ပြည်တွင်းပြိုင်ပွဲအကုန်လုံးကို လက်လွှတ်လိုက်ရပြီမို့ တစ်ခုတည်းသော မျှော်လင့်ချက်ဟာ ချန်ပီယံလိဂ်ဖလားပဲ ကျန်ပါတော့တယ်..။ မဟာပြိုင်ဘက်တစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲဟာ ကျွန်တော့်အတွက်တော့ အဆင်ပြေပြေ ခြေစွမ်းပြနိုင်ခဲ့တဲ့ပွဲတွေ ဖြစ်ခဲ့ပါတယ်..။ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း ၄- ၃ နဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်..။ ရုရှနိုင်ငံ၊ မော်စကိုမြို့တော်မှာ ပထမဆုံးကျင်းပမယ့် ဒီပွဲကို ကျွန်တော် တို့ အရမ်းအနိုင်ရချင်နေပါပြီ..။ မွေးရပ်မြေပေါ်မှာ အနိုင်ရခဲ့မယ်ဆိုရင် အသင်းပိုင်ရှင်အတွက် အတော့်ကို ဂုဏ်ယူစရာကောင်းတဲ့ အောင်မြင်မှု ဖြစ်ခဲ့မှာပါ..။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က မန်ချက်စတာ ယူနိုက်တက်ပါ..။ သူတို့နဲ့ကျွန်တော်တို့ဟာ အပွဲပွဲနွဲလာခဲ့ပေမယ့် ဥရောပပွဲမှာ တစ်ခါမှ မဆုံဖူးသေးပါဘူး.. အံ့သြစရာပါ။ သူတို့အတွက်လည်း ဒီနှစ်ဟာမြူးနစ်မြို့က ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးရဲ့ နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်ဖြစ်တာကြောင့် သေဆုံးသွားခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုဖလားကြီးကို ဆောင်ယူပေးချင်တဲ့အကြောင်း ထုတ်ပြောထားပါတယ်..။ ဒါ့ကြောင့် ဒီပွဲရဲ့ အနိုင်အရှုံးဟာ အရမ်းကိုအရေးပါနေပါပြီ..။ တစ်ဦးချင်းအနေနဲ့ဆိုရင်လည်း ဒီဖလားကြီးကိုသာ ရခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းနဲ့ ရနိုင်သမျှ ဆုဖလားတိုင်းကို ဆွတ်ခူးနိုင်တဲ့သူတစ်ဦး ဖြစ်တော့မှာကြောင့် အလွန်အမင်းကို ရယူချင်နေပါပြီ..။
ဗိုလ်လုပွဲအတွက် ရာသီဥတု၊ ကွင်းအခြေအနေ.. စတဲ့ ပြင်ဆင်စရာ ရှိတာတွေနဲ့ နေသားတကျ ဖြစ်အောင်လို့ မော်စကိုမြို့ကို နှစ်ရက်ကြိုပြီး ရောက်ပါတယ်..။ အထူးသဖြင့် အသင်းပိုင်ရှင်အတွက် အင်မတန်ဂုဏ်ယူရမယ့်ပွဲစဉ်အတွက် ကျွန်တော်တို့အားလုံး အစစ၊ အရာရာ အကောင်းဆုံး အနေအထားမှာ ရှိနေချင်ပါတယ်..။ ဒါပေမယ့် အခြေအနေတွေအားလုံးဟာ စင်းလုံးချော ဖြစ်မလာပါဘူး..။ အထူးသဖြင့် မမျှော်လင့်ပဲ အမေ့ဘက်က အဖွားဖြစ်သူ အသည်းအသန် ရောဂါနဲ့ ဆေးရုံတင်ထားရတဲ့ သတင်းဆိုးကို ရုတ်တရက်ကြားလိုက်ရပါတယ်..။
သူဟာကျွန်တော့် ကိုအရမ်းချစ်တဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိမှာ အခြေအနေဆိုးနေတယ်လို့ သိရပါတယ်…၊ သိပ်ကြာ ကြာ နေရတော့မှာ မဟုတ်ဘူးလို့လည်း ခန့်မှန်းနေကြပါတယ်..။ ဒါ့ကြောင့်ပွဲမစခင် နှစ်ရက်အလို ပြင်ဆင်မှုတွေ လုပ်နေရချိန်မှာ တစ်ဘက်ကလည်း အိုင်ဗရီကို့စ်ရောက်နေတဲ့ အမေ့ဆီ တစ်ချိန်လုံး ဖုန်းဆက်ပြီး အခြေအနေကို လှမ်းလှမ်းမေးနေရပါတယ်.။ အသည်းအသန်ဖြစ်နေတဲ့ အဘွားရဲ့ ဘေးလူနာစောင့်အဖြစ် ရောက်နေတဲ့ အမေ့ဆီက သတင်းတွေကလည်း ကောင်းတာတစ်ခုမှ မပါပါဘူး..။ ကျွန်တော့်ကို အရမ်းချစ်တဲ့သူတစ်ယောက် အသည်းအသန်ဖြစ်နေတာမို့ ပွဲချိန်တစ်လျှောက်လုံးမှာလည်း အပြည့်အဝအာရုံစိုက်လို့မရပဲ ဖြစ်နေပါတယ်..။ တစ်ကယ်လို့ ဒီပွဲစဉ် မတိုင်မီ အဲဒီလို မိသားစု ပြဿနာသာ မရှိခဲ့ဘူးဆိုရင် အဲဒီနေ့ပွဲဟာ အပြောင်းအလဲတစ်ခုခု ဖြစ်သွားနိုင်ပါတယ်..။ ဒါပေမယ့်ကျွန်တော်တို့ဟာ လူသားတွေပဲ ဖြစ်တာကြောင့် နေ့တိုင်းဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အမြဲတမ်းဘေးဖယ်ထားဖို့ဆိုတာ သိပ်တော့မလွယ်လှပါဘူး..။ ဒါ့ကြောင့် ကံတရားကို ကျွန်တော်ယုံကြည်ပါတယ်။ ဒီဗိုလ်လုပွဲဟာ ကျွန်တော်တို့ရဲ့ပွဲ မဟုတ်ပါဘူး.. မန်ချက်စတာ ယူနိုက်တက်ရဲ့ပွဲပါ..။
အားလုံးရဲ့မျှော်လင့်ချက်တွေ မြင့်မားနေပေမယ့် ပွဲအစပိုင်းမှာ နှစ်သင်းစလုံး ထိန်းကစားနေတာကြောင့် ပွဲဟာခပ်အေးအေးပါပဲ..။ (၂၉) မိနစ်ရောက်တဲ့အချိန်မှာတော့ စီ ရော်နယ်လ် ဒိုဟာ ဝက်စ်ဘရောင်းရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်..။ ဂိုးပေးလိုက်ရပြီး မိနစ်ပိုင်းအတွင်းမှာ ကျွန်တော်ချေပဂိုးရမလို ဖြစ်ခဲ့ပါသေးတယ်..။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာတော့ ဖရန့် လမ်းပတ်က နီမန်ဂျာ ဗီဒစ်နဲ့ ရီယို ဖာဒီနန်တို့ကိုထိပြီး လမ်း ကြောင်းပြောင်းလာတဲ့ ဘောလုံးကို မလွတ်တမ်းအသုံးချပြီး ချေပဂိုးသွင်းပေးနိုင်ခဲ့ပါတယ်..။ ဒုတိယပိုင်းမှာ ကျွန်တော်တို့အသင်းက ပိုပြီးဖိကစားနိုင်ခဲ့သလို ကျွန်တော့်ရဲ့ အဝေးကန်ချက်တစ်ကြိမ် တိုင်ထိထွက်ခဲ့ပါသေးတယ်..။ ဒါပေမယ့်ဘယ်သူကမှထပ်ပြီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး..။
အချိန်ပိုကစားချိန်မှာတော့ နှစ်သင်းစလုံးဟာ ဖိအားတွေအရမ်းများနေပါပြီ..။ ကျွန်တော်တို့ဘက်က ဖရန့် လမ်းပတ်ရဲ့ကန်ချက် နောက်တစ်ကြိမ် ဂိုးဘားတန်း ထိထွက်ခဲ့ပြန်တာကြောင့် ကံဆိုးခဲ့ရပါတယ်..။ ဒါပေမယ့်တစ်ဘက်ကလည်း ဂျွန် တယ်ရီဟာ ရိုင်ယန် ဂစ်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးစည်း ပေါ်ကနေ ဖျက်ထုတ်လိုက်ရပါသေးတယ်..။ ပွဲပြီးဖို့နီးလာလေလေ ကျွန်တော့်မှာ ပိုပြီးစိတ်စောလာ လေလေပါပဲ..။ ဘာလို့လဲဆိုတော့ အခုအချိန်ထိ ကျွန်တော့်ရဲ့ခြေစွမ်းကို စိတ်တိုင်းမကျသေးပဲ ဖြစ်နေလို့ပါ..။ အထူးသဖြင့် ရီယို ဖာဒီနန်ကော၊ ဗီဒစ်တို့ နှစ်ယောက်စလုံး မောပန်းနေတာကို ကျွန်တော်မြင်နေရပါတယ်..။ သူတို့က ပင်နယ်တီ အဆုံးအဖြတ်ကန်မယ့် အချိန်ကိုရောက်ဖို့ဆွဲပြီး ကစားနေပါတယ်..။ ကျွန်တော်ကွင်းဘေးကို ကပ်သွားပြီး မန်နေဂျာကို “တိုက်စစ်မှူး နှစ်ယောက် ထည့်ပေးပါ..။ ကျွန်တော်တို့ဂိုးသွင်းနိုင်ပါလိမ့်မယ်..။ ကျွန်တော်နဲ့တွဲဖို့ အနယ်လ်ကာ ဒါမှမဟုတ် တစ်ယောက်ယောက် ထည့်ပေးပါ..” ပြောခဲ့ပါတယ်..။ ဒီနေ့တစ်ပွဲလုံး ကျွန်တော်တို့ အထောင်တိုက်စစ်မှူးတစ်ဦးထဲနဲ့ ကစားနေခဲ့တာ ကျွန်တော့်စိတ်ကြိုက် မဟုတ်ပါဘူး..။ ဒါပေမယ့်မန်နေဂျာဟာ ကျွန်တော်ပြောတာကို နားမထောင်ခဲ့ပါဘူး..။ နောက်တော့အနယ်လ်ကာကို ထည့်ပေးပါ တယ်.. တိုက်စစ်မှူးအနေနဲ့မဟုတ်ပဲ တောင်ပံကစားသမားအဖြစ် ကစားခိုင်းခဲ့တာပါ.။ ဒီလိုနဲ့ ပွဲပြီးခါနီးရောက်လေလေ ကျွန်တော့်မှာ ပိုပြီးစိတ်ပျက်လေလေပါပဲ.. ဘာလို့လဲဆိုတော့ ကျွန်တော် တို့ဂိုးရနိုင်ဖို့ နီးစပ်နေတာ စိတ်ထဲကသိနေတာကြောင့်ပါ..။
အချိန်ပိုဒုတိယပိုင်း ပြီးခါနီးလေးမိနစ်အလိုမှာတော ဒဏ်ရာရနေတဲ့ ကစားသမားတွေအတွက် ဘောလုံးကို ဘေးထွက်ဘော လုပ်ပေးခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော့်မှာအရမ်းကို စိတ်စောနေပါပြီ..။ ကားလို့စ် တီဗက်ဇ်က ကျွန်တော်တို့ကို ချက်ချင်းပြန်မပေးသေးပဲ တုံ့ဆိုင်း၊ တုံ့ဆိုင်းလုပ်နေပါတယ်.။ အဲဒါနဲ့ သူတို့နဲ့ကျွန်တော်တို့ကြား အငြင်းအခုန်လေး ဖြစ်နေတုန်း ဗီဒစ်က ကျွန်တော့်ကိုတွန်းလိုက်ပါတယ်..။ စိတ်ထဲက ဘာမှမစဉ်းစားမိခင် အလိုအလျောက် တုံ့ပြန်မိလိုက်ပါတယ်..။ သူ့ရဲ့မျက်နှာကို လက်နဲ့ပြန်တွန်းလိုက်တာပါ..။ အဖြစ်အပျက်တွေက သိပ်ကိုမြန်ပါတယ်..။ တွန်းလိုက်တာတော့ အသာလေးပါ.. ဒါပေမယ့် အနားမှာဒိုင်လူကြီး ရှိနေပါတယ်..။ တိုက်ရိုက်အနီကတ်ဒ်ပါတဲ့..!!
အိပ်မက်ဆိုးတစ်ခု မျက်ဝါးထင်ထင် တွေ့လိုက်ရသလို အရမ်းတုန်လှုပ်၊ ချောက်ချားသွားရပါတယ်..။ ဒီအဖြစ်အပျက်ကို မယုံကြည်နိုင်အောင်လည်း ဖြစ်ရပါတယ်..။ ဒါပေမယ့်ဘာမှ ပြန်ပြီးပြောင်းလဲလို့ မရတော့ပါဘူး..။ မြက်ခင်းစိမ်းကိုဖြတ်ပြီး အဝတ်လဲခန်းထဲကို ပြန်ဆင်းရတဲ့ ခရီးလမ်းဟာ အရမ်းကို ရှည်ကြာလွန်းနေသလိုပါပဲ..။ လမ်းလျှောက်ရင်း ကျွန်တော် စဉ်းစားမိတာက ဒီပွဲဟာချယ်လ်ဆီးအသင်းမှာ ငါ့ရဲ့နောက်ဆုံးပွဲများ ဖြစ်သွားမလားဆိုတာပါ..။ ကျွန်တော့် စိတ်ထဲမှာ အတွေးပေါင်းစုံနဲ့ ရှုတ်ရှက်ခတ်နေသလို လှောင်ပြောင်နေတဲ့အသံတွေလည်း ကြားနေရ ပါတယ်..။ ဒီလိုလှောင်ပြောင်နေတဲ့အထဲမှာ ကိုယ့်အသင်းပရိသတ်တွေလည်း ပါပါတယ်.။ ဒီဖြစ်ရပ်တစ်ခုလုံးဟာ ကျွန်တော့်အမှားပါ…၊ ကျွန်တော့်မှာ တာဝန်ရှိပါတယ်..။ အဲဒီအချိန်က ခံစားချက်တွေကို ကျွန်တော်လုံးဝမမေ့နိုင်သေးပါဘူး..။
အဝတ်လဲခန်းအဝင် ဥမင်ထဲရောက်တော့ ပင်နယ်တီကန်ဖို့ ပြင်ဆင်နေကြပါပြီ..။ ကျွန်တော်အဝတ်လဲခန်းထဲကို မဝင်နိုင်ပဲ အခန်းဝမှာ တစ်ယောက်တည်းရပ်ပြီး ပင်နယ်တီ အဆုံးအဖြတ် ကန်မယ့်အချိန်ကို စောင့်နေမိပါတယ်..။ အခုကျွန်တော် ရပ်နေတဲ့နေရာကနေ ကွင်းထဲကို လှမ်းမြင်နေရပါတယ်..။ ခေါင်းပန်းလှန်တော့ ယူနိုက်တက်က အနိုင်ရလို့ ပင်နယ်တီကန်မယ့် ဂိုးပေါက်ကို သူတို့ပရိသတ်ရှိတဲ့ဘက် ရွေးလိုက်ပါတယ်..။ ကိုယ့်အသင်းကစားတာ၊ ကွင်းအတွင်း မှာ ဖြစ်ပျက်နေတာ၊ ကိုယ့်အသင်းပရိသတ်အားပေးသံတွေရဲ့ အပြင်ဘက်ကို ရောက်နေတဲ့ ခံစားချက်ဟာ နည်းနည်းတော့ ထူးဆန်းနေသလိုပါပဲ..။ ကျွန်တော်တစ်ယောက်တည်း တိတ်ဆိတ်၊ ငြိမ်သက်…။
ကွင်းထဲမှာတော့ မိုးတွေသည်းသည်းထန်ထန်ရွာနေပြီး ရေတွေရွဲနေပါတယ်..။ ပထမ ဆုံးကန်ရမှာက ကားလို့စ် တီဗက်ဇ်ပါ..။ ပီတာ ချက် မှန်းဆတဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ကို သာသာယာယာပဲ ကန်သွင်းသွားပါတယ်..။ ကျွန်တော်တို့ဘက်က မိုက်ကယ် ဘောလက် စကန်ပါတယ်..၊ ဘာမှပြဿနာ မရှိပါဘူး.၊ ယူနိုက်တက်အတွက် ဒုတိယမြောက် ပင်နယ်တီကို မိုက်ကယ် ကားရစ် ကန်တယ်..၊ နောက်ချယ်လ်ဆီးဘက်က လူစားဝင် ဘယ်လက်တီ၊ တစ်ဘက် ၂ ဂိုးစီ ဂိုးဝင်အောင် ကန်သွင်းနိုင်ကြပါတယ်..။ ခရစ်စ်တီယာနို ရော်နယ်လ်ဒို ကန်သွင်းဖို့ အလှည့်ကျပါတယ်..။ သူပြေးလာရင်း လမ်းတစ်ဝက်မှာ အသာလေး ဆိုင်းလိုက်ပါတယ်..၊ ဂိုးသမား ဟန်ချက်ပျက်သွားအောင် ရည်ရွယ်တာ ဖြစ်ပါမယ်..၊ ဒါပေမယ့်သူကိုယ်တိုင်ပဲ ဟန်ချက်ပျက်သွားပြီး ပီတာ ချက်က သူကန်မယ့်ဘက်ကို မှန်ကန်စွာ မှန်းဆနိုင်ခဲ့ပါတယ်..။ ညာဘက်ကို လှဲချပြီး ကာကွယ်လိုက်နိုင်ပါတယ်..။ ရော်နယ်လ်ဒိုခမျာ မျက်နှာကိုအုပ်ပြီး ဟန်မဆောင်နိုင်အောင် ဝမ်းနည်းပက်လက် ဖြစ်သွားပါ တော့တယ်..။ မိုးတွေကတော့ တဖွဲဖွဲကျနေဆဲပါ..။
ဖရန့် လမ်းပတ်က သူကန်နေကျအတိုင်း ရဲရဲဝံ့ဝံ့ နဲ့ ဦးဆောင်ဂိုးဝင်အောင် ကန်သွင်းလိုက်နိုင်တာမို့ ကျွန်တော်တို့က ၃- ၂ နဲ့ ဦးဆောင်နေပါပြီ..။ နောက်ထပ် အိုဝင် ဟားဂရိဖ်စ်၊ အက်ရှ်လေ ကိုးလ်၊ နာနီတို့အသီးသီး ကိုယ်စီဂိုးဝင်အောင် ကန်သွင်းလိုက်နိုင်တာမို့ တစ်ဘက် ၄ ဂိုးစီ ဖြစ်နေပါပြီ..။ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် ကြီးဟာ နောက်ဆုံးပင်နယ်တီကို ကန်သွင်းပြီး ချယ်လ်ဆီးတို့အတွက် အနိုင်ပွဲကို ယူဆောင်ပေး နိုင်ပါပြီ..။ ဂျွန် တယ်ရီ ပြေးကန်ပါပြီ..။ အဖြစ်အပျက်ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ..။ တယ်ရီဟာကန်ခါနီးမှာ ခြေချော်၊ ဟန်ချက်ပျက်သွားတာမို့ သူ့ရဲ့ကန်ချက်ဟာ ညာဘက်ဂိုးတိုင် အပြင်ဘက်ကိုထိပြီး ဘေးထွက်သွားပါတယ်..။ ဂျွန်ဟာ ခေါင်းကိုအုပ်ပြီး မြက်ခင်းပေါ် ဒူးထောက် ကျသွားပါတော့တယ်..။ အင်မတန်မှ ကြေကွဲဖို့ကောင်းတဲ့ အဖြစ်အပျက်ပါပဲ..။
တစ်ဘက်တစ်လုံးစီ အဆုံးအဖြတ် ပင်နယ်တီ ကန်သွင်းဖို့ ဖြစ်လာပြီမို့ နှစ်သင်းစလုံး ဖိစီးမှုတွေ အရမ်းများနေပါပြီ..။ အခုအနေအထားဟာ ဘောလုံးပွဲနဲ့ မတူတော့ပဲ စိတ်ဓါတ်ကြံံ့ခိုင်မှု စမ်းသပ်တာနဲ့ ပိုတူသွားပါပြီ..။ အနိုင်အရှုံးဆိုတာ ထီထိုးသလိုပါပဲ..။
အင်ဒါဆန် ဦးဆောင်ဂိုးသွင်းပေးတာကို ဆော်လမွန် ကာလူးက ပြန်ချေပပေးတာမို့ တစ်ဘက်ကို ငါးဂိုးစီနဲ့ အဖြေမထွက်သေးပါဘူး..။ ရိုင်ယန် ဂစ်က ဂိုးဝင်အောင် ကန်သွင်းပေးလိုက်ပြန်ပါပြီ..။ အခုအနယ်လ်ကာရဲ့အလှည့်ပါ..။ အနယ်လ်ကာဟာ ချန်ပီယံလိဂ်ဖလားကြီးကို ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ရဖူးပြီးသား အတွေ့အကြုံရင့် ကစားသမားတစ်ယောက်ပါ..။ သူလည်းပဲ ပင်နယ်တီ အကန်ကောင်းသူတစ်ယောက် ဖြစ်တာကြောင့် ကျွန်တော်တို့ ယုံကြည်ပြီးသားပါ..။ ကျွန်တော့်ရဲ့ စိတ်တွေအရမ်းရှုပ်ထွေးနေတာမို့ သူကန်ခါနီးမှာ ဆက်ကြည့်ဖို့အင်အား မရှိတော့ပါဘူး..။ ဗန်ဒါဆားဟာ ဘယ်ဘက်ကို လှဲမယောင် ပြပါတယ်..။ ပြီးခဲ့တဲ့ ပင်နယ်တီ ခြောက်လုံးစလုံးမှာ ချယ်လ်ဆီးကစားသမားတွေဟာ ဘယ်ဘက်ကိုပဲ ကန်ခဲ့တာကြောင့်ပါ..။ အနယ်လ်ကာ စိတ်ပြောင်းသွားအောင် စမ်းသပ်တာလည်း ဖြစ်နိုင်ပါတယ်..၊ အနယ်လ်ကာ စိတ်ပြောင်းသွားလား မပြောတတ်ပါဘူး..၊ ဂိုးသမားရဲ့ မှန်းဆချက်မှန်ပါတယ်..။ သူဘယ်ဘက်အယောင်ပြပြီး ညာဘက် လှဲချကာ အနယ်လ်ကာရဲ့ ကန်ချက်ကို ကာကွယ်နိုင်လိုက်ပါတယ်..။ ကျွန်တော်တို့ ရှုံးသွားပါပြီ..။ ကံကြမ္မာတရားက သူတို့ဘက်မှာ ရှိနေတာမို့ ဒီညဟာ ယူနိုက်တက်ရဲ့ ညပါပဲ..။
အားလုံးပြီးဆုံးသွားပါပြီ..။ ကျွန်တော်အသာပဲ လှည့်ထွက်ပြီး အဝတ်လဲခန်းထဲမှာ ထိုင်နေလိုက်ပါတယ်..။ တစ်ယောက်တည်းထိုင်နေရင် ဒီအိပ်မက်ဆိုးကနိုးထပြီး အဖြစ်အပျက် တွေကို နားလည်လာအောင် ကြိုးစားနေရပါတယ်။ အားလုံးဟာ မယုံနိုင်စရာပါပဲ.။ ယုံကျုံးမရ ထိုင်နေတဲ့ခဏတာဟာ အင်မတန်မှ ကြာရှည်လှတယ်လို့ ခံစားမိနေပါတယ်.။ နောက် ရိုမန် အေဘ ရာမိုဗစ်ချ် သူ့သားလေးနဲ့အတူ ရောက်လာပါတယ်..။ အဲဒီအချိန်က သူ့ရဲ့သားဟာ (၉) နှစ်၊ (၁၀) နှစ်သားအရွယ်ပဲ ရှိပါဦးမယ်..။ လူငယ်လေးဟာရှိုက်ကြီးတငင် ငိုကြွေးနေပါတယ်..။ ကျွန်တော် သူ့ကို အသာလေး ဖက်ထားလိုက်ပါတယ်..။
“တနေ့ကျ မင်းအတွက် ချန်ပီယံလိဂ် ဖလားရအောင် ယူပေးပါ့မယ်.. ငါကတိပေးပါတယ်..။” ကလေးတစ်ယောက် ဒီလိုငိုကြွေးနေတာကို ကြည့်နေရတာ ခံစားရတော်တော်ခက်ခဲပါတယ်..။ အခုအချိန်မှာ သူ့ကိုဘယ်လိုနှစ်သိမ့်ရမလဲ ကျွန်တော်မတွေးနိုင်ပါဘူး..။
နောက်ပိုင်းကျွန်တော်ပြန်သိရတာက ဂျွန် တယ်ရီဟာ ကွင်းထဲမှာ ဖြေမဆည်နိုင်အောင်ကို ဖြစ်နေပါတယ်တဲ့..။ မန်နေဂျာ အေဗရန် ဂရန့်ကိုယ်တိုင်လည်း သူ့ကိုမနှစ်သိမ့်နိုင်ခဲ့ပါဘူး..။ ကျန်တဲ့ကစားသမားတွေကိုယ်တိုင်လည်း မျက်ရည်ကိုယ်စီနဲ့ပါ..။ အနီကတ်ဒ်ကြောင့် ဆုပေးပွဲကို ကျွန်တော်တက်ရောက်ခွင့်မရပါဘူး..။ အခမ်းအနားပြီးလို့ အတော်ကြာမှ အေဗရန် ဂရန့်က ကျွန်တော့်ရဲ့ ဒုတိယဆုတံဆိပ်ကို တိတ်တိတ်လေး လာပေးပါတယ်..။ တစ်ကယ်တော့ ဒီဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဆုယူချင်စိတ်လည်း မရှိခဲ့ပါဘူး..။ အေဗရန် ဂရန့်က ဆုပေးပွဲ စင်မြင့်ကဆင်းလာပြီးပြီးချင်း သူ့ရဲ့ဆုတံဆိပ်ကို ပရိသတ်ထဲ ပစ်ပေးလိုက်ပါတယ်..။ ဒုတိယဆုကို သူစိတ်မဝင်စားပါဘူး..။
ကျွန်တော်ကိုယ်တိုင်လည်း ဒီဆုတံဆိပ်ကို လွင့်ပစ်ဖို့ စဉ်းစားနေတာပါ..။ ကျွန်တော့်ဇနီးက ချော့မော့ပြီး တားဆီးလိုက်တာကြောင့် ဒီနေ့အထိ ရှိနေတာပါ..။ “မင်းတို့ဗိုလ်လုပွဲအထိတောင် ရောက်ခဲ့တာပဲ..၊” လို့ လူတွေကပြောကြပါမယ်.. ဆိုလိုချင်တာက ပြိုင်ဆိုင်မှုက အဓိကပေါ့..၊ ဆောရီးပါ.. ကျွန်တော်ဒီလိုမတွေးပါဘူး..၊ ပထမဆုကို ဘယ်တော့မှ မရနိုင်ဘူးလို့ တွေးမိရင်တော့ ဒုတိယဆုဟာ ကျေနပ်စရာ ဖြစ်နိုင်ပါမယ်..၊ ဒါပေမယ့် ကျွန်တော်တို့တွေအတွက် ဒီလောက်နဲ့ ဘယ်လိုမှမကျေနပ်နိုင်ပါဘူး..။
မကြာခင်မှာပဲ အဝတ်လဲခန်းထဲကို တစ်ယောက်ပြီးတစ်ယောက် တဖြည်းဖြည်း ပြန် ရောက်လာခဲ့ပါတယ်..။ အားလုံးညှိုးညှိုးငယ်ငယ် တိတ်တိတ်ဆိတ်ဆိတ်ပါပဲ..။ အဝတ်လဲခန်း တစ်ခုလုံး ဘာသံမှ မကြားရအောင် ငြိမ်သက်လို့ နေပါတယ်..။ တစ်ချို့က ကျွန်တော့်ကိုကပ်ပြီး ဘာကြောင့်မို့ ဒီလိုတုံ့ပြန်လိုက်တာလဲလို့ မေးကြပါတယ်..။ “ထားလိုက်ပါတော့.. အကုန်လုံး လွန်ကုန်ပါပြီ.. နောက်ကျလွန်းခဲ့ပြီ” လို့ပဲ ပြန်ဖြေလိုက်ပါတယ်..။ ဒီမော်စကိုမြေပေါ်မှာ တစ်စက္ကန့် လောက်တောင် ဆက်ပြီးမရှိချင်တော့ပါဘူး.. အမြန်ဆုံး အတောင်ပေါက်ပြီး ပျောက်ကွယ်ချင်သွား လောက်အောင် စိတ်ရောကိုယ်ပါ ဆို့နင့်၊ ကြေကွဲ ခဲ့ရပါတယ်..။ ဒီပွဲဟာ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှု ကြားမှာ ခြားနားချက်ဟာ ပါးပါးလေးပဲရှိတယ်ဆိုတာ ပြသလိုက်တဲ့ ဥပမာပါပဲ..။ သမိုင်းတင်မယ့် အောင်ပွဲနဲ့ ရက်စက်တဲ့ရှုံးပွဲကြားမှာ လှည့်ကွက်လေးဟာ သေးသေးလေးပါ..။ အေဗရန် ဂရန့်ဟာ ချယ်လ်ဆီးသမိုင်းကြောင်းမှာ အအောင်မြင်ဆုံး မန်နေဂျာတစ်ယောက်အဖြစ် မှတ်တမ်းဝင်ဖို့ လက်မတင်လေးသာ လိုတော့တာပါ..။ ဒါပေမယ့် ဒီပွဲအပြီးရက်ပိုင်းအကြာမှာတော့ သူ့ရဲ့ရာထူးကို နှုတ်ဆက်ခဲ့ရပါတယ်..။
အင်္ဂလန်ကိုပြန်ရောက်တော့ မိသားစုကိုခေါ်ပြီး အားလုံးနဲ့ဝေးရာကို စိတ်ရော၊ လူရော အပန်းသွားဖြေပါတယ်..။ နည်းနည်းဖြေသာလာတဲ့အချိန်လည်းရောက်ရော အမေ့ဆီက ဖုန်းဝင် လာပါတယ်.. “အခုလေးပဲ အဖွားဆုံးသွားပြီ..။”