မေလဆန်းပိုင်းမှာ ကျွန်တော့်ရဲ့ စတုတ္ထသား ကိုင်ရန်ကို မွေးဖွားခဲ့ပြီး လကုန်ပိုင်းမှာ FA ဖလား ဆွတ်ခူးနိုင်ခဲ့တာကြောင့် ၂၀၀၉ ခုနှစ်၊ မေလတစ်လလုံးဟာ မင်္ဂလာအပေါင်းနဲ့ ခညောင်းသွားတယ်ပဲ ဆိုရမှာပါ..။ ကျွန်တော်တို့ မိသားစုဟာ ကျန်းမာသန်စွမ်းပြီး ချစ်စဖွယ်ကောင်းလှတဲ့ သားလေးကြောင့် အလွန်အမင်း ကျေနပ်၊ ပီတီဖြစ်ရသလို ကွင်းအတွင်းက အောင်မြင်မှုတွေကြောင့် ဒီနှစ်နွေရာသီဟာ ပျော်စရာအကောင်းဆုံး နွေရာသီနေ့ရက်များ ဖြစ်လာရပါတယ်…။ ဒီဖြစ်ရပ်နှစ်ခုဟာ တိုက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ လှပပြီး ပျော်ရွှင်ခဲ့ ရတဲ့နေ့ရက်များအဖြစ် အမြဲအမှတ်ရနေမှာ အသေအချာပါပဲ..။
မေလတစ်လလုံးပြည့်စုံခဲ့တဲ့ မင်္ဂလာအပေါင်းဟာ ဇွန်လဆန်းမှာ မန်နေဂျာ ကာလို အန်စလော့တီ ရောက်ရှိလာတဲ့သတင်းကြောင့် ဆက်ပြီးလှပနေခဲ့ပါတယ်..။ အန်စလော့တီဟာ ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်အပါအဝင် ဆုဖလားအများအပြား ရရှိခဲ့တာကြောင့် သူ့အပေါ်မျှော်လင့်ချက်က အတော်များနေပါတယ်.။
မနှစ်ကရာသီကုန်ချိန်မှာ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလဟာလသတင်းအများအပြား ထွက်ပေါ်လို့နေပါတယ်..။ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းနဲ့ မသင့်တော်တော့ဘူးလို့ တစ်ချို့ကယူဆနေကြပေမယ့် ပရိသတ်အများစုကတော့ ကျွန်တော့်ရဲ့ကစားပုံနဲ့ အနိုင်ရဖို့ ဘာမဆို ပေးဆပ်တတ်တဲ့စိတ်ဓါတ်ကြောင့် ကျွန်တော့်ကို ချစ်ခင်ကြပါတယ်..။ တစ်ချို့ လူနည်းစုကတော့ အသင်းအပေါ် ချစ်မြတ်နိုးစိတ်နဲ့နိုင်ပွဲရဖို့ ကျွန်တော်ရဲ့စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှုတွေ မထိန်းချုပ်ပဲပြသခဲ့တာကို နားမလည်နိုင်ကြသလို နှစ်လည်းမနှစ်သက်ကြပါဘူး..။ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာပြသခဲ့တဲ့ ကျွန်တော့်ရဲ့စိတ်လှုပ်ရှားမှု၊ တုံ့ပြန်မှုတွေဟာ ပရိသတ်အများစုရဲ့ ခံစားချက်တွေနဲ့တစ်ထပ်တည်းပါပဲ။ ဒီလိုစိတ်လှုပ်ရှားမှုတွေဟာ ဂုဏ်ယူစရာဖြစ်ရပ်တွေ မဟုတ်ဘူးဆိုရင်တောင် အသင်းအပေါ်ဘယ်လောက်ချစ်တယ်..၊ ဂရုစိုက် တယ်ဆိုတဲ့ ပြယုဒ်တွေပဲ ဖြစ်ပါတော့တယ်..။
ယာယီနည်းပြ ဂုစ် ဟစ်ဒင့်ခ်ကလည်း ကျွန်တော့်ကို အမြဲအားပေးနေသလို သူကိုင်တွယ်ခဲ့တဲ့ လပိုင်းလေးဟာ ကျွန်တော့်ရဲ့ယုံကြည်မှုတွေ ပြန်လည်ရရှိစေဖို့ အင်မတန်မှ အထောက်အကူ ဖြစ်ခဲ့ပါတယ်..။ သူဟာကျွန်တော့်အပေါ် နားလည်မှုအပြည့် ရှိတဲ့အပြင် ကျွန်တော့်ကိုချယ်လ်ဆီးမှာ ဆက်ပြီးရှိနေစေချင်ခဲ့ပါတယ်.။ အသင်းပိုင်ရှင်နဲ့တွေ့တဲ့အချိန်မှာ ကျွန်တော့်ကို ဆက်လက်ထောက်ခံပေးဖို့ ပြောခဲ့သလို အသင်းပိုင်ရှင်နဲ့ သူရဲ့လက်ထောက်တွေကလည်း ကျွန်တော်ဟာအသင်းရဲ့ အနာဂတ်မှာ ဆက်ပြီးအရေးပါနေဦးမယ် ဆိုတဲ့အကြောင်း ထပ်ဆင့်ထောက်ခံ ပေးခဲ့ပါတယ်..။
ကာလိုနဲ့ ပထမဆုံးဆက်သွယ်မိတာကတော့ နွေရာသီအားလပ်ရက်အတွင်းမှာပဲ ဖြစ် ပါတယ်..။ သူကကျွန်တော့်ဆီကို ဖုန်းဆက်ပြီး မိတ်ဆက်တယ်..၊ နောက်ပြီးကျွန်တော်နဲ့လက်တွဲပြီး အလုပ်လုပ်ဖို့ စောင့်မျှော်နေကြောင်း အသိပေး ပြောကြားပါတယ်..။ သူ့ရဲ့လုပ်ရပ်ဟာ အင်မတန်မှ ကောင်းမွန်ပါတယ်..။ တကယ်တော့ သူအဲဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး..။ ဒါပေမယ့် ကာလိုဟာ ကျွန်တော်တို့ဆီကို တကူးတက ဖုန်းဆက်ပြီး မိတ်ဆက်ခြင်းဟာ ကစားသမားတွေအပေါ် လေးစားမှုပြသတဲ့ သဘောဖြစ်ပါတယ်.။ အဲဒါကြောင့် ချယ်လ်ဆီးကို သူရောက်တဲ့အပေါ် ကျွန်တော်တို့ အလွန်ဝမ်းမြောက်ခဲ့ရပါတယ်..။ အတွေ့အကြုံတွေ တစ်ပွေ့တစ်ပိုက်နဲ့နာမည်ကျော် နည်းပြတစ်ယောက် ရောက်လာခဲ့ပြီ ဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ်အိပ်မက်လည်း ဖြစ်မြောက်လာတော့မယ် လို့ မျှော်လင့်ရပါပြီ..။
ရာသီကြို လေ့ကျင့်ခန်းတွေစတဲ့အချိန်မှာ ကျွန်တော်အင်မတန်မုန်းတီးတဲ့ (၅) ကီလိုမီတာ အပြေးလေ့ကျင့်ခန်းတွေ မပါလာတော့ပါဘူး..။ သူ့ရဲ့လေ့ကျင့်ခန်း အစီအစဉ်များဟာ ဂုစ် ဟစ်ဒင့်ခ်ရဲ့ လေ့ကျင့်ခန်းအတိုင်းပါပဲ..။ ဟစ်ဒင့်ခ်ရဲ့ ကြံ့ခိုင်ရေးနည်းပြ အသင်းမှာဆက်ပြီးရှိနေတာကလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နိုင်ပါတယ်..။ ကျွန်တော်တို့ရဲ့ လေ့ကျင့်ခန်းအများစုမှာ ဘောလုံးလေ့ကျင့်ခန်းများကိုသာ အသာပေးပါတယ်…။ ဒါ့အပြင်ဒီနှစ်နွေရာသီမှာ နိုင်ငံတကာပွဲစဉ်တွေ မရှိတာကြောင့် ကောင်းကောင်းအနားယူနိုင်ခဲ့သလို အကျိုးရှိမယ့်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများလည်း ပြုလုပ်နိုင်ခဲ့ပါတယ်..။ ကျွန်တော့်အတွက် ပထမဆုံးအကြိမ်အဖြစ် နာတာ၊ ကျင်တာ လုံး၀ မရှိပဲနဲ့ ဘောလုံးရာသီသစ်ကို စနိုင်တော့မှာ ဖြစ်ပါတယ်..။ ဒူးဒဏ်ရာလည်း သက်သာနေပြီ ဖြစ်တာကြောင့် ပြင်းထန်တဲ့ ကာယလေ့ကျင့်ခန်းတွေကိုလည်း ခံနိုင်ရည်ရှိလာပြီ..။ ဒီလိုကြံ့ခိုင်မှု အရမ်းကောင်းနေတာကြောင့် မနှစ်ရာသီကုန်မှာ ပြသခဲ့တဲ့ခြေစွမ်းမျိုးကို ပြန်လည်ရရှိနိုင်မယ်လို့ မျှော်လင့်မိပါတော့တယ်..။
အပြောင်းအရွှေ့အနေနဲ့ နီမန်ဂျာ မက်တစ်၊ ဒယ်နီရယ်လ် စတားရစ်ချ်တို့ရောက်လာခဲ့ပေမယ့် အဓိကကစားသမားအများစုဟာ လွန်ခဲ့တဲ့သုံးရာသီ၊ လေးရာသီကအတိုင်း အပြောင်းအလဲ မရှိခဲ့ပါဘူး..။ အသင်းလိုက် ညီညွတ်မှုနဲ့စိတ်ဓါတ် အကောင်းဆုံးအနေအထားကို ရောက်နေသလို နေရာတစ်နေရာချင်းအတွက် တိုက်ပွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ.။ အဝတ်လဲခန်းထဲက အနေအထားဟာ မနှစ်အခြေအနေနဲ့ အရမ်းကိုခြားနားလှပါတယ်..။
ကျွန်တော်အပါအဝင် ကျွန်တော်နဲ့အရင်းနှီးဆုံး ကစားသမားတွေကို နာမည်ပြောင်အဖြစ် “အာဖရိက ညီအစ်ကိုများ” လို့ မှည့်ထားပါတယ်.။ ကျွန်တော်..၊ ဆော်လမွန် ကာလူး၊ မိုက်ကယ် အက်ဆီယန်၊ နီကိုလပ်စ် အနယ်လ်ကာ၊ မီခေးလ်၊ နောက်ပြီး ဖလောရင့် မာလူဒါတို့ ပါဝင်ပါတယ်..။ မာလူဒါဟာ ဂွမ်အောင်းန်အသင်းမှာကတည်းက အတူတူကစားခဲ့ဖူးတာကြောင့် သိကျွမ်းရင်းနှီးခဲ့တာ ကြာပြီဖြစ်တဲ့အပြင် သူ့ကိုလိုင်ယွန်အသင်းကနေ ဒီကိုပြောင်းလာဖြစ်ဖို့ တိုက်တွန်းခဲ့သူဟာလည်း ကျွန်တော်ပါပဲ..။ အထူးသဖြင့် ဟိုဆေးလို မန်နေဂျာကိုင်တွယ်တဲ့ အသင်းမှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံမျိုး ရစေချင်ခဲ့လို့ပါ..။ ဟိုဆေးရဲ့နည်းစနစ်၊ ကစားသမား တွေကို စိတ်ဓါတ်တက်ကြွလာအောင် ဘယ်လိုမောင်းနှင်ခဲ့တာ၊ ကစားသမားတွေကို အသင်းနဲ့ သူ့အပေါ်သစ္စာရှိပြီး အစွမ်းကုန်ပေးဆပ်ချင်လာအောင် ဘယ်လိုပုံသွင်းခဲ့တာတွေကို မြင်စေချင်၊ သိစေချင်ခဲ့လို့ပါ..။ နောက်ပြီးအသင်းမှာ ကျွန်တော့်ရဲ့ကစားသမားသက်တမ်းကလည်း အတော်ကြာလာပြီမို့ အစ်ကိုကြီးတစ်ယောက်လိုလည်း ဖြစ်နေပါပြီ..။ လူငယ်ကစားသမားတွေကလည်း ကျွန်တော့်ကို အားကိုးတကြီး အကူအညီတောင်းတာ၊ အကြံဉာဏ်တောင်းတာတွေ ရှိလာပါတယ်.။ တစ်ခါတစ်လေ သူတို့အကူအညီတောင်းတဲ့ အချက်များဟာ အသေးအမွှားလေးတေ ွဖြစ်ပေမယ့် အတတ်နိုင်ဆုံးကူညီပေးဖို့ ကျွန်တော်ကြိုးစားပါတယ်..။ အခြားအသင်းက ကစားသမားများက လှမ်းပြီး အကူအညီတောင်းတာမျိုးတွေ အထိတောင် ရှိလာပါတယ်..။
မျှော်လင့်ထားတဲ့အတိုင်းပဲ ရာသီအဖွင့်၊ ကွန်မြူနတီဖလားပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ပြီး ရာသီအဖွင့်ကောင်းခဲ့ပါတယ်..။ ဒါ့အပြင်ရာသီအစမှာ ခြောက်ပွဲဆက်တိုက် နိုင်ပွဲဆက်ခဲ့တာကြောင့် အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာပြီဆိုတဲ့ ယုံကြည်မှုတွေဖြစ်ပေါ်လာပါတယ်..။ တစ်ဦးချင်းအနေနဲ့လည်း ခြေစွမ်းပြန်လည်ကောင်းမွန်လာသလို သွင်းဂိုးတွေလည်း ရလာပါတယ်..။ ဒါ့အပြင် နီကိုလပ်စ် အနယ်လ်ကာနဲ့ အတွဲအဖက်အရမ်းကောင်းနေပြီး ခရစ်စ်မတ်ကာလရောက်တော့ (၂၁) ပွဲမှာ (၁၈) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်..။ အဲဒီဘောလုံးရာသီရဲ့ စိတ်ပျက်စရာ အကောင်းဆုံးဖြစ်ရပ်ကတော့ မတ်လ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ရှုံးထွက် အဆင့်မှာ ဟိုဆေး မော်ရင်ဟို ကိုင်တွယ်တဲ့ အင်တာ မီလန်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်..။ သူ့အတွက်တော့ကျွန်တော်တို့အကြောင်း ကောင်းကောင်းသိနေတဲ့အတွက် ကစားရတာ အတော့် ကို လွယ်ကူပါလိမ့်မယ်.။ ကျွန်တော်တို့ကတော့ ပြောင်းပြန်ပါ..။
ဟိုဆေးနဲ့သူ့ရဲ့ လက်ထောက်တွေအကြောင်း ကျွန်တော်တို့သိပြီးပြီဆိုပေမယ့် ကစားသမားတွေအကြောင်း ကောင်းကောင်းမသိသေးခြင်းကြောင့် တစ်ပန်းရှုံးပါတယ်။ အဝေးကွင်းမှာ ၂ဂိုး၊ ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အပြင် စတန်းဖို့ဒ် ဘရစ်ချ်မှာပါထပ်ပြီး ဝ- ၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကျွန်တော်တို့ စိတ်ထိခိုက်ခဲ့ရပါတယ်..။ အသင်း ပိုင်ရှင်ကလည်း မကျေနပ်ပါဘူး..။ ကျွန်တော်တို့ကို အစည်းအဝေးခေါ်ပြီး အခုချန်ပီယံလိဂ်က ထွက်လိုက်ရပြီ.၊ ကျန်တဲ့ဖလားနှစ်လုံးရဖို့ အရေးကြီးပါတယ်..၊ ဆင်ခြေ၊ ဆင်လက်တွေ မလိုချင်ဘူးလို့ တစ်ခါတည်း ပြောပါတယ်..။ ကျွန်တော်ကတော့ သူ့ရဲ့တောင်းဆိုချက်ကို မအံ့သြမိပါဘူး..။
ဧပြီလ၊ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ပွဲမှာ အရေးကြီးတဲ့ အနိုင်ဂိုးကို ကျွန်တော်သွင်းပေး နိုင်ခဲ့ပါတယ်..။ ဒီအနိုင်ရလဒ်ကြောင့် ကျွန်တော်တို့ အမှတ်ပေးဇယားထိပ်ကို ပြန်ရောက်လာပါတယ်..။ ပြိုင်ပွဲပြီးဆုံးဖို့ကလည်း ငါးပွဲပဲလိုတော့တာဖြစ်ပြီး ကျွန်တော်တို့ဘက်က အသာစီးပြန်ရလာပါပြီ..။ ဒီနှစ်ပရီးမီးယားလိဂ်သရဖူလုပွဲဟာ ကျွန်တော်တို့နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ကြားမှာ တစ်ကယ့်အကြိတ်အနယ်ပါပဲ..။ ကျွန်တော်တို့ဟာ အမှတ်ပေးဆုဖလားကြီးကို နောက်ဆုံးနေ့ကျမှ ဆွတ်ခူးနိုင်ခဲ့တာပါ..။ မန်ချက်စတာ ယူနိုက်တက်က စတုတ် အသင်းကို ၄ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို ကျွန်တော်တို့ကလည်း ဝီဂန်အသင်းကို ၈ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး တစ်မှတ်အသာနဲ့ ဗိုလ်စွဲနိုင်ခဲ့တာပါ..။ ဒီ ၈ဂိုး၊ ဂိုးးမရှိဆိုတဲ့ ရလဒ်ဟာ ကျွန်တော်တို့အသင်းရဲ့ ဂိုးအပြတ်ဆုံးနိုင်ပွဲစံချိန်ဖြစ်ခဲ့သလို အဲဒီနှစ်ဘောလုံးရာသီမှာ အခြားစံချိန်ပေါင်းများစွာကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်..။
တစ်ရာသီလုံးသွင်းဂိုး (၁၀၃) ဂိုးနဲ့ အသင်းရဲ့သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး စံချိန်၊ ဂိုး (၁၀၀) ပြည့်အောင် သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်အသင်း၊ တစ်ရာသီ အတွင်း သွင်းဂိုး (၇) ဂိုးအထက်ရလဒ်ကို မတူညီတဲ့ ပွဲ (၄) ပွဲမှာရအောင် သွင်းယူပေးနိုင်တဲ့ ပထမဆုံး အသင်း၊ ဂိုးကွာခြားချက် (+၇၁) ဂိုးနဲ့ အင်္ဂလိပ် အသင်းတွေထဲမှာ တစ်ရာသီအတွင်း ဂိုးကွာခြားချက်အများဆုံးစံချိန်.. စတဲ့ စံချိန်ပေါင်းများစွာကို စိုက်ထူ၊ ချိုးဖျက်နိုင်ခဲ့ပါတယ်.။ ဒါပေမယ့် အဲဒီလိုစံချိန်သစ်ပေါင်းများစွာကို စိုက်ထူနိုင်ခဲ့ပေမယ့် ဆုဖလားကိုတော့ နောက်ဆုံးပွဲစဉ်ကျမှ ပွတ်ခါသီခါနဲ့ အရယူနိုင်ခဲ့တာ ထူးဆန်းသလို ဖြစ်နေပါတယ်..။ ဂိုးတွေအများကြီးရခဲ့ပြီး တိုက်စစ်ကစားပုံကြောင့် ကျေနပ်စရာကောင်းခဲ့သလို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လေးနှစ်ဆက် ဆုဖလားရယူခဲ့မှာကို တားဆီးနိုင်ခဲ့ခြင်းဟာလည်း အချိုပေါ်သကာ ဆင့်စေခဲ့ပါတယ်..။
တစ်ဦးချင်းအနေနဲ့လည်း နောက်ဆုံးနေ့၊ ဝီဂန်နဲ့ပွဲ ဒုတိယပိုင်းမှာ သုံးဂိုးသွင်းနိုင်ခဲ့လို့ ရွှေဖိနပ်ဆု (Golden Boot) ကို (၂၉) ဂိုးနဲ့ ဒုတိယနေရာက ဝိန်း ရူနီကို သုံးဂိုးဖြတ်ပြီး အရယူနိုင် ခဲ့ပါတယ်..။ ဒီထက်ပိုပြီး ကျေနပ်စရာကောင်းတာက ကျွန်တော့်ရဲ့သွင်းဂိုးအများစုဟာ အရေးပါတဲ့ ဂိုးတွေ၊ အဆုံးအဖြတ်ဂိုးတွေ ဖြစ်နေတာပါပဲ.။ အမှတ်တရ အနေနဲ့ဆိုရင် အိမ်ကွင်းမှာ အာဆင်နယ် အသင်းကို သွင်းယူခဲ့တဲ့ဂိုးဟာ လန်ဒန်မြို့ခံပြိုင်ဘက်ကို (၁၂) ပွဲမှာ (၁၂) ဂိုးမြောက် သွင်းယူခဲ့နိုင်တာမို့ ကျေနပ်စရာစံချိန်မှတ်တမ်းတစ်ခု ဖြစ်ခဲ့ရပြန်ပါတယ်..။ မာဆေးလ်အသင်းမှာ ကျွန်တော် ရှိနေတုန်းက အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ သိရပါတယ်..။ ဒါပေမယ့် တရားဝင်ကမ်းလှမ်းမှု မလုပ်ခဲ့တာကြောင့် အဲဒီအချိန်က ကျွန်တော်မသိခဲ့ရပါဘူး..။ အာစင် ဝင်းဂါး က လီမန်းစ်အသင်းမှာကတည်းက ကျွန်တော်ဟာ ကစားသမားကောင်းတစ်ယောက်ဆိုတာ သတိထားမိကြောင်း ပြောဆိုခဲ့ပေမယ့် ဒီထက်ပိုပြီး သူရှေ့မဆက်ခဲ့ပါဘူး။ အခုလို ဒုတိယအကြိမ်မြောက် ရွှေဖိနပ်ဆု ရခဲ့ခြင်းဟာ ပြီးခဲ့တဲ့ရာသီက ကျွန်တော့်ကိုဝေဖန်သူတွေကို နှုတ်ဆိပ်နေဖို့ ပြသလိုက်တဲ့ အကောင်းဆုံးသက်သေလည်း ဖြစ်ခဲ့ပါတယ်..။
ပရီးမီးယားလိဂ်ဖလားရပြီး တစ်ပါတ်အကြာမှာတော့ FA ဖလား၊ ဗိုလ်လုပွဲအတွက် ဝင်ဘလေကွင်းကို ချီတက်ခဲ့ကြပါတယ်..။ အသင်းရဲ့သမိုင်းမှာ ပထမဦးဆုံး ပရီးမီးယားလိဂ်နဲ့ FA ဖလား “Double” ရနိုင်ဖို့ ရည်ရွယ်ချက်နဲ့ပါ..။ ဝမ်းနည်းဖို့ကောင်းတာက ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ရမယ့် ပို့စ်မောက်အသင်းဟာ ဘဏ္ဍာရေးပြသနာကြောင့် အုပ်ချုပ်မှုအဖွဲ့ရဲ့လက်ထဲ ထိုးအပ်လိုက်ရပြီး တန်းဆင်းဖို့ အပြစ်ပေးခံလိုက်ရပြီ ဖြစ်ပါတယ်..။ နည်းပြကတော့ ကျွန်တော်တို့နည်းပြ ဟောင်း အေဗရန် ဂရန့််ပါ..။ သူတို့အတွက် ဝမ်းနည်းမိပေမယ့် သမိုင်းကြောင်းသစ်တစ်ခု စိုက်ထူနိုင်မယ့် အခွင့်အရေးကြောင့် အနိုင်ရဖို့ အစွမ်းကုန်ကြိုးစား သွားမှာပါ။
နောက်ဆုံးမှာ ၁ဂိုး၊ ဂိုးမရှိနဲ့ ပွဲပြီးသွားခဲ့ ပေမယ့် ပွဲရလဒ်ဟာ နှစ်သင်းစလုံးရဲ့ခြေစွမ်းနဲ့ ထပ်တူမကျခဲ့ပါဘူး။ ပထမပိုင်းမှာတင် ကျွန်တော်တို့ ငါးကြိမ်လောက် ဂိုးတိုင်ထိထွက်ခဲ့ပါတယ်.။ ဒုတိယပိုင်း (၄၉) မိနစ်မှာ ပို့စ်မောက်အသင်း ပင်နယ်တီ ရခဲ့ပေမယ့် ကန်ချက်ကို ပီတာ ချက် ကာကွယ်နိုင်ခဲ့ပါတယ်.။ ပွဲပြီးခါနီးမှာ ကျွန်တော်တို့ရခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကိုလည်း ဖရန့် လမ်းပတ် လွဲချော်ခဲ့ပြန်ပါတယ်..။ ဒါပေမယ့် ဒီပင်နယ်တီလွဲချော်ချက်တွေဟာ ကျွန်တော်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကြောင့် အရေးမကြီးတော့ပါ..။ ကျွန်တော့်ရဲ့ ကိုက် (၃၀) လောက်က အလွတ်တည်ကန်ဘောကန်ချက်ဟာ လူတံတိုင်းဘေးကနေ ခပ်နိမ့်နိမ့်ပဲဖြတ်သွားပြီး ညာဘက်ဂိုးထောင့်ထဲကို လှလှပပ ဂိုးဝင်သွားပါတယ်..။ ဂိုးသမား ဒေးဗစ် ဂျိမ်းစ် သူ့ရဲ့ဘယ်ဘက်ကို လှမ်းဒိုင်ဗင်ပစ်ပြီးကာကွယ်ဖို့ ကြိုးစားပေမယ့် နောက်ကျသွားပါတယ်.။
ဒီတစ်ကြိမ်လည်း အဆုံးအဖြတ်အနိုင်ဂိုးကို ကျွန်တော်သွင်းယူပေးလိုက်နိုင်ပြန်ပါပြီ။ ချယ်လ်ဆီးအသင်းနဲ့ငါးကြိမ်မြောက် ဗိုလ်လုပွဲတွေမှာ (FA နဲ့ ကားလင်းဖလား) ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သလို ဝင်ဘလေကွင်းမှာကစားတဲ့ ခြောက်ပွဲမှာခြောက်ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်..။ ဒါဟာဂုဏ်ယူဖို့ကောင်းတဲ့ မှတ်တမ်းကောင်းတစ်ခုပါ.။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ စံချိန်တွေကို ကျွန်တော်ဂရုမစိုက်ခဲ့ပါဘူး.၊ ကျွန်တော့်စိတ်ထဲမှာ အသင်းရဲ့အကျိုးအတွက်၊ နိုင်ပွဲအတွက် ဂိုးသွင်းပေးနိုင်ဖို့တစ်ခုတည်းကိုပဲ အာရုံစိုက်ထားခဲ့တာပါ..။ ကောင်းတဲ့မှတ်တမ်းတွေ အတွက်တော့ ကျေနပ်မိတာပေ့ါ..။ FA ဖလား ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ဂိုးဟာ ပြိုင်ပွဲအရပ်ရပ် (၃၇) ဂိုးမြောက် ဖြစ်ခဲ့ပြီး အသင်းရဲ့သမိုင်းတစ်လျှောက် ဒုတိယမြောက် သွင်းဂိုးအများဆုံးစံချိန် ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးပရိသတ်များက ချီးမြှင့်တဲ့ “တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု” ကို ရရှိခဲ့တဲ့အတွက်လည်း အရမ်းဂုဏ်ယူခဲ့ရပါတယ်..။
ဒီဆုကို မျှော်လင့်နေခဲ့တာ ကြာပါပြီ.. အခုတော့ စောင့်ရကျိုးနပ်ပြီလို့ပဲဆိုရမှာပါ။ ၂၀၀၉- ၁၀ ဘောလုံးရာသီဟာ တစ်ဦးချင်း ရော၊ အသင်းလိုက်အနေနဲ့ပါ အစစအရာရာ ပြည့်စုံခဲ့တာကြောင့် ကျွန်တော့်အတွက် ထူးရှယ် ဘောလုံးရာသီတစ်ခုအဖြစ် အမြဲအမှတ်ရနေမှာပါ..။ ဒဏ်ရာအနာတရကင်းစင်ပြီး ကြံ့ခိုင်မှု အကောင်းဆုံးမှာရှိနေသလို ဘောလုံးကစားရမှာလည်း စိတ်တိုင်းကျကစားနိုင်ခဲ့ပါတယ်။ တချို့ဘောလုံးရာသီတွေမှာဆိုရင် ဘယ်လိုပဲကြိုးစားကြိုးစား ဂိုးပေါက်လုံး၀ ပျောက်နေတတ်တာ တွေရှိပါတယ်..။ အခုဘောလုံးရာသီကတော့ စင်းလုံးချောလို့ ဆိုရမှာပါပဲ..။ တစ်ချို့ပွဲတွေမှာဆို ဂိုးပေါက်မကြည့်ပဲ ကန်သွင်းခဲ့ပေမယ့် ဂိုးရခဲ့တာတောင် ရှိခဲ့ပါတယ်..။