feature-image

အခန်း (၁၄) - မြူးနစ်မြို့က ညတစ်ည

ကျွန်တော့်ဘောလုံးသမားဘဝတစ်လျှောက်ရဲ့ အပျော်ရွှင်ဆုံး ညတစ်ညအကြောင်းကို ဘယ်ကစပြောရရင် ကောင်းမလဲ?..။ ဘင်ဖီကာအသင်းကို အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အထိ ပြန်သွားခဲ့ရင် ကောင်းပါလိမ့်မယ်..။ ပထမအကျော့၊ အဝေးကွင်း တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အိမ် ကွင်းမှာ ၂ဂိုး၊ ၁ဂိုးနဲ့ ထပ်ပြီးအနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃- ၁ နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်..။ ဒီနှစ်ပွဲစလုံးမှာ အချိန်တော်တော်များများ အရန်ခုံ ထိုင်နေရတာကြောင့် ကျွန်တော်စိတ်ပျက်နေလိမ့်မယ်လို့ ခင်ဗျားတို့ထင်ပါလိမ့်မယ်..။ ဒါပေမယ့် ဆီမီးဖိုင်နယ်အဆင့်ကို နောက်တစ်ကြိမ် ပြန်ရောက်နိုင်ခဲ့တာကိုတွေးမိပြီး အရမ်းကိုကျေနပ်၊ ပျော်ရွှင်နေခဲ့ပါတယ်..။ ကျွန်တော်တို့အတွက် ကိုးနှစ်အတွင်း ခြောက်ကြိမ်မြောက်တက်ရောက် နိုင်ခဲ့ခြင်းပါ…။ အဝတ်လဲခန်းထဲကို ရောက်တဲ့အချိန်မှာ နောက်တစ်ဆင့်တက်နိုင်ခဲ့တာကို အားလုံးပျော်ရွှင်နေကြပေမယ့် ထူးထူးခြားခြား အောင်ပွဲခံနေတာမျိုး မရှိပါဘူး..။ ဒါ့ကြောင့်ကျွန်တော်က အံ့သြတကြီးနဲ့ အခုလို ပြောလိုက်ပါတယ်..။

“ငါတို့ဆီမီးဖိုင်နယ်အဆင့်ကို နောက်တစ်ကြိမ်ရောက်ပြန်ပြီ.. ဟုတ်ရဲ့လား..”။ သူတို့အားလုံး ကျွန်တော့်ကို ဘာများဖြစ်သွားတာလဲဆိုပြီး အံ့သြတကြီး ကြည့်နေကြပါတယ်..။ အဲဒါနဲ့ ကျွန်တော်က လူငယ်ကစားသမားတွေကို အခုလို ဆက်ပြီးမေးတယ်..

“ငါတို့ချန်ပီယံလိဂ် ဆီမီးအဆင့်ကို နောက်ဆုံးရောက်ခဲ့တာ ဘယ်တုန်းကလဲ?”။ ဘယ်သူမှ ရေရေ ရာရာ မဖြေနိုင်ကြပါဘူး..။
“မင်းတို့ဘယ်မှတ်မိပါ့မလဲ? ဒီလိုအဆင့်ပွဲကြီးမျိုးကို မင်းတို့မှ မရောက်ဖူးတာ.. ပျော်ကြပေတော့.!!”

ရော်ဘတ်တို ဒီမက်တီယိုက ကြားဝင်ပြီး “ကလေးတွေက ဒီလိုပါပဲ.. တစ်ခါတစ်လေ သူတို့ကို ဒီလို ခံစားမှုမျိုးရအောင် သွင်းပေးရတာ ခက်ပါတယ်..။” အဲဒါနဲ့ ကျွန်တော်သူ့ဘက်ကိုလှည့်ပြီး

“သူငယ်ချင်း.. ခင်ဗျားချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ဘယ်တုန်းကနောက်ဆုံးရောက်ဖူးခဲ့လဲ”
“တစ်ခါမှ မရောက်ဖူးဘူး..။”


“အဲဒါပြောတာပေါ့.. ပျော်ကြစမ်းပါ..၊ ဒီလိုတန်ဖိုးရှိတဲ့အချိန်တွေကို..”


ကျွန်တော်ဟာ လိုအပ်ရင်လိုအပ်သလို အလေးအနက်ထားတတ်ပါတယ်..၊ အလုပ်ကြိုးစားဖို့ လိုအပ်လာရင်လည်း နေ့မအား၊ ညမနား အစွမ်းကုန် ကြိုးစားပါတယ်..။ အခုလိုပျော်ရွှင်ရမယ့် အချိန်တွေ ရောက်လာရင်လည်း အစွမ်းကုန်ခံစားပြီးမှ ပျော်ရွှင်တတ်သူ တစ်ယောက်ပါ..။ ဒါ တောင်မှ လူတိုင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မျိုး တက်ရောက်နိုင်တာာကို သာမာန်နိုင်ပွဲ တစ်ခုလိုပဲ ခံယူနေကြ ပါသေးတယ်..။ ဒါဟာသာမာန်အနိုင်ပွဲတစ်ပွဲ မဟုတ်ပါဘူး..။ ကျွန်တော့်အတွက် ဒီအနိုင်ပွဲဟာ ကြီးကျယ်ပါတယ်..။ ဒါ့အပြင် ကျွန်တော်တို့ဟာ ဘာစီလိုနာအသင်းနဲ့ ကစားရမှာပါ..။ ၂၀၀၉ ခုနှစ်က အငြင်းပွားဖွယ် ရှုံးနိမ့်ခဲ့ရတဲ့ပွဲအတွက် ပြန်ပြီးလက်စားချေဖို့ အခွင့်အရေး ရလာခဲ့ပါပြီ်..။

ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့အတွက်ဖြစ်ကိုဖြစ်ရမယ်..၊ ကျွန်တော်တို့ရဲ့အချိန်ကျရောက်လာပြီ ဖြစ်တယ်.. ဒါ့ကြောင့်ပြင်ဆင်နိုင်သမျှအရာအားလုံးကို စတင်ပြင်ဆင် ရပါတော့မယ်..။ ကိုယ့်ကိုယ်ကို ကြံ့ခိုင်မှုအကောင်းဆုံး ဖြစ်အောင်လည်း ပြင်ဆင်ပါမယ်..။ ဒါ့အပြင် အသင်း ဖော်တွေကိုလည်း လာမယ့်ပွဲဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သတိပြုမိစေဖို့ အထပ်ထပ်အခါခါ ပြောဆိုခဲ့ပါတယ်..။

တစ်နေ့မှာ ဂျူအန် မာတာကို ပြောခဲ့ဖူးတာ အခုထိ မှတ်မိနေပါသေးတယ်..။ “ဂျူအန်. ကျေးဇူးပြုပြီး ချန်ပီယံလိဂ်ရဖို့ငါ့ကိုကူညီပေးပါ..။” ကျွန်တော့်ကိုထူးဆန်းတဲ့အကြည့်နဲ့ သူပြန်ကြည့်ပါတယ်..။ “ဟုတ်တယ်.. မင်းဖြစ်နေလို့ ပြောတာပါ...။ မင်းငါ့ကိုကူညီမှဖြစ်မယ်..။ ငါဒီကို ရောက်နေတာ ရှစ်နှစ်ရှိပြီ.. အခုထိမရဖူးသေးတဲ့ဖလားဆိုလို့ ဒီဖလားပဲကျန်တော့တယ်။ ဒါ့ကြောင့် အခုနောက်ဆုံးအခွင့်အရေးမှာ မင်းငါ့ကို ကူညီမှဖြစ်မယ်..။” သူကျွန်တော့်ကို ဘာမှပြန်မပြောနိုင်ပဲ အံ့သြတကြီးနဲ့ဆက်ပြီးကြည့်နေဆဲပါ။ “ချန်ပီယံလိဂ်ဖလားသာ ရခဲ့မယ်ဆိုရင် ငါမင်းကိုပြန်ပြီး ဆုချီးမြှင့်ပေးပါမယ်..။” လို့ပြောပြီး ရယ်မောလိုက်ပါတယ်..။ သူလည်းကျွန်တော်နဲ့လိုက်ပြီး ရယ်မောခဲ့ပေမယ့် ကျွန်တော်ဆိုလိုချင်တာကို သူသေသေချာချာ သဘောပေါက်လိမ့်မယ် မထင်ပါဘူး။ ကျွန်တော်ပေးမယ်ဆိုတဲ့အပိုဆုဟာ သူ့အတွက် မလိုအပ်ပါဘူး..။ ဒါပေမယ့်ကျွန်တော့်ရဲ့ အတွင်းစိတ်ထဲမှာ ရသင့်လျှက်နဲ့သီသီကလေးလွဲနေတဲ့၊ အသင်းကလည်း အရမ်းကိုလိုချင်နေတဲ့ ဒီဖလားကို  ဘယ်လောက်တောင် ရယူချင်စိတ် ပြင်းပြနေသလဲဆိုတာ သူတို့နားလည်နိုင်ကြမှာ မဟုတ်ပါဘူး..။

ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို စတန်းဖို့ဒ် ဘရစ်ချ်မှာ အရင်ကန်ရပါမယ်..။ ဘာစီလိုနာအသင်းမှာဆိုရင် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တဲ့ လီယွန်နယ် မက်ဆီ.. ဒါ့အပြင် တခြားနာမည်ကျော် ကစားသမားတွေဖြစ်တဲ့ အလက်ဇစ်စ် ဆန်းချက်စ်၊ ဇာဗီ၊ ဆက်စ် ဖာဘရီ ဂတ်စ် အများကြီး ရှိပါသေးတယ်..။ ဒီပွဲမကန်ခင်အကြိုည၊ ပုံမှန်ပြုလုပ်နေကျ အသင်းအစည်းအဝေးမှာ သူတို့ရဲ့ ကစားပုံ၊ တိုက်စစ်ကို ဘယ်လိုစတင်တတ်တယ်..၊ အပေးအယူ ဘယ်လိုပြုလုပ်တတ်တယ် စတာတွေအပြင် သူတို့ဆီက ဘောလုံးလိုက်လုဖို့မလွယ်ကူလှပုံတွေကိုပါ အသေးစိတ် လေ့လာကြပါတယ်..။ သူတို့နဲ့ကစားရင် ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့သိထားပြီးသားပါ..။ နောက်ပြီးရော်ဘတ်တို ဒီမက်တီယိုက သူပြုလုပ်နေကြအတိုင်း ပြိုင်ဘက်အသင်းရဲ့ဂိုးအများဆုံးသွင်းထားတဲ့သူ စာရင်းကို တင်ပြပေးတယ်..။ များသောအားဖြင့် ရူးနီ- (၂၂) ဂိုး၊ ဗန်ပါစီ- (၁၅) ဂိုး စသဖြင့် အသီးသီး ပါဝင်တာပေါ့ဗျာ။



ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ဂိုးအများဆုံး သွင်းထားသူတွေ စာရင်းတက်လာတဲ့အခါ တတိယနေရာက ဇာဗီ- (၁၄၊) ဒုတိယနေရာမှာ ဆန်းချက်စ်၊ ဆက်စ်- (၁၅) ဂိုးစီ.၊ ထိပ်ဆုံးမက်ဆီရဲ့သွင်းဂိုး အရေအတွက်ကို ဖတ်မိတဲ့အခါ အသင်းသားတွေ အကုန်လုံး “ဝေါ” ကနဲ ဖြစ်သွားပါတယ်.။ (၆၃) ဂိုး!!! ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ခုတည်းမှာတင် (၁၄) ဂိုးသွင်း ထားနိုင်ခဲ့ပါတယ်..။ လက်ရှိဘောလုံးရာသီ တစ်ခုတည်းမှာတင် (၆၃) ဂိုး..?? အဲဒီအချက်အလက် ကိန်းဂဏန်းဟာ မယုံနိုင်စရာပါပဲ။ အဲဒီကိန်းဂဏန်းကို မယုံနိုင်အောင်ဖြစ်မိလို့ ဓါတ်ပုံတောင် ရိုက်ယူ၊ မှတ်တမ်းတင် ထားလိုက်ပါသေးတယ်..။ ဒါဆိုကျွန်တော်တို့ ဘာဆက်လုပ်ကြမှာလဲ??

ပွဲစတဲ့အခါ ပုံမှန်အားဖြင့် ဘောလုံးအများဆုံး ကိုင်ရလေ့ရှိတဲ့မာတာတောင်မှ အနားမကပ်နိုင်အောင် ဖြစ်နေပါတယ်.။ ကျွန်တော်လည်း ထိုနည်းတူစွာပါပဲ.။ ဘောလုံးရလို့ ဂိုးပေါက်ကို လှမ်းကြည့်လိုက်ရင် အဝေးကြီးမှာ ရှိနေတာတွေ့မိပါတယ်..။ ဘာလို့ဒီလိုဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ဘက်ကို သူတို့လုံး၀ ဖိကစားထားတဲ့အပြင် ဘောလုံးကိုင်မရအောင်ပါ အနီးကတ်ပိတ်ဆို့ ကစားနေခဲ့တာကြောင့်ပါ.။ သူတို့ကိုအနိုင်ရဖို့ဆိုရင် တန်ပြန်တိုက်စစ်နဲ့ကစားဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်.။ ဘောလုံးရပြီဆိုတာနဲ့ ရာမီးရက်စ်ရဲ့ပြေးအား၊ လမ်းပတ်ရဲ့ပေးပို့မှုတို့ကို အားကိုးပြီး ထိထိရောက်ရောက် ထိုးဖောက်ဖို့ပါ..။ ဒါကကျွန်တော်တို့ရဲ့အစီအမံပါ..။ သူတို့ဟာ ဘောလုံးပိုင်ဆိုင်မှု (၇၀%) ကျော်အထိရရှိခဲ့ပြီး ဂိုးရဖို့အခွင့်အရေးတွေလည်း အကြိမ်ကြိမ် ရခဲ့ပါတယ်..။ ဂိုးတိုင်ထိထွက်ခဲ့တာနှစ်ကြိမ်အပြင် ဆက်စ် ဖာဘရီဂတ်စ်ရဲ့ ကန်သွင်းချက်ကို အက်ရှ်လေ ကိုးလ်ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်လိုက်ရပါတယ်။

ကျွန်တော်တို့က သူတို့နဲ့ ဆန့်ကျင်ဘက်ပါ..။ အခွင့်အရေးဆိုလို့ တစ်ကြိမ်မှ တစ်ကြိမ်တိတိသာ ရခဲ့ပါတယ်.။ ဒီအခွင့်အရေးကလည်း ကျွန်တော်တို့ ကြိုတင်ကြံစည်ထားတဲ့အတိုင်း ကွက်တိ၊ အတိအကျပါပဲ..။ ပထမပိုင်းပြီးခါနီးမှာ မက်ဆီလှည့်ထွက်ဖို့ ကြိုးစားတာကို ဖရန့် လမ်းပတ် ဖျက်ထုတ်၊ အရယူနိုင်ခဲ့ပါတယ်.။ သူက ဘယ်တောင်ပံမှာ အသင့်စောင့်နေတဲ့ ရာမီးရက်စ်ရဲ့ ပြေးလမ်းကြောင်းထဲကို အသာလေး ခုတ်တင်ပေး၊ ရာမီးရက်စ်က ခေါင်းနဲ့တစ်ချက်ထိန်း၊ နောက်ခံလူတွေကြားက အတင်းဖြတ်ပြေးသွားပြီး ဂိုးဧရိယာထဲရောက်တဲ့အချိန် ကျွန်တော်ရှိနေတဲ့ဘက်ကို မြေလှိမ့်ဘော ဖြတ်တင်ပေးလိုက်ပါတယ်.။ ကျွန်တော်က တစ်ချက်မဆိုင်းပဲ ဘယ်ခြေနဲ့ဂိုးပေါက်ထဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်.။ ဒီတန်ပြန်တိုက်စစ်အကွက်ဟာ သိပ်ကိုမြန်ဆန်လွန်းခဲ့တဲ့အတွက် ကတ်တလန်သားတွေ အငိုက်မိသွားပါတယ်..။ ထောင့်ကန်ဘော အလံတိုင်ရှိတဲ့ဘက်ကို ကျွန်တော်ပြေးသွားပြီး ဒူးထောက်၊ လျောတိုက် ပရိသတ်ကြီးကို အလေးပြုအောင်ပွဲခံခဲ့ပါတယ်.။ တစ်ကယ်တော့ အဲဒီအချိန်မှာ ကျွန်တော်ဆက်ပြီး မပြေးချင်လောက်အောင်ကို မောပန်းနေပါပြီ..။ ပထမပိုင်းပြီးလို့ အဝတ်လဲခန်းထဲကို ရောက်တဲ့အခါ လူတိုင်းဟာ ဟောဟဲ၊ ဟောဟဲနဲ့ အရမ်းကို ခြေကုန်၊လက်ပန်း ကျနေကြပါပြီ။ ကျွန်တော်ဆိုလည်း တိုက်စစ်မှူးဆိုပေမယ့် သူတို့ရဲ့ တစ်ဖက်သတ်ဖိကစားမှုကြောင့် ဒီပွဲမှာကွင်းလယ် ကစားသမား တစ်ယောက်လို ကစားနေရပါတယ်..။



ဂျူအန် မာတာကမောကြီးပန်းကြီးနဲ့ ဘောလုံးကိုကောင်းကောင်းကြည့်ဖို့ အချိန်တောင် မရခဲ့ဘူးလို့ ကျွန်တော့်ကိုပြောပါတယ်..။

“သူငယ်ချင်း.. ဒီနေ့တော့ ဘောလုံးမထိရလည်း စိတ်မပူနဲ့..၊ ပြေးသာပြေး..၊ ပြေးနိုင်သလောက်သာပြေး..။ မင်းဆက်မပြေးနိုင်တော့ရင် လက်ထောင်ပြလိုက်..၊ သူတို့မင်းကိုလူစားလဲပေးလိမ့် မယ်..။ ဒါဟာပြဿနာမဟုတ်ဘူး..၊ ငါလည်းဘောလုံးမထိရပါဘူး..၊ ဒါပေမယ့် ရလဒ်ကောင်း နေသရွေ့ ဘာမှစောဒကတက်နေမှာ မဟုတ်ဘူး” လို့ ပြောလိုက်ပါတယ်..။ ဒီလိုနည်းနဲ့ သူတို့ဟာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပေမယ့် နောက်ဆုံး ၁ဂိုး၊ ဂိုးမရှိနဲ့ ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်..။

အခုမှ တာဝန်တစ်ဝက်ပဲ ပြီးသေးတာပါ..။ ကျွန်တော်တို့ နူးကမ့်ပ်ကိုသွားရောက်ပြီး တစ်ကယ့်ကို ကောင်းမွန်တဲ့ ဘာစီလိုနာအသင်းနဲ့ ထပ်ကစားရပါဦးမယ်..။ ကျွန်တော်တို့ရဲ့ နည်းစနစ်က ပထမပွဲအတိုင်း အတူတူပါပဲ.။ ဒါပေမယ့် သုံးဆယ့်နှစ်မိနစ်မှာ တစ်ဂိုးပေးလိုက်ရတာကြောင့် နှစ်ကျော့ပေါင်း သရေကျနေပါပြီ..။ သိပ်မကြာခင်မှာပဲ JT ဟာ ဘောလုံးမပါပဲ အလက်ဇစ်စ် ဆန်းချက်စ်ကို ဒူးနဲ့တိုက်မိတာကြောင့် အထုတ်ခံ လိုက်ရပါတယ်.။ အသင်းခေါင်းဆောင် အထုတ်ခံလိုက်ရတာဟာ ကျွန်တော်တို့ကို ပိုပြီးအထိနာစေခဲ့ပါတယ်..။ မက်ဆီရဲ့ပေးပို့မှုကို အင်နီယက်စ်စတာ အဆုံးသတ်လိုက်ပြီး ၂ဂိုး၊ ဂိုးမရှိနဲ့ ဦးဆောင်သွားချိန်မှာတော့ ကျွန်တော်တို့အတွက် သိပ်မလွယ်တော့ပါဘူး.၊ ဒါပေမယ့် ဒီလိုမျိုး အရှုံးပေးလိုက်ရမယ် ဆိုတဲ့စိတ်ဓါတ် ကျွန်တော်တို့ဆီမှာ လုံး၀ ရှိမနေခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်း ဘာစီလိုနာနဲ့ ကစားတဲ့ပွဲတိုင်းမှာ ကျွန်တော်တို့ ဂိုးမရခဲ့တဲ့ပွဲ အတော့်ကိုရှားခဲ့ပါတယ်..။ ဒါ့ကြောင့်ဒီနေ့မှာလည်း အနည်းဆုံးတစ်ဂိုးတော့ ရလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိနေခဲ့တာ ဖြစ်နိုင်ပါတယ်..။



ပထမပိုင်းပြီးခါနီးမှာတော့ လမ်းပတ်က ရာမီးရက်စ်ရဲ့ပြေးလမ်းထဲကို အသာလေး ထိုးပေးလိုက်ပါတယ်..။ ရာမီးရက်စ်က နောက်တန်းကိုဖြတ်ထွက်သွား၊ ဗစ်တာ ဗားဒက်စ်ရဲ့ခေါင်း ပေါ် အသာလေး “မ” ပြီး ချေပဂိုး သွင်းပေးခဲ့ပါတယ်..။ သူ့ရဲ့သွင်းဂိုးဟာ အင်မတန်မှ အဖိုးတန်လှပါတယ်..။ ပထမပိုင်းအပြီး နှစ်ကျော့ပေါင်း နှစ်ဂိုးစီ သရေကျနေပေမယ့် အဝေးဂိုးစည်းမျဉ်းအရ ကျွန်တော်တို့ အသာရနေပါတယ်..။ ဒါဟာစိတ်ဓါတ်ပိုင်းအရ အလွန်အရေးကြီးပါတယ်..။ အဝတ်လဲခန်းရောက်တော့ ကျွန်တော်တို့အဓိကပြောတာက “အိုကေ.. ငါတို့တစ်ယောက်လျော့နေပြီ..။ ကြံ့ကြံ့ခံ ကစားဖို့ လေးဆယ့်ငါးမိနစ် ကျန်သေးတယ်..၊ ဘယ်လိုလုပ်မလဲ?” အဲဒီအချိန်မှာ ကစားသမားတွေဟာ ရှေ့ကိုထွက်ပြီး တာဝန်ကိုယ်စီ ရဲရဲယူလိုက်ကြပါတယ်..။

ဘာစီလိုနာအသင်းနှင့် ပွဲစဥ်မှ ရာမီးရက်စ် ၏ သွင်းဂိုးအား ရှုစားရန် >>>

မန်နေဂျာက ဘရာနီဆလပ်ဗ် အိုင်ဗန်နိုဗစ်ကို ဗဟိုခံစစ်နေရာမှာ ကစားခိုင်းပါတယ်..၊ ဒါပေမယ့် ဟိုဆေး ဘော့ဆင်ဝါက “မဟုတ်ဘူး.. ဗဟိုခံစစ်မှာ ငါကစားမယ်..။” နည်းစနစ်ပိုင်းအဆုံးအဖြတ်တွေမှာ ကစားသမားတွေ အားလုံးပါဝင်ကြပြီး ဒုတိယပိုင်းအတွက် လိုအပ်မယ်ထင်တာကို ပြင်ဆင်ကြပါတယ်..။ ကျွန်တော်ကလည်း “ရတယ်.. လိုအပ်ရင် ဘယ်နောက်ခံလူနေရာမှာ ကစားပေးမယ်” လို့ ပြောခဲ့ပါတယ်..။ ကျွန်တော်တို့ တိုက်စစ်မှူးထားဖို့ မလိုတော့ပါဘူး၊ တိုက်စစ်မှူးနဲ့ ဘယ်တောင်ပံ ခံစစ်မှူး နေရာကို ကျွန်တော်တွဲကစားမယ်..။ ဒီလိုနဲ့ အသင်းကို ပြန်လည်စုစည်းပြီး အရိုးကြေကြေ၊ အရည်ခမ်းခမ်း ခံစစ်ထိုင် ကစားပါတော့မယ်..။

ဒါပေမယ့်ကံဆိုးစွာနဲ့ပဲ ကျွန်တော့်ရဲ့ စိတ်လောမှုကနေ ဆက်စ် ဖာဘရီဂတ်စ်ကို ဥပဒေ ပြင်ပဖျက်ထုတ်မိပြီး ပင်နယ်တီ ပေးလိုက်ရပါတယ်..။ လီယွန်နယ် မက်ဆီက အဲဒီပယ်နယ်တီ ပြစ်ဒဏ်ဘောကို ကန်သွင်းပါ့မယ်..။ ဒီကန်သွင်းချက်ဟာ သူတို့အတွက် မြူးနစ်ခရီးစဉ်ကို သေချာစေမယ့် အာမခံချက်ဖြစ်လာမလား? ဒါပေမယ့် အဲဒီညနေခင်းမှာ ဘုရားသခင်က ကျွန်တော်တို့ဘက်မှာ ရှိနေခဲ့တာလား၊ ဒါမှမဟုတ် မက်ဆီရဲ့စိတ်ထဲမှာ ကျွန်တော်တို့ဘက်ကို အခုအချိန်ထိ တစ်ခါမှ ဂိုးမသွင်းခဲ့သေးဘူးဆိုတဲ့ အသိစိတ်ကပဲလွှမ်းမိုးနေခဲ့သလား မပြောတတ်ပါဘူး.. သူ့ရဲ့ ကန်ချက်ဟာ ဂိုးဘားတန်းထိမှန်ပြီး အပြင်ထွက်သွားပါတယ်..။ နောက်ထပ်တစ်ဂိုးလောက်များ ပြန်သွင်းနိုင်မလားဆိုပြီး ကျွန်တော်တို့ မျှော်လင့်နေကြပေမယ့် အဓိကအားဖြင့်နောက်ထပ် ဂိုးမပေးရအောင် ကာကွယ်ရတာ ပိုများပါတယ်..။ မိနစ် (၈၀) ရောက်တော့ ကျွန်တော်ဘယ်လိုမှဆက်ပြီး မပြေးနိုင်တော့တာကြောင့် ဖာနန်ဒို တောရက်စ်နဲ့ လူစားလဲလိုက်ရပါတယ်..။ တစ်ရွေ့ရွေ့နဲ့ ပွဲပြီးဖို့ နီးစပ်လာပါပြီ..။

မိနစ် (၉၀) အရောက်မှာ တောရက်စ်ဟာ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းကြောင်းမှာ ဘယ်တော့မှမေ့နိုင်မှာမဟုတ်တဲ့ သွင်းဂိုးတစ်ဂိုးကို ရယူပေးခဲ့ပါတယ်.။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က အင်နီယက်စ်တာ ကျွန်တော်တို့ကိုသွင်းယူသလိုမျိုးပေါ့.။ ပွဲပြီးခါနီးသူတို့ဘက်က နောက်ထပ် ဂိုးရနိုင်ဖို့ အစွမ်းကုန်ဖိကစားနေပါတယ်..၊ ရုတ်တရက်ဆိုသလိုပဲ ကျွန်တော်တို့ခံစစ်ကြောင်းက ရှင်းထုတ်လိုက်တဲ့ အမြင့်ဘောကန်ချက်တစ်လုံးကို တောရက်စ်ဟာ ကျွန်တော်တို့ကွင်းဘက်ကနေ တစ်ဦးတည်း ဆွဲပြေးသွားပါတော့တယ်..၊ သူ့ကိုဖျက်ထုတ်မယ့် နောက်ခံလူလည်း တစ်ယောက်မှ ရှိမနေခဲ့ပါဘူး..။ သူဟာအေးဆေးတည်ငြိမ်စွာနဲ့ ဂိုးသမားဗစ်တာ ဗားလ်ဒက်စ်ကိုကျော်ဖြတ်ပြီး လူမရှိတဲ့ဂိုးပေါက်ထဲ အဆုံးသတ် ကန်သွင်းနိုင်ခဲ့ပါတယ်..။ အားလုံးအတွက်တစ်ကယ့်ကို မထင်မှတ်ခဲ့ရတဲ့ ဂိုးတစ်ဂိုးပါ။ ကျွန်တော်တို့တွေ မီးကုန်၊ ယမ်းကုန်ပျော်ခဲ့သလို ပရိသတ်တွေလည်း ရုးသွပ်ကုန်ကြပါတယ်..။ အသင်းသားတွေအားလုံး နန်ဒိုရဲ့အပေါ် တစ်ယောက်ပြီးတစ်ယောက် ခုန်တက်အောင်ပွဲခံခဲ့ ကြပါတယ်..။ သာမာန်အတိုင်းဆိုရင် ကျွန်တော်တို့ကျော်ဖြတ်နိုင်ဖို့ မဖြစ်နိုင် လောက်ပါဘူး..၊ ပွဲချိန်တစ်နာရီလောက်နီးပါး တစ်ယောက်လျော့နဲ့ ကစားနေရတယ်..၊ နောက်ပြီး အထုတ်ခံရတဲ့သူဟာ ကျွန်တော်တို့ အားအကိုးရဆုံး အသင်းခေါင်းဆောင်၊ ဒါ့အပြင် ပြိုင်ဘက် အသင်းဟာ အကောင်းဆုံးဆိုတဲ့ ဘာစီလိုနာအသင်းပါ..။



ဒီတစ်ခါမှာ ဘယ်သူကမှမျှော်လင့်မထားခဲ့ပေမယ့် နောက်ဆုံးဗိုလ်လုပွဲကို နောက်တစ်ကြိမ် ကျွန်တော်တို့ ပြန်လည်ရောက်ရှိခဲ့ပါပြီ..။ အခုဒုတိယအကျော့ပွဲစဉ်မှာလည်း ပထမပွဲတုန်းကလိုပါပဲ သူတို့တွေရဲ့ ဘောလုံးပိုင်ဆိုင်မှုဟာ (၇၀%) ကျော်ခဲ့ပါတယ်..။ ဒါပေမယ့်တစ်ခါတစ်လေ ပွဲအဖြေရလဒ်ဟာ ဘာကြောင့်လဲဆိုတာ ရှင်းပြရခက်ပါတယ်..၊ ဒီပွဲဟာ အဲဒီလိုပွဲစဉ်ထဲမှာတစ်ပွဲ အပါအဝင်ပါ..။ ညဉ့်အတော်နက်တဲ့အထိ ကျွန်တော်တို့အားလုံး ပျော်ပျော်ပါးပါး အောင်ပွဲခံခဲ့ကြပါတယ်..။ အခုတော့ နောက်ထပ်နှစ်ပါတ်အကြာ မြူးနစ်မြို့မှာကျင်းပမယ့်ဗိုလ်လုပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်ရပါပြီ..၊ ပြိုင်ဘက်က အိမ်ရှင်ဘိုင်ယန် မြူးနစ်အသင်းပါ.။

ပုံမှန်အတိုင်းဆိုရင် အဲဒီလိုပွဲကြီးပွဲကောင်းမျိုးကို အိမ်ရှင်အသင်းနဲ့ ယှဉ်ပြိုင်ရမယ်ဆိုကတည်းက ကျွန်တော်တို့အတွက် တစ်ပန်းရှုံးနေပါပြီ..။ ဒါပေမယ့်ထူးဆန်းစွာပဲ ကျွန်တော့်မှာ လုံးဝစိတ်ပူပန်တာ ရှိမနေခဲ့ပါဘူး..။ ချယ်လ်ဆီးကိုရောက်ပြီးနောက် သူတို့နဲ့နှစ်ပွဲကစားခဲ့ဖူးပြီး နှစ်ကြိမ်စလုံး ဂိုးသွင်းနိုင်ခဲ့ပါတယ်.။ တစ်ဂိုးက သူတို့ရဲ့ကစားကွင်းဟောင်းကြီးမှာပါ..။ အဲဒါကြောင့် ဘေယန် မြူးနစ်ဟာ အင်မတန် မာကျော၊ ကောင်းမွန်တယ်ဆိုတာ သံသယရှိဖို့မလိုပေမယ့် ဗိုလ်လုပွဲအတွက် စိုးရိမ်စိတ် သိပ်မရှိခဲ့ပါဘူး ဖြစ်နေသလား မပြောတတ်ပါဘူး..။

လွန်ခဲ့တဲ့လေးနှစ်၊ မော်စကိုမှာကန်ရတဲ့ပွဲတုန်းက ကျွန်တော်တို့ဟာ ကြိုတင်ပြင်ဆင် ဖို့ နှစ်ရက်ကြိုပြီး သွားခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ပွဲမကန်ခင်တစ်ရက်ပဲ ကြိုသွားခဲ့ပါတယ်..။ ကန်မယ့်နေ့မှာတော့ ကစားသမားတွေအားလုံးဟာ ဖိအားတွေများနေသလိုပါပဲ..၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘာမှသိပ်မပြောဖြစ်ကြပါဘူး.။ ပွဲကန်မယ့်အချိန်ကိုပဲ မျှော်လင့်စိတ်စောနေကြပုံရပါတယ်.။ ပွဲမစခင်ညနေ၊ ကစားသမားတွေရဲ့ အစည်းအဝေးရောက်တော့ မန်နေဂျာက ဘာမှမပြောပဲ ဗွီဒီယိုဖွင့်ပြပါတယ်..။ ပြိုင်ဘက်အသင်းရဲ့ ကစားပုံတွေ၊ သုံးသပ်ချက်တွေနဲ့ပတ်သက်ပြီး ပြတဲ့ဗွီဒီယို ဖြစ်လိမ့်မယ် ထင်ထားပေမယ့် မြင်လိုက်ရတဲ့အခါ အားလုံးအံ့အားသင့် ကုန်ပါတယ်.။



သူ့ရဲ့ဗွီဒီယိုမှာ ကစားသမားတွေရဲ့ ဇနီးတွေ၊ ရည်းစားတွေ၊ ကလေးတွေ၊ မိသားစုဝင်တွေကပေးပို့တဲ့ အားပေး စကားတွေ၊ ကျွန်တော်တို့ကို ဘယ်လောက်ချစ်မြတ်နိုးတယ် ဆိုတဲ့စကားတွေစသဖြင့်ပါ..။ ဒီမှတ်တမ်းကို ကျွန်တော်တို့ ုအသိမပေးပဲ ကြိုတင်၊ စီစဉ်ရိုက်ကူးထားတာ ဖြစ်ပါတယ်..။ ဒီလိုအားပေးစကားတွေ မြင်လိုက်ရတာ အရမ်းကိုအားတက်စေသလို လူတိုင်းကလည်းနက်နက်နဲနဲ ခံစားလိုက်ရပါတယ်.။ ခံစားချက်တွေပေါ့သွားအောင် တစ်ချို့ကအရွန်းဖောက်ပြီး အာရုံပြောင်းဖို့ ကြိုးစားပေမယ့် မထိရောက်ခဲ့ပါဘူး..။ ဒါဟာရော်ဘီရဲ့အကြံကောင်းတစ်ခု ဖြစ်သလို ကျွန်တော်တို့ အားလုံးအတွက် ထူးရှယ်အစီအစဉ်လို့ ဆိုရမှာပါ..။

နောက်ဆုံးဗိုလ်လုပွဲမှာ ကျွန်တော်တို့အသုံးပြုမယ့် နည်းစနစ်၊ အစီအမံဟာလည်း ဘာစီလိုနာနဲ့ပွဲက အတိုင်းပါပဲ..။ သူတို့တွေ ဘောလုံးပိုင်ဆိုင်မှုပိုများလိမ့်မယ်..၊ ကျွန်တော့်ကို တစ်ဖက်သတ် ဖိကစားလိမ့်မယ်..၊ သူတို့ဘက်ခြမ်းကို ဘောလုံးရောက်ဖို့ အတော့်ကို ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ ခံစစ်ကြောင်းဟာ သိပ်သည်း၊ ကျစ်လျစ်နေရမယ်.၊ အခွင့်အရေးရတာနဲ့ တန်ပြန်တိုက်စစ်ကို အမြန်ဆုံးစတင်ရပါမယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ အကောင်းဆုံး အသင်းကိုတောင် ဆယ်ယောက်ကျန်နဲ့ ကောင်းကောင်းကာကွယ် နိုင်ခဲ့ပြီးဖြစ်တာကြောင့် အချိန်တော်တော်များများ ခံကစားရမှာကို သိပ်မစိုးရိမ်ပါဘူး..။ အနည်းဆုံးတစ်ဂိုးတော့ ပြန်ပြီးသွင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားကြပါတယ်..။ ကျွန်တော်တို့အားလုံး ယုံကြည်ချက် အပြည့်နဲ့ရင်ဆိုင်ဖို့ စိတ်ပိုင်းဖြတ်ပြီး ကွင်းထဲကို ဝင်ရောက်သွားနိုင်ခဲ့ပါတယ်.။

ကစားကွင်းကြီးတစ်ခုလုံးရဲ့ လေးပုံ၊ သုံးပုံလောက်ဟာ ရဲရဲတောက်နီရဲနေပါတယ်..။ ဘေယန်အသင်းပရိသတ်ရဲ့ တခဲနက်အားပေးတဲ့ပြယုပ်တွေပါပဲ..။ ဒါ့ကြောင့် ဒီပွဲဟာကျွန်တော် တို့ဘဝရဲ့အရေးကြီးဆုံးပွဲလို့ဆိုပေမယ့် အဝေးကွင်းပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်နေရသလို ဖြစ်နေပါ တယ်.။ ကျွန်တော်တို့အသင်းသားတွေထဲမှာ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ရဖူးတဲ့ ပေါ်လို ဖာရဲရားနဲ့ ဟိုဆေး ဘော့ဆင်ဝါတို့ကလွဲရင် ဘယ်သူကမှဒီဖလားကိုမရဖူးပါဘူး..။ ကျန်တဲ့ထဲက ရှစ်ယောက်ဟာ ၂၀၀၈ ဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ဖူးပါတယ်..။ ဒါ့ကြောင့် ကျွန်တော်တို့အတွက် ဖိအားရော၊ မျှော်လင့်ချက်ပါ အရမ်းကိုကြီးကျယ်နေပါတယ်..။



ဂျွန် တယ်ရီ ပွဲပယ်ခံခဲ့ရတာကြောင့် ဖရန့် လမ်းပတ်ဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရပါတယ်..။ ပွဲစတယ်ဆိုတာနဲ့ ကျွန်တော်တို့မှာ တရစပ်ဖိအားပေး တိုက်စစ်ဆင်ခံနေခဲ့ရပါတယ်..။ ဒါ့အပြင် ကိုယ့်ဘက်က တိုက်စစ်ဆင်ဖို့ ကြိုးစားတိုင်းလည်း သူတို့ကဘောလုံးလမ်း ကြောင်းကို နည်းမျိုးစုံ ပိတ်ဆို့ထားခဲ့ပါတယ်..။ အဲဒီပိတ်ဆို့မှုတွေကိုဖောက်ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး..။ ဒုတိယပိုင်းမှာ ဂိုးမရှိသရေသာ ဖြစ်နေသေးပေမယ့် ပွဲအခြေအနေအရ ဂိုးစသွင်းနိုင်တဲ့သူ အနိုင်ရလိမ့်မယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားလိုက်ပါတယ်..။ ပထမပိုင်းထက်ပိုပြီး သူတို့ကွင်းဘက်ကို အတင်းလိုက်၊ ဖိအားပေးကစားခဲ့သလို သူတို့ဘက်က တိုက်စစ် လှိုင်းလုံးတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် JT မပါဝင်ခဲ့သလို ဗဟိုခံစစ်ကြောင်းက ဂယ်ရီ ကာဟေးလ်နဲ့ ဒေးဗစ် လူးဝစ်ဇ်တို့ကလည်း ကြံ့ခိုင်မှုမပြည့်ပဲနဲ့ ကန်နေရတာပါ။ ဘယ်တောင်ပံ ခံစစ်ကြောင်းက ရိုင်ယန် ဘာထရန်ဟာ အတွေ့အကြုံနည်းသေးတာကြောင့် သူ့ဘက်က ပေါက်ထွက်လာမယ့် အခြေအနေတွေ မြင်နေရပါတယ်..။

ဒီလိုနဲ့ (၈၃) မိနစ်အရောက်မှာ သူတို့အဖွင့်ဂိုး စတင်သွင်းနိုင်ခဲ့ပါတယ်။ တိုနီ ကရူးစ်နဲ့ပေးပို့မှုကို သောမက်စ် မူလာက ခေါင်းတိုက်ပြီး အဆုံး သတ်ခဲ့တာပါ..။ လူကပ်မယ့်သူမရှိပဲဖြစ်နေတဲ့ မူလာရဲ့ ခေါင်းတိုက်ချက်ဟာ အကောင်းဆုံး မဟုတ်ခဲ့ပေမယ့် ဂိုးရဖို့လုံလောက်ခဲ့ပါတယ်..။ ဒါဆိုပွဲပြီးသလောက်ရှိပါပြီ..။ ကျွန်တော်တို့သာ အဲဒီလို ဂိုးစရခဲ့မယ်ဆိုရင် ပြိုင်ဘက်အသင်းအတွက် မျှော်လင့်ချက်မရှိတော့သလောက်ပါပဲ..။ ဒါ့ကြောင့် သူတို့အဖွင့်ဂိုးရသွားတဲ့အချိန်မှာ ကျွန်တော်အတော့်ကို စိုးရိမ်သွားပါတယ်..။ ကျွန်တော်တို့ရဲ့ အိပ်မက်နောက်တစ်ကြိမ်ထပ်ပြီး အဆုံးသတ်သွားတော့မယ် ထင်ပါတယ်..။