၂၀၁၁၊ ဇွန်လဆန်းမှာ ကျွန်တော်တို့ရဲ့ မန်နေဂျာသစ်ကို ကြေငြာပါတယ်..။ အင်ဒရီ ဗီလက်ရှ် ဘိုအက်ရှ်.. ဒါမှမဟုတ် နောက်ပိုင်းမှာ အင်္ဂလိပ် မီဒီယာတွေ ခေါ်ကြသလို “AVB” ပေါ့..။ သူဟာ လွန်ခဲ့တဲ့ခုနှစ်နှစ်က ကျွန်တော်ဒီအသင်းရောက်ပြီးတဲ့နောက်ပိုင်း လက်တွဲခဲ့ရတဲ့ ခြောက်ယောက်မြောက်မန်နေဂျာ ဖြစ်ပါတယ်..။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ မော်ရင်ဟိုထွက်သွားပြီး လေးနှစ်အတွင်း ငါးယောက်မြောက် မန်နေဂျာပဲ ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ရာသီမကုန်ခင်ကတည်းက အင်ဒရီကိုခန့်ဖို့ကြိုးစားနေတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေပါပြီ..။ အခုအမှန်တကယ် ရောက်လာပြီဆိုတော့ ကျေနပ်မိပါတယ်..။ သူဟာကျွန်တော်နဲ့ရင်းနှီးတဲ့သူငယ်ချင်းလည်း ဖြစ်ပါ တယ်..။ ဒါ့အပြင် ကျွန်တော်မာဆေးလ်မှာ ရှိနေတုန်းကလည်း ဟိုဆေးဟာ အင်ဒရီကိုစေလွှတ်ပြီး ကျွန်တော့်ရဲ့ ကစားပုံ၊ ခြေစွမ်းကို အကဲခတ်ခိုင်း ခဲ့တာပါ..။ သူဟာဟိုဆေးသွားလေရာ ချယ်လ်ဆီး၊ အင်တာ မီလန်တို့ကို တောက်လျှောက်ပါသွားပြီး နောက်ပိုင်းမှာလည်း ကျွန်တော်နဲ့အမြဲတမ်း အဆက်အသွယ်ရှိနေခဲ့ပါတယ်။ သူကိုယ်တိုင် မန်နေဂျာအဖြစ် ပေါ်တိုအသင်းကိုကိုင်တွယ်ခွင့်ရတော့ ပေါ်တူဂီလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ ဒုတိယနေရာက အသင်းကို အမှတ် (၂၀) ဖြတ်ပြီး ဗိုလ်စွဲခဲ့သလို UEFA ယူရိုပါဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်.။ ယူရိုပါဖလားကို ဗိုလ်စွဲတုန်းက အသက် (၃၃) နှစ်သာ ရှိသေးတာကြောင့် ဥရောပပြိုင်ပွဲများမှာ ဗိုလ်စွဲဖူးတဲ့ အသက်အငယ်ဆုံး မန်နေဂျာအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်..။
ဒါ့ကြောင့်ချယ်လ်ဆီးအသင်းကိုရောက်တော့ အောင်မြင်တဲ့မန်နေဂျာ တစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုပြီး မျှော်လင့်ချက် အကြီးအကျယ် ထားခဲ့ကြပါတယ်..။ ကျွန်တော်ကစားခွင့် ရမယ်..၊ မရဘူးစတာတွေကို သူငယ်ချင်းတစ်ယောက်က ဆုံးဖြတ်ခွင့်ပေးနိုင်မယ့်သူ ဖြစ်လာမယ့် အနေအထားအပေါ် စိုးရိမ်စိတ် လုံးဝမရှိခဲ့ပါဘူး..။ ကျွန်တော့်ရဲ့စိတ်ထဲမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုဟာ အစစ်အမှန်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကို ခွဲခြားနိုင်ဖို့ လိုတယ်လို့ ခံယူထားခဲ့တာကြောင့်ပါ..။ သူရဲ့လက်ထောက်မန်နေဂျာအဖြစ် ရော်ဘတ်တို ဒီမက်တီယိုကို ခန့်အပ်ခဲ့ပါတယ်.။ ဒါ့ကြောင့်ရော်ဘတ်တိုဟာ လွန်ခဲ့တဲ့ခြောက်နှစ်က ကွင်းလယ်ကစားသမားအဖြစ်နဲ့ ဘောလုံးသမားဘ၀ အဆုံးသတ်ခဲ့တဲ့အသင်းကို ပြန်ရောက်လာခဲ့ပါပြီ..။
အင်ဒရီရဲ့လေ့ကျင့်နည်းစနစ်တွေဟာ ဟိုဆေးရဲ့နည်းစနစ်တွေအတိုင်း တစ်ထေရာတည်း ဖြစ်တာကြောင့် ကျွန်တော်တို့တွေ ဝမ်းသာခဲ့ရပါတယ်.။ ဒါပေမယ့် ကောလဟာလအနေနဲ့ ကြားရတာက သူဟာသက်ကြီး ကစားသမားတွေဖြစ်တဲ့ ဖရန့် လမ်းပတ်၊ အက်ရှ်လေ ကိုးလ်နဲ့ ကျွန်တော်တို့ိကို အသင်းမှာ မထားချင်တော့ဘူးဆိုတဲ့ သတင်းတွေပါ..။ ဒါဟာသူ့ရဲ့အခွင့်အရေးပါ.. အသင်းဟာ အနာဂတ်အတွက် အစီအစဉ်တွေ ဆွဲဖို့လိုပါတယ်..။ ဒါပေမယ့် သူဟာတော်လှန်ရေးတစ်ရပ်ကို အမှန်တကယ် ဆင်နွှဲမယ်ဆိုရင် သက်ကြီးကစားသမားတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား လုပ်သင့်ပါတယ်.။ ကျွန်တော်တို့အားလုံးဟာ ကိုယ်တိုင်ကစားခွင့်မရလည်း စောဒကတက်မယ့်သူတွေ မဟုတ်ပါဘူး.၊ ဒါပေမယ့်ကျွန်တော်တို့တွေ မပျော်ရွှင်ကြဘူးဆိုတဲ့ပုံရိပ်ဟာ အသင်းအပေါ်ကို ထိခိုက်မှာတော့ အသေအချာပါပဲ..။
ဒါ့အပြင်ကျွန်တော့်ရဲ့စာချုပ်သက်တမ်းဟာလည်း နောက်ဆုံးနှစ်ကို ရောက်နေပါပြီ..။ အသင်းကို သူရောက်လာပြီး ကျွန်တော့်ရဲ့ အနာဂတ်အပေါ် ဆွေးနွေးခြင်းလည်း မရှိသေးပါဘူး.။ ရာသီအဖွင့်ပွဲစဉ်အဖြစ် စတုတ်အသင်းနဲ့ပွဲမှာ နန်ဒိုကိုပွဲထွက်စေခဲ့ပြီး ကျွန်တော့်ကို အရန်ခုံမှာ ထားခဲ့ပါတယ်..။ ပွဲထွက်မကစားခဲ့ရပေမယ့် အနည်းဆုံးဒုတိယပိုင်းမှာတော့ ကစားခွင့်ရမယ်လို့ ထင်ခဲ့ပါတယ်..။ စတုတ်အသင်းနဲ့တွေ့တိုင်း ကျွန်တော်ဟာ ဂိုးသွင်းတာပဲဖြစ်ဖြစ်၊ ဖန်တီးပေးတာပဲဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ အစဉ်အလာကောင်း ရှိခဲ့တဲ့အတွက်ပါ..။ ဒါ့ကြောင့် ဂိုးမရှိ သရေကျခဲ့တဲ့ပွဲပြီးခါနီး (၁၀) မိနစ်ကျမှ ထည့်ကစားခဲ့တာကို ကျွန်တော်စိတ်ပျက်ခဲ့ရပါတယ်..။ အဲဒါနဲ့ သူနဲ့တွေ့တဲ့အခါ
“အင်ဒရီ.. အသင်းမှာ ငါ့ရဲ့အနေအထားကို ရှင်းပြပါလား..? ငါ့ကိုဘာလို့ပွဲပြီးခါနီး (၁၀) မိနစ် လောက်ကျမှ ထည့်ကစားခဲ့တာလဲ?” လို့ မေးပါတယ်..။
သူကအသင်းကိုရောက်တော့ ကျွန်တော့်ကိုတစ်ချိန်တုန်းက ဒီဒီယာလိုပဲ ပြိုင်ဘက်ကင်း တိုက်စစ်မှူး ဖြစ်နေသေးတယ်လို့ ထင်နေသေးကြောင်း၊ ရာသီကြိုပွဲတွေ တဖြည်းဖြည်းကန်ရင်းနဲ့ နန်ဒိုဟာ ကျွန်တော့်ထက် အစစ၊ အရာရာ ပိုကောင်းနေတယ်လို့ထင်မိလို့ ကျွန်တော့်ကို ပွဲထွက်မှာ ချန်ခဲ့တဲ့အကြောင်း ပြန်ရှင်းပြပါတယ်..။ ကျွန်တော်က
“ငါတော့အဲဒီလို မထင်ဘူး..၊ မင်းသာတကယ်မျှမျှတတဆုံးဖြတ်မယ်ဆိုရင် ရာသီကြိုပွဲတွေမှာ အကောင်းဆုံးကစားခဲ့တာ နစ်ကို (အနယ်လ်ကာ) ပဲလေ.၊ နန်ဒိုရော ငါရော မဟုတ်ဘူး…။ ဒါ့ကြောင့် မင်းတစ်ကယ်လို့ နစ်ကိုကို ပွဲထွက်စေမယ်ဆိုရင် ငါအခုလို စောဒကတက်နေမှာ မဟုတ်ဘူး” လို့ ပြန်ပြောပါတယ်..။ နောက်ပြီးကျွန်တော့်ရဲ့ အနာဂတ်အပေါ် ဘယ်လိုစဉ်းစားထားသလဲဆိုတာ ရှင်းရှင်းလင်းလင်းပြောပြဖို့ သူ့ကိုတောင်းဆိုပေမယ့် ရေရေရာရာ မဖြေခဲ့ပါဘူး..။ ဒါပေမယ့်ကျွန်တော်ကတော့ အဖြေရပြီလို့ပဲ ယူဆပါတယ်..။
အင်ဒရီဟာ အသင်းကို အလှည့်ကျကစားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ကျွန်တော် တစ်ပွဲ ကစားမယ်.. ပြီးရင်နန်ဒို.. နောက်ပွဲကျ နစ်ကိုစသဖြင့်အလျဉ်းသင့်သလို ပွဲထွက်စေခဲ့ပါတယ်..။ မှန်မှန်ကစားခွင့်ရမှ ခြေစွမ်းပုံမှန်ပြနိုင်တဲ့ ကျွန်တော့်လို ကစားသမားအတွက် အလှည့်ကျစနစ်ဟာ အဆင်မပြေပါဘူး.။ ကျန်တဲ့တိုက်စစ်မှူးတွေလည်း ဒီလိုပဲဖြစ်ပါလိမ့်မယ် ထင်ပါတယ်.။ ဒီတစ်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့လည်း နောက်ပွဲမှာ မကန်ရဖို့ကျိန်းသေနေရင် ရပြီးသားခြေစွမ်းအရှိန်ကို ထိန်းနိုင်ဖို့ခက်ပါတယ်..။ ဒါ့အပြင် အင်ဒရီဟာ ယုံကြည်မှုအပြည့်နဲ့ ဒယ်နီရယ်လ် စတားရစ်ချ် အပါအဝင် လူငယ်ကစားသမားတွေကို ထည့်ပြီးကစားပါတယ်..။ နှစ်လ၊ သုံးလ လောက်ကြာတဲ့အခါ အသင်းရဲ့ရလဒ်တွေကျဆင်းလာပြီး မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်..၊ လီဗာပူးလ်တို့နဲ့ အရေးကြီးတဲ့ပွဲတွေကို ဆက်တိုက်ရှုံးပါတော့တယ်..။ အောက်တိုဘာ/ နိုဝင်ဘာလတွေမှာဆိုရင် လေးပွဲမှာ သုံးပွဲအထိ ရှုံးနိမ့်ခဲ့ပြီး တစ်မှတ်သာရပါတယ်..။ အဲဒါအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘေယာ လေဗာကူဆင်အသင်းကို ရှုံးခဲ့သလို လီဗာပူးလ်အသင်းနဲ့ ကားလင်းဖလား ကွာတားဖိုင်နယ်ပွဲလည်း ထပ်ရှုံးပြန်ပါတယ်..။ ဒီဇင်ဘာလမှာ ဝီဂန်၊ စပါးနဲ့ ဖူးလ်ဟမ်းအသင်း တွေနဲ့ သုံးပွဲဆက်တိုက် တစ်ဂိုးစီသရေကျပါတယ်..။
ကျွန်တော်အပါအဝင် စီနီယာကစားသမားတွေဟာလည်း ကို့ယ်ရဲ့အနေအထား ဘယ်လိုရှိနေမှန်း ကျွန်တော်တို့ကိုယ်တိုင် နားမလည်သလို လူငယ်ကစားသမားတွေအပေါ် ဘယ်လို စိတ်ဓါတ်မြင့်ပေးရမယ်..၊ နည်းဗျူဟာပိုင်း ဘယ်လိုကူညီပေးရမယ်ဆိုတာ မသိနိုင်အောင် ဖြစ်နေပါတယ်.။ နောက်ပြီးမန်နေဂျာကိုယ်တိုင်က ကျွန်တော်တု့ိနဲ့သိပ်ပြီး အဆက်အဆံ မပြုလုပ်တာကြောင့် သူဘာကိုလိုချင်နေမှန်း ကျွန်တော်တို့နားမလည်တာ ဖြစ်ပါတယ်..။ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာရှုံးခဲ့တဲ့ပွဲဟာ နည်းဗျူဟာပိုင်း အားနည်းချက်ရဲ့ ပြယုဒ်တစ်ခုပါပဲ.။
အင်ဒရီဟာ တိုက်စစ်ကို နောက်တန်းကနေ တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်းစတင်တာကို နှစ်သက်ပါတယ်..။ ဂိုးသမားကနေ ဗဟိုနောက်ခံလူ.. အဲဒီကနေဖြည်းဖြည်းချင်းရှေ့တက်လာတဲ့ အခင်းအကျင်းပါ..။ ကျွန်တော်ကတော့ ဒီလိုအခင်းအကျင်းကိုမကြိုက်ပါဘူး..၊ ပရီးမီးယားလိဂ်မှာဆိုရင် အသင်းအတော်များများဟာ ရှေ့ကိုအတင်းလိုက်ပြီး (high pressing) ဖိကစားတတ်တာကြောင့် အဆင်မပြေနိုင်ဘူးထင်မိလို့ပါ..။ ကျွန်တော်ကတော့ တိုက်စစ်ကိုအဝေးဘောနဲ့ စတင်၊ ပြီးမှပြန်ကျလာတဲ့ second ball ကနေ တိုက်စစ်ပြန်စတဲ့ အခင်းအကျင်းကိုနှစ်သက်ပါတယ်..။ ခံစစ်ကြောင်းမှာ ဘောလုံးကိုင်ထားတာာ အမှားအယွင်းဖြစ်ခဲ့ရင် ဂိုးပေးရဖို့နီးစပ်နိုင်တာကြောင့်ပါ..။ ကျွန်တော့်အယူအဆကို သိအောင်ပြောပြပေမယ့် အင်ဒရီကတော့ သူ့ရဲ့နည်းစနစ်အတိုင်း ဆက်ကစားဖို့ပဲ စိတ်အားသန်ခဲ့ပါတယ်.။ လီဗာပူးလ်နဲ့ပွဲမကန်ခင် ညနေပိုင်းမှာပြုလုပ်တဲ့ အသင်း အစည်းအဝေးမှာ ကျွန်တော့်ရဲ့ တင်ပြချက်ကို လက်မခံကြောင်း သူပြောပြပါတယ်..။ ဒါပေမယ့် အဲဒီ ပွဲမှာ ကျွန်တော်ပွဲထွက် ကစားရပါမယ်..။
တစ်ဂိုးစီ သရေကျနေတဲ့ ပွဲချိန် (၈၄) မိနစ်အချိန်မှာ ကျွန်တော့်ကို လူစားလဲပါတယ်.။ (၈၇) မိနစ်မှာ တိုက်စစ်လမ်းကြောင်းရှာဖို့ နောက်တန်းမှာအပေးအယူလုပ်နေရင်း ဘောလုံးဆုံးပါတယ်..။ ဂလင်း ဂျွန်ဆင်က နောက်တန်းလူတွေကို ဖြတ်ကျော်ပြီး ကန်သွင်းယူသွားပါတယ်.. “ဂိုး!!!”..။ ကျွန်တော့်အတွက် အကြီးအကျယ် စိတ်ဓါတ်ကျစရာပါပဲ..။
ပွဲပြီးနောက်ရက်မှာ မန်နေဂျာဟာ စီနီယာကစားသမားကြီးတွေကို အစည်းအဝေးခေါ်ပါတယ်.. ကျွန်တော်၊ ဖရန့် လမ်းပတ်၊ ပီတာ ချက်တို့လည်းပါပါတယ်..။ သူကအခုဘာတွေ ဖြစ် နေတယ်.. ဘာလို့နိုင်ပွဲတွေ ဝေးနေတာလဲဆိုတာသိချင်တယ် ဘာကြောင့်.၊ ဘာကြောင့်. စသဖြင့် မေးပါတယ်.။ သူ့ရဲ့အစည်းအဝေးဟာ ကျွန်တော်တို့ရဲ့အကူအညီ၊ အကြံဉာဏ်တွေ လိုချင်လို့ ပြုလုပ်တဲ့ ပုံစံပါပဲ..။ ကျွန်တော်ကတော့ ထုံးစံအတိုင်း တိုက်စစ်မှူးတစ်ယောက်ရဲ့ အမြင်တွေကိုထပြီး ပြောပြပါတယ်..။ အလှည့်ကျပုံစံ ကစားခိုင်းတာ ဆက်မလုပ်ဖို့၊ တစ်ယောက်ယောက်ကို သုံးလေးပွဲလောက်ကစားခိုင်း၊ အဲဒါမှ စိတ်တိုင်းမကျရင် နောက်တစ်ယောက်ကို ပြောင်းကစားခိုင်းဖို့စတဲ့ အကြံတွေ ပေးပါတယ်..။ သူ့ကိုကြည့်ရတာ ကျွန်တော်ပြောပြတာတွေကို နားထောင်နေတဲ့ပုံစံပါပဲ.။ အခုအသုံးပြုနေတဲ့ သူ့ရဲ့နည်းစနစ်အတိုင်း ဆက်ကစားဖို့တောင် ကျွန်တော်အကြံပေးလိုက် ပါသေးတယ်..။ နှစ်ပွဲ၊ သုံးပွဲလောက် နိုင်ပွဲဆက်ရခဲ့ရင် အသင်းသားတွေလည်း ယုံကြည်မှုတွေ ပြန်ရလာမယ်ဆိုပြီး ပြောပြပါတယ်..။ ကျွန်တော်ပြောပြတဲ့မှတ်ချက်တွေကို ဝိုက်ဘုတ်ပေါ်မှာ ရေးမှတ်သွားပါတယ်..။
နောက်ရက်မှာတော့ အသင်းအစည်းအဝေး ခေါ်ပါတယ်..။ ကျွန်တော်တို့အားလုံးက မန်နေဂျာဘာပြောမလဲဆိုတာ စိတ်ဝင်တစား စောင့်မျှော်နေပါတယ်..။ သူက
“ကျွန်တော်တို့ဟာ အခုလက်ရှိကစားနေတဲ့ နည်းစနစ်တွေအတိုင်းပဲ ဆက်ကစားကြမယ်..။ အခု ဒီအတိုင်း ဆက်ပြီးကစားရင် ချန်ပီယံလိဂ်ကို ကျွန်တော်တို့ရလိမ့်မယ်လို့ ယုံကြည်ထားတယ်..” လို့ ပြောပါတယ်.။ သူ့ရဲ့ပုံစံကိုကြည့်ရတာ ကျွန်တော်တို့နဲ့ ဘာမှမပြောခဲ့တဲ့အတိုင်းပါပဲ.။ သူရဲ့လမ်း စဉ်အတိုင်း ရှေ့ဆက်ပါမယ်..။
နောက်ပြီး ကစားသမားတစ်ယောက်ချင်းကို ချန်ပီယံလိဂ် ရနိုင်မယ်လို့ ယုံကြည်လားဆိုတဲ့ မေးခွန်းကို တစ်ဦးချင်းစီ ကြည့်ပြီးမေးပါတယ်..။ အားလုံးက “Yes” လို့ ဖြေကြပါတယ်.။ ကျွန်တော့်အလှည့်ရောက်တော့ “ဝမ်းနည်းပါတယ်.. မန်နေဂျာ.. ဒီအတိုင်း ကစားနေရင် ဖလားရမယ်လို့ ငါတော့မထင်ဘူး..” လို့ ဖြေလိုက်ပါတယ်..။ ကျွန်တော်ဟာ စိတ်ထဲရှိတဲ့အတိုင်း ထုတ်ပြောတတ်တဲ့သူဆိုတာ သူသိပြီးသားပါ..။ ဒါတောင် သူအတော်စိတ်ပျက်သွားပုံ ရပါတယ်..။
“ဟင်း.. ဒီဒီယာရေ.. မင်းယုံကြည်မှ ရမှာပေါ့..” သူထပ်ပြီး ပြောပါတယ်..။
“မတတ်နိုင်ဘူး.. အင်ဒရီ.. ငါတော့ အခုအချိန်မှာ ယုံကြည်ချက် မရှိသေးဘူး..။”
အစည်းအဝေးပြီး ရက်နည်းနည်းကြာတော့ အသင်းသားတွေကြားမှာ ဒီစကားဟာ ရယ်စရာ ဖြစ်သွားပါတယ်..။ “ယုံကြည်ပါ.. ဒီဒီယာ.. ယုံကြည်ကြပါ..” ဆိုပြီး ကျွန်တော့်ကို ဝိုင်းပြီးစကြ ပါတော့တယ်..။ ဒီဇင်ဘာလဆန်းပိုင်းမှာတော့ နီကိုလပ်စ် အနယ်လ်ကာ၊ နောက်ခံလူ အဲလက်စ်တို့ကို အပြောင်းအရွှေ့ဈေးကွက်တင်တော့မှာမို့ အသင်းကြီးလေ့ကျင့်ကွင်းကို မလာခိုင်းတော့ပါဘူး။ ဒါဟာကျွန်တော်တို့အတွက်လည်း စိတ်မကောင်းစရာသတင်းပါ..။ ဒီကိုရောက်ပြီး ရှစ်နှစ်အတွင်း အခုလိုအဖြစ်မျိုး တစ်ခါမှမကြုံဖူးပါဘူး…။ ဒါပေမယ့် မန်နေဂျာရဲ့အမြင်မှာတော့ အသင်းရဲ့ ရေရှည်အနာဂတ်အတွက် စဉ်းစားခြင်းဖြစ်တာကြောင့် တစ်ချို့ကစားသမားတွေဟာ အသင်းက ထွက်ကိုထွက်ရမယ်..၊ အသင်းပိုင်ရှင်ကလည်း သူ့ရဲ့လုပ်ရပ်ကိုသဘောတူပါတယ်..။
စီနီယာ ကစားသမားတွေကို ဝိတ်လျော့လိုက်တာကြောင့် အခုဆိုရင်ဝါရင့်တိုက်စစ်မှူးဆိုလို့ ကျွန် တော်နဲ့ ဖာနန်ဒို တောရက်စ်သာ ကျန်ပါတော့တယ်..။ ဒါပေမယ့်ကျွန်တော်လည်း မန်နေဂျာရဲ့ အနာဂတ် အစီအစဉ်ထဲမှာ မပါတော့ပါဘူး..။ အခြားအသင်းတွေကလည်း စုံစမ်းမှုတွေ လုပ်လာပါပြီ..။ တစ်နေ့မှာ လေ့ကျင့်ခန်းကအပြန် ဖုန်းထဲမှာ missed call တွေမိတာကြောင့် ပြန်ခေါ် လိုက်တော့ ကျွန်တော့်ရဲ့အေးဂျင့် ဖြစ်နေပါတယ်..။ တရုတ်အသင်းတစ်သင်းက ကမ်းလှမ်းမှုရလာတယ်..။ နီကိုလပ်စ် အနယ်လ်ကာကို ကမ်းလှမ်းခဲ့တဲ့ အသင်းပါပဲတဲ့..။ အဲဒါနဲ့ မန်နေဂျာကို ကျွန်တော်စကားပြောပါတော့တယ်..။
“မင်းဒီမှာမပျော်ဘူးလို့ဆိုတဲ့ ကစားသမားတွေကို ဘာပြောခဲ့သလဲဆိုတာ မှတ်မိသေးရဲ့လား?”
“မှတ်မိတာပေါ့..။”
“ဟုတ်ပြီလေ.. ငါအခုကမ်းလှမ်းမှုတစ်ခု ရထားပြီ..။”
သူသတိထားရပါမယ်..။ တစ်ကယ်လို့ ကျွန်တော့်ရဲ့အသိပေးချက်ကို ဂရုမစိုက်ခဲ့ဘူး ဆိုရင် အသင်းမှာ ဝါရင့်တိုက်စစ်မှူးတစ်ဦးပဲ ကျန်ခဲ့ပါတော့မယ်..။ ကျွန်တော့်ကို နောက်ထပ်ဘာမှ ဆုံးဖြတ်ချက်မချဖို့၊ ဘာမှထုတ်မပြောဖို့ သူသတိပေးပါတယ်..။ သူ့ရဲ့ပြောကြားချက်ကို လေးစားသောအားဖြင့် ကမ်းလှမ်းချက်ကို အဖြေပေးဖို့ ခဏရွေ့ဆိုင်း ထားလိုက်ပါတယ်..။ ဇန်နဝါရီလဆန်းပိုင်းရောက်တော့ အာဖရိကဖလားပြိုင်ပွဲအတွက် အာဖရိကတိုက်ကို ပြန်ရပါတယ်..။ အရင်တုန်းကဆိုရင် ဒီပြိုင်ပွဲဟာ ကျွန်တော့်ရဲ့ ဘောလုံးရာသီအပေါ်ထိခိုက်ခဲ့လို့ စိတ်အနှောက်အယှက် ဖြစ်ခဲ့ဖူးပေမယ့် ဒီတစ်ခါတော့ လွတ်ပြီ၊ ကျွတ်ပြီဆိုတဲ့ စိတ်ဝင်နေတဲ့အတွက် အရမ်းကိုလွတ်လပ် ပျော်ရွှင်နေပါတယ်..။
ကျွန်တော်တို့ အိုင်ဗရီကို့စ်အသင်း ဇမ်ဘီယာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြန်အရောက်မှာတော့ မန်နေဂျာနဲ့ ကစားသမားတွေရဲ့ဆက်ဆံရေးဟာ တစ်ကယ့်ကို “ရေဆူမှတ်” ရောက်နေပါပြီ..။ တစ်ချို့ကစားသမားတွေနဲ့အဆင်မပြေသလို ကျန်တဲ့သူတွေလည်း စိတ်ဓါတ်ကျနေပါတယ်.။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)အသင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် နာပိုလီ အသင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ စီနီယာကစားသမားတွေဖြစ်တဲ့ ဖရန့် လမ်းပတ်၊ အက်ရှ် လေ ကိုးလ်၊ မိုက်ကယ် အက်ဆီယန်တို့ကို အရန်ခုံမှာ ထားခဲ့ပါတယ်..။ ၃ဂိုး၊ ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်က ပွဲထွက်လူစာရင်းနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ဖြေရှင်းချက် တောင်းခံခဲ့ပါတယ်..။
ပရီးမီးယားလိဂ်မှာလည်း ရလဒ်တွေ ဆိုးဝါးဆဲပါ..။ ချန်ပီယံလမ်းကြောင်းပေါ်က ထွက်ခွာခဲ့ပြီဖြစ်သလို ဖေဖော်ဝါရီလလယ်မှာတော့ အဆင့် (၄) အတွင်းထဲတောင် မဝင်တော့ပါဘူး…။ မတ်လ (၄) ရက်နေ့၊ ဝက်စ်ဘရွန်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ အင်ဒရီရဲ့ ချယ်လ်ဆီးသက်တမ်းကို နိဂုံးချုပ်စေခဲ့ပါတယ်..။ အခုဆိုရင် အဆင့်လေးနေရာက အာဆင်နယ် အသင်းထက် လေးမှတ်လျော့နေပြီး ကျွန်တော်ရောက်ကတည်းက အခုလိုအဆင့်နေရာမျိုးကို တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး..။ ဒါ့ကြောင့်အင်ဒရီကို ထုတ်ပယ်ခဲ့တဲ့သတင်းအပေါ် ဘယ်သူကမှ မအံ့သြခဲ့ပါဘူး..။
တစ်ကယ်တော့သူဟာ အရမ်းကို အောင်မြင်လိုစိတ်ပြင်းပြပြီး အရည်အချင်းရှိတဲ့ မန်နေဂျာတစ်ယောက်ပါ..။ မိတ်ဆွေတစ်ယောက်အနေနဲ့ သူဟာခင်မင်ကောင်းတဲ့သူဖြစ်ပါတယ်.။ ဒါပေမယ့်သူဟာ ကျွန်တော်တို့သာ သူရဲ့လမ်းကြောင်းအတိုင်း လိုက်နာခဲ့မယ်ဆိုရင် အောင်ပွဲတွေရလိမ့်မယ်.. အောင်မြင်မှုကို လွယ်လွယ်နဲ့ရလိမ့်မယ်လို့ ထင်မှတ်ခဲ့တာပါ။ ပေါ်တိုမှာဒီလိုနည်းနဲ့ အောင်ပွဲတွေ ရခဲ့ပေမယ့် ဘောလုံးလောကဆိုတာ အမြဲတမ်းတစ်သတ်မှတ်တည်း မဖြစ်နိုင်ပါဘူး..။ အောင်ပွဲတွေ ရရှိဖို့ဆိုရင် အသင်းသားတစ်ဦးချင်းတွေကို စုစည်းပြီး အတူတကွ ကျော်ဖြတ်ရမှာပါ..။ တစ်ကိုယ်ရည်စွမ်းဆောင်မှုတစ်ခုတည်းနဲ့တော့ မရရှိနိုင်ပါဘူး..။
သူ့ရဲ့လက်ထောက်ဖြစ်တဲ့ ရော်ဘတ်တို ဒီမက်တီယိုကိုပဲ ယာယီနည်းပြအဖြစ် ဆက်လက်ခန့်အပ်ပါတယ်..။ ချက်ချင်းပါပဲ.. အသင်းဟာ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဆက်တိုက်နိုင်ပွဲတွေ ရလိုက်ပါတယ်..။ အထူးသဖြင့် နာပိုလီအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဟာ အရေးပါခဲ့ပါတယ်..။ နေပယ်လ်မြို့က ၃ဂိုး၊ ၁ဂိုး အရှုံးရလဒ်ကို အံ့အားသင့် ဖွယ် ၄ဂိုး၊ ၁ဂိုး အနိုင်ရလဒ်နဲ့ ပြန်လှန်နိုင်ခဲ့ပြီး ရှုံးကြွေးဆပ်နိုင်ခဲ့ပါတယ်..။ ဒီပွဲစဉ်အဖွင့်ဂိုးကို ကျွန်တော်သွင်းယူပေးခဲ့တာပါ..။ FA ဖလားပြိုင်ပွဲမှာ ဆိုရင်လည်း လက်စ်တာအသင်းကို ၅ဂိုး- ၂ဂိုး၊ တော့တင်ဟမ်အသင်းကို ၅ဂိုး- ၁ဂိုးစတဲ့ ဂိုးြပ်တ်နိုင်ပွဲ ရလဒ်တွေနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ ပါတယ်…။ လက်စ်တာနဲ့ပွဲမှာ ဖာနန်ဒို တောရက်စ်က နှစ်ဂိုးသွင်းယူခဲ့ပြီး လူတိုင်းကို ကျေနပ်စေခဲ့သလို သူ့အပေါ်ကျရောက်နေတဲ့ ဖိအားတွေ အများကြီးလျော့ကျ ခဲ့ပါတယ်.။ ကျွန်တော်တို့ အသင်း သားတွေမှာလည်း ယုံကြည်မှု၊ အသင်းလိုက်စိတ်ဓါတ်တွေ ပြန်လည်မြင့်တက် လာကြပါတယ်..။
ရော်ဘတ်တို ဒီမက်တီယိုလည်း ကျွန်တော်တို့နဲ့ တိုက်ရိုက်ဆက်ဆံမှုတွေ မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့်တစ်သင်းလုံးဟာ ကိုယ့်ဖာသာအစည်းအဝေးထိုင်ပြီး ဂျွန် တယ်ရီက ကျွန်တော်တို့ကို စိတ်အားပြန်လည်တက်ကြွအောင် လှုံ့ဆော်ပေးခဲ့ပါတယ်..။ သူကကွင်းထဲမှာ ကိုယ်ကစား ခဲ့တဲ့ခြေစွမ်းကို ကိုယ်ကိုယ်တိုင်ပဲ တာဝန်ယူဖို့လိုအပ်ကြောင်း၊ တာဝန်ယူလိုစိတ်ရှိဖို့ဟာ အရေးကြီးကြောင်း၊ ကျွန်တော်တို့အားလုံး စုစုစည်းစည်းနဲ့ တစ်သွေးတည်း၊ တစ်သားတည်းရှိနေရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်..။ ဒီအစည်းအဝေးမှာ ကျွန်တော်ကလည်း အခုလို ပြောခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ဇန်နဝါရီမှာတုန်းက အသင်းကထွက်ဖို့အထိဖြစ်ခဲ့သေးတယ်..၊ ဒါပေမယ့် အခုအချိန်ထိ ကျွန်တော်ဒီမှာရှိနေသေးတယ်.၊ ဘာလို့လဲ? ချန်ပီယံလိဂ်ဖလားရနိုင်ဖို့ အခွင့်အရေးရှိနေသေးတဲ့ အတွက်ပါ..။ မရခဲ့ဘူးဆိုရင် ကျွန်တော်ရဲ့ ဆုံးဖြတ်ချက် မှားကောင်းမှားမှာပေါ့..၊ ဒါပေမယ့် ဒီဖလားကိုရနိုင်ဖို့ ကျွန်တော်အစွမ်းကုန် ကြိုးစားသွားမှာပါပဲ..။ ကျွန်တော်ဒီမှာ ကစားနေတာ ရှစ်နှစ်ရှိပါပြီ.၊ အရန်ခုံပေါ် ထိုင်ရလည်း စောဒကမတက်ခဲ့ဘူး..၊ တစ်ကယ်လို့ တစ်ယောက်က ကစားခွင့်မရလို့ မကျေနပ်ဘူး.. မပျော်ရွှင်ဘူးဆိုရင် မန်နေဂျာကိုသွားတွေ့ပြီး အကျိုးအကြောင်း မေးလို့ရပါတယ်.။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ကစားသမားတွေအချင်းချင်း ပျော်ပျော်ရွှင်ရွှင်နေ တာ မြင်ချင်တယ်၊ ဘောလုံးကို ကောင်းကောင်းကစားချင်တယ်၊ အားလုံး စိတ်ရှင်းရှင်းနဲ့ကြိုးစားပြီး ချန်ပီယံလိဂ်ရအောင် ကစားကြမယ်..။”
ကျွန်တော်တို့အသင်းကိုဒီလိုနည်းနဲ့ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ အဓိက ပြန်လည်လှုံ့ဆော်ခဲ့ရတာ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာပါ..။ ဂျွန်၊ ဖရန့်၊ အက်ရှ်လေ၊ ပီတာနဲ့ ကျွန်တော်တို့ လက်တွဲပြီး ခေါင်းဆောင်မှု ပြန်လည်ရယူကာ အသင်းရဲ့စိတ်ဓါတ်ကို တည်ဆောက်ခဲ့ပါတယ်.။ ရော်ဘတ်တို ဒီမက်တီယိုကလည်း ဒီလိုအခြေအနေကို နားလည်ပါတယ်..။ “အချင်းချင်း လေးစား မှုရှိရှိ ဆက်ဆံဖို့” ကို မန်နေဂျာတိုင်းကို ကျွန်တော်တို့ တောင်းဆိုခဲ့ကြပါတယ်..။ ဒီကိစ္စဟာ ရိုးရိုးလေးပါဆိုပေမယ့် အမြဲတမ်းဖြစ်မလာခဲ့ပါဘူး..။ ဒီမက်တီယိုဟာ ပါးနပ်တဲ့သူတစ်ယောက် ဖြစ်တာကြောင့် ကျွန်တော်တို့ ပြောဆိုတဲ့အရာတွေကို သူ့ရဲ့ပွဲကြို၊ ပွဲပြီးရှင်းလင်းချက်တွေမှာ သေသေချာချာ ထည့်ပြောပြီး အလေးထားခဲ့ကြောင်း ပြသခဲ့ပါတယ်..။
FA ဖလား၊ ဆီမီးဖိုင်နယ်အဖြစ် တော့တင်ဟမ်ကို ၅ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ ပထမပိုင်းပြီးခါနီးမှာ လှပတဲ့သွင်းဂိုးတစ်ဂိုးနဲ့ အဖွင့်ဂိုးကို ကျွန်တော်သွင်းယူပေးနိုင်ခဲ့တယ်.။ ကျွန်တော်တို့ ကွင်းဘက်မှာ ရလာတဲ့ ဘောလုံးကို ဖရန့် လမ်းပတ်က အမြင့်ဘောနဲ့ ကျွန်တော့်ဆီ ကန်တင်ပေးလိုက်ပါတယ်..။ တစ်ချက်ထိန်း၊ ဝီလီယံ ဂါးလက်စ်ကိုကာပြီး လှည့်ထွက်၊ ဘယ်ခြေနဲ့ အပြင်း ကန်သွင်းလိုက်ပါတယ်..။ ကာလို ကူဒီဆီနီလှမ်းပြီးပုတ်ထုတ်ကာကွယ်ဖို့ ကြိုးစားပေမယ့် ဂိုးရဲ့ ညာဘက်ထောင့်ထဲကို အတိအကျ ဂိုးဝင်သွားခဲ့ပါတယ်..။ ဒီဂိုးဟာကျွန်တော့်အတွက် သာမက အသင်းအတွက်ပါ အင်မတန်မှ အရေးပါလှပါတယ်…။ နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ဇက်ကြိုး လွှတ်လိုက်သလို ဒုန်းစိုင်းပြေးနေကြပြီး တစ်ဂိုးပြီးတစ်ဂိုး ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတော့တယ်..။
နောက်ဆုံးဗိုလ်လုပွဲမှာအဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရပါတယ်..။ ပွဲချိန် (၁၁) မိနစ်မှာပဲ ရာမီးရက်စ်က အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်..။ တစ်ဂိုးအသာရနေပေမယ့် ကျွန်တော် ဟာ ဂိုးရချင်စိတ်တွေလောနေတာနဲ့ ကောင်းကောင်းမကစားနိုင်ပဲဖြစ်နေပါတယ်..။ ပထမပိုင်းပြီးတော့ ကိုယ့်ကိုယ်ကို အရမ်းဖိအားမပေးဖို့၊ ကိုယ်တိုင်ဂိုးသွင်းနိုင်ဖို့ပဲ အားသန်မနေပဲ အသင်းဖော်တွေ ဂိုးရနိုင်အောင် ကူညီပေးဖို့ ပြန်ပြီးဆုံးမရပါတယ်..။ ဒုတိယပိုင်းစပြီး ခုနှစ်မိနစ်အကြာမှာတော့ ဖရန့် လမ်းပတ်ရဲ့ အလှပဆုံးခင်းပေးတဲ့ ဘောလုံးကို တစ်ချက်ဆွဲထုတ်ပြီး ဘယ်ခြေနဲ့ လှလှပပ အဆုံးသတ်နိုင်ခါ ဒုတိယအနိုင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်..။ ဒီပွဲဟာ ၂ဂိုး၊ ၁ဂိုးနဲ့ ပြီးဆုံးသွားတာမို့ အရေးပါတဲ့နောက်ထပ်တစ်ဂိုး သွင်းယူနိုင်ခဲ့ပြန်ပြီလို့ ဆိုရမှာပါ..။
ဒီဂိုးဟာချယ်လ်ဆီးအသင်းနဲ့ဝင်ဘလေကွင်းမှာ ကျွန်တော်ရဲ့ ရှစ်ဂိုးမြောက်သွင်းဂိုး ဖြစ်ခဲ့သလို မတူညီတဲ့ FA ဖလား၊ ဗိုလ်လုပွဲ (၄) ပွဲမှာ ဂိုးသွင်းပေးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ အဲဒီလို စံချိန်တင်နိုင်ခဲ့တာကို ကျွန်တော်အရမ်း ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ဖရန့် လမ်းပတ်သာ မရှိဘူးဆိုရင် ဒီလိုစံချိန်မျိုးတွေ ရရှိခဲ့မှာမဟုတ်ပါဘူး..။ မလိုသူတွေ ဘယ်လိုပဲ ဝေဖန်ကြပါစေ.. ကျွန်တော်တို့ရရှိခဲ့တဲ့ ကာလရှည်ကြာ အောင်မြင်မှုတွေဟာ မတော် တဆ၊ တိုက်ဆိုင်ပြီးရရှိခဲ့တာ မဟုတ်ပါဘူး..။ လေ့ကျင့်ခန်းတွေ ပြီးတိုင်း၊ ပြီးတိုင်း ဆယ်မိနစ်၊ မိနှစ်နှစ်ဆယ်လောက် ဆက်ပြီးဂိုးရှေ့ရောက်ရင် ဘယ်လိုဂိုးရအောင်ယူကြမလဲ၊ တစ်ယောက်က ဘယ်နားလေးမှာရောက်နေရင် နောက်တစ်ယောက်က ဘာဆက်လုပ်မလဲစတဲ့ နားလည်မှု တည်ဆောက်တဲ့ ဇာတ်တိုက်လေ့ကျင့်ခန်းလေးတွေ ကျွန်တော်တို့ ပြုလုပ်လေ့ရှိပါတယ်..။ ဖရန့်ဟာ ကျွန်တော်ကြိုးစားသလို သူလည်းလိုက်ကြိုးစားပြီး ကိုယ့်ကိုယ်ကို ကောင်းသထက်ပိုကောင်းလာ အောင် ကြိုးစားလေ့ကျင့်ကြပါတယ်..။
ဖရန့်ဟာ သူ့ရဲ့ကစားသမား ဘဝတစ်လျှောက်လုံး အမြဲတမ်း ကြိုးစား၊ အားထုတ်လေ့ကျင့်ခဲ့လို့ အခုလိုအဆင့်အတန်းမျိုးကို ရောက်ရှိခဲ့တာပါ..။ ဒါ့အပြင် ကျွန်တော်တို့ အချင်းချင်း နှစ်ပေါင်းများစွာ အချိန်အကြာကြီး လက်တွဲလေ့ကျင့်ခဲ့ကြတာကြောင့် စိတ်ဓါတ်ပိုင်း ဆိုင်ရာ မာကျောမှုချင်း တူညီကြသလို တစ်ဦးနဲ့တစ်ဦးကြားက အလိုအလျှောက် နားလည်မှု တည်ဆောက်နိုင်ခဲ့ပါတယ်..။ အောင်မြင်မှုရရှိဖို့ဆိုရင် ပင်ကိုယ်အရည်အချင်းတစ်ခု တည်းနဲ့ မလုံလောက်ဘူးဆိုတာ ကျွန်တော်တို့ သိတားသလို ကြိုးစားအားထုတ်မှုဟာလည်း ပင်ကိုယ်အရည်အချင်းတွေကို ပိုမိုကောင်းမွန်၊ တိုးတက်စေမှန်း ကျွန်တော်တို့ နားလည်ထားပါတယ်..။ ဖရန့်ကို လေးစားရတဲ့အထဲမှာ အလုပ်လုပ်ရမှာထားရှိတဲ့ သူ့ရဲ့အာရုံစိုက်မှု၊ ခံယူချက်တွေ ပါဝင်ပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းမှာ ရှိနေစဉ်အတွင်း သူနဲ့လက်တွဲခွင့် ရခဲ့တဲ့အပြင် အခုလိုအင်မတန်ကောင်းမွန်တဲ့အတွဲအဖက်တစ်ခု တည်ဆောက်နိုင်ခဲ့တာကြောင့် ကျွန်တော် အရမ်းဂုဏ်ယူဝမ်းမြောက်ခဲ့ရပါတယ်..။
ဝင်ဘလေကွင်းမှာ ဒုတိယဂိုးသွင်းပြီးတဲ့နောက် အရမ်းကို ပျော်ရွှင်ခဲ့တာကြောင့် ကျွန် တော့်ကိုကျွန်တော် ဘယ်လိုဖြစ်သွားမှန်းတောင် မသိလိုက်ပါဘူး..။ ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့အချိန် ဒီလိုအရေးပါတဲ့ သွင်းဂိုးတွေ ရရှိနိုင်ဖို့ ပေးသနားခဲ့တဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းမိရင်း ဘာလို့များ ဒီလိုအရေးပါတဲ့ဂိုးတွေ ခဏ၊ ခဏသွင်းပေးနိုင်ခဲ့တာလဲဆိုတာ စဉ်းစားနေမိပါတယ်..။ ဒီအတွက် အဖြေမှန်ကို ဘယ်တော့မှရရှိမှာမဟုတ်ပါဘူး..၊ အဲဒီအဖြေကိုမရခဲ့လဲ အရေးမကြီးပါဘူး..။ ဒါ့အပြင် ကျွန်တော်တို့အသင်းသားတွေ အတွက်လည်း အခုရာသီကုန်မှာ ဖလားတစ်လုံး ရခဲ့ပြီဖြစ်တာကြောင့် ရာသီအစပိုင်းက စိတ်ညစ်စရာတွေကို မေ့ထားနိုင်ခဲ့ပါပြီ..။ ကျွန်တော်တို့ ဘဝအတွက် အရေးအကြီးဆုံး၊ အရေးအပါဆုံးပွဲကြီးဟာ နောက်ထပ်နှစ်ပါတ်အကြာဆိုရင် ရောက်ရှိလာတော့မှာပါ..။ ဒီပွဲမတိုင်ခင် အခုလိုအရေးကြီးတဲ့ ဆုဖလားတစ်လုံးကိုဆွတ်ခူးပြီး ယုံကြည်မှုတည်ဆောက်နိုင်ခဲ့တဲ့ ပြင်ဆင်မှုမျိုးထက ်ပိုပြီးကောင်းမွန်တဲ့ ပွဲကြိုပြင်ဆင်မှုမရှိနိုင်တော့ပါဘူး.။ လာမယ့်ပွဲမှာလည်း အနိုင်ရလိမ့်ဦးမယ်ဆိုတာ ကျွန်တော်တို့ ကြိုတင်ခံစားနေမိပါပြီ..။