ပြီးခဲ့တဲ့ ၂၀၀၇- ၀၈ ဘောလုံးရာသီဟာ အမှတ်တရဖြစ်ရပ်တစ်ချို့ ရှိခဲ့ပေမယ့် အောင်မြင်တဲ့ရာသီတစ်ခု မဟုတ်ခဲ့ပါဘူး။ ဒဏ်ရာတွေကြောင့် အချိန်အတော်ကြာ နားခဲ့ရသလို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ မသွားခင်ရခဲ့တဲ့ ဒူးအရွက်ကြောဒဏ်ရာကြောင့် ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီမှာ ခွဲစိတ်ခဲ့ရပါတယ်..။ ပုံမှန်ဆိုရင် ဒီလိုဒဏ်ရာမျိုးက ပြန်သက်သာဖို့ တစ်လလောက် အချိန်ယူရပေမယ့် နိုင်ငံအသင်းအတွက် အရေးကြီးနေတာကြောင့် ဆယ်ရက်လောက်ပအဲ နားယူပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားခဲ့ရပါတယ်..။ အာဖရိကဖလားပွဲက ပြန်လာတဲ့အချိန်မှာ ဒူးခေါင်းတစ်ခုလုံး ယောင်ယမ်းနေပြီး အဲဒီကစလို့ ရာသီကုန်တဲ့အထိ ကျွန်တော့်မှာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်ခဲ့ရပါတယ်..။ ဒါ့ကြောင့် ဘောလုံးရာသီကနု်လို့ ရာသီကြိုလေ့ကျင့်ခန်းတွေမစခင် ကြံ့ခိုင်ရေး အကောင်းဆုံးဖြစ်ဖို့ အရင်ဆုံး ပြန်လည်ကြိုးစားခဲ့ပါတယ်..။ ဒူးအရွတ်ဒဏ်ရာ ကုသတဲ့အထူးကုနဲ့ ပြသပြီး လိုအပ်တဲ့ လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နွေရာသီအားလပ်ရက်ပြီးဆုံးလို့ လန်ဒန်ကို ပြန်ရောက်တဲ့အခါ ကိုယ်အလေးချိန် (၃) ကီလိုလောက် တက်နေတာ သတိပြုမိပါတယ်..။ ပုံမှန်အတိုင်းဆို ဒီ (၆) ပေါင်ခွဲလောက်ဟာ ပြဿနာမရှိဘူးဆိုပေမယ့် ဒူးဒဏ်ရာ ကုသနေတဲ့အခုလို အချိန်မျိုးမှာ သိပ်မကောင်းလှပါဘူး..။
ဇွန်လဆန်းမှာတော လူးဝစ်ဇ် ဖိလစ်ပီ စကိုလာရီရောက်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်..။ သူဟာပေါ်တူဂီ လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတာကနေ တစ်ခါတည်းအသင်းကို လာခဲ့မယ်ဆိုတဲ့ သတင်းတွေ ကြားလာပါတယ်..။ သူဟာ ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်ခဲ့အပြီး နာမည်ကျော်လာတဲ့သူပါ..။ ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းတစ်သင်းကို နည်းပြဖူးမယ့် ပထမဆုံးကမ္ဘာ့ဖလားရမန်နေဂျာ ဖြစ်တာကြောင့် အရှိန်အဝါကြီးသလို မျှော်လင့်ချက်လည်း သူ့အပေါ် ကြီးကြီးမားမား ရှိနေပါတယ်..။ “Big Phil” လို့ နာမည်ပြောင်ပေးခံရတဲ့ ဘရာဇီးလ်နည်းပြဟာ စကားပြောကြမ်းတမ်းသူတစ်ဦးအဖြစ် လူသိများပါတယ်..။ အဲဒီလို စကားပြောကြမ်းတယ်ဆိုပေမယ့် အင်္ဂလိပ်လို မပြောတတ်တာက သူ့အတွက် ပြဿနာရှိပါတယ်..။ ကျွန်တော်တို့နဲ့ စကားပြောတဲ့အခါမှာ စကားပြန်တစ်ယောက် အမြဲလိုအပ်နေသလို လက်ထောက်နည်းပြအဖြစ် ဘရာဇီးလ်သား ဖလာဗီယို မာတိုစာကို ခေါ်လာခဲ့ပါတယ်..။
နောက်ဆက်တွဲအဖြစ် စတိဗ် ကလာ့ခ် အသင်းကထွက်သွားတဲ့ စက်တင်ဘာနောက်ပိုင်းကစပြီး တစ်ယောက်နဲ့တစ်ယောက်ကြား ဆက်ဆံရေးတွေဟာ ရှုပ်ထွေး ကုန်ပါတယ်..။ စကိုလာရီဟာ အင်္ဂလိပ်လို အတတ်နိုင်ဆုံးကြိုးစားပြီးပြောပေမယ့် အသင်းမှာရှိနေတဲ့ကာလ တစ်လျှောက်လုံး သူပြောချင်တဲ့ဆိုလိုရင်းကို ကျွန်တော်တို့နားလည်ဖို့ အတော်ခက်ခဲခဲ့ပါတယ်..။ နွေရာသီ၊ ရာသီကြိုပွဲစဉ်တွေအဖြစ် မလေးရှားနဲ့ ဟောင်ကောင် သွားခါနီးမှာ ဒူးဒဏ်ရာ အရှင်းမပျောက်သေးဘူးဆိုတာ ကျွန်တော်သိလိုက်ရပါတယ်..။ အဲဒါန့ မန်နေဂျာကို သွားတွေ့ပါတယ်..။ သူနဲ့ ထမဆုံးအကြိမ် ဆွေးနွေးဖြစ်ရာမှာ အခုအချိန်အထိ ကျွန်တော်ကောင်းကောင်း မလေ့ကျင့်နိုင်သေးတဲ့အကြောင်း၊ ခြေစမ်းပွဲခရီးစဉ်အတွက် အသင့်ဖြစ်ဦးမှာ မဟုတ်သေးဘူး..။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဒူးဒဏ်ရာကနေ ပြန်ကောင်းလာဖို့ အရင်ဆုံးကြိုးစားချင်တဲ့အကြောင်း၊ ဆေးခန်းတစ်ခုခုမှာ ကုသဖို့ လန်ဒန်မှာပဲ နေရစ်ခဲ့ချင်တဲ့အကြောင်း ပြောပြပါတယ်..။
အစပိုင်းမှာသူက “အိုကေပါ..၊ ရပါတယ်” လို့ ပြောပါတယ်.။ ဒါပေမယ့်နောက်ရက်မှာ ကျွန်တော့်ကို ဆက်သွယ်လာပြီး သူစိတ်ပြောင်းသွားပြီ.. ဒါ့ကြောင့်မလေးရှားကို ကျွန်တော်လိုက်ရမယ်လို့ ပြောပါတယ်..။ သူ့ရဲ့အပြောင်းအလဲမြန်ပုံကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်..။ တစ်ကယ်တော့ ကျွန်တော့်ကို သူနည်းနည်းတော့ စဉ်းစားဦးမယ်..၊ အချိန်ပေးပါ.. ပြီးမှလန်ဒန်မှာနေခဲ့ဖို့ ခွင့်မပြုနိုင်ဘူးလို့ ပြောရင်လည်းရပါတတယ် .။ နောက်ဆုံးတော့ ဒီရာသီကြိုခရီးစဉ်ကို ကျွန်တော်မလိုက်ဖြစ်ခဲ့ပါဘူး.။ ဒါပေမယ့် ဒီဖြစ်ရပ်ကြောင့် ကျွန်တော်တို့ကြားမှာ အစမကောင်းခဲ့ဘူးလို့ ဆိုရမှာပါ..။
ရာသီကြို လေ့ကျင့်ခန်းစတဲ့အချိန်မှာတော့ စကိုလာရီရဲ့ လေ့ကျင့်ခန်းတွေဟာ ကျွန်တော်တို့ (အထူးသဖြင့်ကျွန်တော့်ကို) အံ့အားသင့်စေပါတယ်..။ ရှေးရိုးဥရောပစတိုင် လေ့ကျင့်ခန်းပုံစံကို ပြန်သွားနေပြီး ဘောလုံးတစ်ချက်မှမထိခင် ငါးကီလိုမီတာလောက် အပြေးလေ့ကျင့်ရပါတယ်..။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကျွန်တော်ကစားတဲ့ပုံစံနဲ့ ဒီလိုအပြင်းစားလေ့ကျင်ခန်းတွေဟာ အဆင်မပြေပါဘူး..။ ပြီးတော့ဒီလိုလေ့ကျင့်ခန်းပုံစံတွေနဲ့ ဝေးနေခဲ့တာလည်း အတော်ကြာနေပါပြီ..။ ဒါ့ကြောင့်ကီလိုမီတာ နည်းနည်းလောက် ပြေးပြီးတာနဲ့ ကျောရိုးထဲက အရမ်းနာကျင်လာတာကြောင့် ပြေးဖို့နေနေသာသာ၊ လမ်းတောင်ကောင်းကောင်းလျှောက်မရတော့ပါဘူး..။ လေ့ကျင့်ခန်းတိုင်းမှာ ကျွန်တော်စောစောစီးစီး နားလိုက်ရတာကို စကိုလာရီက ကျွန်တော် သူ့အတွက်ကောင်းကောင်း မကစားပေးချင်ဘူးလ့ို တွေးခဲ့ပုံရပါတယ်..။ တစ်ကယ်တော့ ဒါဟာမမှန်ပါဘူး..။
အဲဒါကြောင့် ရာသီကြိုကတည်းက နီကိုလပ်စ် အနယ်လ်ကာကို ပထမဦးစားပေးအဖြစ် ကျွန်တော့်ကိုကျော်ပြီး ရွေးချယ်ခဲ့ပါတယ်..။ နီကို နဲ့ ကျွန်တော့်ကြားမှာ ဘာပြဿနာမှ မရှိပါဘူး..၊ ဒီနေ့အချိန်အထိ ကျွန်တော့်တို့ဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေအဖြစ် ရှိနေတုန်းပါပဲ..။ တဖြည်းဖြည်းနဲ့ကျွန်တော်ဟာ ပထမဦးစားပေး တိုက်စစ်မှူး မဟုတ်တော့ဘူးဆိုတာ သေချာလာပါတယ်..။
အဲဒီလို ကာယပိုင်းအသားပေးတဲ့ လေ့ကျင့်ခန်းတွေပါပေမယ့် ယေဘူယျအားဖြင့် စကိုလာရီရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေဟာ အပေ့ါစားလေ့ကျင့်ခန်းတွေများပါတယ်..။ ဒါ့ကြောင့်ရာသီစတဲ့အချိန်မှာ ကျွန်တော်တို့အသင်းဟာ ရာသီကြိုအပြင်းအထန်လေ့ကျင့်ခဲ့တဲ့ အခြားအသင်းတွေထက် လန်းဆန်းနေပါတယ်..။ သူရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကို သူယုံကြည်နေပေမယ့် အပြင်းထန်ဆုံး လေ့ကျင့်ခန်းဆိုလို့ (၅) ကီလိုမီတာ အပြေးလေ့ကျင့်ခန်းသာ ပါဝင်ပါတယ်..။ ဘောလုံးနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းနည်းတာကြောင့် ကျွန်တော်တို့ဟာ ကိုယ်ကာယကြံ့ခိုင်နေပေမယ့် ဘောလုံးနည်းစနစ်ပိုင်း အားနည်းနေပါတယ်..။ ရာသီစပြီး သုံးလလောက်အကြာ အခြားအသင်းတွေ တဖြည်းဖြည်း တက်ရိပ်ပြလာချိန်မှာ ကျွန်တော်တို့အသင်းကတော့ ကြံ့ခိုင်မှုကျဆင်းလာပါပြီ..။
ကျွန်တော့်အမြင်အရ စကိုလာရီဟာ ပရီးမီးယားလိဂ်အတွေ့အကြုံနဲ့ ကိုယ်ကာယကြံ့ခိုင်မှုကို အသားပေးလွန်းတဲ့ အင်္ဂလန်ဘောလုံးလောကပုံစံကို မကြုံဖူးသေးတာပါ..။ သူ့ရဲ့အင်္ဂလိပ် ဘောလုံးလောက အတွေ့အကြုံနည်းမှုကို တစ်နေ့မှာ ကိုယ်တွေ့ကြုံလိုက်ရပါတယ်..။ နောက်ရက်ကန်မယ့်ပွဲအတွက် ဟိုတယ်မှာနားနေချိန် လီဗာပူးလ်နဲ့မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် ရုပ်/သံကနေ ပြသနေပါတယ်..။ ဒီပွဲတွေရဲ့ထုံးစံ ရေကုန်ရေခမ်း၊ မြန်ဆန်လွန်းနေပါတယ်..။
“ဒီနှစ်သင်းတော့လေ..၊ ဒီလိုသာကန်နေလို့က ဘောလုံးရာသီဆုံးအောင်တောင်ကန်နိုင်မှာ မဟုတ်ဘူး..။” စကိုလာရီက ကျွန်တော့်ကိုလာပြောပါတယ်..။
“ငါးပွဲလောက်ကန်ပြီးရင် သူတို့ဂျုံးဂျုံးကျ သွားလိမ့်မယ်.. စောင့်ကြည့်နေပါ..။”
“မဟုတ်ဘူး..၊ ဒါပရီးမီးယားလိဂ်..၊ အပါတ်စဉ်တိုင်း.. ရာသီကုန်အထိ ဒီလိုပဲကန်နေတာပါပဲ..။” ကျွန်တော်ပြန်ပြောလိုက်ပါတယ်..။
“မဖြစ်နိုင်ဘူး” သူလက်မခံပါဘူး၊ သူယုံကြည်မှာ မဟုတ်တဲ့အတွက် ကျွန်တော်ဘာမှဆက်မပြောတော့ပါဘူး..။
ဆောင်းဦးပေါက်ကို ရောက်လာတဲ့အချိန်မှာတော့ ခြေချော်မှုတွေ စတင်လာပါပြီ..။
ခရစ္စမတ်ပွဲကျပ်ကာလကို မရောက်ခင် ငါးပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရခဲ့ပါတယ်..။ ဒီလိုအခက်တွေ့နေချိန်မှာ ဒူးဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ ကျွန်တော့်ကို မန်နေဂျာက ဝက်စ်ဘရွန်းအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ထည့်သွင်းကစားခဲ့ပါတယ်..။ ၂ဂိုး၊ ဂိုးမရှိန့ ဲ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းနိုင်ခဲ့လို့ ကျွန်တော့်ရဲ့ခြေစွမ်းအတွက် ကျေနပ်ခဲ့ရပါတယ်.။ နောက်ထပ် ဒီဇင်ဘာ (၂၈) ရက်မှာ ဖူးလ်ဟမ်း အသင်းနဲ့ တစ်ဘက်နှစ်ဂိုးစီ သရေကျပါတယ်.။ ဒီပွဲမှာတော့ သာမာန်ပဲ ကစားနိုင်ခဲ့ပါတယ်။ အခုလို ကြံ့ခိုင်မှုအပြည့်ရှိမနေချိန်မှာ သုံးရက်အတွင်း နှစ်ပွဲဆက် ကစားနိုင်ဖို့ သိပ်မလွယ်လှပါဘူး..။
နှစ်သစ်ကူးကာလ FA ဖလားပွဲအဖြစ် ဆောက်ပ်အန်းအသင်းနဲ့ အိမ်ကွင်းမှာ ဂိုးမရှိ သရေကျအပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ကျွန်တော်တို့ အဝေးကွင်းမှာ သုံးဂိုးပြတ်ရှုံးပါတယ်..။ အသင်းလိုက်ကစားပုံ ညံ့ဖျင်းခဲ့သလို ကိုယ့်ရဲ့ခြေစွမ်းကိုလည်း မကျေနပ်ခဲ့ပါဘူး..။ ပွဲချိန်အတွင်း ဂိုးသွင်းဖို့ အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် ကျွန်တော့်ရဲ့ကန်ချက်ဟာ ဂိုးပေါက်နဲ့လွဲသွားပါတယ်..။ ကိုယ့်ကိုယ်ကို မကျေနပ်မိလို့ လှောင်ရယ်ရယ်မိပါတယ်.. ဒါကိုစကိုလာရီက အထင်လွဲသွားပုံရပါတယ်..။ ပွဲပြီးတော့ အသင်းသားတွေ.. အထူးသဖြင့် ကျွန်တော့်ကို ရည်ရွယ်ပြီး အခုလိုကစားပုံနဲ့ ဘယ်တော့မှ ဖလားရမှာ မဟုတ်ဘူးလို့ လူသိရှင်ကြား ဝေဖန်ပါတယ်..။ နောက်ဆက်တွဲအဖြစ် အသင်းက စီနီယာ ကစားသမားတွေဖြစ်တဲ့ ပီတာ ချက်၊ မိုက်ကယ် ဘောလက်တို့နဲ့ အခြေအတင်တွေ ဖြစ်ကုန်ပါတယ်..။ မန်နေဂျာက ဒီလိုကတောက်ကဆဖြစ်တာ မဟုတ်မှန်ပါဘူးဆိုပြီး မီဒီယာတွေကနေ ငြင်းဆိုခဲ့ပါတယ်..။ ဒါပေမယ့် အဝတ်လဲခန်းထဲက အခြေအနေတွေဟာ အကောင်းဘက်မှာ မရှိတော့ပါဘူး..။
ယူနိုက်တက်နဲ့ပွဲအပြီး သုံးရက်ကြာ ဆောက်ပ်အန်းအသင်းနဲ့ FA ဖလား၊ တတိယအဆင့်ပြန်ကန်ပွဲစဉ် မတိုင်ခင်မှာ စကိုလာရီ နဲ့ကျွန်တော်ထိပ်တိုက်တွေ့ကြပါတယ်..။ အဝေးကွင်းကိုခရီးသွားရမယ့် အသင်းရဲ့လူစာရင်းမှာ ကျွန်တော့်ကို ထည့်မထားခဲ့ပါဘူး။ ချယ်လ်ဆီးကိုရောက်ကတည်းက အခုလိုမျိုး အသင်းရဲ့လူစာရင်းက ချန်လှပ်ခံရတာ တစ်ခါမှမရှိသေးပါဘူး..။ ဒါ့ကြောင့်ကျွန်တော်တို့ အကျိုးအကြောင်း ရှင်းပြဖို့သွားတွေ့ပါတယ်..။ ရန်ဖြစ်ဖို့သွားတာလည်း မဟုတ်ပါဘူး..၊ သူဘာကြောင့် ချန်ထားဖို့ ဆုံးဖြတ်ခဲ့လဲဆိုတာ သိချင်လို့ဖြစ်ပါတယ်..။
“No.. မင်းငါတို့နဲ့ လိုက်စရာမလိုတော့ဘူး..၊ တစ်ကယ်လို့ မင်းအသင်းကနေ ထွက်သွားချင်တယ်ဆိုရင် အခုအချိန်ကတည်းက စပြီးလှုပ်ရှားသင့်ပြီ..။”
“ဒါဆိုကျွန်တော်ဟာ အသင်းအတွက် ဘာမှအကျိုးမရှိဘူးလို့ ခင်ဗျားတွေးထားတာပေ့ါ..။”
“ဒေကိုကလည်း ငါချန်ခဲ့တာပဲလေ..၊ မင်းလည်း မြင်နေတာပဲ..။”
“ဟုတ်ပါတယ်.. ဒါပေမယ့်ဒေကိုက ဒဏ်ရာရနေတာလေ..။ ကျွန်တော်က ဘာမှမှမဖြစ်တာ..။”
“ဒီမှာ..၊ မင်းဟာငါ့ရဲ့အနာဂတ် အစီအစဉ်ထဲမှာ မပါတော့ဘူး..၊ အခုအချိန်ကစလို့ ရာသီကုန်အထိ ထပ်ပြီးကစားခွင်ရမယ်လို့ မထင်နဲ့တော့.။ ဒါ့ကြောင့်မင်းအသင်းက ထွက်မယ်ဆိုရင် အခုအချိန် အကောင်းဆုံးအချိန်ပဲ..။ ဇန်နဝါရီလရောက်နေပြီ.. မင်းအတွက် နောက်ထပ်အသင်းသစ်ရှာဖို့ လကုန်အထိ အချိန်ရှိသေးတယ်..။”
သူကျွန်တော့်ကို ချယ်လ်ဆီးမှာ လုံးဝမစဉ်းစားတော့ဘူးဆိုတာ သေချာသွားပါပြီ..။
ကျွန်တော့်ကို အသင်းကနေထွက်သွားစေဖို့ ကြိုးစားနေပါပြီ..။ သူတစ်ကယ်လိုချင်နေတာက ဘရာဇီးလ် ကစားသမားတစ်ယောက်ဖြစ်တဲ့ အင်တာ မီလန်က အေဒရီယာနိုပဲ ဖြစ်ပါတယ်..။
“အိုကေလေ.. ခင်ဗျားအေဒရီယာနိုကို ခေါ်ချင်နေတယ်ဆိုရင်လည်း ကျွန်တော်အင်တာ မီလန်ကို သွားပါ့မယ်..။”
သူ့ကိုရွဲ့ပြောတာ မဟုတ်ပါဘူး၊ အဲဒီအချိန် အင်တာမှာ မန်နေဂျာက ဘယ်သူဖြစ်မယ် ထင်နေလဲ? “ဟိုဆေး မော်ရင်ဟို” ပေါ့..၊ ဒါ့ကြောင့်ကျွန်တော့်ကို အင်တာ မီလန် သွားခိုင်းရင်လည်း ပျော်ပျော်ကြီး ပြောင်းလိုက်မှာပါ..။
သူနဲ့အစည်းအဝေးပြီးပြီးချင်း အရင်ဆုံးအေဘရာမိုဗစ်ချ် ကို ကျွန်တော်သွားတွေ့ပါတယ်..။ လက်ရှိအခြေအနေကို သူ့ရဲ့လက်ထောက်တစ်ယောက်ကနေတဆင့် ရှင်းပြခဲ့ခြင်း ဖြစ်ပါတယ်..။
“မဟုတ်ဘူး..၊ ဘယ်ကိုမှ မင်းသွားစရာမလိုဘူး..၊ မင်းကိုဒီကထွက်စေချင်တယ်လို ဘယ်သူကပြောတာလဲ.? ဒီအသင်းကထွက်ဖို့ မင်းကိုဘယ်ကမှမပြောဖူးဘူး..။” လို့ သူ့ရဲ့လက်ထောက်က ကျွန်တော့်ကို ပြန်ဖြေပေးပါတယ်..။
ကျွန်တော့်ရဲ့အနေအထားကို သိလိုက်ပါပြီ..။ မန်နေဂျာက ကျွန်တော့်ဘက်မှာ မရှိတော့ပေမယ့် အသင်းကတော့ ကျွန်တော့်ကိုထောက်ခံနေဆဲပါ.။ ဘယ်လိုပဲဖြစ်ဖြစ် စကိုလာရီနဲ့ ကျွန်တော်ပုဂ္ဂိုလ်ရေး ပြဿနာမရှိပါဘူး..။ ချယ်လ်ဆီးအသင်းအတွက် သူအစွမ်းကုန် ကြိုးစားခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်အောင် သူကြိုးစားခဲ့ပါတယ်..။ ဒါပေမယ့် သူဟာအင်္ဂလန်က ဘောလုံးပွဲယဉ်ကျေးမှုကိုနားမလည်နိုင်ခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်..။ အင်္ဂလိပ် ပရီးမီးယားလိဂ်ဟာ အစကတည်းက သူနဲ့မသင့်တော်ခဲ့တာပါ..။ ဒီလိုဖြစ်ရပ်မျိုးဟာ အကောင်းဆုံးဆိုတဲ့ မန်နေဂျာတွေလည်း ကြုံတွေ့ရတတ်ပါတယ်..။
သူ့ရဲ့ချယ်လ်ဆီးအသင်းနဲ့ နောက်ဆုံးရေစက်ဟာ ဖေဖော်ဝါရီလဆန်း ဟူးလ် အသင်းနဲ့ ဂိုးမရှိသရေကျအပြီးမှာ အဆုံးသတ်သွားပါတယ်..။ ပွဲပြီးနောက်တစ်ရက်မှာ သူအသင်းကနေ ထွက်သွားရပါတယ်..။ ဒီပွဲအပြီး France Football သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ကစားသမားတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်တွေ၊ ချယ်လ်ဆီးကစားသမားတွေအပေါ် အားမရတဲ့အချက်တွေကိုပြောပြသွားပါတယ်..။ အဓိကပြောသွားတာကတော့ သူကစားချင်တဲ့ ၄- ၄- ၂ ပုံစံနဲ့ သင့်တော်မယ့်ေ တာင်ပံကစားသမားတွေမရှိခဲ့ဘူး..။ ကျွန်တော့်ကို နီကိုလပ်စ် အနယ်လ်ကာနဲ့တွဲပြီး တိုက်စစ်မှူးနှစ်ယောက် တင်မကစားနိုင်ဘူးလို့ ဆိုလိုတာပါ..။ သူဘာလို့အဲဒီတွေ့ဆုံခန်း ပြုလုပ်ရသလဲဆိုတာ ကျွန်တော်နားလည်ပါတယ်…။ ဒါပေမယ့် အခုလိုမျိုးနောက်ကြောင်းပြန်ပြီး ဝေဖန်တဲ့လုပ်ရပ်ဟာ နှစ်ဦးနှစ်ဘက်ဆက်ဆံရေးကို အကောင်းဆုံး အဆုံးသတ်တဲ့ပုံစံမျိုး မဟုတ်ပါဘူး..။
စကိုလာရီ ကိုင်တွယ်နေတဲ့ ကာလအတွင်း ကျွန်တော်ဟာ မီဒီယာတွေ၊ ပရိသတ်တွေနဲ့ ဆက်ဆံရေးကို ထိန်းချုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ကျွန်တော်နဲ့ပတ်သက်ပြီး မမှန်သတင်းတွေ၊ ဘာသာပြန်အမှားတွေ၊ နားလည်မှုအမှားတွေ မကြာမကြာဖြစ်ရတယ်လို့ ခံစားလာရပါ...။ ဒါ့ကြောင့်မီဒီယာတွေနဲ့ ဆက်ဆံရေးကို ထိန်းချုပ်နိုင်ဖ့ို PR အေဂျင်စီတစ်ခုကို ကူညီဖို့ ဌားရမ်းခဲ့ပါတယ်..။ သူတို့ကိုဌားရမ်းခဲ့တာ အရမ်းကို မှန်ကန်ခဲ့ပါတယ်…။ အဲဒီအချိန်ကစတင်ပြီး ကျွန်တော်ရဲ့မီဒီယာတွေနဲ့ ဆက်ဆံရေး၊ ပရိသတ်နဲ့ ဆက်ဆံရေးဟာ ပိုကောင်းလာခဲ့ပါတယ်.။ အခုထိလည်း သူတို့နဲ့ဆက်ပြီးလက်တွဲနေတုန်းပါ..။
စကိုလာရီထွက်သွားပြီး ရုရှားလက်ရွေးစင်အသင်း မန်နေဂျာ ဂုစ် ဟင့်ဒစ်က ယာယီနည်းပြအဖြစ် ချက်ချင်းတာဝန်ယူခဲ့ပါတယ်..။ ဟစ်ဒင့်ခ်ရောက်လာမှာကို အားလုံးနှစ်သက်ခဲ့ကြပါတယ်..။ သူဟာကလပ်အသင်းအဆင့်မှာ ပီအက်စ်ဗွီ အင်ဒိုဗန်၊ နိုင်ငံလက်ရွေးစင်အသင်းမှာဆိုရင် နယ်သာလန်၊ တောင်ကိုရီးယား၊ ရုရှားအသင်းတွေနဲ့ မှတ်တမ်းကောင်းတွေ၊ အောင်မြင်မှုတွေ ရခဲ့တဲ့အတွက် အများရဲ့လေးစားမှုကို ရခဲ့သူဖြစ်ခဲ့ပါတယ်..။ အင်္ဂလိပ်လိုကောင်းကောင်း ပြောဆိုနိုင်တဲ့အတွက် အဆင်ပြေပါတယ်..။ ရောက်ရောက်ချင်း ကျွန်တော်တို့ကို ပြောတဲ့စကားက “အသင်းက ကြံ့ခိုင်မှု အားနည်းတယ်” ဆိုတာပါပဲ..။ အဲဒီအားနည်းချက်ဟာ သိသာ၊ မြင်သာပါတယ်..။ ဒီနေရာမှာ သူဆိုလိုချင်တဲ့ ကြံ့ခိုင်မှုဆိုတာ ကိုယ်ကာယကြံ့ခိုင်မှု မဟုတ်ဘူး၊ လိုအပ်တဲ့ ဘောလုံးစွမ်းရည်ပိုင်း ကြံ့ခိုင်မှု အားနည်းတာကို ရည်ညွန်းတာပါ.။ ချက်ချင်းပဲ အပြောင်းအလဲတွေစတင်ပြီး သူကိုယ်တိုင် ကျွန်တော်တို့နဲ့အတူတူ လိုအပ်တဲ့ အနေအထားရအောင် ကြိုးစားလေ့ကျင့်ပေးပါတော့တယ်..။
သူ့ရဲ့ပြုပြင်ပြောင်းလဲရေးထဲမှာ ကျဆင်းနေတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်၊ ယုံကြည်မှုအပိုင်းကို ပြန်လည်မြှင့်တင်ပေးတာလည်း ပါပါတယ်..။ ကျွန်တော်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့နည်းပြ လက်ထက်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ထိခိုက်ခဲ့ရပါတယ်..။ ဟစ်ဒင့်ခ်ကအသင်းရဲ့ ကစားကွက်နဲ့ အံဝင်အောင် အတင်းလိုက်ပြီး တစ်ကွင်းလုံးပတ်ပြေးနေစရာမလိုဘူးလ့ို ပြောပါတယ်..။ “မင်းဟာတိုက်စစ်မှူး၊ တိုက်စစ်မှူးဟာ အလဟသအားတွေဖြုန်းတီးနေစရာ မလိုဘူး။ ထိပ်မှာနေပြီး လာသမျှအလုံးတွေကို အဆုံးသတ်နိုင်အောင်သာကြိုးစား.။” လို့လည်း လမ်းညွန်ခဲ့ပါတယ်.။ သူ့ရဲ့ခြားနားတဲ့ နည်းစနစ်တွေ၊ ခြားနားတဲ့ဆက်ဆံပုံတွေကြောင့် စိတ်ဓါတ်တွေရုတ်ခြည်းဆိုသလို ပြန်လည်မြင့်တက်လာခဲ့သလို ကစားရတာလည်း အဆင်ပြေလာပါတယ်..။ ဂိုးတွေလည်း ပိုပြီးသွင်းယူနိုင်ခဲ့ပါတယ်..။ တစ်ကယ်တော့ ကျွန်တော်ဟာ ခြေစွမ်းမပျောက်ဆုံးသေးဘူးဆိုတာ ပြသလိုစိတ် ပြင်းထန်နေတဲ့ အချိန်ဖြစ်ပြီး အခုလိုမန်နေဂျာသစ် ရောက်လာတာနဲ့လည်း တိုက်ဆိုင်ခဲ့တာကြောင့် စိတ်ဓါတ်အားသစ်၊ ခွန်အားသစ်တွေ ရရှိလာပါတယ်..။ ကျွန်တော့်လိုပါပဲ ကျန်တဲ့အသင်းဖော်တွေဟာလည်း ပြန်လည်စိတ်ဓါတ်တက်ကြွလာတာကြောင့် ဟစ်ဒင့်ခ်လက်ထက် ပထမဆုံးလေးပွဲမှာ လေးပွဲစလုံး အနိုင်ရအောင် ကန်နိုင်ခဲ့ပါတယ်..။ အရာရာဟာ အကောင်းဘက်ကို ဦးတည်လာပါပြီ..။