ချန်ပီယံလိဂ်ဖလားကြီးကို ရခဲ့တဲ့အချိန် ကျွန်တော် (၃၄) နှစ် ရှိသွားပါပြီ..။ အသင်းနဲ့စာချုပ် သက်တမ်းကလည်း ကုန်ဆုံးတော့မှာပါ..။ ဒါပေမယ့်ကျွန်တော်ကတော့ အခုအချိန်ဟာ နယ်မြေသစ်များကိုစွန့်စားဖို့အတွက် အချိန်ကောင်းပဲလို့ခံစားမိပါတယ်..။ ချယ်လ်ဆီးဘက်က အသင်းရဲ့ စည်းကမ်းအတိုင်း အသက် (၃၀) ကျော်တဲ့ ကစားသမားတိုင်းကို တစ်နှစ်သက်တမ်းတိုး စာချုပ်ပဲကမ်းလှမ်းမှာပါ..။ ကျွန်တော်ကတော့ ရှေ့နှစ်နှစ်၊ သုံးနှစ်အတွက် အစီအစဉ်တွေကို ကြိုတင်ရေးဆွဲချင်ပါတယ်..။ အဆင့်မြင့်ဘောလုံးပွဲတွေအတွက် ကိုယ့်ကိုယ်ကိုလည်း အသင့်အနေအထား ရှိနေသေးတယ်လို့ ယုံကြည်ထားတဲ့အတွက်ပါ..။ ဒါပေမယ့် ချယ်လ်ဆီး အသင်းနဲ့ အရမ်းကိုနီးကပ်၊ သံယောဇဉ် နှောင်တွယ်ခဲ့တဲ့အပြင် ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ အပြာ ရောင်သွေးတွေလည်ပတ်၊ စီးဆင်း နေတယ်လို့ယုံကြည်ထားတဲ့အတွက် တခြားအင်္ဂလန်အသင်း တစ်သင်းသင်းကိုပြောင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်မှန်း သိထားပါတယ်..။ စဉ်းလည်းမစဉ်းစားနိုင်ပါဘူး..။ တခြားအသင်းများစွာက ကျွန်တော့်ကိုခေါ်ယူဖို့ ကြိုးစားကြပါတယ်..။ ဒါပေမယ့် နေမယ်..၊ မနေဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ မြူးနစ်မြို့ဗိုလ်လုပွဲပြီးမှ ချခဲ့ပါတယ်..။ တစ်ကယ်လို့ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ်ဆိုရင် ချယ်လ်ဆီးမှာ ဆက်နေပြီး နောက်ထပ်ကြိုးစားဦးမှာပါ..။
ဒါ့အပြင် စိန်ခေါ်မှုအသစ်တွေကိုလည်း ရင်ဆိုင်၊ ခံစားကြည့်ချင်ပါသေးတယ်..။ ရှစ်နှစ် တိတိ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်ခဲ့ပြီး ကိုယ်လုံးဝမရင်းနှီးတဲ့ နေရာဒေသတစ်ခုကို မြည်းစမ်း ခံစား ကြည့်ချင်စိတ် ပေါ်ပေါက်လာပါတယ်..။ နောက်ပြီးတရုတ်ပြည်က ရှန်ဟိုင်း ရှန်ဟွာအသင်းကို ရောက်ရှိနေတဲ့ နီကိုလပ်စ် အနယ်လ်ကာနဲ့လည်း ပြောဆိုဖြစ်ပါတယ်..။ သူ့ကိုကြည့်ရတာ ပျော်ရွှင်နေပုံရတယ်.။ ကျွန်တော်ဘက်က စိတ်ဝင်စားနေတဲ့အချိန် သူတို့ကထပ်မံ ဆက်သွယ်လာတာကြောင့် ရာသီကုန်ချိန်မှာ သဘောတူညီမှုရခဲ့ပါတယ်..။ အဲဒါနဲ့ လာမယ့်ဇူလိုင်လက စတင်ပြီး နှစ်နှစ်ခွဲသက်တမ်း စာချုပ်နဲ့ပြောင်းရွှေ့ဖို့ သဘောတူညီနိုင်ခဲ့တဲ့အကြောင်း ကြေငြာနိုင် ခဲ့ပါတယ်..။ မနှစ်ကချယ်လ်ဆီးအသင်းနဲ့ရာသီကြိုခရီးစဉ်အဖြစ် ဟောင်ကောင်၊ မလေးရှားတို့ကို ရောက်တဲ့အချိန် အာရှမှာရှိနေတဲ့ဘောလုံးပွဲတွေကို မြတ်နိုး၊ ရူးသွပ်မှုကတစ်ကယ့်ကိုအံ့သြစရာပါ.။ ပရိသတ်တွေဟာ သူတို့အသင်းကို အရမ်းချစ်မြတ်နိုးကြသလို ကျွန်တော့်ကိုလည်း ချစ်ခင်ကြပါတယ်..။ ရှန်ဟိုင်း ရှန်ဟွာအသင်းရဲ့ ကမ်းလှမ်းချက်တွေက သိပ်ကိုကောင်းလွန်းတာ ပါတဲ့အပြင် ကျွန်တော့်အတွက်လည်း တစ်ခါမှမကြုံဖူးတဲ့ အရာဝတ္တုသစ်တွေ၊ ကိုယ်မသိခဲ့တဲ့ တခြားကမ္ဘာခြမ်းရဲ့ အကြောင်းတွေကို လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်..။
မိသားစုနဲ့အတူ ထွက်ခွာလာရင်း လေဆိပ်ကိုဆင်းတယ်ဆိုတာနဲ့ “ဝေါကနဲ” ဆိုတဲ့ ကျယ်လောင်တဲ့ ဆူညံသံကြီးနဲ့ လူပင်လယ်ကြီးကို ရင်ဆိုင်မိပါတော့တယ်..။ ဒီလိုကြိုဆိုမှုမျိုးကို နာမည်ကျော် ဟောလီးဝုဒ် မင်သားတွေ၊ ရော့ခ်စတားတွေပဲ ရရှိလိမ့်မယ်ဆို တွေးမိကြမှာပါ..။ ကျွန်တော့်အတွက် လုံးဝထင်မှတ်မထားတဲ့ ကြိုဆိုမှုမျိုးပါပဲ။ ပရိသတ်များဟာ အသံကုန် အော်ဟစ်ရင်း အော်ငိုလိုက်၊ တွန်းလိုက်၊ ဆွဲလိုက်၊ ရှေ့ကိုတိုးလာလိုက်..၊ လုံခြုံရေးတွေက နောက်ကို ပြန်တွန်းလိုက်နဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေသလို အပြင်ဘက်မှာလည်း ရှန်ဟိုင်း ရှန်ဟွာအသင်းရဲ့ အလံကိုဝှေ့ယမ်းရင်း ကျွန်တော့်ရဲ့နာမည်ကို ကြွေးကြော်၊ အော်ဟစ်နေကြပါတယ်..။ ဓါတ်ပုံရိုက် နိုင်ဖို့ ကြိုးစားနေကြတဲ့သူတွေကြားထဲ တိုးဝှေ့ရင်း စောင့်နေတဲ့ကားထဲကို အတင်းဝင်၊ ဟိုတယ်ကို မောင်းထွက်ခဲ့ရပါတယ်.။ သိပ်ကိုကောင်းမွန်ခဲ့တဲ့ ကြိုဆိုမှုလို့ ပြောရမှာဖြစ်သလို ကျွန်တော့်အတွက် အသင်းသစ်နဲ့ရှေ့ဆက်ဖို့ အားတက်စရာပါပဲ..။
အစောပိုင်းမှာမိသားစုဟာ ကျွန်တော်နဲ့အတူလိုက်နေနေပေမယ့် ဒီကိုအမြဲတမ်းပြောင်းရွှေ့ဖို့ မဖြစ်နိုင်မှန်း သိလာပါတယ်..။ ကလေးတွေဟာ အင်္ဂလန်မှာပျော်ရွှင်နေသလို သူတို့ရဲ့ကျောင်း၊ ဟိုကသူငယ်ချင်းတွေနဲ့ အရမ်းခင်တွယ်နေတာလည်း ပါပါတယ်..။ ဒါ့ကြောင့် မိသားစုဟာအင်္ဂလန်မှာပဲ ဆက်နေကြမယ်လို့ ဆုံးဖြတ်လိုက်ကြပြီး ကျွန်တော်ကတော့ ဘောလုံး ရာသီပြီးဆုံးမယ့် နိုဝင်ဘာကျရင် မိသားစုနဲ့အတူတူ ပြန်နေကြမယ်လို့ တိုင်ပင်လိုက်ကြပါတယ်..။ တရုတ်ပြည်မှာရှိနေတုန်း နောက်ထပ်အခက်အခဲတစ်ခုက မိသားစုနဲ့အတူ Skype ပြောဖို့ဆိုရင် အချိန်ကွာဟမှုကြောင့် ဒုက္ခတွေ့ရတာပါပဲ..။ သူတို့နဲ့စကားပြောဖို့ ကျွန်တော်ဟာ မနက်လေးနာရီ၊ ငါးနာရီလောက် အိပ်ယာထရပါတယ်။ ဒါမှသူတို့ညနေခင်း ကျောင်းဆင်းတဲ့အချိန်မှီမှာပါ။ ကျွန်တော် တို့အသင်းမန်နေဂျာ ဆာဂျီယို ဘာတစ္စတာလည်း အလားတူ အခက်အခဲမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့အပြင် အခြားနိုင်ငံခြားသားကစားသမားတွေ အများကြီးရှိနေတာကြောင့် မန်နေဂျာက လေ့ကျင့်ခန်းတွေကို နေ့လည်ခင်းဘက် ပြောင်းပေးလိုက်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ မနက်စောစောထ၊ မိသားစုနဲ့စကားပြောပြီး နေ့ခင်းနေ့လည်စာအချိန်အထိ လိုအပ်ရင် ပြန်အိပ်နိုင်ပါပြီ..။
ကျွန်တော်ရဲ့ပထမဆုံးပွဲအဖြစ် ဂွမ်ကျိုး R&F အသင်းနဲ့ပွဲ၊ ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့် ရခဲ့ပါတယ်။ တရုတ်ပြည်ရောက်ပြီး ထူးခြားတဲ့အချက်က ပွဲတစ်ပွဲကစားဖို့ ခရီးမိုင်အဝေးကြီး သွားရတာပါ..။ အခုရောက်နေတဲ့ ဂွမ်ကျိုးမြို့ဟာတောင်ပိုင်းမှာရှိပြီး ရှန်ဟိုင်းကနေမိုင်တစ်ထောင် ကျော်သွားရပါတယ်..။ ဒါတောင်အဝေးဆုံးမြို့ မဟုတ်သေးပါဘူး..။ ကားနဲ့သွားမယ်ဆိုရင် (၁၆) နာရီလောက်မောင်းရမှာမို့ လေယာဉ်ခရီးနဲ့ပဲ သွားရောက်ခဲ့ပါတယ်.။ နှစ်နာရီခွဲလောက် လေယာဉ် စီးရတဲ့ခရီးစဉ်ကို ဥပမာ ပေးရမယ်ဆိုရင် မက်ဒရစ်မြို့မှာ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ လေယာဉ်စီးရတဲ့သဘောမျိုး ဖြစ်မှာပါ..။ နောက်ပြီးဒီမှာက မြို့ကြီးတစ်မြို့မှာဆိုရင် လူဦးရေသန်းနဲ့ချီပြီး မှီတင်း နေထိုင်နေကြတာပါ..။ ကျွန်တော်တို့ရဲ့ ရှန်ဟိုင်းမြို့ကြီးဟာဆို အကြီးဆုံးမြို့တော်ဖြစ်ပြီး လူဦးရေ (၂၄) သန်းကျော် နေထိုင်ပါတယ်..။ အိုင်ဗရီကို့စ်တစ်တိုင်းပြည်လုံးရဲ့ လူဦးရေနီးပါးပါပဲ..။ ဂွမ်ကျိုး ဆိုရင် လူဦးရေ (၁၄) သန်း၊ မြောက်ဘက်အစွန်ဆုံး၊ အဝေးဆုံးက ချန်ချွန်းမြို့မှာတောင် လူဦးရေ (၇) သန်းခွဲလောက် ရှိနေပါတယ်.။ ဒါဟာလန်ဒန်မြို့တော်က လူဦးရေနီးပါးပါပဲ.။ ဘာသာစကားအနေနဲ့ဆို နိုင်ငံခြား ကစားသမားတိုင်းအတွက် ဘာသာပြန်တွေခန့်ပေးထားတာမို့ ဆက်ဆံရေးပြဿနာ သိပ်မရှိလှပါဘူး..။ တရုတ်ကစားသမားတွေထဲမှာ အင်္ဂလိပ်စကား ပြောနိုင်တဲ့သူ အတော့်ကို နည်းလှပါတယ်.။ ကျွန်တော်တို့ဂိုးသမားက အင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်ပေမယ့် အများစုဟာ အင်္ဂလိပ်စကားကို နားမလည်ကြပါဘူး..။ သူတို့ကို သဘောကျတဲ့တစ်ချက်က ဘာသာစကားတင်မကပါဘူး ဘောလုံးမှာပါ အရမ်းကို လေ့လာသင်ယူချင် ကြတာပါ..။ ကစားသမားအများစုဟာ လူငယ်လေးတွေဖြစ်တာကြောင့် သူတို့တွေ ဒီထက်ပိုကောင်းလာအောင်၊ အခုထက်ပိုပြီး ယုံကြည်မှုတွေရှိလာအောင် ကျွန်တော့်အနေနဲ့ အတတ်နိုင်ဆုံး ကူညီပေးချင်ပါတယ်..။
ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ပွဲကတော့ ဟန်ကျိုး ဂရင်းတောင်းအသင်းနဲ့ ကစားတဲ့ပွဲစဉ်မှာပါ..။ ဒီပွဲမှာ တရုတ်လူမျိုးတွေရဲ့ခံယူချက်၊ စိတ်ဓါတ်ကိုနားလည်ခွင့်ရခဲ့လို့ အမြဲတမ်းအမှတ်ရနေပါတယ်.။ ကျွန်တော်တို့အသင်းက တရုတ်လူမျိုးနောက်ခံလူတစ်ယောက်ရဲ့အမှားကနေ အဖွင့်ဂိုး ပေးလိုက်ရပါတယ်..။ သူအရမ်းစိတ်ဓါတ်ကျသွားတာကို သိသိသာသာ မြင်လိုက်ရပါတယ်..။ သူ့ရဲ့အမှားအတွက် အရမ်းစိတ်ပျက်နေမိတဲ့ပုံပါပဲ..။ ငါးမိနစ်လောက်နေတဲ့အခါ အဖိုးတန်ချေပဂိုးကို ကျွန်တော်သွင်းယူ ပေးလိုက်ပါတယ်။ ဒါနဲ့ကျွန်တော်သူ့ဆီပြေးသွားပြီး တရုတ်လို မပြောနိုင်ပေမယ့် ကျောကိုပုတ်လို့ “OK.. It’s Ok” ဆိုပြီး နှစ်သိမ့်ပေးလိုက်ပါတယ်..။ အဲဒီအခါကျမှ သူခမျာစိတ်သက်သာရာ ရသွားတဲ့ပုံ မြင်ရပါတယ်..။ နောက်ထပ်တစ်ဂိုးကျွန်တော်ထပ်သွင်းနိုင်ခဲ့ပြီး ၅ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်..။
ပွဲပြီးနောက်ရက်ဟာ အားလပ်ရက်ဖြစ်နေပေမယ့် သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ လေ့ကျင့်ကွင်းထဲကို ကျွန်တော်ဆင်းသွားပါတယ်..။ အဲဒီမှာ မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် အံ့အားသင့်မိသွားပါတယ်..။ မနေ့ကအမှားလုပ်ခဲ့မိတဲ့ တရုတ်နောက်ခံလူဟာ သူမှားခဲ့တဲ့အမှားမျိုး ထပ်မဖြစ်အောင် အထပ်ထပ်အခါခါ လေ့ကျင့်နေတာ ဖြစ်ပါတယ်..။ ဒီလိုအထပ်ထပ်လေ့ကျင့်ခြင်းဖြင့် ဒါမျိုးနောက်တစ်ကြိမ် ထပ်မမှားနိုင်တော့ဘူး ဆိုတဲ့သဘော ဖြစ်မှာပါ..။ အဲဒါနဲ့စကားပြန်ကိုခေါ်ပြီး သူ့ဆီသွားပါတယ်..။
“သူငယ်ချင်း ဘာတွေဖြစ်နေတာလဲ?” သူကစကားပြန်ကနေတဆင့် အခုလို ပြန်ဖြေပါတယ်..။
“ကျွန်တော်အမှားအယွင်းတစ်ခုလုပ်ခဲ့မိတယ်..။ အဲဒီအမှားအတွက် အရမ်းရှက်မိခဲ့လို့ပါ..။ ပြီးတော့ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ခင်ဗျားကယ်တင်ပေးခဲ့တာပါ” တဲ့..။ ကျွန်တော်အရမ်းကို အံ့အားသင့်သွားပါတယ်..။
“မဟုတ်ဘူးလေ..၊ အသင်းသားတွေ၊ အသင်းဖော်တွေဆိုတာ တစ်ယောက်ကိုတစ်ယောက် ဖေးမရမှာပေါ့..။ မင်းအမှားလုပ်ခဲ့ရင် ငါပြန်ကူညီလို့ရရင် ကူညီပေးရမယ်..၊ တစ်ကယ်လို့ ငါအမှားအယွင်းလုပ်မိခဲ့လဲ မင်းတတ်နိုင်တဲ့အခါမျိုးမှာ ပြန်ပြီးကူညီပေးရမှာပေါ့..။ ဒါဟာအသင်းတစ်သင်းရဲ့ အင်္ဂါရပ်တစ်ခုပဲ” လို့ ကျွန်တော်ပြောလိုက်ပါတယ်..။
ဒီအဖြစ်အပျက်ဟာ စိတ်လှုပ်ရှားဖို့ကောင်းသလို တရုတ်လူမျိုးတွေ ဘယ်လိုတွေးခေါ်၊ စဉ်းစား တတ်တယ်ဆိုတာ ကောင်းကောင်းသိလိုက်ရပါတယ်.။ ဒါ့အပြင်သူတို့ဟာ အခြားသူတွေကို အရမ်းလေးစားကြောင်း သိလိုက်ရသလို အားကစားအပေါ်ချစ်မြတ်နိုးစိတ် ဘယ်လောက်ကြီးမားတယ် ဆိုတာလည်း သိလိုက်ရပါတယ်..။ ရှန်ဟိုင်းမှာရှိနေတုန်း ကံကောင်းထောက်မပြီး ဒီကိုရောက်နေတာ နှစ်အတော်ကြာနေပြီဖြစ်တဲ့ အိုင်ဗရီကို့စ်ဖွားတစ်ယောက်နဲ့ ရင်းနှီးခဲ့ရပါတယ်..။ သူဟာ မန်ဒရင်းလို၊ ရှန်ဟိုင်းလို ကောင်းကောင်းပြောတတ်တာကြောင့် အရမ်းကို အဆင်ပြေပါတယ်..။ ကျွန်တော့်ကို တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကိုနားလည်နိုင်အောင် အများကြီး ကူညီပေးခဲ့ပါတယ်..။
ရှန်ဟိုင်းအသင်းမှာ ကစားခဲ့ရတဲ့အစောပိုင်းလများဟာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်.။ ဒါပေမယ့် ရာသီကုန်ခါနီးရောက်လာတဲ့အချိန် အသင်းရဲ့ ရှယ်ယာဝင်တွေအချင်းချင်း အငြင်းပွားမှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ နိုင်ငံခြားသား ဘောလုံးသမားတွေကို လစာပေးချေမှုတွေ နောက်ကျလာခဲ့ပါတယ်။ ဒီလစာကိုမှီခိုနေရတဲ့ တရုတ်ကစားသမားတွေဆို ပိုဆိုးတာပေါ့။ ဒီလိုနဲ့လစာရဖို့ နှစ်ပါတ်ကျော် နောက်ကျလာခဲ့ပြီးတစ်နေ့မှာတော့ ကျွန်တော်လေ့ကျင့်ကွင်းကိုသွားပြီး နောက်နေ့ကန်ရမယ့်ပွဲမှာ ဝင်ကန်တော့မှာမဟုတ်ဘူးလို့ မန်နေဂျာကို ပြောပါတယ်..။
တစ်ကယ်တော့ ကျွန်တော့်တစ်ယောက်တည်းအတွက်စာရင် ဒီလစာကို မှီခိုနေရတဲ့ အခြားကစားသမားတွေအတွက် ရည်ရွယ်ပြီး အခုလိုဆန္ဒပြတာ ဖြစ်ပါတယ်..။ ပွဲမကန်ရခင် ကိုယ့်ရဲ့အသင်းသားတွေ ရသင့်ရထိုက်တဲ့ လစာ၊ ဆုကြေးတွေရရှိပြီးသား ဖြစ်စေချင်ပါတယ်..။ နောက်ရက်မှာ ကစားသမားတွေ လစာရပြီးကြောင်း သေချာပြီးတဲ့အခါ ဆန္ဒပြတဲ့အစီအစဉ်ကို ရုတ်သိမ်းပြီး ဝင်ရောက်ကစား ဖြစ်ခဲ့ပါတယ်..။ ရာသီကုန်ပြီးအိမ်ပြန်ရတော့မယ့်အချိန်မှာ နီကိုနဲ့တခြားကစားသမားတွေက ကျွန်တော်တို့ အဝေးမှာရှိနေတုန်းကာလမှာလည်း အချိန်မှီလစာရဖို့ အခြေအနေမကောင်းနိုင်တဲ့အကြောင်း သတိပေးပါတယ်..။ အိမ်ပြန်ရောက်ပြီး ထင်တဲ့အတိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ လစာရောက်မလာပါဘူး၊ ကျွန်တော်ရော၊ အေးဂျင့်ကပါ စာတွေ အီးမေးလ်တွေ အကြိမ်ကြိမ်လွှတ်ပေမယ့် ဘာမှထူးခြားမလာပါဘူး..။
တရုတ်ပြည်မှာရှိနေတုန်း ကျွန်တော်တို့ရရှိခဲ့တဲ့အောင်မြင်မှုအတွက် အမှတ်တရတစ်ခုခု ကျန်ရစ်ခဲ့ရအောင် လုပ်ရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးရှိနေခဲ့ပါတယ်..။ အဲဒါနဲ့ အမေရိကန်ဘတ်စကတ်ဘောပွဲတွေမှာ ချန်ပီယံရှစ်ရပြီဆိုရင် အသင်းသားတွေအားလုံးကို အမှတ်တရ လက်စွပ်လေးတွေ ဝေဌလေ့ရှိတဲ့ အလေ့အထကို သတိရမိပါတယ်.။ ဒါ့ကြောင့်လန်ဒန်ကို ပြန်ရောက်တုန်း မနှစ်က ချန်ပီယံလိဂ်ရခဲ့တဲ့ အသင်းဖော်တွေ အားလုံးနဲ့အတူ ညစာစားပွဲလေးတစ်ခု တည်ခင်းပေးပါတယ်..။
စတန်းဖို့ဒ် ဘရစ်ချ်နားက ဟိုတယ်လ်တစ်ခုမှာကျင်းပခဲ့တဲ့ ဒီညစာစားပွဲ လေးမှာ ဘယ်သူ့ကိုမှကြိုမပြောပြထားပဲ လူတိုင်းအတွက် ကိုယ့်ရဲ့နာမည်၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲကန်ခဲ့တဲ့နေ့ရက်ပါတဲ့ လက်စွပ်လေး ကိုယ်စီကို အမှတ်တရ လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်..။ အားလုံးအံ့အားသင့်ရအောင် တိတ်တိတ်ကလေး စီစဉ်ခဲ့ပြီး ဒီလက်စွပ်လေးတွေကို နာမည်ကျော် ပန်းထိမ်ပညာရှင်တစ်ယောက်နဲ့ အော်ဒါပေးအပ်နှံခဲ့တာ ဖြစ်ပါတယ်..။ နည်းပြအဖွဲ့နဲ့ အသင်းက ဝန်ထမ်းတွေအားလုံးအတွက်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကန်ခဲ့တဲ့နေ့ရက် ရေးထိုးထားတဲ့ နာရီတစ်လုံးစီ လက်ဆောင်ပေးခဲ့ပါတယ်..။ ဒီလိုညစာစားပွဲလေး တည်ခင်းပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဒီအသင်းသာ ကျွန်တော့်အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြသချင်တဲ့အပြင် ဒီလိုရဖို့ခက်ခဲလှတဲ့ အောင်မြင်မှုကို ဘယ်လောက်အမှတ်ရ နေခဲ့သလဲဆိုတာ ပေါ်လွင်စေချင်တာလည်း ပါဝင်ပါတယ်..။
ဇန်နဝါရီလမှာတော့ အာဖရိကနိုင်ငံများဖလားအတွက် တောင်အာဖရိကနိုင်ငံကို သွားရပါတယ်.။ အခုအချိန်ဟာ အပြောင်းအရွှေ့ဈေးကွက်အချိန် ဖြစ်နေတာမို့ ဖေဖော်ဝါရီလ တရုတ်ပြည်ကို ပြန်သွားခဲ့မယ်ဆိုရင် အခုအပြောင်းအရွှေ့ကာလမှာ အခြားအသင်းတစ်ခုခုကို ပြောင်းနိုင်မယ့်အခွင့်အရေး လက်လွှတ်သွားပါလိမ့်မယ်။ ဒါဟာကျွန်တော့်အတွက်ပြဿနာပါ..။ လစာကိစ္စက သိပ်ပြီးအရေးမကြီးလှပါဘူး..။ အဲဒါနဲ့ ကျွန်တော်ကော နီကိုပါ အသင်းကနေ နှုတ်ထွက်လိုက်ပါတယ်..။ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ချုပ်နိုင်ဖို့ အတော်နီးစပ်ခဲ့ပါတယ်…။ သူတို့က ရှန်ဟိုင်းအသင်းနဲ့ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်းကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) စည်းမျဉ်းများနဲ့ ငြိမှာကို စိုးရိမ်နေပါတယ်.။ ဒါ့ကြောင့်အဌားစာချုပ်နဲ့ပဲ ခေါ်ယူဖို့ဆန္ဒ ရှိနေပါတယ်..။
တစ်ချိန်တည်းမှာပဲ တူရကီက ဂါလာတာစာရေးအသင်းကလည်း ကမ်းလှမ်းခဲ့ပါတယ်..။ သူတို့ကကျွန်တော့်ကို တောင်အာဖရိကအထိ လာတွေ့ပြီး ဆွေးနွေးပါတယ်..။ ကျွန်တော်ကလည်း သူတို့နဲ့အတူ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ ထပ်ပြီးဝင်နွဲဖို့ အခွင့်အရေးရှိနေတာကြောင့် စိတ်ဝင်စားပါတယ်။ ဒီလိုနဲ့ဇန်နဝါရီလကုန်မှာတော့ တစ်နှစ်ခွဲသက်တမ်းစာချုပ်ချုပ်နိုင်ခဲ့ပြီး တောင်အာဖရိကမှာ ယှဉ်ပြိုင်နေတဲ့ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲပြီးဆုံးရင် သူတို့နဲ့သွားရောက် ပူးပေါင်းပါမယ်..။ ရှန်ဟိုင်းအသင်းက ကန့်ကွက်ခဲ့ပေမယ့် FIFA က ယာယီလိုင်စင်ထုတ်ပေးခဲ့ပြီး ပြသနာများကို ပြီးစီးစေခဲ့ပါတယ်..။
ဂါလာတာစာရေးအသင်းကို ပြောင်းခွင့်ရခဲ့တာ အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။ ဒီအသင်းဟာ တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး မန်နေဂျာ ဖာတစ် တာရင်ဟာလည်း “Emperor” လို့ အမည်ပြောင်ပေးခံရတဲ့ ကမ္ဘာ့အကောင်းဆုံး တွေထဲက နည်းပြတစ်ယောက် ဖြစ်တဲ့အပြင် တူရကီအသင်းတစ်သင်းကို ကိုင်တွယ်ပြီး ဥရောပဖလားတစ်လုံး (Europa ဖလား) ရယူပေးထားနိုင်သူလည်း ဖြစ်ပါတယ်..။ ကျွန်တော်နဲ့အတူ ရောက်လာတာက အင်တာ မီလန်က ဝက်စ်လေ ရှနိုက်ဒါ၊ အင်ဗရီကို့စ်အသင်းဖော် အီမန်နူရယ်လ် အီဘိုယေးတို့လို နာမည်ကျော်ကစားသမားတွေ ဖြစ်ပါတယ်..။ ဒါတွေအပြင် ကစားကွင်းကြီးကလည်း ကြီးမားခေတ်မှီပြီး ပရိသတ် (၅၀,၀၀၀) ကျော်ဆန့် ဥရောပရဲ့ အကောင်းဆုံးကွင်းတစ်ကွင်းထဲ ပါဝင်ပါတယ်..။
တရုတ်ပြည်တုန်းကလိုပါပဲ.. အစ္စတန် ဘူလ် လေဆိပ်မှာ ကျွန်တော့်ကိုကြိုဆိုကြတာ သဲသဲလှုပ်လှုပ်ပါ..။ စောင့်နေကြတဲ့ ပရိသတ်ဟာ ထောင်နဲ့ချီရှိပါတယ်.။ တူရကီလူမျိုးတွေရဲ့ ဘောလုံးကစားနည်းအပေါ် အရူးအမူးဖြစ်ကြပုံဟာ နာမည်ကျော်ပါတယ်..။ အခုကျွန်တော်လေယာဉ်ပေါ်က ဆင်းတယ်ဆိုရင်ပဲ သူတို့တွေရဲ့ ဘောလုံး ကစားနည်းအပေါ် ရူးသွပ်၊ ခုံမင်မှုတွေကို မျက်မြင်ကိုယ်တွေ့ ခံစားလိုက်ရပါပြီ..။ တူရကီကိုရောက်တော့ မန်နေဂျာအပြင် ကစားသမားအများစုဟာ အင်္ဂလိပ်လိုပြောနိုင်၊ ဆိုနိုင်ရှိတဲ့အတွက် ဘာသာစကား အခက်အခဲဟာ တရုတ်ပြည်ကလောက် မဆိုးပါဘူး..။
ပထမဆုံးပွဲကိုတော့ ဖေဖော်ဝါရီလလယ် အက်ခ်ဟီဆာ ဘယ်လ်ီဒီယက်စ် စပေါလ်အသင်းနဲ့ အဝေးကွင်းပွဲမှာ လူစားဝင်ကစားခွင့် ရခဲ့ပါတယ်..။ ဂိုးမရှိသရေ ကျနေတဲ့အချိန် မန်နေဂျာက အသင့်ဖြစ်ပါ့မလားလို့ လှမ်းမေးပါတယ်.။ ကျွန်တော်က “ရပါတယ်.. အသင့်ပါပဲ” လို့ ပြန်ဖြေလိုက်ပါတယ်.။ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး ဝင်ကစားပါတယ်..။ သိပ်မကြာခင်မှာပဲ ထောင့်ဖြတ်အမြင့်ဘောတစ်လုံး ကျလာတယ်.၊ ခေါင်းတိုက်လိုက်တယ်.. ဂိုး!!!။ ကျွန်တော့်ရဲ့ ပထမဆုံးထိချက်တော့ မဟုတ်ပါဘူး.. တတိယမြောက် ဘောလုံးထိချက်ကို ဂိုးအဖြစ်ပြောင်းနိုင်ခဲ့တာပါ..။ ဒီဂိုးသွင်းခဲ့ပြီး ပရိသတ်ရဲ့ အားပေးမှုကတော့ ကြောက်ခမန်းလိလိပါပဲ..။ ဒီလိုအားပေးမှုမျိုးတွေကို နေရာအနှံ့မှာ ကြားခဲ့ဖူးပေမယ့် တူရကီပရိသတ်ရဲ့ အားပေးမှုဟာ တစ်ကယ့်ကို ထူးရှယ်ပါပဲ..။
နောက်ထပ်ကျေနပ်စရာတစ်ခုကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထပ်မံကစားခွင့်ရခဲ့တာ ပါ..။ (၁၆) အသင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ရှော့ကဲလ်ကို အနိုင်ကစားနိုင်ခဲ့တာကြောင့် အသင်းရဲ့သမိုင်း တစ်လျှောက်မှာ ဒုတိယအကြိမ်အဖြစ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ..။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က ရီးရဲလ် မက်ဒရစ်ပါ.။ မန်နေဂျာဘယ်သူဖြစ်မယ်ထင်ပါသလဲ? ဟိုဆေး မော်ရင်ဟိုပါ..။ ပထမအကျော့ပွဲစဉ်မတိုင်မီ ဟိုဆေးနဲ့ကျွန်တော်တို့ အပြန်အလှန် ဖုန်းမက်ဆေ့ချ် တွေ ပို့ပြီးစကားပြောဖြစ်ခဲ့ပါတယ်..။ တစ်ယောက်နဲ့တစ်ယောက် ကံကောင်းပါစေကြောင်း ဆုတောင်းတာကလွဲလို့ အခြားစိတ်ဝင်စားစရာတွေ မပါခဲ့ပါဘူး..။ ဒါပေမယ့်မော်ရင်ဟိုရဲ့ထုံးစံအတိုင်း အထေ့အငေါ့၊ အစအနောက်လေးတွေ ပါတာပေါ့..။ ကျွန်တော်အရမ်းနိုင်ချင်နေတာ သူလည်းသိတယ်လေ..၊ ဒါပေမယ့်ပြိုင်ပွဲတစ်ပွဲဟာ ပြိုင်ပွဲလိုပါပဲ..။
ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ၃ဂိုး၊ ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့၊ အိမ်ကွင်းပွဲစဉ်ဟာ တစ်ကယ့်ကိုအရေးကြီးတဲ့ပွဲ ဖြစ်လာပါပြီ..။ အခုအချိန်အထိ ကျွန်တော်တို့ဟာ အနိုင်ရဦးမယ်ဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးပါဘူး..။ အထူးသဖြင့် ကျွန်တော်ပေါ့။ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ တစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနေပါတယ်..။ မန်နေဂျာက ကျွန်တော့်ကို လူ စားလဲချင်ပါတယ်.. ဒါမှနောက်ထပ်အရေးကြီးတဲ့ပွဲအတွက် ခွန်အားကိုချွေတာရာရောက်ပါမယ်..။ သူကလက်ထောက်နည်းပြကိုလွှတ်ပြီး ကျွန်တော့်ရဲ့သဘောကို မေးပါတယ်..။
“မဟုတ်ဘူးလေ.. ငါတို့အခုပြိုင်ပွဲထဲကမှ မထွက်ရသေးတာ..၊ အခုထိနိုင်ခြေရှိသေးတယ်..၊ နောက်တစ်ဆင့်ကို မျှော်လင့်နိုင်သေးတာပဲ.၊ ခင်ဗျားတို့ကျွန်တော့်ကိုလူစားလဲတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ အဓိပ္ပါယ်ပဲ..။ ဒါပေမယ့်ကျွန်တော်က အဲဒီလိုမဟုတ်ဘူး..။”
နောက်ဆုံးကျွန်တော့်ကိုလူစားမလဲဖြစ်ပါဘူး..။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ချေပဂိုး၊ အနိုင်ဂိုးတွေ ဆက်သွင်းပြီး ၂ဂိုး၊ ၁ဂိုးနဲ့ ပြန်ဦးဆောင်နိုင်ခဲ့ပါတယ်..။ တတိယဂိုးကို ကျွန်တော်သွင်းပြီးချိန်မှာတော့ နှစ်ကျော့ပေါင်း ဂိုးရလဒ်တူညီဖို့ နောက်ထပ်တစ်ဂိုးသာ လိုပါတော့တယ်..။ ဒါပေမယ့် သူတို့ကအဝေးဂိုး အသာရနေဦးမှာပါ..။ ကျွန်တော်နောက်ထပ်တစ်ဂိုး သွင်းနိုင်ခဲ့ပေမယ့် လူကျွံဘောသတ်မှတ် ခံခဲ့ရပါတယ်..။ နောက်ဆုံး စီ ရော်နယ်လ်ဒိုကတစ်ဂိုးသွင်းပြီး ပွဲကိုအဆုံးသတ် နိုင်ခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ ပြိုင်ပွဲထွက်ခဲ့ရပေမယ့် နှစ်ပေါင်းများစွာအတွင်း ဂါလာတာစာရေးရဲ့ အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်လို့ ပြောကြပါတယ်..။ အထူးသဖြင့် ရီးရဲလ် မက်ဒရစ်လို ပြိုင်ဘက်ကြီးကို အနိုင်ရခဲ့လို့ပါ..။ ပွဲသိမ်းခရာ မှုတ်ပြီးတဲ့အချိန် ဟိုဆေးကကွင်းထဲဝင်ပြီး အခုလိုနှုတ်ဆက်ပါတယ်..
“ငါတို့စိုးရိမ်မိသွားတယ်..၊ တစ်ကယ့်ကိုစိုးရိမ်ခဲ့တာ..”။
ရီးရဲလ် မက်ဒရစ်နဲ့ပွဲအပြီး နောက်ထပ်အမှတ်တရတစ်ခုကတော့ မေလမှာယှဉ်ပြိုင်ရတဲ့ ဂါလာတာစာရေး- ဖီနာဘာချီ ဒါဘီပွဲစဉ်ပါ..။ အစ္စတန်ဘူလ်မြို့ကြီးရဲ့ ဥရောပဘက်ခြမ်းမှာ အခြေစိုက်တဲ့ ဂါလာတာစာရေးနဲ့ အာရှဘက်အခြမ်းမှာ အခြေစိုက်တဲ့ ဖီနာဘာချီအသင်းတို့ရဲ့ မြိ့ခံဒါဘီပွဲစဉ်ဟာ နှစ်ပေါင်းတစ်ရာ ကျော်လာခဲ့ဖြစ်တဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ကမ္ဘာကျော်ဒါဘီပွဲစဉ်တွေထဲကတစ်ပွဲပါ..။ နှစ်သင်းဆုံကြရင် ပရိသတ်ချင်း ရန်ပွဲတွေဖြစ်ကြတာလည်း ထုံးစံလိုပါပဲ..။ တစ်ကယ့်ဂါလာတာစာရေး ကစားသမားစစ်စစ် ဖြစ်ချင်တယ်ဆိုရင် ဖီနာဘာချီနဲ့ပွဲမှာ ဂိုးသွင်းဖူးရမယ်လို့ ကျွန်တော့်ကို လာပြောကြပါတယ်.။ နောက်ပြီးပရိသတ်တွေရဲ့ တုံ့ပြန်မှုက ကျွန်တော်ကြုံဖူးတဲ့ အင်္ဂလန်က ဒါဘီပွဲစဉ်တွေနဲ့ တူမှာမဟုတ်ဘူးလို့လည်း လာသတိပေးကြပါတယ်..။
ကွင်းထဲရောက်တော့ ပရိသတ်ရဲ့အားပေးမှုအရှိန်ဟာ ထင်သလောက် မြင့်တက်မနေခဲ့တာကြောင့် စိတ်နည်းနည်းပျက်မိပေမယ့် အမှတ်ပေးပြိုင်ပွဲဆုဖလားကို ကျွန်တော်တို့ ဆွတ်ခူးပြီးသား ဖြစ်နေတာကလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်နိုင်ပါတယ်..။ နောက်ထပ်ပိုပြီး စိတ်ပျက်စရာကောင်းတာက အိမ်ကွင်းပရိသတ်ဟာ ကျွန်တော်နဲ့ အီမန်နူရယ်လ် အီဘိုယေးကို ဦးတည်ပြီး လူမျိုးရေးခွဲခြားတဲ့အသံတွေနဲ့လှုံ့ဆော်နေတာပဲ ဖြစ်ပါတယ်..။ ဒါတွေကို ကျွန်တော်တို့ ဘာမှပြန်ပြီး မတုံ့ပြန်ခဲ့ပေမယ့် ဒီလိုမနှစ်မြို့ဖွယ် အဖြစ်အပျက်တွေဟာ နှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ သူတို့အသင်း သမိုင်းကြောင်းကိုမှေးမှိန်စေခဲ့မှာ အသေအချာပါပဲ..။