စတန်းဖို့ဒ် ဘရစ်ချ်ကို ပြန်ရောက်တဲ့အချိန် စိတ်ထဲမှာဘယ်တုန်းကမှ အဝေးကို မရောက်ခဲ့ဖူးသလိုပါပဲ..။ ၂၀၁၂ တုန်းကနဲ့ ယှဉ်လိုက်ရင် မျက်နှာသစ်ကစားသမားအများကြီး ရောက်လာပေမယ့် အကျီအရောင်၊ အသင်းတံဆိပ်၊ ကစားကွင်း..၊ ဒါတွေအပြင် ပရိသတ်ကြီး.. အားလုံးဟာ အရင်အတိုင်းပါပဲ..။ ဂျွန် တယ်ရီနဲ့ ပီတာ ချက်တို့လည်း ရှိနေပါသေးတယ်..။ နောက်ပြီး ကျွန်တော့်ကို ကျောနံပါတ် (၁၁) ပြန်ပေးခဲ့တဲ့အတွက် အော်စကာကိုလည်း ကျေးဇူးတင်ပါတယ်..။ ကျွန်တော်အသင်းပြောင်းပြီးတဲ့နောက် အဲဒီနံပါတ်ကို သူဆက်ခံခဲ့တာပါ..။ သူ့အနေနဲ့ ပြန်မပေးလည်း ရပေမယ့် ကျွန်တော့်အတွက်တော့ အခုလို အသိအမှတ်ပြုခဲ့မှုဟာ အိမ်အပြန်လမ်းကို ပိုပြီးချောမွေ့စေခဲ့ပါတယ်။
ချယ်လ်ဆီးပြန်ရောက်ပြီး ကစားသမားသစ်တွေထဲမှာ အီဒင် ဟာဇက် ပါတွေ့ခဲ့ရတဲ့အတွက် ပိုပြီးကျေနပ်ခဲ့ပါတယ်..။ ၂၀၁၂ ခုနှစ်၊ နွေရာသီတုန်းက ချယ်လ်ဆီးကိုလာခဲ့ဖို့ သူ့ကိုကျွန်တော်ဆွဲဆောင်၊ ပြောဆိုခဲ့ပါသေးတယ်..။ အဲဒီအချိန်က သူဘာကိုဆုံးဖြတ်ရမလဲဆိုတာ မသိဘူးဖြစ်နေတယ်..၊ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားဖူးချင်တယ်လို့ ပြောပါတယ်..။ အဲဒီနှစ်က ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ အဆင့်ခြောက်ပဲ ရခဲ့တဲ့အပြင် မန်ချက်စတာ ယူနိုက်တက်၊ ရီးရဲလ် မက်ဒရစ်လို အသင်းကြီးတွေလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ ချန်ပီယံလိဂ်လည်းရပြီးရော.. ဂါဗင်ဟိုကနေတဆင့် အီဒင်ကို ကျွန်တော်ဖုန်းခေါ်ခိုင်းပြီး စကားပြောပါတယ်..။ ကျွန်တော်က ချယ်လ်ဆီးဟာ သူ့အတွက်သင့်တော်တဲ့နေရာတစ်ခု ဖြစ်လာမယ်ဆိုတဲ့အကြောင်း သူ့ကိုပြောပြပါတယ်။ နောက်ပိုင်းမှာ ကျွန်တော့်ဆီကဖုန်းခေါ်ဆိုမှု ရခဲ့တဲ့အတွက် အံ့သြမိကြောင်း၊ ကျွန်တော့်ရဲ့ ဖုန်းဆက်ပြောဆိုမှုဟာ ချယ်လ်ဆီးအသင်းကိုပြောင်းဖို့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု ကြီးမားခဲ့ကြောင်း ပြန်ပြောပြခဲ့ပါတယ်..။
ဟိုဆေး မော်ရင်ဟိုအကြောင်း ပြောရမယ်ဆိုရင် ၂၀၀၇ ခုနှစ်၊ အသင်းက ထွက်သွားပြီးတဲ့နောက် အခုတစ်ကြိမ် ပြန်ရောက်လာချိန်မှာ ထူးဆန်းနေသလို အပြောင်းအလဲတွေလည်း အများကြီး မြင်နေရပါတယ်…။ အသင်းသားတွေအပေါ် သူ့ရဲ့စကားပြောပုံ၊ ဆက်ဆံပုံတွေလည်း ပြောင်းလဲသွားပါတယ်..။ ၂၀၀၄ ခုနှစ် သူရောက်စမှာ စကားပြောရင် တည့်တည့်နဲ့ခပ်ပြတ်ပြတ်ပဲ ပြောလေ့ရှိတယ်..၊ အခုတစ်ကြိမ်မှာတော့ သူဟာပိုပြီးပျော့ပြောင်းလာသလို ပိုပြီးလည်း ရင့်ကျက်လာတယ်လို့ ထင်မှတ်ရပါတယ်..။ တစ်ခုရှိတာက အသင်းမှာ လူငယ်ကစားသမားတစ်ချို့ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ ၂၀၀၄ ခုနှစ်ကအသင်းဟာ အခုထက်ပိုပြီး အသက်ကြီးတဲ့သူတွေ များသလို ပိုပြီးတော့လည်း အရေထူကြပါတယ်..။ လူငယ်ကစားသမားတွေနဲ့ ပြောဆိုတဲ့အခါ ဝါရင့်ကစားသမားတွေလို ပြောဆိုလို့မရပါဘူး.။ ဒါ့ကြောင့်သူ့ရဲ့ပြောပုံ၊ ဆိုပုံတွေကို ပိုပြီးဂရုစိုက်လာတာ ဖြစ်နိုင်ပါတယ်..။ မပြောင်းလဲတဲ့အရာကတော့ အသေးစိတ်တွေကို ဂရုစိုက်တတ်တဲ့ သူ့ရဲ့အကျင့်ပါပဲ..။
၂၀၀၄ ခုနှစ်တုန်းကဆိုရင် တစ်သင်းလုံးဟာ ပြိုင်ဘက်အသင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို နားထောင်ရတယ်..၊ ဗွီဒီယိုခွဲခြမ်းစိတ်ဖြာမှုတွေကို လေ့လာရတယ်..၊ ပွဲတွေကို ပြန်ကြည့်ရပါတယ်။ ဘယ်ပွဲမဆို ဟိုဆေးကကျွန်တော်တို့ကို ဖိုင်အထူကြီးကြိုပေးပါတယ်..။ အဲဒီမှာ အသေးစိတ် အချက်အလက်တွေကို ကျွန်တော်တို့လေ့လာရတယ်..။ ဒီလိုအသေးစိတ် သေသေချာချာ ကြိုတင်ပြင်ဆင်ခဲ့ခြင်းဟာ နိုင်ပွဲတွေအတွက် အထောက်အကူအများကြီးဖြစ်ခဲ့ပါတယ်..။ အခုလည်း အဲဒီအတိုင်းပါပဲ..။ ဟိုဆေးဟာလိဂ်ပြိုင်ပွဲတိုင်းက ကစားသမားတိုင်းရဲ့ အသေးစိတ်တွေကို ကောင်းကောင်းသိပါတယ်..၊ အင်္ဂလိပ်လိဂ်ပွဲတွေတင်မကပါဘူး.. တခြားလိဂ်ပြိုင်ပွဲတွေက အသေးစိတ်တွေကိုပါ သိထားပါတယ်..။ ဒါ့ကြောင့်ကွင်းထဲဝင်သွားတဲ့အချိန် ပြိုင်ဘက်အကြောင်းကို သူများတွေထက် ခရေတွင်းကျသိထားတာမို့ တစ်ပန်းသာပါတယ်။ အခုခေတ်မှာ အသင်းတိုင်းလိုလိုဟာ ပြိုင်ဘက်တွေနဲ့ ပတ်သက်တဲ့အသေးစိတ်တွေကို ဂရုတစိုက်လေ့လာတဲ့ အလေ့အထ ဖြစ်ထွန်းနေပြီ ဆိုပေမယ့် ၂၀၀၄ ခုနှစ်လောက်ကတော့ အဲဒီအလေ့အထဟာ ရှားပါးပါတယ်..။
ကျွန်တော်ချယ်လ်ဆီးကိုရောက်စအချိန်ကနဲ့ မတူတော့တဲ့ အဓိကပြောင်းလဲချက်က အသင်းရဲ့ ကစားတဲ့ပုံစံပါပဲ။ အတိတ်တုန်းက ကျွန်တော်တို့ဟာထိရောက်မှုနဲ့ တိုက်ရိုက်ထိုးဖောက်တာကို အားသန်ပါတယ်..။ ဒါဟာဘာကိုအခြေခံလဲဆိုတော့ ကျွန်တော်တို့ဟာမာကျောပြီး၊ ကြံ့ခိုင်မှုကောင်းတယ်၊ တန်ပြန်တိုက်စစ်တွေမှာ ကောင်းမွန်တယ်၊ ခံစစ်ကစားတာလုံခြုံသလို အမြင့်ဘောတွေလည်း ကောင်းကောင်းကစားနိုင်ပါတယ်.။ ဒါ့အပြင် အခွင့်အရေးနည်းနည်းလေးရတာနဲ့ မလွတ်တမ်း အသုံးချနိုင်တယ်.. စတဲ့အချက်တွေအပေါ် ဖြစ်ပါတယ်..။ ဒီတစ်ကြိမ်မှာတော့ အသင်းသားတွေရဲ့ အနေအထားကြောင့်ဖြစ်မယ် ထင်ပါတယ်.. ဘောလုံးပိုင်ဆိုင်မှု ပိုပြီးအသားပေးလာသလို တိုက်ရိုက်တိုက်စစ် ဆင်တာတွေ လျော့နည်းလာပြီး တိုက်စစ်စတင်ရာမှာ အရင်ကနဲ့နှိုင်းယှဉ်ရင် ပိုနှေးသလိုပါပဲ..။ ဒီလိုနည်းစနစ်တွေပြောင်းနေပေမယ့် ကျွန်တော်တို့ဟာ ရာသီစကတည်းက ပရီးမီးယားလိဂ်ကို ဦးဆောင်နိုင်ခဲ့တာကြောင့် အလုပ်ဖြစ်တယ်ဆိုတာ သိသာပါတယ်..။ ဒါ့အပြင် ပြိုင်ပွဲအရပ်ရပ်မှာလည်း နယူးကာဆယ်လ်ကိုအရှုံးပေးခဲ့ရတဲ့ ဒီဇင်ဘာလလယ်မတိုင်ခင်အထိ ရှုံးပွဲ မရှိခဲ့ပါဘူး..။
ကျွန်တော်ကတော့ ရာသီကြိုပွဲစဉ်မှာပဲ ခြေကျင်းဝတ်လည်သွားတာကြောင့် ရာသီစစချင်းမှာ မကန်နိုင် ဖြစ်ခဲ့ရပါတယ်..။ ဒါဟာစိတ်ပျက်စရာပါပဲ.။ ဒါ့ကြောင့်မန်နေဂျာဟာ ကျွန်တော့်ကို အောက်တိုဘာလနှောင်းပိုင်း ဒီယေဂို ကော်စတာ ဒဏ်ရာရသွားတဲ့ အချိန်ကျမှပဲ အသုံးပြုနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ပထမဆုံးစကစားရတဲ့သုံးပွဲစလုံးမှာ ဂိုးတွေသွင်းနိုင်ခဲ့တာကြောင့် ကျေနပ်ခဲ့ရပြန်ပါတယ်..။ ပထမဆုံးကစားခွင့်ရတဲ့ပွဲက မာရီဘောနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖြစ်ပါတယ်.။ ပင်နယ်တီပြစ်ဒဏ်ဘောကနေ ကျွန်တော်ဂိုးသွင်းနိုင်ခဲ့ပြီး ၆ဂိုး၊ ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်..။ ဒုတိယဂိုးကိုတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ကစားတဲ့အဝေးကွင်းပွဲစဉ်မှာ ရခဲ့တာပါ..။
အိုးထရက်ဖို့ဒ်မှာ ကျွန်တော်နောက်ဆုံး ဂိုးသွင်းနိုင်ခဲ့တာ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ ၂၀၁၀ ခုနှစ်ကပါ..၊ ဒါ့ကြောင့်ဒီတစ်ကြိမ် ဂိုးသွင်းနိုင်ခဲ့တဲ့အချိန် တစ်ကယ့်ကို ခမ်းနားတဲ့ခံစားမှုတစ်ခုကို ရရှိခဲ့ပါတယ်..။ (၅၃) မိနစ်မှာ ထောင့်ကန်ဘောကနေ ကျွန်တော်ခေါင်းတိုက်ပြီး သွင်းယူနိုင်ခဲ့တာပါ..။ ကျွန်တော်တို့ရဲ့ တောင့်တင်းတဲ့ခံစစ်ကြောင်းကို မန်ချက်စတာ ယူနိုက်တက်အသင်း မထိုးဖောက်နိုင်ခဲ့တာကြောင့် လန်ဒန်ကိုနိုင်ပွဲနဲ့အတူ ပြန်နိုင်တော့မယ်လို့ ထင်မှတ်ရတော့မယ့် အနေအထား ရောက်ခဲ့ပါတယ်..။ ဒါပေမယ့် ပွဲပြီးခါနီးနောက်ဆုံးမိနစ်ကျမှ ရော်ဘင် ဗန်ပါစီက ဘယ်ခြေနဲ့အပြင်းကန်သွင်း၊ ချေပဂိုးရယူ သွားပါတယ်…။ သရေကျခဲ့ပေမယ့် ဒုတိယနေရာက ဆောက်ပ်သမ်တန်အသင်းနဲ့ အမှတ်ကွာနေဆဲမို့ ဘာမှမထိခိုက်ခဲ့ဘူးဆိုပေမယ့် အဓိကပြိုင်ဘက်ကြီးကို အနိုင်ရမယ့်အဖြစ်နဲ့ ကပ်လွဲခဲ့ရတာကြောင့် အကြီးအကျယ် စိတ်ပျက်ခဲ့ရပါတယ်..။
ကျွန်တော့်ရဲ့သုံးပွဲအတွင်း တတိယဂိုးကိုတော့ နောက်ထပ်နှစ်ရက်အကြာ၊ အင်္ဂါ ညနေ ခင်း.. ရွံ့တွေ၊ ရေတွေပြည့်နေတဲ့ ရှရူးဘယ်ရီကွင်းမှ ရရှိခဲ့ပါတယ်..။ Sky Bet လိဂ် (၂) က ရှရူးဘယ်ရီ တောင်းအသင်းကို အခု Capital One ဖလားပွဲစဉ်မတိုင်မီက ကြားတောင်မကြားဖူးပါဘူး..။ သူတို့ဟာ အဲဒီညနေခင်းမှာ ကစားမယ့်ပွဲမစခင် လာရောက်အားပေးမယ့် ပရိသတ်မဆန့်မှာစိုးတဲ့အတွက် ယာယီပွဲကြည့်စင် ဆောက်လုပ်ခဲ့ရပါတယ်..။ အဲဒီလိုအခြေအနေတွေ ကွာခြားနေ ပေမယ့် မျှော်လင့်မထားပဲ ဒီပွဲဟာခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်..။ ကွင်းရဲ့အခြေအနေ၊ ရာသီဥတုအခြေအနေကြောင့်လည်း ပါဝင်နိုင်သလို ချယ်လ်ဆီးလိုအသင်းနဲ့ ကစားရတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ မီးကုန်၊ ယမ်းကုန် တိုက်ပွဲဝင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ကျွန်တော်ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရတာကြောင့် ပထမပိုင်းပြီးတဲ့အထိ ဂိုးမရှိ သရေကျနေခဲ့ပါတယ်..။ ဒါပေမယ့် (၄၈) မိနစ်မှာ မိုဟာမက် ဆာလာရဲ့ပေးပို့မှုကို ကျွန်တော်အဆုံးသတ် နိုင်ခဲ့ပါတယ်..။ (၇၇) မိနစ်မှာ သူတို့ချေပဂိုး ပြန်ရသွားတာကြောင့် ကျွန်တော်တို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားရပါတယ်.။ နောက်ပိုင်းမှာ ကျွန်တော်တို့ တရစပ် တိုက်စစ်ဆင်နေရင်း သူတို့အသင်းက လူငယ်နောက်ခံလူတစ်ယောက် ကိုယ့်ဂိုးကိုယ်ခေါင်းတိုက် သွင်းမိခဲ့တာကြောင့် ကျွန်တော်တို့အနိုင်ဂိုးရခဲ့ပါတယ်..။
အဲဒီသုံးပွဲစလုံး ခြောက်ရက်အတွင်း ကစားခဲ့ရတာဖြစ်လို့ ကစားသမားတိုင်းအတွက် အတော့်ကို ပင်ပန်းခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီလိုပွဲကစားတာကို ကြံ့ခိုင်မှုပိုကောင်းစေမယ့် လေ့ကျင့်ခန်းတွေအဖြစ် အသုံးချတာကြောင့် အခုလိုဆက်တိုက်ကစားခဲ့ရတာမျိုးကို နှစ်ခြိုက်ပါတယ်..။ ဒါ့အပြင် ကျွန်တော့်ရဲ့ကိုယ်ပိုင်ကြံ့ခိုင်ရေးနည်းပြတွေဖြစ်တဲ့ စတက်ဖန် ရေးနောဒ်နဲ့ မက်သယူး ဘရော့ဒ်ဘက်ခ်တို့ရဲ့ လေ့ကျင့်ခန်းတွေကလည်း ချက်ချင်းအားပြန်ပြည့်လာစေအောင် ကူညီပေး ခဲ့ပါတယ်..။ ပွဲပြီးလို့ တောင့်တင်း၊ ကိုက်ခဲနေပြီဆိုရင် သူတို့တွေက ကျွန်တော်နဲ့အတူ အကြောလျော့ပေးတာ၊ နှိပ်နှယ်ပေးတာ၊ အခြားအထူးလေ့ကျင့်ခန်းတွေ ကြိုးစား၊ ပမ်းစား လေ့ကျင့်၊ ကူညီပေးတာမို့ ခပ်မြန်မြန်ပဲ ပြန်လည်အားပြည့်ခဲ့ပါတယ်..။
ဇန်နဝါရီလမှာတော့ ဘောလုံးဆောင်းပါးရှင်များ အစည်းအရုံးကနေ ချီးမြှင့်တဲ့ အမှတ်တရဆု (Tribute Award) ကို ရရှိပါတယ်..။ ဒီဆုဟာလိဂ်ပြိုင်ပွဲအတွက် အများကြီးအကျိုးပြုခဲ့သူ တွေကို ချီးမြှင့်တဲ့ဆုပါ..။ ဆုလက်ခံတဲ့အချိန် ကျေးဇူးတင်စကားပြောကြားရမှာ ၂၀၀၄ ခုနှစ်တုန်း ကဆိုရင် ကျွန်တော့်အပေါ် အရမ်းဝေဖန်ကြတာမို့ တစ်နေ့ကျရင် ခင်ဗျားတို့ဆီက ဒီလိုဆုမျိုးရလိမ့် မယ်ဆိုတာ စဉ်းတောင်စဉ်းစားမိမှာ မဟုတ်ဘူးလို့ ဟာသလုပ်ပြီး ပြောကြားခဲ့ပါတယ်..။ ဒါ့အပြင် အဲဒီညစာစားပွဲအခမ်းအနားမှာ အရမ်းလေးစားခဲ့ရတဲ့ ပီတာ ချက်၊ သီယာရီ အွန်နရီတို့ကလည်း ကျွန်တော့်အပေါ်ချီးကျူးစကားတွေ လက်ဆောင်ပေးသွားကြတာမို့ ဒီဆုဟာ ကျွန်တော့်အတွက် အင်မတန်မ ှအမှတ်တရ ဖြစ်စေခဲ့ပါတယ်.။
ဟိုဆေး မော်ရင်ဟိုကလည်း အဲဒီညနေမှာအမှတ်တရ စာတစ်စောင် ပေးပို့ဂုဏ်ပြုခဲ့ပါသေးတယ်..။ တစ်ကယ်တော့သူဟာ ကျွန်တော်အမြဲတစေအမှတ်ရပြီး ဂုဏ်ပြုနေရမယ့်သူ တစ်ယောက်ပါ..။ သူဟာကစားသမားကောင်း အများအပြားကို ဖလားတွေဆွတ်ခူးနိုင်တဲ့..၊ အောင်မြင်မှုတွေရရှိခဲ့တဲ့ ကစားသမားတွေအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်..။ ဒီလိုအောင်မြင်မှု ဆာလောင်နေတဲ့စိတ်ဓါတ်ကို သူကိုင်တွယ်တဲ့ အသင်းတိုင်းမှာ ရိုက်သွင်းနိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းမှာလည်း ၂၀၀၇ ခုနှစ် သူအသင်းက ထွက်သွားပြီးတဲ့နောက်ပိုင်းမှာတောင် အဲဒီလိုစိတ်ဓါတ်ပိုင်းခိုင်မာမှုတွေ ဆက်ပြီးကျန်ရှိ နေခဲ့ပါတယ်..။ သူဟာကျွန်တော့်ကိုကိုယ်ရဲ့ခြေစွမ်း၊ ကိုယ့်ရဲ့ယုံကြည်မှုတွေ ပိုမြင့်မားလာအောင်လည်း မြှင့်တင်ပေးခဲ့ပါတယ်..။ သူကကျွန်တော့်ကိုချီးမွမ်းရာမှာ ခြေစွမ်းတွေဘယ်လောက်ပဲ ဆိုးဝါး၊ ဆိုးဝါးနေပါစေ.. အခွင့်အရေးလေး ရခဲ့ရင်တော့ မလွတ်တမ်း အသုံးချနိုင်တဲ့သူအဖြစ် ညွန်းဆိုခဲ့ပါတယ်..။ ကျွန်တော်ကလည်း သူ့အတွက်ဆို အမြဲတမ်းအကောင်းဆုံး ပေးဆပ်ချင်နေသူ တစ်ယောက်ပါ..။ ဒါ့ကြောင့် ကျွန်တော်တို့ကြားက ဆက်သွယ်မှုဟာ ထူးရှယ်လို့ဆိုရမှာဖြစ်ပြီး တခြားဘယ်သူနဲ့မှမတူပါဘူး..။
မတ်လရဲ့ပထမဆုံးနေ့မှာ ပထမဆုံးဆုဖလားကို ကျွန်တော်တို့စတင်ရရှိပါတယ်..။ Captital One ဖလားပါ.။ ဒီဖလားဟာ ၂၀၁၃ ခုနှစ် ဟိုဆေး မော်ရင်ဟိုပြန်လည်ရောက်ရှိလာပြီး ချယ်လ်ဆီးအသင်းက ပထမဆုံး ရရှိခဲ့တဲ့ဆုဖလားပါ..။ ဒါပေမယ့်မန်နေဂျာအပါအဝင် ကျွန်တော်တို့အားလုံးက အဲဒီကာလထက် အချိန်အကြာကြီး ပိုစောင့်ခဲ့ရသလို ခံစားခဲ့ရပါတယ်..။ တော့တင်ဟမ်ကို ၂ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲဟာ အကောင်းဆုံး ပွဲတစ်ပွဲတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဟိုဆေး ပြောခဲ့တဲ့စကားရှိပါတယ်..
“ဗိုလ်လုပွဲဆိုတာဖျော်ဖြေဖို့ မဟုတ်ဘူး.၊ နိုင်အောင် ကစားဖို့ပဲ”..။ ဒီပွဲမှာ နာကျင်အချိန်ပိုကျမှ ကျွန်တော်ဝင်ကစား ရပါတယ်..။ ကျွန်တော့်အတွက်တော့ ဒီလိုဖလား ရယူခဲ့ရတဲ့ ခံစားမှုဟာထူးရှယ်ပါပဲ.။ ဒီ Capital One (အရင်တုန်းက ကားလင်းဖလား) ဖလားဟာ ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝမှာ ပထမဆုံး ရရှိဖူးခဲ့တဲ့ ဆုဖလားဖြစ်သလို ၂၀၁၂.. ချယ်လ်ဆီး ကထွက်တုန်းဆိုရင် အခုလိုဒီအသင်းနဲ့ နောက်တစ်ကြိမ် ဆုဖလားကိုင်ခွင့်ရလိမ့်မယ်လို့ လုံးဝမထင်မှတ်မထားခဲ့ပါဘူး.။ ဒီလိုခံစားမှုတွေကြောင့် ပွဲသိမ်းခရာမှုတ်ပြီးချိန် ကျွန်တော်တို့ကွင်းထဲမှာ အချိန်အကြာကြီး ဆက်ရှိနေခဲ့ပါတယ်..။ ၂၀၀၅ ခုနှစ်၊ ပထမဆုံးအကြိမ် ဖလားရခဲ့တဲ့ အသင်းကဆိုလို့ ကျွန်တော်ရယ်၊ ပီတာ ချက်ရယ်.. ဂျွန် တယ်ရီရယ်ပဲ ရှိပါတော့တယ်..။ လူငယ်တွေအတွက်က ချယ်လ်ဆီးအသင်းနဲ့ အောင်မြင်မှုကို ပထမဆုံး ရယူနိုင်ခဲ့ခြင်း ဖြစ်ပါမယ်..။
ဒီဖလားရပြီးနောက်ပိုင်း FA ဖလားပြိုင်ပွဲ စတုတ္ထအဆင့်၊ ဘရက်ဒ်ဖို့ဒ် စီးတီးအသင်းကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ရပေမယ့် ကျန်တဲ့ရာသီနောက်ပိုင်း ကာလတွေမှာလည်း အောင်မြင်မှုတွေဆက်ပြီး ရလိမ့်ဦးမယ်လို့ အားလုံးက ယုံကြည်ခဲ့ကြပါတယ်.။ ဒီပွဲမှာကျွန်တော်လည်း ပွဲထွက်ခဲ့ရပြီး (၃၈) မိနစ်အထိ ၂ဂိုးအသာနဲ့ ဦးဆောင်နေနိုင်ခဲ့ပြီးမှ ရှုံးနိမ့်သွားခဲ့တာပါ..။ ပွဲပြီးတော့ မော်ရင်ဟိုက ပြိုင်ဘက်ကို မလေးမစားလုပ်မိတဲ့အတွက် ဒီရှုံးပွဲရလဒ်ကို ရှက်မိပါတယ်လို့ ပြောသွားပါတယ်..။ ကျွန်တော်တို့အားလုံးကလည်း ဒီအတိုင်း ပြောဖြစ်ကြပါလိမ့်မယ်..။ မတ်လအလယ်၊ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပါရီ စိန့်ဂျာမိန်းအသင်းကို ရှုံးနိမ့်ခဲ့ရပြီး ပြိုင်ပွဲကထွက်ခဲ့ရတဲ့အပေါ် အားလုံးက စိတ်အရမ်းပျက်ခဲ့ရပါတယ်.။ ဘာလို့လဲဆိုတော့ ပထမအကျော့ကရလဒ်ကြောင့် ကျွန်တော်တို့ဟာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းခဲ့ပြီလို့ ထင်မှတ်ခဲ့ကြတာပါ..။ ဒါ့အပြင် သူတို့ဟာမိနစ် (၃၀) ကတည်းက ဇလာတန် အထုတ်ခံခဲ့ရတာကြောင့် ပွဲချိန်တော်တော်များများကို တစ်ယောက်လျော့နဲ့ ကစားနေခဲ့ရတာပါ..။ ဒီပွဲ မိနစ် (၉၀) မှာ ရာမီးရက်စ် ဒဏ်ရာရသွားတော့ သူ့ရဲ့အစား ကျွန်တော်လူစားဝင်ခဲ့ရပါတယ်..။ အဲဒီအချိန် တစ်ဂိုးစီ သရေကျ နေခဲ့ပါတယ်..။ ပွဲပြီးမှာတော့ တစ်ဘက်နှစ်ဂိုးစီသရေဖြစ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းက အဝေးဂိုးစည်းမျဉ်းအရ နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပါတယ်..။ အဲဒီချန်ပီယံလိဂ်ညရဲ့ အလှည့်အပြောင်းတွေ၊ ဖိအားတွေဟာ စိတ်ပျက်စရာများနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ ဆိုရမှာပါ..။
နောက်ဆုံးပရီးမီးယားလိဂ်ပဲ ကျန်ပါတော့တယ်..။ ဒီပြိုင်ပွဲမှာတော့ ကျွန်တော်တို့ အလားအလာ အရမ်းကောင်းနေပါတယ်..။ ရာသီစကတည်းကနေ ဧပြီလလယ်အထိ အမှတ်ပေး ဇယားထိပ်ဆုံးမှာ ရှိနေခဲ့ပေမယ့် ဒီဖလားဟာ ကျွန်တော်တို့ဖလားပါလို့ တစ်ခါမှ မတွေးမိခဲ့ပါဘူး.။ အဲဒီအချိန် မန်ချက်စတာ ယူနိုက်တက်အသင်းကို စတန်းဖို့ဒ် ဘရစ်ချ်မှာ ၁ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက အာဆင်နယ်အသင်းကို ဆယ်မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်..။ နောက်တစ်ပွဲက မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ အင်းမရိတ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ..။ သူတို့ကိုနိုင်ခဲ့မယ်ဆိုရင် လက်ကျန်ငါးပွဲထဲက တစ်ပွဲနိုင်တာနဲ့ ချန်ပီယံဖြစ်မှာပါ..။ လန်ဒန်ဒါဘီပွဲပြီးရင် လက်စ်တာ စီးတီးအသင်းနဲ့ အဝေးကွင်းမှာ ဆက်ကန်ရမှာဖြစ်ပြီး Midlands မှာ အောင်ပွဲခံမယ်လို့ မျှော်လင့်ထားကြပါပြီ..။
ကျွန်တော်တို့ဟာအင်္ဂလန်မှာအကောင်းဆုံးအသင်း ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ဖို့အတွက် ဒီလန်ဒန် ဒါဘီပွဲကို အရမ်းနိုင်ချင်ခဲ့ပါတယ်။ ဒါ့ကြောင့်ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးခဲ့တဲ့အပေါ် အရမ်းကို စိတ်ပျက်ခဲ့ကြပါတယ်.။ ဒါပေမယ့် ရိုမန် အေဘရာမိုဗစ်ချ်ဟာ ပွဲအပြိးမှာ အဝတ်လဲခန်းထဲရောက်လာခဲ့ပြီး ကစားသမားအားလုံးကို ပွေ့ဖက်၊ နှုတ်ဆက်ပြီး နောက်ပွဲတွေအ တွက် ဆက်လက်ကြိုးစားဖို့ အားပေးခဲ့ပါတယ်..။
လိုချင်တဲ့အနိုင်ရလဒ် မရခဲ့ပေမယ့် ဆုဖလားကြီးကို ကျွန်တော်တို့ရဖို့ အတော့်ကို နီးစပ်နေခဲ့ပါပြီ..။ တနင်္ဂနွေနေ့ပွဲပြီး နောက်ရက်တနင်္လာနေ့မှာတော့ လက်စ်တာကို ကျွန်တော်တို့ ခရီးထွက်ခဲ့ ကြပါတယ်.။ ပွဲမစခင်နှစ်ရက် စောသွားခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီ အဝေးကွင်း ပွဲစဉ်တွေထဲမှာ အခုလိုစောစောကြိုသွားခဲ့တာ ပထမဆုံးပါပဲ..။ ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ တစ်ရက်ပဲ ကြိုသွားလေ့ရှိပေမယ့် ဒီပွဲဟာအခုနှစ်ဘောလုံးရာသီရဲ့ အရေးကြီးဆုံးရက်သတ္တပါတ် ဖြစ်လာနိုင်တာကြောင့် မန်နေဂျာက ကြိုတင်ပြင်ဆင်ဖို့ အချိန်ယူတာဖြစ်နိုင်ပါတယ်..။ လက်စ်တာ အသင်းဟာ တန်းဆင်းဇုန်ကနေလွတ်ဖို့ တစ်မှတ်လိုနေပါတယ်..။ သူတို့ဟာ နောက်ဆုံးလေးပွဲ ဆက်တိုက် အနိုင်ရခဲ့တာကြောင့် မနှစ်က နိုဝင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းဇုန်က ရုန်းထွက်နိုင်ခဲ့ပေမယ့် အခုထိစိတ်မချ ရသေးပါဘူး..။ ဒါ့ကြောင့်ဒီပွဲဟာ နှစ်သင်းစလုံးအတွက် သေရေးရှင်ရေးလို ဖြစ်နေပါတယ်.။ သာမာန်အချိန်မှာတောင် အဝေးကွင်းပွဲစဉ်များဟာ ခက်ခဲနေကျမို့ ဘောလုံးရာသီရဲ့အခုလိုအချိန် အဝေးကွင်းပွဲစဉ်ဟာခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ကြိုတွေးပြီးသားပါ..။