်တဲ့ ရာခိုင်နှုန်းနည်းနည်းလေးဟာ ဟိုဆေးဆီထွက်လာမယ့် အဲဒီလို ထူးရှယ်စကား၊ တွန်းအားတွေပဲ ဖြစ်ပါတယ်..။ ကျွန်တော်ကတော့ ဒူးဒဏ်ရာ ရနေတာမို့ ရာသီအစပိုင်းမှာ ပွဲတိုင်း မကစား နိုင်ခဲ့သလို ဝင်ကစားနိုင်တဲ့ပွဲတွေမှာလည်း ကြံ့ခိုင်မှု မပြည့်တာကြောင့် အကောင်းဆုံးခြေစွမ်းမရနိုင် ဖြစ်နေခဲ့ပါတယ်..။ ဟိုဆေးတစ်ယောက် အခက်အခဲ ကြုံနေရချိန်မှာ ဘာမှမကူညီနိုင်ခဲ့တာကို အတော်လေးစိတ်ပျက်မိပါတယ်..။
အရင်ကလို အံ့သြဖွယ်ရလဒ်တွေကို ဖန်တီးပြီး အသင်းရဲ့အနေအထားကို ဆွဲတင် နိုင်ဖို့ ဟိုဆေးမှာ အခွင့်အရေးတွေ ရခဲ့ပေမယ့် စက်တင်ဘာလအတွင်း ရလဒ်သိပ်မကောင်းခဲ့တာကြောင့် အသင်းအနေအထားဟာ ပိုပြီးဆိုးလာခဲ့ပါတယ်။ အက်စတွန် ဗီလာ အသင်းကို နှစ်ဂိုးပြတ်ရှုံး၊ ဘလက်ဘန်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲတွေအပြီးမှာ အမှတ်ပေးဇယား အဆင့်ငါးအထိ ရောက်သွားခဲ့ပါတယ်..။ နောက်တစ်ပွဲအဖြစ် ချန်ပီယံလိဂ်ပွဲစဉ်မှာ နော်ဝေးက ရိုဆင်ဘော့ အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့ပါတယ်..။ ဒီပွဲရဲ့ရလဒ်၊ ပွဲသိမ်းခရာတွတ်သံဟာ ဟိုဆေးအတွက် မရဏ ခေါင်းလောင်းသံ ဖြစ်ခဲ့ပါတယ်..။
ဒီပွဲပြီးနောက်တစ်နေ့ညနေမှာ ကျွန်တော်တို့ စတန်းဖို့ဒ် ဘရစ်ချ်ဘေးက ရုပ်ရှင်ရုံ တစ်ခုကို ရောက်နေပါတယ်..။ “Blue Revolution” ဆိုတဲ့ မှတ်တမ်းတင် (Documentary) ရုပ်ရှင် ကားတစ်ကားကို သွားကြည့်ကြတာပါ..။ အသင်းပိုင်ရှင်ဝယ်ယူပြီး ငါးနှစ်သက်တမ်းကာလ အပြောင်းအလဲကို တင်ပြထားတဲ့ ဇာတ်ကားပါ..။ ပွဲပြီးတော့ ဟိုဆေးနဲ့ ကျွန်တော်တို့ ကားတွေဆီကို အတူတူ လမ်းလျှောက်လာတယ်..။ ဘာတွေဖြစ်နေတာလဲလို့ သူ့ကိုကပ်ပြီး မေးကြည့် ပါတယ်..၊ “ငါ့အတွက် အားလုံးအဆုံးသတ်သွားပြီ..၊” အဲလိုပြောပြီး သူ့ကားကို မောင်းထွက် သွားပါတယ်..။ စိတ်လှုပ်ရှားတဲ့ အမူအရာလည်း လုံးဝမပြပါဘူး..။ ကျွန်တော်သာ ဘာမှမပြောနိုင်ပဲ ပါးစပ်အဟောင်းသားနဲ့ ကျန်နေခဲ့ပါတယ်…။ ဒီလပိုင်းအတွင်း အသင်းရဲ့ အတွင်းရေး ပြဿနာတွေ အခြေအနေမကောင်းမှန်း သိနေပေမယ့် ဒီလိုဖြစ်လာလိမ့်မယ်လို့ ထင်မထားမိပါဘူး..။ သူတကယ် ထွက်တော့မယ်ဆိုတဲ့အချိန်မှာ မယုံနိုင်အောင် ဖြစ်မိပါတယ်..။
နောက်ရက်မှာ ဟိုဆေးနဲ့အသင်း လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေငြာချက် ထွက်လာပါတယ်..။ ဟိုဆေးဟာ ကျွန်တော်တို့တွေကို နှုတ်ဆက်ဖို့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်း အဝတ်လဲခန်းကို ရောက်လာပါတယ်..။ ကျွန်တော်တို့အကုန်လုံး ရှိနေပါတယ်..။ သူမိန့်ခွန်း ပြောပါတယ်..။ ဒီနှစ်ပိုင်းတွေအတွင်း သူ့ကိုအခုလို ကူညီ၊ ထောက်ခံပေးခဲ့ကြလို့ ကျွန်တော်တို့အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း၊ ကျွန်တော်တို့အားလုံးကို သူလုံးဝမေ့မှာမဟုတ်တဲ့အကြောင်း၊ ကျွန် တော်တို့လို အကောင်းဆုံး ကစားသမားတွေနဲ့ လက်တွဲခွင့်ရခဲ့လို့ ကျေနပ်မိတဲ့အကြောင်း၊ ကျွန်တော်တို့ရော၊ မိသားစုတွေအားလုံးပါ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းတဲ့အကြောင်း ခပ်တိုတိုပဲ ပြောသွားပါတယ်..။
အားလုံးအတွက် တစ်ကယ့်ကို ခက်ခက်ခဲခဲ နားထောင်ခဲ့ရတဲ့ မိန့်ခွန်းတစ်ခု ဆိုရမှာပါ။ ဒီအကြောင်းကို ပြန်စဉ်းစားမိတဲ့ အခုအချိန်မှာတောင် ကျောရိုးထဲက စိမ့်တက်လာပါတယ်..။ အဲဒီအချိန်တုန်းကဆို ကျွန်တော်တို့အားလုံး စိတ်တွေအရမ်းလှုပ်ရှားနေ ကြပါတယ်..။ ဟိုဆေးဟာ ခံစားချက်ကို အရမ်းဦးစားပေးတတ်တဲ့သူတစ်ဦးပါ..။ ဒါဟာအံ့သြစရာ မဟုတ်ပါဘူး..။ ပွဲချိန်တွေအတွင်းမှာ သူဘယ်လိုလှုပ်ရှားလဲ..၊ ဘယ်လိုတွေ အောင်ပွဲခံတတ်သလဲဆိုတာ အားလုံးသိပြီးသားပါ..။ ဒါ့ကြောင့် အသင်းနဲ့ လမ်းခွဲရတာဟာ သူ့အတွက်အင်မတန် ဝမ်းနည်းစရာဆိုတာ သိပ်ပြီးသိသာပါတယ်..။
ကျွန်တော့်ကို နှုတ်ဆက်မယ့်အချိန်ရောက်လာပါပြီ..။ တစ်ယောက်နဲ့တစ်ယောက် ခပ်တင်းတင်း ပွေ့ဖက်လိုက်ပါတယ်..။ ကျွန်တော်စပြီး ငိုပါတော့တယ်..၊ ဘယ်လိုမှထိန်းမရပါဘူး..။ နည်းပြတွေ၊ မန်နေဂျာတွေ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်၊ ခွဲခွာသွားတာကို အကြိမ်ကြိမ် ကြုံခဲ့ဖူးပါတယ်..၊ အများစုဟာ ကျွန်တော့်ရဲ့ဘဝ၊ ကျွန်တော့်ရဲ့ တိုးတက်မှုတစ်လျှောက်လုံးမှာ အရေးပါခဲ့တဲ့သူတွေပါ..။ ဒါပေမယ့် ဟိုဆေးကိုခွဲခွာဖို့ဟာ ကျွန်တော့်အတွက် အခက်အခဲဆုံးပါ..။ ဒီလိုမျက်ရည်ကျရတဲ့အဖြစ်မျိုး အရင်တစ်ခါမှမဖြစ်ခဲ့ဖူးပါဘူး..။ သူဟာကျွန်တော့်ရဲ့ဘဝကို ပြောင်း လဲပေးလိုက်တဲ့သူလည်း ဖြစ်ပါတယ်..၊ သူနဲ့ကျွန်တော့်ကြားမှာ အင်မတန်ခိုင်မြဲတဲ့ ထူးရှယ်ဆက်ဆံ ရေးတစ်ခု ရှိနေခဲ့ပါတယ်..။ ဒါ့အပြင် ကျွန်တော်ဟာ ကိုယ့်ကိုယုံကြည်သူတွေအပေါ် သစ္စာရှိတဲ့သူ တစ်ဦးပါ.။
အဲဒီနေ့ပြီးတော့ အခုလိုအခြေအနေမျိုးတွေမှာ ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားမှဖြစ်မယ်လို့ သိလိုက်ပါတယ်..။ ဒီလိုအခြေအနေမျိုးကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဒါမှမဟုတ် အဲဒီလိုခက်ခဲတဲ့ အခြေအနေတွေမျိုးမှာ ကိုယ့်ကိုယ်ကို အဆင်ပြေအောင် ဘယ်လိုနေ မလဲ စပြီးလေ့လာ၊ သင်ယူရပါတယ်..။ ဟိုဆေးရဲ့လမ်းခွဲခုဲ့တဲ့ဖြစ်ရပ်အပြီး ဘောလုံးလောကရဲ့အကြောင်း ပိုပြီးနားလည် လာပါတယ်..။ တစ်ကယ်တော့ ဘောလုံးလောကဆိုတာ စီးပွားရေး လုပ်ငန်း တစ်ခုလိုပါပဲ.. ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့ လိုအပ်တဲ့အခါ စိတ်ခံစားမှုတွေအတွက် နေရာမရှိပါဘူး..။
အသင်းပိုင်ရှင်ကို ကျွန်တော်သွားတွေ့ပါတယ်..။ ဘာလို့ဒီလိုလုပ်လိုက်တာလဲ? ဒါမှ မဟုတ်ရင်လည်း ရာသီအစကတည်းက ဘာလို့မလုပ်ခဲ့လဲ? မေးဖို့ပါ..။ ကျွန်တော် ဒေါသမထွက်ပါဘူး..၊ အေးအေးဆေးဆေးပဲ သူနဲ့စကားပြောတာပါ..၊ သူဘယ်လိုစဉ်းစားနေလဲ သိချင်တာ ပါပါ တယ်..။ မစ္စတာမိုဗစ်ချ်က ဒီနှစ်ရာသီအစမှာ အသင်းကို အပြောင်းအလဲလုပ်မလား စဉ်းစားခဲ့ပေမယ့် ဟိုဆေးကို အခွင့်အရေး ပေးခဲ့တဲ့အကြောင်း ပြန်ပြောပြပါတယ်..။ ကျွန်တော်သူ့ကို အရမ်းလေးစားသွားပါတယ်..။ သူဆိုလိုချင်တာကိုလည်း ကျွန်တော်နားလည်လိုက်ပါတယ်..။ အဲဒါနဲ့ “ကျွန်တော် ဒီအသင်းမှာ ကစားသမားတစ်ယောက်အနေနဲ့ ရှိနေသမျှတော့ အစွမ်းကုန်ပေးဆပ်ပြီး တာဝန်ကျေပွန်စေရပါမယ်..။ ဘာလို့လဲဆိုတော့ ဒီအသင်းဟာ ကျွန်တော့်ရဲ့ဘ၀ ဖြစ်နေလို့ပါပဲ..။” လို့ ကတိပေးလိုက်ပါတယ်..။ နောက်ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်ကြတယ်..။ ဇာတ်လမ်းတစ်ခု တစ်ခန်းရပ်ပါပြီ..။
ဟိုဆေးထွက်ခွာပြီးစနေ့ရက်များက အဝတ်လဲခန်းထဲက အနေအထားတွေဟာ အတော့်ကိုခက်ခဲပါတယ်..။ ဟိုဆေးအတွက် တစ်ချိုု့ကစားသမားတွေ အစွမ်းကုန် မကစားပေးခဲ့ဘူးလို့ အချင်းချင်းကြားမှာ ထင်ယောင်၊ ထင်မှား ဖြစ်နေတာတွေ ရှိခဲ့ပါတယ်..။ ဒီလိုသံသယတွေကြောင့် ကျွန်တော်တို့တွေရဲ့ကြား မယုံကြည်မှုတွေ ဖြစ်ထွန်းလာပါတယ်..။ အဲဒီလိုအတွေးတွေ ဝင်လာသင့်၊ မဝင်လာသင့်ဆိုတာ ကျွန်တော်သေသေချာချာ မဆုံးဖြတ်တတ်ပါဘူး..၊ ဒါပေမယ့် သံသယမြူခိုးတွေဟာ အသင်းသားတွေအတွက် မကောင်းဘူးဆိုတာကို နားလည်ပါတယ်..၊ ဒါ့ကြောင့်အဖြေမှန်ရတဲ့အထိ ကျွန်တော်တို့ပြောဆို၊ ညှိနှိုင်းရပါမယ်..။ နောက်ဆုံးမှာတော့ ဒီအခြေ အနေကို ပြန်ပြောင်းဖို့ဆိုတာ မဖြစ်နိုင်မှန်း အားလုံးကလက်ခံလိုက်ကြပြီး နောက်လာမယ့် ဘော့စ်အသစ်အတွက် အစွမ်းကုန် ကြိုးစားပေးကြဖို့ ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်..။ နောက်မန်နေဂျာ သစ်ကတော့ အေဗရန် ဂရန့်ပါ..။
ဂရန့်ဟာ ဒီနှစ်နွေရာသီကတည်းက အသင်းကို အားကစားဒါရိုက်တာအဖြစ်နဲ့ ရောက် လာခဲ့သူဖြစ်ပြီး နေ့စဉ်လေ့ကျင့်ခန်းဆင်းတာနဲ့ အခြားကိစ္စတွေမှာပါ ပါဝင်နေကျမို့ သူ့ကိုခန့်လိုက်ခြင်းဟာ အံ့သြစရာသတင်း မဟုတ်ခဲ့ပါဘူး..။ အေဗရန်ဟာ ဟိုးဆေးနဲ့ လက်တွဲခဲ့တဲ့ စတိဗ် ကလာ့ခ်ကို လက်ထောက်နည်းပြအဖြစ် ဆက်ထားခဲ့ပါတယ်..။ ဟိုဆေးက ကလာ့ခ်ကို အကောင်းဆုံး လက်ထောက်နည်းပြတစ်ဦးအဖြစ် ရည်ညွန်းဖူးတာမို့ ဒီဆုံးဖြတ်ချက်ဟာ ပြောင်မြောက်တဲ့ လုပ်ရပ်တစ်ခုလို့ ပြောရမှာပါ..။ အောက်တိုဘာလမှာတော့ ဘာစီလိုနာမှာ ဖရန့် ရီကတ်ဒ်ရဲ့ လက်ထောက်ဖြစ်ခဲ့တဲ့ ဟန့်ခ်တန် ကိတ် ရောက်လာပါတယ်..။ ဒါ့ကြောင့် အေဗရန်ဟာ ထိပ်တန်း အဆင့် (အထူးသဖြင့် ချန်ပီယံလိဂ်) အတွေ့အကြုံမရှိပေမယ့် အကောင်းဆုံးထိပ်တန်း လက်ထောက်တွေ ဝန်းရံထားတယ်လို့ ဆိုရမှာပါ..။
အေဗရန်ဟာ ထက်မြက်ပြီး ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်၊ ဆက်ဆံတတ်သူတစ်ဦးပါ..။ ကစားသမားတွေကို လိုအပ်သလို တာဝန်ကြီးကြီးမားမား ခွဲဝေပေးတတ်သလို ကစား သမားတွေကို အနီးကပ်ထိန်းကျောင်းဖို့ စတိဗ် ကလာ့ခ်နဲ့ ဟန့်ခ်တန် ကိတ်တို့ကတဆင့် သူလိုချင် တဲ့ပုံစံထဲက သွေဖယ်မသွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။ နောက်ပြီးအသင်းသား တွေထဲမှာလည်း အတွေ့အကြုံရင့်၊ ထုသားပေသားကျပြီး ကစားသမားတွေဖြစ်တဲ့ မိုက်ကယ် ဘောလက်၊ JT၊ ဖရန့် လမ်းပတ်၊ မက်ခလီလီ၊ မိုက်ကယ် အက်ဆီယန်.. ကျွန်တော်.. တို့ဟာ ပေးအပ်လာမယ့် ဒီလိုတာဝန် ကြီးကြီးမားမားတွေကိုလက်ခံယူဖို့ ဝန်မလေးတဲ့သူတွေလည်း ဖြစ်ကြပါတယ်..။ ကျွန်တော်တို့ဟာ ဘာပြီးရင်ဘာဆက်လုပ်ရမယ်လို့ အသေးစိတ်ညွှန် ကြားနေရမယ့် လူငယ်သွေး သစ်တွေနဲ့ မတူပါဘူး.။ ကျွန်တော်တို့အားလုံး သူ့နောက်မှာ မားမား မတ်မတ်ရပ်တည်ပြီး ဒီအလုပ် ကိုစတင် လက်ခံချိန်ကတည်းက လွယ်ကူ၊ ချောမွေ့အောင် ကူညီပေးခဲ့ကြပါတယ်..။
အေဗရန် ဂရန့်ရဲ့လက်အောက် ကျွန်တော့်ရဲ့ ပထမဆုံးပွဲဟာ ဖူးလ်ဟမ်းအသင်းနဲ့ပွဲ ဖြစ်ခဲ့ပါတယ်..။ ဒဏ်ရာပျောက်ပြီး ဝင်ကန်ခဲ့ရတဲ့ ဒီပွဲမှာ ကျွန်တော်ဟာ နှစ်ဝါ၊ တစ်နီနဲ့ ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ် ပွဲစဉ်များမှာ ပထမဆုံးအကြိမ် အထုတ်ခံလိုက်ရပါတယ်..။ ကျွန်တော်ဟာ ချယ်လ်ဆီးမှာ သုံံးရာသီကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလားကြီးကလွဲရင် ဖလားအကုန်လုံးကို ဆွတ်ခူးပြီးသားပါ..။ ဟိုဆေးရဲ့လမ်းခွဲမှုဟာ ကျွန်တော့်ကို ထိခိုက်ခဲ့တာမှန်ပေမယ့် ချယ်လ်ဆီးအတွက် ဆက်လက်ပေးဆပ်ဆဲ ဖြစ်သလို အမြဲတမ်းအစွမ်းကုန် ကြိုးစားကစားပါတယ်။ ဒါပေမယ့် အခုဖြစ်ပွားခဲ့တဲ့ အပြောင်းအလဲအကြောင်းတွေကို ခေါင်းထဲကနေ လုံးဝဥသုံဖယ်ထုတ်ပစ်ဖို့ဆိုတာ လောလောဆယ်မှာ မရသေးပါဘူး..။ ဖြစ်သင့်တာကို ဦးနှောက်က လက်ခံနေပေမယ့် နှလုံးသားက လိုက်နာဖို့ ငြင်းဆန်နေဆဲပါ..။ ဖူးဟမ်းနဲ့ပွဲပြီး နောက်တစ်ပွဲက ဗလင်စီယာနဲ့ ကန်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ပါ..။ ဒီပွဲမှာ ခြေစွမ်းပြပြီး ဂိုးသွင်းနိုင်ခဲ့ပေမယ့် စိတ်နဲ့လူနဲ့ မကပ်သလို ခံစားရပါတယ်.။ အောက်တိုဘာလလယ်မှာတော့ အင်းစ်ဘရပ်ချ်ကို သြစတြီးယားအသင်းနဲ့ ကစားမယ့် ချစ်ကြည်ရေးပွဲအတွက် ကျွန်တော်သွားရပါတယ်..။ အဲဒီမှာရှိနေတုန်း France Football နဲ့ တွေ့ဆုံခန်း တစ်ခုမှာ နောက်ရာသီကျရင် လက်ရှိအသင်းမှာ ရှိ၊ မရှိ မပြောနိုင်သေးဘူးလို့ ကျွန်တော် ပြောခဲ့မိပါတယ်..။ နောက်ပိုင်းပြန်စဉ်းစားမိတော့ ဒီတွေ့ဆုံခန်းကို မပြုလုပ်ခဲ့သင့်ဘူးလို့ တွေးမိခဲ့တယ်..။ ဒါပေမယ့်အဲဒီအချိန်က အပြောင်းအလဲတစ်ခုခုကို ကျွန်တော် စဉ်းစားနေခဲ့ပါတယ်.။ ဟိုဆေး အသင်းက ထွက်ခွာမှုတစ်ခုတည်းကြောင့် မဟုတ်ပေမယ့် သူ့ရဲ့လမ်းခွဲမှုဟာ အချက်တစ်ချက် အနေနဲ့တော့ ပါဝင်ခဲ့ပါတယ်..။
"ဟန့်ခ်တန် ကိတ်က ဒီသတင်းကို ဖတ်မိပြီး မကျေမနပ် ဖြစ်နေပါတယ်..။ အင်္ဂလန်ကို လည်း ပြန်ရောက်ရော သူကကျွန်တော့်ကို စိန်ခေါ်ပါတယ်..။ “မင်းဒီတွေ့ဆုံခန်းကို ဘာလို့လက်ခံ လိုက်တာလဲ? အသင်းသားတွေအားလုံးရဲ့ရှေ့မှာ မင်းတောင်းပန်ရလိမ့်မယ်..။” ဒါဟာကျွန်တော့် အတွက် ဘာမှစိတ်ပျက်စရာ မဟုတ်ပါဘူး..။
“သူငယ်ချင်း.. ငါ့အကြောင်းလည်း သိရဲ့သားနဲ့ မဟုတ်ဘူးလား?”
သူက “ဒါပေမယ့် မင်းတောင်းကို တောင်းပန်ရလိမ့်မယ်..။” ဆိုပြီး ဆက်ပြောပါတယ်..။
“အိုကေ.. အိုကေ.. ရပါတယ်..။”
လေ့ကျင့်ခန်းမစခင်လေးမှာပဲ အေဗရန်နဲ့ ဟန့်ခ်တို့ စကားပြောနေကြာတာ တွေ့မိပါတယ်..။ နောက်မန်နေဂျာက ကစားသမားတွေ အားလုံးကို စုခိုင်းလိုက်ပြီး.. “ဟေး.. ဒီဒီယာ တစ်ခုခု ပြောစရာရှိတယ်..” လို့ ကြေငြာလိုက်ပါတယ်..။
“အိုကေ။ ရာသီကုန်ရင် ဘာဖြစ်မယ်မှန်း မပြောနိုင်သေးဘူးလို့ ပြီးခဲ့တဲ့ တွေ့ဆုံခန်းမှာ ငါပြောမိခဲ့ပါတယ်။ ဒါပေမယ့်ဒီမှာ ရှိနေသရွှေ့ကတော့ ကိုယ့်အလုပ်ကို တာဝန်ကျေမှာပါ.။ မင်းတို့ အားလုံးလည်း ဒီလိုခံယူချက်မျိုးနဲ့ အသင်းအတွက် အစွမ်းကုန်ပေးဆပ်မယ့်သူတွေကြီးပဲဆိုတာ ယုံပါတယ်.။ ဒါပါပဲ..။”
ကျွန်တော့်အတွက်ဒီဇာတ်လမ်း ပြီးဆုံးပြီဆိုပေမယ့် အသင်းဘက်ကတော့ ကျွန်တော် ဟာ အသင်းဘက်မှာ စိတ်မရှိတော့ဘူးလို့ ယူဆနေပုံရပါတယ်..။ ကျွန်တော်ဟာ ၂၀၁၀ အထိ ကျန်ရှိနေသေးတဲ့ စာချုပ်သက်တမ်းကို လေးစားဆဲဖြစ်ကြောင်း တရားဝင်ကြေငြာချက်တစ်ခုခု ထုတ်ပြန်စေချင်တဲ့ သဘောထား ပြသလာပါတယ်..။ ကျွန်တော့်ဘက်ကတော့ ကိုယ်ပြောခဲ့တာ တည်တဲ့သဘော ပြသတဲ့အနေနဲ့ မစ်ဒယ်လ်ဘရော့ခ်နဲ့ အဝေးကွင်းပွဲ ဂိုးသွင်းအပြီးမှာ အသင်းရဲ့အမှတ်တံဆိပ်ကို နမ်းရှုပ်ပြီး အောင်ပွဲခံခဲ့ပါတယ်..။ ဒါဟာအသင်းနဲ့ ပရိသတ်အပေါ် ဘယ်လို တန်ဖိုးထားတယ်ဆိုတာ ပြသလိုက်တဲ့သဘောပါ.။ ဒီနောက်ပိုင်း အသင်းပြောင်းဖို့ကိစ္စနဲ့ ပတ်သက် ပြီး နှစ်ပေါင်းအတော်ကြာတဲ့အထိ မပြောဖြစ်တော့ပါဘူး..။
ဘောလုံးရာသီတစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် သင့်တင့်တဲ့ရာသီလို့ ပြောလို့ရနိုင်ပေမယ့် အေဘရာမိုဗစ်ချ်ဝယ်ယူပြီး ပထမဆုံးအကြိမ်အဖြစ် ဖလားတစ်လုံးမှမရပဲ ဘောလုံးရာသီ ပြီးဆုံးသွားခဲ့ပါတယ်..။ FA ဖလားပွဲ၊ ကွာတားဖိုင်နယ်မှာ ဘန်လေအသင်းကို ရှုံးတယ်..၊ ကာလင်း ဖလား ဗိုလ်လုပွဲမှာ တော့တင်ဟမ်အသင်းကို ရှုံးနိမ့်ခဲ့တယ်.။ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့နောက် ဒုတိယနေရာကို နှစ်နှစ်ဆက်တိုက် ရခဲ့ပါတယ်..။ ပရီးမီးယားလိဂ် သရဖူလုပွဲဟာ နောက်ဆုံးနေ့အထိရောက်ခဲ့ပြီးမှ ရှုံးနိမ့်ခဲ့ရတာကြောင့် နာကျင်ဖို့ကောင်းလှပါ တယ်…။ ကျွန်တော်တို့ဟာ ဘော်လ်တန်ကို အနိုင်ရဖို့လိုအပ်နေပေမယ့် မန်ယူအသင်းကတော့ ဝီဂန်ကို သရေကျရင်ကို ရနေပါပြီ..။ ကျွန်တော်တို့ တစ်ဂိုးစီ သရေကျခဲ့ပေမယ့် သူတို့က ၂ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် သရဖူကို သူတို့ရသွားပါတယ်..။ ကျွန်တော့်အမြင်အရကတော့ သရဖူလုပွဲမှာ အဆုံးအဖြတ်ဖြစ်ခဲ့တာက စပါးအသင်းနဲ့ ဝှိုက်ဟာ့တ်လိန်းမှာ တစ်ဘက် ၄ ဂိုးစီ သရေကျခဲ့တဲ့ပွဲ ဖြစ်ပါတယ်..။ ကျွန်တော်တို့ ၃ဂိုး၊ ၁ဂိုးနဲ့ ဦးဆောင်နေပြီးမှ ၄- ၃၊ နောက်ဆုံးပွဲပြီးခါနီး နှစ်မိနစ်အလို မှာ ရော်ဘီ ကိန်း ချေပဂိုးသွင်းယူပြီး နှစ်မှတ်လျော့သွားပါတယ်..။ ဒီနှစ်မှတ်ဟာ သရဖူလုပွဲမှာ အင်မတန်မှ အရေးပါခဲ့ပါတယ်..။