ဒါပေမယ့်
ကံမကောင်းချင်တော့ ကျွန်တော့်ရဲ့ကျေနပ်မှု၊ အပျော်တွေဟာ ကြာကြာမခံ
ခဲ့ပါဘူး..။ တောင်အာဖရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲကြိုအဖြစ်
ဆွစ်ဇာလန်အသင်းနဲ့ ခြေစမ်း ပွဲမှာ ညာဘက်လက်မောင်းကျိုးခဲ့ပါတယ်..။
မျှော်လင့်စောင့်စားနေတဲ့ ကမ္ဘာ့ဖလားပွဲကြီးနဲ့ လွဲချော်မှာစိုးတဲ့အတွက်
ခွဲစိတ်ကုသမှုချက်ချင်းပြုလုပ်၊ ကျောက်ပတ်တီးနဲ့ကစားနိုင်ဖို့
ကြိုးစားခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးတော့
အားလပ်ရက်နှစ်ပါတ်ရခဲ့ပေမယ့် မလုံလောက်ခဲ့ပါဘူး..။ တစ်ရာသီလုံး
ပင်ပန်းခဲ့ရတဲ့အပြင် နောက်တစ်ကြိမ် ခွဲစိတ်မှုထပ်လုပ်ခဲ့ရတာကြောင့်လည်း
သက်ဆိုင်ပါတယ်.။ ဒီတစ်ကြိမ် ခွဲစိတ်မှုကတော့ ၂၀၀၄ ခုနှစ်ကတည်းက
အနှောင့်အယှက်ပေးခဲ့တဲ့ အူကျရောဂါ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ ၂၀၀၉- ၁၀
ဘောလုံးရာသီမှာလည်း အူကျရောဂါကြောင့် အကိုက်အခဲ ပျောက်ဆေးတွေ
အမြဲတမ်းမှီဝဲနေရတာဟာ ရေရှည်အတွက် မကောင်းပါဘူး..။ အခုလို
ခွဲစိတ်မှုကြောင့် ရာသီကြိုလေ့ကျင့်ခန်းတစ်ချို့ကို လွဲချော်ခဲ့ရသလို
နောက်ရာသီအတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး..။
၂၀၁၀-
၁၁ ဘောလုံးရာသီစတော့လည်း တာထွက်ကောင်းခဲ့တဲ့အပြင် ဝက်စ် ဘရွန်းအသင်း နဲ့
အဖွင့်ပွဲစဉ်မှာတင် ကျွန်တော်သုံးဂိုးသွင်းပြီး Hat-trick ရခဲ့ပါတယ်..။
ဒါ့အပြင် ငါးပွဲဆက်တိုက်နိုင်ပွဲ ဆက်နိုင်ခဲ့တာမို့
ပြီးခဲ့တဲ့ဘောလုံးရာသီကလွမ်းမိုးနိုင်ခဲ့တဲ့ အောင်မြင်မှုအရှိန်တွေ
မကုန်သေးသလိ ပါပဲ.။ ဒါပေမယ့်အောက်တိုဘာလဆန်းကိုရောက်တဲ့အချိန်မှာ
ကျွန်တော်ကိုယ်တိုင်လည်း ပွဲပန်းလာသလို အသင်းရဲ့ရလဒ်တွေလည်း
ကျဆင်းလာပါတယ်..။ နည်းပြအဖွဲ့ကို ပွဲပန်းပြီး ခြေစွမ်းကျလာပြီဖြစ်လို့
ရက်နည်းနည်းလောက်အနားပေးဖို့ အကြိမ်ကြိမ်ပြောပေမယ့် ဘယ်သူကမှ
နားမထောင်ခဲ့ပါဘူး..။ ကိုယ်ထင်မှတ်ထားတာထက် ပိုပြီးပင်ပန်းနေတာဟာ
နှစ်ကြိမ်ဆက်တိုက် ခွဲစိတ်ကုသခဲ့ရတာနဲ့လည်း သက်ဆိုင်နိုင်ပါတယ်.။
သူတို့အမြင်မှာတော့ ကျွန်တော်ဟာ လိုတာထက်ပိုပြီး ကိုယ့်ကိုယ်ကို
ဂရုစိုက်လွန်းနေတယ်..၊ အစိုးရိမ်လွန်နေတယ်လို့ပဲ ယူဆနေကြပါတယ်..။
နောက်ဆုံးတော့ ကာလိုကိုကိုယ်တိုင်သွားတွေ့ပြီး အနည်းဆုံးလေးရက်လောက်
ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်…။ သူကမပေးချင်၊ ပေးချင်နဲ့
သဘောတူလိုက်ပါတယ်…။
ကောင်းကောင်း
အနားယူမယ်လု့ိရည်ရွယ်ပြီး အဘူဒါဘီကိုခရီးထွက်ခဲ့တာဖြစ်ပေမယ့်
ရောက်ရောက်ချင်းမှာကို နေမကောင်းဖြစ်လာကြောင့် ချက်ချင်းပြန်လာခဲ့ပါတယ်..။
အိမ်မှာပဲနှစ်ရက်လောက် အနားယူပြီး ပြန်လေ့ကျင့်ခန်းဆင်းတဲ့အချိန်
ငါးမိနစ်လောက်ပဲ ကြာပါသေးတယ်..၊ ချွေးတွေဒလဟောထွက်၊ ချမ်းတုန်ပြီး
နေမကောင်းဖြစ်လာတာနဲ့ ချက်ချင်းပဲအနားယူ လိုက်ရပါတယ်..။ ကြံ့ခိုင်ရေးနည်းပြ
တွေကတော့ ကျွန်တော့်ရဲ့အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေရပါတယ်..။
“ဘာလို့
ငါမင်းတို့ကို ညာမှာလဲ။ ငါလည်းကြံ့ခိုင်ရေးကောင်းချင်တယ်..၊ ကောင်းကောင်း
ကစားချင်တယ်..။ ငါ့ကိုဘာဖြစ်လို့ မယုံကြတာလဲ?” လို့ ပြောလိုက်ရပါတယ်..။
နောက်ဆုံးမှာ ကျွန်တော့်ကို အိမ်ပြန်ပြီး အနားယူခွင့်ပေးလိုက်ပါတယ်.။
ဒီလိုကြံ့ခိုင်မှုမကောင်းပဲ ဖြစ်နေတာတောင် ပရီးမီးယားလိဂ် ပွဲစဉ်တွေအပြင်
စပါးတပ်စ် မော်စကိုနဲ့ ချန်ပီယံလိဂ်တစ်ပွဲပါ ကစားလိုက်ရပါသေးတယ်..။
ကျွန်တော့်အတွက်တော့ တစ်ကယ့်ကိုဆိုးရွားလွန်းတဲ့လတစ်လပါပဲ..။
ချန်ပီယံလိဂ်ကစားတဲ့နေ့က သိသိသာသာကြီး နေမကောင်းဖြစ်နေတဲ့အပြင်
ကိုယ်အပူချိန်ပါ အတော်တက်ပြီး ဖျားနေပါတယ်.။ ဒါပေမယ့်ကျွန်တော်ပြောတာကို
ဘယ်သူမှမယုံကြတဲ့အတွက် အခြားဘာမှရွေးချယ်စရာမရှိခဲ့ပါဘူး။
နောက်ရက်မှာတော့
အိမ်ကဆိုဖာပေါ်လှဲနေရင်း တစ်ကိုယ်လုံး မလှုပ်မရှားချင်အောင်
ဖြစ်နေပါတယ်..။ ကျွန်တော့်ဘ၀ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ဆိုးဆိုးဝါးဝါး
နေမကောင်း မဖြစ်ဖူးသလိုပါပဲ..။ စိတ်ထဲက ဂယောင်ချောက်ချား ဖြစ်နေသလို
သွားချင်းတထပ်ထပ်ရိုက်ပြီး ချမ်းတုန် နေပါတယ်..။ ကျောင်းကပြန်လာတဲ့သမီးက
ကျွန်တော့်ကိုကြည့်ပြီး “အဖေ.. နေကောင်းရဲ့လား” လို့ စိုးရိမ်တကြီး
မေးရှာပါတယ်..။ ကျွန်တော်က “ရတယ်.. ဘာမှမဖြစ်ပါဘူး..” လို့ ရယ်မောရင်း
ဟန်ဆောင်ပြီး ပြန်ဖြေလိုက်တာတော့ မှတ်မိနေပါသေးတယ်..။
နောက်ဆုံးသွေးစစ်ကြည့်တဲ့အခါ
ဌက်ဖျားရောဂါ ကူးစက်ခံနေရပါတယ်တဲ့..။ အိုင်ဗရီကို့စ်မကြာခဏ သွားလိုက်၊
လာလိုက်လုပ်နေ ပေမယ့် ဟိုမှာတစ်ရက်၊ နှစ်ရက်ထက်ပိုပြီး ကြာကြာမနေဖူးတာမို့
ဘယ်လိုရောဂါ ကူးစက်ခံရလဲ ဆိုတာ ဒီနေ့အထိ စဉ်းစားမရခဲ့ပါဘူး..။ ဒါပေမယ့်
ကျွန်တော် နေရထိုင်ရ မကောင်းတော့တာ တစ်လလောက်ရှိပြီဆိုတော့ ကူးစက်ခံရတာ
တစ်လလောက်ရှိပြီလို့ အကြမ်းဖျင်း ယူဆရပါတယ်..။ ရောဂါသိပြီမို့
ဆေးကုသမှုခံယူပြီး ပျောက်ကင်းခဲ့ပေမယ့် နလန်ထဖို့၊ ပြန်ကစားနိုင်ဖို့
အချိန်အကြာကြီး ယူလိုက်ရပါတယ်..။ အသက်ကလည်း (၃၂) နှစ်ထဲ ရောက်လာပြီမို့
လူတွေကတော့ “ဒရော့ဘာတော့ အရင်လို မဟုတ်တော့ဘူး.. အကျပိုင်းကို ရောက်လာပြီ”
လို့ စဉ်းစားမိကြမှာပါ..။
အဲဒီအချိန်ဟာ
ဇန်နဝါရီအပြောင်းအရွှေ့ကာလနဲ့ တိုက်ဆိုင်နေပြီး ရုတ်တရက်ဆိုသလို ဖာနန်ဒို
တောရက်စ် အသင်းကိုရောက်လာပါတယ်..။ ကျွန်တော်တို့က “နန်ဒို” လို့ခေါ်တဲ့
ဖာနန်ဒို တောရက်စ်ကို လီဗာပူးလ်အသင်းကနေ ဗြိတိသျှစံချိန်ပြောင်းရွှေ့ကြေး
ပေါင်သန်း (၅၀) နဲ့ ခေါ်ယူခဲ့ပါတယ်.။ သူ့ကိုခေါ်ရခြင်း
အကြောင်းရင်းတွေထဲမှာ ကျွန်တော်တစ်ယောက်နေမကောင်း ဖြစ်နေပြီး ကာလရှည်ကြာ
မကစားနိုင်ဖြစ်နေခြင်းက ပါဝင်သလို ကျွန်တော်တို့မရှိတော့မယ့် အနဂတ်အတွက်
ကြိုတင်ပြင်ဆင်ခြင်း ဖြစ်တယ်လို့လည်း ဆိုကြပါတယ်..။ “ဟုတ်ပါပြီ..
ငါမအိုသေးဘူး ဆိုတာ သက်သေပြရတာပေါ့” လို့တော့ စိတ်ထဲက ဆုံးဖြတ်လိုက်ပါတယ်.။
ဒါပေမယ့်အသင်းရဲ့ ဆုံးဖြတ်ချက်၊ အမြင်ကိုလည်း လက်ခံရမှာပါ..။
သူရောက်လာတယ်ဆိုရင်ပဲ
မန်နေဂျာဟာ သူနဲ့ကိုက်ညီနိုင်မယ့် ကစားကွက်ပုံစံကို
ရုတ်ခြည်းပြောင်းလဲပစ်လိုက်ပါတယ်..။ အရင်က ကျွန်တော်တို့ဟာ
တိုက်စစ်မှူးနှစ်ယောက် တင်ကစားတဲ့ကစားကွက်ကိုအသုံးများပြီး အသင်းနဲ့လည်း
ကိုက်ညီတယ်လို့ ယူဆပါတယ်..။ ဒါပေမယ့်သူ့ကိုကစားကွက်နဲ့
အံဝင်စေချင်တာကြောင့် ကျွန်တော့်ရဲ့ ကစားပုံကို
နည်းနည်းပြောင်းလိုက်ပါတယ်..။ သူ့ကိုအထောင်တိုက်စစ်မှူးအဖြစ်
တင်ကစားလိုက်ပြီး ကျွန်တော်က ဘေးကိုထွက်၊ ဒါမှမဟုတ်ရင်
နောက်ချန်တိုက်စစ်မှူးဆန်ဆန် ကစားပေးပါတယ်.။ နန်ဒိုကိုအသင်းမှာ အံဝင်အောင်
ကစားပုံပြောင်းလဲခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး..။
အဲဒီလိုအံမဝင်ဖြစ်ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့
သူရောက်လာတဲ့အချိန်မှာ ဒဏ်ရာအကင်းမသေသေးတာပဲ ဖြစ်ပါတယ်..။
လီဗာပူးလ်အသင်းမှာ အချိန်တော်တော်ကြာ ဒဏ်ရာရနေခဲ့သလို
ဒဏ်ရာမပျောက်သေးပဲနဲ့တောင် ကမ္ဘာ့ဖလားပွဲ သူဝင်ကစားခဲ့ပါသေးတယ်..။
ချယ်လ်ဆီးကို ရောက်လာတဲ့အချိန် သူ့မှာကြံ့ခိုင်မှုအပြည့်မရှိသေးဘူးဆိုတာ
သူကိုယ်တိုင်လည်း နားလည်ပါတယ်..။ အသင်းကြီးတစ်သင်းကနေ
နောက်ထပ်အသင်းကြီးတစ်သင်းကို ပြောင်းတာဖြစ်တဲ့အပြင် နဂိုကတည်းက
အထိုင်ကျပြီးသား၊ အောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ အသင်းတစ်သင်းမှာ
သူ့ရဲ့ပုံစံနဲ့အံဝင်အောင်လိုက်ကစားစေနိုင်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်။
တစ်ကယ်တော့ လီဗာပူးလ်မှာ သူနဲ့ စတီဖင် ဂျရတ်တို့ဟာ ဘုရင်တွေပါ..။
ချယ်လ်ဆီးမှာကျဘုရင်တွေ နှစ်ဆယ့်နှစ်ပါးလောက် ရှိနေပါတယ်။
သူရုန်းကန်နေရတာကိုလည်း ကျွန်တော် နားလည်ပါတယ်..။ တန်ကြေးကြီးမားတဲ့
အပြောင်းအရွှေ့ရဲ့ နောက်ဆက်တွဲအနေနဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေ
လိုက်ပါလာတတ်စမြဲပါ..။
မာဆေးလ်မှာတုန်းက
ကျွန်တော့်အနေအထားကလည်း သူ့လိုပါပဲ..။ ဂိုးတွေအများကြီး သွင်းနိုင်ခဲ့သလို
အသင်းသားတွေအားလုံးက ကျွန်တော်ဂိုးသွင်းနိုင်အောင် တည်ဆောက်ထားခဲ့
တာကြောင့် အဲဒီမှာကျွန်တော်ဟာ ဘုရင်တစ်ပါးပါ..။
ချယ်လ်ဆီးကိုပြောင်းလာတဲ့အချိန်မှာ တစ်ရာသီမှာ ဂိုးပေါင်းသုံးဆယ်လောက်
သွင်းပေးနိုင်တဲ့ အနေအထားကနေ အဲဒီနှုန်းရဲ့တစ်ဝက်လောက်ပဲ
သွင်းနိုင်ပါတော့တယ်..။ ဒါလည်းမဆိုးသေးပါဘူး.. တိုက်စစ်မှူးတစ်ယောက်အနေနဲ့
အထိုင်ကျဖိ့ု့ အချိန်နည်းနည်းတော့ စောင့်ရတတ်ပါတယ်..။ နန်ဒိုဟာ
သူ့ရဲ့ပထမဆုံးဂိုးကို သုံးလလောက်နေမှ သွင်းနိုင်ခဲ့တာမု့ိ
သူလည်းအထိုင်ကျဖို့ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပုံရပါတယ်..။ တစ်ချိန်တည်းမှာပဲ
အသင်းဟာ ကားလင်းဖလားပွဲ၊ FA ဖလားပွဲတွေမှာ စောစောစီးစီး
ပြိုင်ပွဲကထွက်ခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းက
ချန်ပီယံပြန်ဖြစ်ဖို့ အခြေအနေ ကောင်းနေခဲ့ပါတယ်..။
သူတို့နဲ့ရင်ဆိုင်ရဖို့ရှိတဲ့ ချန်ပီယံလိဂ်၊ ကွာတားဖိုင်နယ်ပြိုင်ပွဲဟာ
ဘယ်သူပိုအားကြီးသလဲဆိုတာ ပြသရမယ့်ပွဲစဉ်လို ဖြစ်နေခဲ့ပါတယ်..။
ဒီပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ ကာလိုက ကျွန်တော့်ကို “ချန်ပီယံလိဂ်ကို ငါတို့ဘယ် တော့ ရနိုင်မလဲ မသိဘူး?”လို့ မေးပါတယ်..။
“ကျွန်တော့်ကိုဝန်းရံပြီး အသင်းကိုတည်ဆောက်လိုက်ပါ.. ကျွန်တော်တို့ ချန်ပီယံလိဂ် ရပါလိမ့်မယ်..။” ကျွန်တော်ပြန်ဖြေလိုက်ပါတယ်..။
ကျွန်တော့်ရဲ့အဖြေဟာ
နည်းနည်းတော့ မောက်မာနေသလိုပါပဲ…။ ဒါပေမယ့် ဥရောပ ပြိုင်ပွဲကြီးမှာ
အနိုင်ရအောင် ဘယ်လိုကစားရမလဲဆိုတာ ကျွန်တော်သိပါတယ်..။ ကျွန်တော့်ရဲ့
အဖြေကို သူနားထောင်ပြီး “အင်း.. ဟုတ်ပါတယ်.. ဒါပေမယ့်..” ဆိုပြီး
ဆက်မပြောတော့ပဲ ရပ်နေပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ် သူဆုံးဖြတ်တာကို
ကျွန်တော်လက်ခံရမှာပါပဲ..။
ပထမအကျာ့၊
အိမ်ကွင်းမှာ ကစားရတဲ့ပွဲမှာ ကျွန်တော်ပွဲထွက်ခွင့် ရခဲ့ပါတယ်..။ ဒါပေမယ့်
ကံမကောင်းစွာနဲ့ပဲ ကျွန်တော်ခြေစွမ်းမပြနိုင်ခဲ့ပါဘူး..။ တစ်လုံးတည်းသော
အနိုင်ဂိုးကို ဝိန်း ရူနီက သွင်းယူခဲ့ပြီး သူတို့ဘက်က အသာစီး ရသွားပါတယ်..။
ဒုတိယအကျော့ပွဲစဉ်မှာ ကျွန်တော် အရန်ခုံမှာပဲ ထိုင်လိုက်ရပါတယ်..။
ကျွန်တော့်ရဲ့ ချယ်လ်ဆီးအသင်း ပွဲ (၃၀၀) မြောက် အထိမ်း အမှတ်ဟာ
မှန်းထားသလို မဖြစ်ခဲ့ဘူး ဆိုရမှာပါ..။ ကာလိုက အနယ်လ်ကာနဲ့တွဲဖက်ဖို့
ဖာနန်ဒို တောရက်စ်ကို စွန့်စားပြီး ပွဲထုတ်ခဲ့ပါတယ်။ အဲဒီအချိန်အထိ
တောရက်စ်ဟာ ကျွန်တော်တို့ အသင်းအတွက် အဖွင့်ဂိုးမရသေးတာမို့
စွန့်စားမှုဆန်တယ် ပြောရမှာဖြစ်ပါတယ်..။ ပထမပိုင်းပြီးခါနီး ဟာနန်ဒက်စ်
အဖွင့်ဂိုးသွင်းပြီးတဲ့အချိန် ကာလိုကကျွန်တော့်ဘက်လှည့်လာပြီး
“မင်းဝင်ကစားဖို့ လိုပါပြီ..။” လို့ ပြောလိုက်ပါတယ်..။
အခုလိုအနေအထားကျမှဆိုတော့ ကျွန်တော်လည်း စိတ်ပျက်မိပါတယ်..။ “အင်းပါ..
ခင်ဗျားအခုမှ ကျွန်တော့်ကိုဝင်ကစားခိုင်းတယ်.. နောက်ကျပြီထင်ပါရဲ့..”
ဒုတိယပိုင်းစစချင်းမှာပဲ နန်ဒိုအစား ကျွန်တော်ဝင်ကစားရပါတယ်..။ ပွဲစပြိးသိပ်မကြာခင်မှာ ကန်သွင်းမှုတွေ ကျွန်တော်လုပ်နိုင်ခဲ့ပြီး ဗန်ဒါဆားတစ်ယောက် အသည်းအသန် ကာကွယ် ခဲ့ရပါတယ်..။ (၇၂) မိနစ်မှာတော့ မိုက်ကယ် အက်ဆီယန် ပေးပို့တဲ့ဘောလုံးကို ရင်ဘတ်နဲ့တား၊ ဆွဲပြေးပြီး အဆုံးသတ် ဂိုးသွင်းနိုင်ခဲ့ပါတယ်.။ ကျွန်တော်တို့ မျှော်လင့်ချက် ပြန်ရှိလာပါပြီ..!!။ ဒါပေ မယ့် ကျွန်တော်တို့မှာ ဂိုးသွင်းပြီးအောင်ပွဲခံဖို့ အချိန်တောင်မရလိုက်ပါဘူး။ ပြန်စတဲ့ဘောလုံးကနေ စက္ကန့်ပိုင်းအတွင်း ပတ်ခ် ဂျီဆန်းက ဒုတိယဂိုးသွင်းပေးလိုက်တာမို့ အသင်းပိုင်ရှင် အသည်းအသန် လိုချင်နေတဲ့ ဖလားကြီးကို ဒီနှစ်မှာလည်း လက်လွှတ်လိုက်ရပြန်ပါပြီ..။
ပရီးမီးယားလိဂ်မှာလည်း မန်ချက်စတာ
ယူနိုက်တက်ကပဲ ကျွန်တော်တို့ထက် ကိုးမှတ်အသာနဲ့ ဗိုလ်စွဲသွားတာမို့
မန်နေဂျာကာလို အန်စလော့တီအတွက် အချိန်သိပ်မကျန်တော့ပါဘူး..။ ထုံးစံအတိုင်း
အသင်းအခြေအနေ မကောင်းတော့ဘူးဆိုရင် ကစားသမားတစ်ချို့က သူတို့ကို
မရွေးလို့ဆိုပြီး မန်နေဂျာကို စောဒက တက်ကြပါတော့တယ်..။ ကာလို အန်စလော့တီဟာ
မန်နေဂျာကောင်း တစ်ယောက်ပါ..။ အထူးသဖြင့် လူရွေးချယ်ပြီး သင့်တော်မယ့်
ကစားနည်းစနစ်ကို မှန်မှန် ကန်ကန် အသုံးချတတ်တဲ့ နည်းပြကောင်းတစ်ယောက်ဆို
ပိုပြီးမှန်ပါလိမ့်မယ်။ တစ်ကယ်လို့ သူ့မှာကစားသမားတွေနဲ့
ပတ်သက်တဲ့ပြဿနာအရပ်ရပ်တွေကို ကိုင်တွယ်ဖြေရှင်းပေမယ့်
လက်ထောက်ကောင်းကောင်းတွေ ရှိခဲ့မယ်၊ ဘောလုံးအပိုင်းကိုပဲ
သူပိုပြီးအာရုံစိုက်နိုင်ခဲ့မယ်ဆိုရင် အခြေအနေဟာ
တစ်မျိုးဖြစ်လာနိုင်မှာပါ..။ အမှန်တော့ ဒီလိုအခြားဗဟီရ ပြဿနာတွေကို
လက်ထောက် မန်နေဂျာက ဖြေရှင်းပေးရတာပါ..။
နိုဝင်ဘာလတုန်းက
သိပ်ကိုထူးချွန်တဲ့ လက်ထောက်မန်နေဂျာ ရေးလ် ဝီလ်ကင်ကို
လက်လွှတ်လိုက်ရခြင်းဟာ အသင်းကို နစ်နာစေခဲ့ပါတယ်..။ လက်ထောက်မန်နေဂျာဆိုတာ
ကစားသမားတွေနဲ့ အနီးကပ်ရှိနေပြီး သူတို့ဘယ်လိုခံစားရတယ်..၊ ဘယ်အချိန်
ဘယ်သူ့ကိုဘယ်လို ပြောရမလဲဆိုတာတွေ ကောင်းကောင်းနားလည်နေရပါမယ်..။ ဥပမာ-
ကစားသမားတစ်ယောက် ကစားခွင့်မရဘူးဆိုရင် သူပထမဆုံးသွားပြီး ဆွေးနွေးသင့်၊
အကျိုးအကြောင်းပြောသင့်တာ လက်ထောက်မန်နေဂျာပါ..။ မန်နေဂျာဆီကို
တိုက်ရိုက်သွားပြီး မဆွေးနွေးသင့်ပါဘူး..။ လက်ထောက်မန်နေဂျာက
“မန်နေဂျာကိုသွားတွေ့ပြီး ပြောကြည့်ပါလား” လို့ ပြန်ညွန်တာမျိုးတွေ
ရှိနိုင်ပေမယ့် သူသာကိုယ့်ရဲ့လုပ်ငန်းတွေကို အပြည့်အ၀ တာဝန်ယူနိုင်၊
နားလည်နေနိုင်မယ်ဆိုရင် တစ်ချို့အရာတွေကို မန်နေဂျာကိုယ်စား
တာဝန်ယူဖြေရှင်းပေးလို့ ရပါတယ်..။ ကာလို အန်စလော့တီဟာ
ပျော့ပျောင်းလွန်းတဲ့အတွက် မန်နေဂျာတစ်ယောက်ရဲ့
ဝန်ထုတ်ဝန်ပိုးတွေဖြေရှင်းပေးဖို့ သူ့မှာလက်ထောက်မန်နေဂျာ
ကောင်းကောင်းတစ်ယောက်ရှိဖို့ လိုအပ်ပါတယ်.။ လူတိုင်းကို ကျေနပ်အောင်
ဖြည့်ဆည်းပေးစေချင်တယ် ဆိုပေမယ့် လက်တွေ့မှာမဖြစ်နိုင်ပါဘူး..။
ရာသီကုန်မှာတော့ ကာလိုဟာ တာဝန်ကနေ ရပ်စဲခံခဲ့ရပါတယ်.။ အလုပ်မထွက်ခွာခင် နှစ်ရက်အလိုမှာ သူကျွန်တော့်ကို လာတွေ့ပါတယ်..။
“ဒီဒီယာ..
မင်းနဲ့လက်တွဲပြီးအလုပ်လုပ်ရတာ သိပ်ကိုကျေနပ်၊ ပျော်ရွှင်ခဲ့ရပါတယ်..။
အရာရာအားလုံးမှာ မင်းနဲ့ငါ ထပ်တူမကျနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်..။
မင်းအတွက် နစ်နာခဲ့ရတဲ့အရာ တွေ ရှိနိုင်ပေမယ့် ဒါတွေဟာ ပုဂ္ဂိုလ်ရေး
မပါဘူးဆိုတာ သိစေချင်တယ်..။”
“မစိုးရိမ်ပါနဲ့.. ကာလို. ကျွန်တော်နားလည်ပါတယ်..။ ဘောလုံးလောကဟာ ဒီလိုပါပဲ..” ကျွန်တော် ပြန်ဖြေလိုက်ပါတယ်..။
လွန်ခဲ့တဲ့နှစ်နှစ်၊
ရာသီမစခင်မှာ တကူးတကဒုက္ခခံပြီး ကျွန်တော်တို့ကို သူစတင်ပြီး
မိတ်ဆက်ခဲ့တယ်…၊ အခုတစ်ကြိမ်မှာလည်း ကောင်းသောနှုတ်ဆက်ခြင်းနဲ့ခွဲခွာဖို့
သူကပဲစတင် နှုတ်ဆက်ခဲ့ပြန်ပါပြီ..။ တကယ်တော့ သူဒီလိုလုပ်စရာ
မလိုအပ်ပါဘူး..။ ဒါပေမယ့်အစောပိုင်းမှာ ကျွန်တော် ပြောခဲ့သလိုပါပဲ..
သူဟာတစ်ကယ့်ကို လူကြီး၊ လူကောင်းပီသသူ တစ်ဦးပါ..။