ခိုင်မာတောင့်တင်းတဲ့ ခံစစ်ကြောင်းတစ်ခုကို သတ်မှတ်ရာမှာ ခံစစ်ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းရည် တစ်ခုတည်းနဲ့ မလုံလောက်ပဲ ခံစစ်ကစားသမားတွေရဲ့ ခြေစွမ်းတည်ငြိမ်မှု (consistency) နဲ့ တစ်ဦးနှင့်တစ်ဦးကြားမှာ နားလည်မှုကောင်း တည်ဆောက်နိုင်မှု (coherence) ဆိုတဲ့ အင်္ဂါရပ်နှစ်ခုကလည်း အရေးပါပါတယ်..။ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကပ်ရောဂါကြောင့် ပြိုင်ပွဲတွေမရပ်ဆိုင်းခင်အချိန်ထိ ဒီနှစ်ဘောလုံးရာသီ၊ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းမှာ အဲဒီအင်္ဂါရပ်နှစ်ခုစလုံး ပျောက်ဆုံးနေပါတယ်..။ ဖရန့် လမ်းပတ် ဟာ ရာသီအစကတည်းက ပေးဂိုးတွေ ဒလစပ်ခွင့်ပြုနေရတာကို ရပ်တန့်နိုင်ဖို့ ခံစစ်အထိုင် ပုံစံမျိုးစုံ၊ အတွဲအစပ်မျိုးစုံကို ပြောင်းလဲသုံးစွဲခဲ့ပေမယ့် သိသာထူးခြားမှုမရှိခဲ့ပါဘူး..။ (နောက်ဆုံးကစားသွားခဲ့တဲ့ နှစ်ပွဲမှာတော့ တိုးတက်လာတဲ့ အရိပ်အရောင် မြင်တွေ့ခဲ့ပါတယ်..)
ခိုင်မာတောင့်တင်းတဲ့ ခံစစ်ကြောင်းတစ်ခု တည်ဆောက်နိုင်ဖို့ဆိုရင် တစ်ဖက်တိုက်စစ်မှူးတွေ ဂိုးကန်သွင်းခွင့် နည်းနိုင်သမျှ နည်းပါးအောင် တားဆီးနိုင်ဖို့ လိုအပ်သလို ခွင့်ပြုလိုက်ရတဲ့ ဂိုးကန်သွင်းချက်များဟာလည်း အပိုင်ဂိုးသွင်းခွင့်တွေ မဖြစ်ရအောင် ကာကွယ်၊ ပိတ်ဆို့နိုင်ရပါမယ်..။ အဲဒီလို တည်ငြိမ်တဲ့ ခံစစ်ကြောင်းတစ်ခု တည်ဆောက်နိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကောင်းတဲ့၊ ခြေစွမ်းတည်ငြိမ်တဲ့ ဗဟိုခံစစ်အတွဲ အထိုင်ချနိုင်ဖို့ လိုအပ်ပါတယ်..။ အခုသုံးသပ်ချက်ဆောင်းပါးမှာ ချယ်လ်ဆီးအသင်း ဗဟိုခံစစ်အထိုင်မှာ နောက်ခံလူတွေကို ဘယ်လိုပုံစံတွဲစပ်ခဲ့တယ်..၊ အဆိုပါအတွဲအစပ်တွေရဲ့ အားသာချက်၊ အားနည်းချက်များနဲ့ အချက်အလက်များအပေါ် မူတည်ပြီး အသင့်တော်ဆုံးဖြစ်နိုင်မယ့် ဗဟိုခံစစ်အထိုင် အတွဲအစပ်ကို သုံးသပ်သွားပါမယ်..။
ဖရန့် လမ်းပတ် ၏ ဗဟိုခံစစ်အထိုင် အတွဲအစပ်များ..
အခုပူးတွဲပုံ (ပုံ- ၁) မှာ ၂၀၁၉/ ၂၀ ဘောလုံးရာသီအတွင်းမှာ ဖရန့် လမ်းပတ် အသုံးပြုခဲ့တဲ့ ဗဟိုခံစစ်အထိုင်၊ အတွဲအစပ်များကို ပြသထားပါတယ်..။ ပွဲစဉ်တွင်မရပ်နားခင် အဲဗာတန်အသင်းနဲ့ပွဲအထိ ကာလအတွင်း ဖရန့် လမ်းပတ် ဟာ ကတ် ဖူးမား နဲ့ ဇီကာရို တိုမိုရီ တို့ နှစ်ယောက်တွဲ ခံစစ်အထိုင်ကို အများဆုံး အသုံးပြုခဲ့ပြီး ပွဲစဉ် (၁၁) ပွဲထိ ကစားခွင့်ရခဲ့ပါတယ်..။ အထူးသဖြင့် ချယ်လ်ဆီးအသင်း နိုင်ပွဲတွေဆက်တိုက်ရခဲ့တဲ့ စက်တင်ဘာလကနေ နိုဝင်ဘာလလယ်အထိ ကာလအတွင်းမှာ ဖရန့် လမ်းပတ် ဟာ သူတို့နှစ်ယောက်ကို ပထမဦးစားပေး ဗဟိုခံစစ်အထိုင်အဖြစ် အသုံးပြုခဲ့ပါတယ်..။ အဲဒီနောက်မှာတော့ ‘သုံးယောက်တန်း ခံစစ်အထိုင် (3 at the backs)’ ကို (၉) ပွဲအသုံးပြုခဲ့ပြီး ဖရန့် လမ်းပတ် ဟာ အရေးကြီးတဲ့ပွဲကြီးတွေမှာ ‘3 at the backs’ ကို သုံးစွဲလေ့ရှိတာ သတိပြုမိပါတယ်..။ အဲဒီခံစစ်အတွဲအစပ်တွေရဲ့ အသုံးပြုပုံ ရွှေ့လျားမှု (trends)၊ အားသာချက်၊ အားနည်းချက်များကို ဆက်လက်ဖော်ပြသွားပါမယ်..။
(၁) အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် - ကတ် ဇူးမား
ဒီနှစ်ဘောလုံးရာသီ စတင်ချိန်မှာ အဓိကနောက်ခံလူတစ်ယောက်ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါ ဒဏ်ရာရနေခဲ့သလို အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်ကျမှ အသင်းရဲ့သမ္ဘာရင့်နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ် ဟာ အာဆင်နယ်အသင်းကို ရုတ်တရက်ပြောင်းရွှေ့သွားခဲ့တာကြောင့် ဖရန့် လမ်းပတ် ရဲ့ ခံစစ်ကြောင်းအတွက် ပြင်ဆင်မှုတွေ ကသောင်းကနင်း ဖြစ်ခဲ့ရပြီး ခရစ်စ်တီယန်ဆန်ု နဲ့ ကတ် ဇူးမား တို့နှစ်ယောက်ကို ပထမဦးစားပေး ဗဟိုခံစစ်အထိုင်အဖြစ် ရာသီသစ် ဖွင့်လှစ်ခဲ့ပါတယ်..။
သူတို့နှစ်ယောက်စလုံးဟာ အမြင့်ဘောတွေကို ဖျက်ထုတ်တဲ့နေရာမှာ ကောင်းမွန်ပြီး တစ်ဦးချင်းအချက်အလက်များအရ ပရီးမီးယားလိဂ်ရဲ့ အမြင့်ဘော ရှင်းထုတ်နိုင်မှုအကောင်းဆုံး နောက်ခံလူတွေထဲမှာ ပါဝင်ပါတယ်..။ ဒါ့အပြင်တိုက်စစ်မှူးတွေနဲ့ တစ်ယောက်ချင်း ရင်ဆိုင်ဖျက်ထုတ်ရာမှာ (1 vs 1) လည်း ကောင်းမွန်ပြီး ဆုံးဖြတ်ချက် မှန်ကန်တယ်..၊ ဘောလုံးနဲ့အတူ တိုက်စစ်ကို လိုက်ပါနိုင်တယ်..၊ ဘောလုံးဖြန့်ဝေ၊ ပေးပို့မှု ကောင်းမွန်သူများလည်း ဖြစ်ကြပါတယ်..။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးဟာ ဘယ်ဘက်က ထိုးဖောက်လာတဲ့ တိုက်စစ်ကို တားဆီးတဲ့နေရာမှာ အားနည်းသလို နှစ်ဦးစလုံးဟာ ‘3 back system’ ရဲ့ ဘယ်ဘက်ဗဟိုနောက်ခံလူ (left side centerback) အဖြစ် ကစားတဲ့နေရာမှာ အဆင်မပြေကြပါဘူး..။
ရာသီအစပိုင်းလေးပွဲဆက်တိုက် သူတို့နှစ်ယောက်နဲ့ ပေးဂိုးတွေများနေခဲ့တာကြောင့် ရှက်ဖီးလ် ယူနိုက်တက်နဲ့ပွဲကနေ လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲအထိ (၆) ပွဲလောက် ကာလအတွင်းမှာ ဖရန့် လမ်းပတ် ဟာ တိုမိုရီ ကို ခရစ်စ်တီယန်ဆန် ဒါမှမဟုတ် ဇူးမား နဲ့ တစ်လှည့်စီ.. ဒါမှမဟုတ် ‘3 at backs’ ၊ ခံစစ်အထိုင် သုံးမျိုးလောက် ပြောင်းလဲပြီး စမ်းသပ်ခဲ့ပါတယ်..။ ဒါပေမယ့် ပေါက်ထွက်နေတဲ့ ခံစစ်ကြောင်းနဲ့ ပေးဂိုးတွေများနေတာကို မပြင်နိုင်ခဲ့ပါဘူး..။
(၂) ကတ် ဇူးမား - တိုမိုရီ
လက်ရှိအချိန်ထိ ပွဲအများဆုံးကစားထားရတဲ့ ဗဟိုခံစစ်အတွဲအစပ် ဖြစ်သလို လျှင်မြန်မှုကောင်းမွန်တဲ့ ဖီကာရို တိုမိုရီ ဟာ ခံစစ်ဇုန်နေရာအနှံ့ လိုက်လံပြေးလွှား ဖျက်ထုတ်ပြီး ကျွံလာတဲ့ဘောလုံးတွေကို ကတ် ဇူးမား က နောက်ကနေ ရှင်းထုတ်ပေးတဲ့ပုံစံနဲ့ နှစ်ယောက်ကြားမှာ နားလည်မှုကောင်း တည်ဆောက်နိုင်ခဲ့ပါတယ်..။ နှစ်ယောက်စလုံးဟာ ကြံ့ခိုင်မှုကောင်းမွန်တယ်..၊ မာမာထန်ထန် ဖျက်ထုတ်နိုင်များလည်း ဖြစ်ကြပါတယ်..။ လျှင်မြန်မှုကောင်းမွန်သူများ ဖြစ်တာကြောင့် နေရာလွတ်များကိုလည်း အချိန်မှီပိတ်ဆို့နိုင်ကြပါတယ်..။
ဒါပေမယ့်သူတို့နှစ်ယောက်စလုံးရဲ့ ပြသနာက လူကပ်ကစားရာမှာ အားနည်းခြင်း၊ တစ်ဦးချင်း အမှားအယွင်းများခြင်းနဲ့ ခြေစွမ်းမတည်ငြိမ်ခြင်းပဲ ဖြစ်ပါတယ်..။ တိုမိုရီ ဟာ အမြင့်ဘောရှင်းထုတ်မှုအပိုင်းမှာ အားနည်းသလို ‘ရွှေ့တစ်နေ့၊ ငွေတစ်နေ့’ ခြေစွမ်းကြောင့် ဖရန့် လမ်းပတ် အတွက် သူ့ကိုပထမဦးစားပေး နောက်ခံလူအဖြစ် အမြဲတမ်းအသုံးပြုဖို့ အခက်တွေ့ခဲ့ရသည်..။ ဒါ့ကြောင့်ဗလင်စီယာအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကစလို့ ဇူးမား ကို အခြေခံပြီး ခရစ်စ်တီယန်ဆန်၊ တိုမိုရီ တို့ကို ပြောင်းလဲသုံးစွဲခဲ့ပေမယ့် ရလဒ်ကမထူးခြားခဲ့ပါဘူး..။
(၃) ကတ် ဇူးမား - အန်တိုနီယို ရူဒီဂါ
မနှစ်ကဘောလုံးရာသီမှာ အမာခံနောက်ခံလူအဖြစ် ခြေစွမ်းပြပြီး ခံစစ်ကြောင်းကို ဦးဆောင်ခဲ့တဲ့ ဂျာမနီနောက်ခံလူ အန်တိုနီယို ရူဒီဂါ ဟာ ဒဏ်ရာပြသနာကြောင့် ဒီဇင်ဘာလလယ် လိုင်လီအသင်းနဲ့ပွဲကျမှသာ ပြန်ပြီးပါဝင်နိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ဖရန့် လမ်းပတ် ဟာ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာတဲ့ ရူဒီဂါ နဲ့ သူ့ရဲ့အကြိုက် နောက်ခံလူဖြစ်တဲ့ ဇူးမား တို့ကို တွဲပြီးစမ်းသပ်ခဲ့ပါတယ်..။
သူတို့နှစ်ယောက်စလုံးဟာ လျှင်မြန်တယ်..၊ ကြံ့ခိုင်မှုကောင်းမွန် သန်မာတယ်..၊ အမြင့်ဘောရှင်းထုတ်ရာမှာလည်း ကောင်းမွန်သူများ ဖြစ်တာကြောင့် မာကျောမှုတစ်ခုတည်းကို ဦးတည်မယ်ဆိုရင် သူတို့နှစ်ယောက်ဟာ ပထမဦးစားပေး ဖြစ်သင့်ပါတယ်..။ နှစ်ယောက်စလုံးဟာ တစ်ဦးချင်းဖျက်ထုတ်မှုတွေ ပြုလုပ်တဲ့နေရာမှာ ပိုင်နိုင်သူတွေဖြစ်ပြီး တစ်ဦးချင်းလူကပ် ကစားရာမှာ အားနည်းတဲ့ ဇူးမား ရဲ့ အားနည်းချက်ကို ရူဒီဂါ က ပြန့်ပြီးဖြည့်ပေးနိုင်ပါတယ်..။ ဒါ့အပြင် သူတို့နှစ်ယောက်စလုံးဟာ အသံကျယ်ကျယ်နဲ့ တခြားခံစစ်သမားတွေကို မောင်းနှင်နိုင်သူတွေဖြစ်ကြပြီး အဝေးဘောတွေ ပေးပို့တဲ့နေရာ၊ တိုက်စစ်လိုက်ပါတဲ့နေရာမှာလည်း ကောင်းမွန်သူတွေဖြစ်ကြပါတယ်..။
ဒါပေမယ့် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း ဒီနှစ်ဘောလုံးရာသီမှာ အန်တိုနီယို ရူဒီဂါ ရဲ့ အမြင့်ဘော ရှင်းထုတ်နိုင်မှုစွမ်းရည်ဟာ အရင်နှစ်တွေကို မမှီသလို သူတို့နှစ်ယောက်စလုံးဟာ ရှေ့ကိုအတင်းတက်၊ ဖျက်ထုတ်ဖို့ကိုပဲ ပိုပြီးအားသန်ပါတယ်..။ ဒါ့ကြောင့်နေရာလွတ်တွေကို ပိတ်ဆို့တဲ့နေရာ၊ လူကပ်ကစားတဲ့နေရာမှာ အားနည်းချက်တွေ ရှိပါတယ်..။
(၄) အန်တိုနီယို ရူဒီဂါ - အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန်
တကယ်တမ်း တစ်ဦးချင်းခြေစွမ်းအရရော၊ သမ္ဘာအရဆိုရင် သူတို့နှစ်ယောက် အတွဲအစပ်ဟာ အသင်းရဲ့ပထမဦးစားပေး ဗဟိုနောက်ခံလူ အတွဲအစပ် ဖြစ်သင့်ပေမယ့် ဒဏ်ရာပြသနာ မကြာမကြာ နှိပ်စက်ခဲ့တာကြောင့် ၂၀၂၀ နှစ်ဆန်းပိုင်းကို ရောက်မှသာ တွဲဖက်ကစားခွင့် ရခဲ့ပါတယ်..။ ဒါပေမယ့်ဒီနှစ်မှာ သူတို့နှစ်ယောက် တွဲဖက်ကစားတဲ့အခါတိုင်း အသင်းဟာ တည်ကန်ဘော (set pieces) တွေကို ကာကွယ်တဲ့နေရာမှာ ပြသနာကြုံရပါတယ်..။
သူတို့နှစ်ယောက်ဟာ ယခင်နည်းပြတွေဖြစ်တဲ့ အန်တိုနီယို ကွန်တီ၊ မော်ရစ်စ်ဇီယို ဆာရီ တို့ လက်ထက်ကတည်းက တွဲဖက်ကစားဖူးတဲ့သူတွေ ဖြစ်ခဲ့သော်ငြား ဒီနှစ်မှာတော့ တွဲဖက်မညီပဲ ခံစစ်ကြောင်းဟာ ကစဉ့်ကလျားနဲ့ အတော်လေးကို ပုံပျက်ခဲ့ပါတယ်..။ ဒါ့ကြောင့်မန်ချက်စတာ ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ရှံးနိမ့်ခဲ့တဲ့ပွဲနောက်ပိုင်းမှာ ဖရန့် လမ်းပတ် ဟာ သူတို့အတွဲကို လက်လျော့ပြီး ‘3 back system’ ကို ပြန်ပြောင်းခဲ့ပြန်ပါတယ်..။
(၅) သုံးယောက်တန်း ခံစစ်ကြောင်း (3 at the back)
ဒီနှစ်ဘောလုံးရာသီမှာ ဖရန့် လမ်းပတ် ဟာ ‘သုံးယောက်တန်း ခံစစ်ကြောင်း’ ကို အတော်လေးအားကိုးပြီး အဝေးကွင်းပွဲစဉ်တွေနဲ့ အရေးကြီးတဲ့ပွဲစဉ်တွေမှာ ခံစစ်အထိုင် သုံးယောက်နဲ့ ၃- ၄- ၃ ကစားကွက်ကို ပွဲထုတ်လေ့ရှိပါတယ်..။ သုံးယောက်တန်း ခံစစ်ကြောင်းအထိုင်မှာ ဗဟိုနောက်ခံလူတစ်ယောက် အပိုဆောင်းထားခြင်းကြောင့် တစ်ဦးချင်းအမှားတွေ၊ နေရာလွတ်တွေကို ကာကွယ်တဲ့နေရာမှာ ပိုမိုကောင်းမွန်သလို တိုက်စစ်မှူးနှစ်ယောက်တင်ပြီး ကစားတဲ့အသင်းတွေ၊ မြန်ဆန်တဲ့ တောင်ပံကစားသမားတွေနဲ့ ရင်ဆိုင်ရာမှာလည်း အားသာချက်ရှိပါတယ်..။
ဒါပေမယ့် ဗဟိုနောက်ခံလူတစ်ယောက်ကို ထည့်သွင်းဖို့ တိုက်စစ်မှူး (သို့မဟုတ်) ကွင်းလယ်ကစားသမား တစ်ယောက်ကို စတေးလိုက်ရတာကြောင့် ပိတ်ဆို့ကစားတဲ့ အသင်းတွေနဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ဂိုးရဖို့ခက်နေခဲ့ပြီး ဆောက်ပ်သမ်တန်၊ ဘုန်းမောက်အသင်းတို့နဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ဖရန့် လမ်းပတ် ရဲ့ နည်းစနစ် အရွေးမှားခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်..။ ဒါ့အပြင် ဘေယန် မြူးနစ်အသင်းကို အိမ်ကွင်းမှာရှုံးနိမ်ခဲ့ရတဲ့ ပွဲစဉ်မှာဆိုရင် သုံးယောက်တန်း ခံစစ်ကြောင်းနဲ့ ခံစစ်ထိုင်ဖို့အတွက် ဂျာမနီအသင်းကို ကွင်းလယ်စိုးမိုးခွင့် ပေးလိုက်တာကြောင့် ပြိုင်ဘက်အသင်းရဲ့ လုပ်ချင်သလို လုပ်သွားတာ ခံခဲ့ရပါတယ်..။ ဒ့ါကြောင့် ဖရန့် လမ်းပတ် က အဲဒီပွဲအပြီးမှာ “ကျွန်တော်တို့အတွက် တကယ့်ကိုမှတ်သားလောက်တဲ့ သင်ခန်းစာ ရခဲ့ပါတယ်..။ ကစားသမားတွေ အတွက်လည်း ကျွန်တော်တို့သွားရမယ့် ထိပ်တန်းအဆင့်ရောက်ဖို့ အဝေးကြီး လိုသေးတယ်ဆိုတာ ပြသလိုက်တဲ့ပွဲပါပဲ..” ဆိုပြီး မှတ်ချက်ပေးသွားခဲ့ပါတယ်..။
(၆) အင်ဒရီးယက်စ် ခရစ်တီယန်ဆန် - ဖီကာရို တိုမိုရီ
ဖရန့် လမ်းပတ် ဟာ သူတို့နှစ်ယောက်နဲ့ ဗဟိုခံစစ်အတွဲကို သုံးပွဲသာ ပွဲထုတ်ခဲ့ပြီး အဲဒီထဲမှာ နော့တင်ဟမ် ဖောရက်စ်အသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားပွဲစဉ်၊ ဘရိုက်တန်အသင်းကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်လို သေချာပေါက်လိုလို အနိုင်ရမယ့်ပွဲတွေ ပါနေတာကြောင့် သူတို့နှစ်ယောက် အတွဲအစပ်ဟာ နည်းပြကြီးရဲ့ စိတ်ထဲမှာ သိပ်ပြီးအားကိုးလောက်တဲ့ အတွလို့ ယူဆခဲ့ပုံမရပါဘူး..။
အချက်အလက်များအရ စွမ်းဆောင်ရည် သုံးသပ်ချက်
အခုအောက်မှာပါတဲ့ ပူးတွဲပုံ (ပုံ- ၂) မှာ ခံစစ်အတွဲအစပ်အလိုက် စွမ်းဆောင်ရည်တွေကို ပြသထားပါတယ်..။ အဲဒီထဲမှာ နိုင်ပွဲရာခိုင်နှုန်း (Win %) အများဆုံးရခဲ့တဲ့ ခံစစ်အတွဲက ခရစ်စ်တီယန်ဆန် - တိုမိုရီ အတွဲဖြစ်ပြီး (၆၆.၆၇%) ရာခိုင်နှုန်း နိုင်ပွဲရခဲ့ပါတယ်..။ ဒါပေမယ့် အစာကဖော်ပြထားတဲ့အတိုင်း သူတို့အတွဲနဲ့ အနိုင်ရခဲ့တဲ့ပွဲတွေမှာ နော့တင်ဟမ် ဖောရက်စ်၊ ဘရိုက်တန်အသင်းတို့နဲ့ အိမ်ကွင်းပွဲစဉ်တွေ ဖြစ်နေတာ တွေ့ရပါတယ်..။ ဒုတိယအနေနဲ့ ကတ် ဇူးမား - တိုမိုရီ တို့ ခံစစ်အတွဲဟာ နိုင်ပွဲရာခိုင်နှုန်း (၆၃.၆၃%) ရရှိခဲ့ပြီး တတိယနေရာမှာတော့ (၆၀%) ရာခိုင်နှုန်း ရရှိခဲ့တဲ့ ဇူးမား - ရူဒီဂါ အတွဲ ဖြစ်ပါတယ်..။
တခြားအချက်အလက် နှိုင်းယှဉ်ချက်တွေ (parameters) ကို လေ့လာကြည့်တဲ့အခါ တစ်ပွဲလျှင် ပျမ်းမျှပေးဂိုးအနည်းဆုံး (Goals conceded per game) ဆိုတဲ့ စွမ်းဆေင်ရည်ပိုင်းမှာ ဇူးမား - ရူဒီဂါ တို့အတွဲက တစ်ပွဲကို (ဝ.၆) ဂိုးနှုန်းနဲ့ ပေးဂိုးအနည်းဆုံးဖြစ်ပြီး ခရစ်စ်တီယန်ဆန် - ဇူးမား အတွဲက တစ်ပွဲကို (၂.၁၄) ဂိုးနှုန်းနဲ့ အိပ်ပေါက်နဲ့ ဖားကောက်ခဲ့ရပါတယ်..။ တစ်ပွဲလျှင် ပျမ်းမျှဂိုးကန်သွင်းချက် ခွင့်ပြုနှုန်း (Shots conceded per game) နဲ့ တစ်ပွဲလျှင် ပျမ်းမျှဂိုးပေါက်တည့်ကန်ချက် ခွင့်ပြုနှုန်း (Shots on target conceded per game) တွေမှာတော့ ခရစ်စ်တီယန်ဆန် - တိုမိုရီ ခံစစ်အတွဲနဲ့ ခရစ်စ်တီယန်ဆန် - ရုဒီဂါ အတွဲတို့က အကောင်းဆုံး ဖြစ်နေပါတယ်..။
ခံစစ်ပိုင်းဆိုင်ရာ အချက်အလက်များကို နှိုင်းယှဉ်တဲ့နေရာမှာ စိတ်ဝင်စားဖို့အကောင်းဆုံးက ခရစ်စ်တီယန်ဆန် - ရူဒီဂါ တို့ ဗဟိုခံစစ်အတွဲပဲ ဖြစ်ပါတယ်..။ သူတို့နှစ်ယောက် ဗဟိုခံစစ်ထိုင်တဲ့ ပွဲစဉ်တွေကို ကြည့်မယ်ဆိုရင် (shots conceded per game) မှာ တစ်ပွဲကို (၇.၆) ကြိမ် ကန်သွင်းခွင့်ပြုခဲ့တယ်..၊ (shots on target conceded per game) အနေနဲ့ တစ်ပွဲကို (၂.၄) ကြိမ် ဂိုးပေါက်တည့်ကန်ချက် ခွင့်ပြုခဲ့ရပါတယ်..။ ဒါပေမယ့် Win % မကောင်းတာကြောင့် ခံစစ်အတွဲက လုံခြုံသလိုတော့ရှိတယ်..၊ ပေးလိုက်ရရင်လည်း အပိုင်အခွင့်အရေးတွေပဲ.. လို့ ပြောရမလို ဖြစ်နေပါတယ်..။ အထူးသဖြင့် သူတို့ခံစစ်အတွဲ ရှုံးနိမ့်ခဲ့ရတဲ့ နယူးကာဆယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်၊ မန်ချက်စတာ ယူနိုက်တက် အိမ်ကွင်းပွဲစဉ်တွေမှာ တည်ကန်ဘော (set pieces) တွေကနေ ဂိုးတွေပေးလိုက်ရတာ တွေ့မှာပါ..။
ဒါ့ကြောင့်အထက်ပါပုံ (ပုံ- ၂) အရ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်အတွဲတွေထဲမှာ အချက်အလက်တွေအရ ပျမ်းမျှစွမ်းဆောင်ရည်ချင်း နှိုင်းယှဉ်ကြည့်ပြီး အသင့်တော်ဆုံး ဗဟိုခံစစ်အတွဲကို ရွေးထုတ်ကြည့်မယ်ဆိုရင် ကတ် ဇူးမား - တိုမိုရီ ဗဟိုခံစစ်အတွဲနဲ့ ဇူးမား - ရူဒီဂါ တို့ အတွဲ ဖြစ်နေတာ တွေ့ရပါတယ်..။ ဖရန့် လမ်းပတ် ဟာ ဇူးမား - တိုမိုရီ တို့ ခံစစ်အတွဲကို ဇန်နဝါရီလ (၂၅) ရက်နေ့၊ ဟူးလ် စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ နောက်ဆုံးပွဲထုတ်ခဲ့ပြီး ဇူးမား - ရူဒီဂါ ခံစစ်အတွဲကတော့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ပွဲစဉ်တွေမနားရခင် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးလ်အသင်း၊ အဲဗာတန်အသင်းတွေနဲ့ ပေးဂိုးမရှိ အနိုင်ရခဲ့တဲ့ပွဲတွေမှာ ကစားခဲ့ရပါတယ်..။ ဒါ့ကြောင့်လက်ရှိအချိန်မှာ ဇူးမား - ရူဒီဂါ ဗဟိုခံစစ်အတွဲဟာ (ပွဲတွေမနားခင်အနေအထား) ခြေစွမ်းအရလည်း ကြွေတက်နေသလို အချက်အလက်တွေကလည်း ဖရန့် လမ်းပတ် ရဲ့ ဆုံးဖြတ်ချက်ကို အထောက်အကူ ပြုနေပါတယ်..။
တကယ်တော့ ဒီနှစ်ရာသီမှာ ချယ်လ်ဆီးအသင်းဟာ ပြန်လည်တည်ဆောက်ဆဲ အခြေအနေ ဖြစ်တာကြောင့် ပြသနာရှိနေတဲ့နေရာတွေဟာ ဗဟိုခံစစ်ကြောင်း တစ်ခုတည်းမကပါဘူး..။ ဘေယန် မြူးနစ်အသင်းနဲ့ပွဲအပြီး ဖရန့် လမ်းပတ် ရဲ့ ပြောခဲ့သလို ထိပ်တန်းအဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုရင် နောက်တစ်ဆင့်အနေနဲ့ အသင်းရဲ့အထိုင်ကျောရိုး (spine) တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်..။ ဒါမှလည်း အဲဒီကျောရိုးကို အခြေခံပြီး နောက်တစ်ဆင့်အနေနဲ့ ခိုင်မာတဲ့ခံစစ်ကြောင်းတစ်ခု တည်ဆောက်နိုင်မှာပါ..။
ဒါ့အပြင် အဲဒီလိုခိုင်မာတဲ့ ခံစစ်ကြောင်းတစ်ခု ရရှိနိုင်ဖို့အတွက် အသင်ရဲ့ ရင်းနှီးမြုပ်နှံမှု၊ အင်အားဖြည့်တင်းမှုတွေကို ပြုလုပ်ရာမှာ လက်ရှိသတင်းတွေ ထွက်ပေါ်နေသလို တိုက်စစ်အားသန် ကစားသမားများတွေနဲ့ပဲ တည်ဆောက်လို့ မရနိုင်တဲ့အကြောင်း ချယ်လ်ဆီးအသင်းနဲ့ ပြင်သစ်အသင်း ဂန္ထဝင်နောက်ခံလူဟောင်း ဖရန့် လီဘော့ဖ် ရဲ့ ESPN သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့တဲ့ မှတ်ချက်စကားနဲ့ အဆုံးသတ်လိုက်ပါတယ်..။
“ချယ်လ်ဆီးအသင်းမှာ (ကူလီဘေလီ လို) ထိပ်တန်းအဆင့် နောက်ခံကစားသမား တစ်ယောက် လိုအပ်ပါတယ်..။ အသင်းမှာဗဟိုနောက်ခံလူ အကောင်းစားနှစ်ယောက် ရှိနေပေမယ့်လည်း (ကူလီဘေလီ လို) နောက်ထပ်တစ်ဆင့်မြင့်တဲ့ ကစားသမားမျိုးရှိဖို့ လိုအပ်ပါတယ်..။ လီဗာပူးလ် မှာဆိုရင် ဗာဂျီ ဗန် ဒိုက်ခ်၊ ပီအက်စ်ဂျီအသင်းမှာဆိုရင် မာကွင်ညိုစ် လို ထိပ်တန်းအဆင့် ဗဟိုခံစစ်မှူးတွေ ရှိနေတာကြောင့် သူတို့လိုကစားသမားတွေကို ဝန်းရံပြီးအသင်းကို တည်ဆောက်ရပါလိမ့်မယ်..။ တကယ်လို့ သူသာ (ကူလီဘေလီ) လီဗာပူးလ်အသင်းကို ရောက်သွားပြီး သူနဲ့ဗန်ဒိုက်ခ် နဲ့သာ အတွဲအဖက်မိသွားမယ်ဆိုရင် နောက်လာမည့်ရာသီဟာလည်း သူတို့အသင်းရဲ့ ရာသီပဲဖြစ်လာဦးမှာပါ..”
(We Aint Got No History မှ ဆောင်းပါးရှင် Expected Chelsea ၏ ‘Who should be Chelsea’s first-choice centre backs? Statistical comparison of Chelsea’s central defensive combinations’ ဆောင်းပါးပါ အချက်အလက်များကို မှီငြမ်းပါသည်..။)