feature-image

‘မေဆန် မောင့်’ ရဲ့ စိန်ခေါ်မှုများကို ဖြတ်ကျော်ခြင်း…

ဂျော်ဂျီယာ ဗဟိုနောက်ခံလူ ဂူရမ် ကာရှီးယား ဟာ ဗီတက်ဆီ အာဟမ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ..။ အသင်းကို သူရောက်လာတဲ့အချိန်ကစပြီး ချယ်လ်ဆီးအသင်းက အဌားရောက်ရှိလာတဲ့ ကစားသမားတွေဆိုတာ ဝင်ချည်၊ ထွက်ချည် များပြားခဲ့တာကြောင့် အားလုံးကိုမှတ်မိတော့ပါဘူး..။

ဒါပေမယ့် ‘မေဆန် မောင့်’ လို့ ပြောလိုက်တဲ့အချိန်မှာ သူကချက်ချင်းပဲ.. ‘အား.. မှတ်မိတာပေါ့… အဲဒီကောင်လေးက မဆိုးဘူးဗျ..’ လို့ တုံ့ပြန်ပါတယ်..။ “ချယ်လ်ဆီးကနေ နှစ်စဉ်နှစ်တိုင်း လူငယ်သွေးသစ်တွေ အများအပြား ရောက်လာပါတယ်..။ အဲဒီထဲမှာ မေဆန် ကတော့ အကောင်းဆုံးပါပဲ..”


၂၀၁၇ ခုနှစ်၊ နွေရာသီမှာ အသက် (၁၈) နှစ်သားအရွယ် မေဆန် မောင့် ဟာ အပြာရောင်နောင်တော်များ လမ်းစဉ်အတိုင်း ဟော်လန်လိဂ် ပြိုင်ပွဲဝင် ဗီတက်ဆီ အာဟမ်အသင်းကို တစ်ရာသီအဌားစာချုပ်နဲ့ ရောက်ရှိလာခဲ့ပါတယ်..။ ကာလအတော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ဗီတက်ဆီ အသင်းရဲ့ အဝတ်လဲခန်းထဲကို စတင်ရောက်ရှိခဲ့တဲ့အချိန် အခိုက်အတန့်လေးကို မှတ်မှတ်ထင်ထင် ရှိနေသေးတဲ့အကြောင်း မေဆန် မောင့် က အခုလိုပြောပြပါတယ်..။

“အဝတ်လဲခန်းထဲကို ကျွန်တော်ဝင်လိုက်တဲ့အချိန်မှာ အသင်းကဝါရင့်ကစားသမားကြီးတွေ ဝိုင်းပြီး ကြည့်နေကြပါတယ်..။ ကျွန်တော်က ချာတိတ်တစ်ယောက်ပဲ ဖြစ်နေသေးတာဆိုတော့ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ..။ အဝတ်လဲခန်းထဲလှည့်ပြီး အားလုံးကို လိုက်နှုတ်ဆက်ပါတယ်..။ အသင်းခေါင်းဆောင် ကာရှီယား ကတော့ ကျွန်တော်တို့ ပထမဆုံး ဆုံတွေ့တဲ့အချိန်တုန်းက ‘ဒီလောက်ကြုံလှီ သေးကွေးတဲ့ ချာတိတ်လေးတစ်ကောင်ကို ဘယ်လိုစိတ်ကူးနဲ့များ ခေါ်ခဲ့ပါလိမ့်..’ ဆိုပြီး တွေးမိတဲ့အကြောင်း၊ ဒါပေမယ့် သူ့ရဲ့တဒင်္ဂဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့တဲ့အကြောင်း၊ ကျွန်တော်ဟာ ကိုယ့်ရဲ့တန်ဖိုးကို ပြသနိုင်ခဲ့တယ် ဆိုတဲ့အကြောင်းတွေ ရာသီကုန်တဲ့အချိန်မှာ ကျွန်တော့်ကို ပြန်ပြောပြခဲ့ပါတယ်..။ အဲဒီဖြစ်ရပ်လေးကတော့ ကျွန်တော်ဟာ ပထမဆုံး စိန်ခေါ်မှု၊ တိုက်ပွဲကို အောင်မြင်ခဲ့တယ် ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။”

မေဆန် ဟာ အခုဆိုရင် အသက် (၂၁) နှစ် ရှိခဲ့ပါပြီ..။ ဖြတ်သန်းခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ သူဟာစိန်ခေါ်မှုတွေ၊ အခက်အခဲ အတားအဆီးတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်..။ အသက်ခြောက်နှစ်အရွယ်ကတည်းက ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တဲ့ လူငယ်လေးတစ်ယောက် အနေနဲ့ ပင်ကိုယ်ပါရမီ အရည်အချင်းရှိတာ မှန်ပေမယ့် ချယ်လ်ဆီးလို အသင်းကြီးမှာ နေရာရဖို့ ပင်ကိုယ်ပါရမီ အရည်အချင်းတစ်ခုတည်းနဲ့ အသင်းကြီးမှာ မလုံလောက်ပါဘူး..။



ဒါ့အပြင်ချယ်လ်ဆီးအသင်းမှာ လူငယ်အကယ်ဒမီကနေ အသင်းကြီးကို ရောက်ရှိခဲ့တဲ့ လူငယ်ကစားသမားဆိုတာ ရှားပါးလှတာကြောင့် သူ့ရဲ့ဖခင်ဖြစ်သူ တိုနီ မောင့် ကိုယ်တိုင်က တစ်ကြိမ်မှာ အသင်းပြောင်းဖို့ တိုက်တွန်းခဲ့ပါသေးတယ်..။ ဒါပေမယ့် ၂၀၀၉/ ၂၀၂၀ ဘောလုံးရာသီ ရောက်လာချိန်မှာတော့ မေဆန် မောင့် ဟာ ဖရန့် လမ်းပတ် ရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်ခွင့် ရနေသူတစ်ယောက် ဖြစ်နေတဲ့အပြင် ဂါးရတ် ဆောက်ဂိတ် ရဲ့ အင်္ဂလန်အသင်းမှာလည်း ပါဝင်ခွင့်ရနိုင်ဖို့ အခွင့်အရေးကောင်းနေခဲ့ပါတယ်..။ ဒီလိုအခွင့်အရေးမျိုးနဲ့ လမ်းကြောင်းပေါ် ရောက်ရှိဖို့ဆိုတာ မလွယ်ကူတဲ့အပြင် ကံကောင်းဖို့လည်း လိုအပ်ပါသေးတယ်..။

မေဆန် ကတော့ ကံတရား တစ်ခုတည်းတော့ အခုလိုနေရာမျိုးကို ရောက်ရှိခဲ့တာ မဟုတ်ပါဘူးတဲ့..။ မခိုမကပ်တဲ့ ကြိုးစားအားထုတ်မှု၊ ပင်ကိုယ်စွမ်းရည်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေဟာ ဗီတက်ဆီ..၊ ဒါဘီ ကောင်တီအသင်းတွေကို ဖြတ်သန်းပြီး ဖရန့် လမ်းပတ် ရဲ့ အသင်းကြီးဆီကို ရောက်ရှိလာခဲ့တဲ့ ခရီးလမ်းတစ်လျှောက်မှာ အရေးအပါဆုံး ခွန်အားတွေဖြစ်တယ် ဆိုတဲ့အကြောင်း သူကပြောပြပါတယ်..။ မနှစ်က ဒါဘီ ကောင်တီ အသင်းမှာတုန်းက ဆိုရင်လည်း သူကကလေးသာသာ ကောင်ကလေး တစ်ယောက်လို ဖြစ်နေတာကြောင့် ပြိုင်ဘက်ကစားသမားကြီးတွေဟာ သူတို့ကို ‘ရှိန်’ သွားအောင်၊ ‘ကြောက်’ သွားအောင်.. ကြမ်းကြမ်းတမ်းတမ်း ကစားတယ်..၊ ကန်ကျောက်ကြပါတယ်..။ ဒါတွေဟာလည်း သူ့အတွပ် ကစားသမားတစ်ယောက်..၊ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာစေဖို့ စိန်ခေါ်မှုတွေ ဖြစ်တဲ့အကြောင်း သူကပြောပြပါတယ်..။

“ကျွန်တော့်ကို လူပျော့လေးလား..? ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုတွေကို ခံနိုင်ရည်ရှိပါ့မလား..? ဆိုပြီး မကြာခဏ အစမ်းသပ်ခံရတာ ကြုံခဲ့ရပါတယ်..။ တစ်ယောက်နဲ့တစ်ယောက် ဘောလုံးယှဉ်လုကြတဲ့အချိန် တွန်းကြ၊ ဆွဲကြ..၊ ဒိုင်လူကြီးအလစ်မှာ ကန်ကြ၊ ကျောက်ကြတယ်ဆိုတာ ပြောပြလို့တောင် ကုန်သွားမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် ကျွန်တော်ဟာ လုံးဝကြောက်ရွံ့၊ နောက်တွန့် မသွားပါဘူး..။ ကိုယ့်ကိုယ်ကို ခေါင်းအေးအေး ထားနိုင်အောင် ကြိုးစားပြီး အကောင်းဆုံးခြေစွမ်း ပြနိုင်ဖို့ကိုပဲ အာရုံစိုက်ပါတယ်..။ သူတို့ဘာဖြစ်စေချင်လဲဆိုတာ ကျွန်တော်သိပါတယ်..။

ချန်ပီယံရှစ် ပြိုင်ပွဲတုန်းက ပွဲစဉ်တစ်ပွဲမှာဆိုရင် ဝါရင့်နောက်ခံလူတစ်ယောက်ဟာ ကျွန်တော့်ကို ဦးတည်ပြီး ‘ဆွ’ ကစားတယ်..၊ သူ့ကိုကြောက်သွားအောင်၊ သူ့နားမကပ်ရဲအောင် ခပ်ကြမ်းကြမ်း ကစားခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီပွဲမှာ ကျွန်တော်လှလှပပ ဂိုးသွင်းပြနိုင်ခဲ့ပါတယ်..။ ဂိုးသွင်းအပြီး ကိုယ့်ကွင်းဘက်ကို ပြန်တဲ့အချိန် သူ့ကိုတောင် ကျွန်တော်လှမ်းပြီး ခပ်ကြမ်းကြမ်း ခွန်းတုံ့ပြန် ပြောလိုက်ပါသေးတယ်.။ အဲဒီအချိန်မှာ သူကကျွန်တော့်ကို ဘာမှပြန်မပြောခဲ့ပါဘူး..။ အဲဒီပွဲ ပြီးတဲ့အချိန် ကျွန်တော်ဟာ သူထင်သလို လူပျော့တစ်ယောက် မဟုတ်မှန်း သူသိသွားခဲ့ပါတယ်..။ တကယ်လို့ အဲဒီလိုဖြစ်ရပ်တွေဟာ စိန်ခေါ်မှုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်အကောင်းဆုံး ဖြတ်သန်း၊ ကျော်လွှားနိုင်ခဲ့တယ်လို့ပဲ ပြောရမှာပါ..။”


မေဆန် မောင့် ပြန်ပြောပြခဲ့တဲ့ မနှစ်ကအဖြစ်အပျက်တစ်ခုမှာ ဘယ်သူဘယ်ဝါဆိုတာ မပါဝင်ခဲ့ပါဘူး..။ တကယ်တော့ သူ့ရဲ့ခန္ဓာကိုယ်၊ အလုံးအထည်နဲ့ ရုပ်ရည်ဟာ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ကြမ်းတမ်းလှတဲ့ ခွန်အားသုံး ယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်၊ ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ ယုံနိုင်စရာတောင် မရှိပါဘူး..။ မေဆန် အနေနဲ့ ပထမဆုံး အဌားထွက်ခဲ့တဲ့အချိန်ကနေ သုံးနှစ်အတွင်း ချယ်လ်ဆီးအသင်းကြီးကို ရောက်ရှိခဲ့တာ ဖြစ်တဲ့အတွက် သူ့ရဲ့တိုးတက်မှုဟာ အရမ်းကိုမြန်ဆန်ခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့ အခုလိုအခြေအနေ ရောက်ရှိလာမယ့်နေ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကြိုတင်ပြင်ဆင်ခဲ့တဲ့အကြောင်း အခုလိုပြောပြပါတယ်..။

“ကျွန်တော်ဖြတ်သန်းခဲ့တဲ့အကြောင်း ခင်ဗျားတို့နဲ့ပြောတဲ့အချိန် ပြန်စဉ်းစားကြည့်လိုက်တော့ အဖြစ်အပျက်တွေဟာ အရမ်းကိုမြန်ဆန်ခဲ့တယ်ဆိုတာ တွေးမိခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်ဒီလိုမြန်မြန်ဆန်ဆန် ဖြစ်လာဖို့လည်း မရည်မှန်းခဲ့ပါဘူး..။ ကျွန်တော့်ခေါင်းထဲမှာ ရှိခဲ့တာက ဘောလုံးပွဲတွေကို များနိုင်သမျှ များပြားအောင် ကန်ခွင့်ရဖို့ပါပဲ.။ အဌားထွက်ခဲ့တဲ့ နှစ်နှစ်အတွင်း ချယ်လ်ဆီးကို ပြန်ရောက်တဲ့အချိန် အကောင်းဆုံး အသုံးချနိုင်နိုင်ဖို့ အတွေ့အကြုံကောင်းတွေရရှိအောင် တတ်စွမ်းသမျှ ကြိုးစားအားထုတ်ခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ အဓိကရည်မှန်းချက်ဟာ ကစားနိုင်သမျှ ကစားခွင့်အများဆုံး ရရှိနိုင်ဖို့နဲ့ ချယ်လ်ဆီးအသင်းကြီးကို ရောက်ရှိဖို့ပါပဲ..။ အဲဒီလိုစိန်ခေါ်မှုနဲ့ ခရီးလမ်းတွေကို ဖြတ်သန်းတဲ့အချိန်မှာ စိတ်ဓါတ်ပိုင်း ခိုင်ကြည်ဖို့ (mentality) အင်မတန်မှ အရေးပါပါတယ်..။

ကျွန်တော်ဟာ ခြောက်နှစ်သား အရွယ်ကတည်းက အကယ်ဒမီ ကစားသမား တစ်ယောက်အနေနဲ့ အသင်းကို ရောက်လာခဲ့ပြီး ကစားသမားကောင်းတွေ အများကြီး မြင်တွေ့ခဲ့ပါတယ်..။ သူတို့ထဲက အများစုဟာ အသင်းကို စွန့်ခွာသွားခဲ့ရပါတယ်..။ သူတို့တွေဟာ နည်းစနစ်ပိုင်း၊ ဘောလုံးပညာပိုင်းမှာ သူမတူအောင် ထူးချွန်သူတွေ ဖြစ်ကြပေမယ့် စိတ်ဓါတ်ပိုင်းကြံ့ခိုင်မှု အားနည်းပါတယ်..။ အထူးသဖြင့် အဲဒီလိုအသင်းကို စွန့်ခွာသွားခဲ့တဲ့ ကစားသမားတွေထဲမှာ ကိုယ့်ရဲ့သူငယ်ချင်းတွေ၊ အရမ်းကိုရင်းနှီးခဲ့တဲ့သူတွေ ပါခဲ့တယ်ဆိုရင် အထူးကြေကွဲ ဝမ်းနည်းခဲ့ရပါတယ်..။ အဖေကတော့ ဘောလုံးလောကမှာ ကျင်လည်နေသရွှေ့ ဒီလိုအဖြစ်တွေအမြဲတမ်း ကြုံတွေ့နေရမှာပဲ..၊ အသင်းကိုစွန့်ခွာသွားရမယ့်သူက ကိုယ်မဖြစ်အောင်လို့ အမြဲတမ်းအစွမ်းကုန် ကြိုးစားလေ့ကျင့်နေရမယ်.. လို့ မှာကြားလေ့ရှိပါတယ်..။



အဖေရဲ့ပြောစကားဟာ မှန်ကန်ပါတယ်..။ အသင်းကိုရောက်လာပြီးမှတော့ ဘယ်သူကမှ လမ်းတစ်ဝက်ကနေ လှည့်ပြန်ရတဲ့သူ ဖြစ်ချင်မှာမဟုတ်ပါဘူး..။ ဒ့ါကြောင့်လေ့ကျင့်ခန်း အစီအစဉ်တိုင်းကို မနက်ဖြန်ကျရင် ဘာမှမရှိတော့တဲ့အတိုင်း အစွမ်းကုန်ကြိုးစား လေ့ကျင့်ရင်း ကိုယ့်ရဲ့အစွမ်းကို အချိန်တိုင်း သက်သေပြနိုင်ဖို့ ကြိုးစားရပါတယ်..။ အဖေဟာ ငယ်စဉ်ကတည်းက ကျွန်တော့်ကို အသင်းကနေ မထွက်ချင်ဘူးဆိုရင် ကြိုးစားမှုကို တစ်စက်ကလေးမှ လျော့ချလို့မရဘူးဆိုတဲ့အကြောင်း အချိန်တိုင်းရိုက်သွင်းခဲ့ပါတယ်..။ အထူးသဖြင့် ကျွန်တော်တို့အကယ်ဒမီကို တခြားနိုင်ငံတွေက ရောက်လာတဲ့ ကစားသမားတွေဟာ ပင်ကိုယ်ပါရမီ သိပ်ကိုထူးချွန်တာကြောင့် ကျွန်တော်တို့ရဲ့နေရာကို အချိန်မရွေး ယူသွားနိုင်ပါတယ်..။”

မေဆန် ငယ်စဉ်တုန်းက အဖေဖြစ်သူ ‘မောင့် စီနီယာ’ ဟာ Non League ပြိုင်ပွဲဝင် ဟားဗန့် တောင်း အသင်းမှာ မန်နေဂျာအဖြစ် တာဝန်ယူနေတာကြောင့် မေဆန် ရဲ့ငယ်စဉ်ဘဝဟာ အသင်းဘတ်စ်ကားပေါ်နဲ့ အဝတ်လဲခန်းတွေထဲမှာ အချိန်ကုန်ခဲ့တာများပါတယ်..။ ဒါ့ကြောင့်ကြမ်းတမ်းတဲ့ ကစားဟန်တွေ၊ တစ်ယောက်နဲ့တစ်ယောက် အသားလွတ် ကန်ကျောက်မှုတွေ..၊ အနီကတ်ဒ်တွေ ပလူပျံနေတဲ့ပွဲစဉ်တွေဟာ သူ့အတွက်မဆန်းလှသလို အဲဒီလိုပတ်ဝန်းကျင်နဲ့လည်း အသားကျခဲ့ပါတယ်..။

ဒီလိုနဲ့ လွန်ခဲ့တဲ့ခြောက်နှစ်လောက်တုန်းက Waterlooville မှာ မိသားစု စုံညီနေတုန်း မေဆန် မောင့် စီနီယာ က သားဖြစ်သူကို ချယ်လ်ဆီးအသင်းကနေ ထွက်ဖို့နဲ့ သူ့ကိုကမ်းလှမ်းနေတဲ့ အခြားအသင်းတွေထဲက တစ်သင်းကိုရွေးချယ်ဖို့ တိုက်တွန်းပါတယ်..။ မေဆန် မောင့် စီနီယာ က The Sun သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်းတစ်ခုမှ အဲဒီအကြောင်းကို အခုလိုပြောပြပါတယ်..။



“ကျွန်တော်က မေဆန် လေးကို အကောင်းဆုံးအခွင့်အရေးတစ်ခုကို ရွေးချယ်ပြီး ချယ်လ်ဆီးကနေ ထွက်ခွာဖို့ တိုက်တွန်းပါတယ်..။ ‘ဂျွန် တယ်ရီ နောက်ပိုင်း ချယ်လ်ဆီးအကယ်ဒမီကနေ အသင်းကြီးကိုရောက်သွားတာ ဘယ်သူကမှ မရှိဘူး..၊ ဒါ့ကြောင့်မင်းအတွက် အခွင့်အရေး ဘယ်လောက်ရှိမှာလဲ..?’ လို့ သူ့ကိုမေးပါတယ်..။ ဒါပေမယ့် သူကအခုလိုပြန်ပြောပါတယ်.. ‘ဒါဆိုရင် ဂျွန် တယ်ရီ ပြီး နောက်တစ်ယောက်က ကျွန်တော်ဖြစ်ပါလိမ့်မယ်..၊ ချယ်လ်ဆီးအသင်းကနေ ကျွန်တော်မထွက်နိုင်ဘူး’ လို့ ပြန်ပြီးတုံ့ပြန်ခဲ့ပါတယ်..။”

အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ မေဆန် မောင့် အပေါ် ယုံကြည်အားထားခဲ့ပြီး ငါးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ဖို့ သဘောတူညီနိုင်ခဲ့ပါပြီ..။ ဒါပေမယ့်အခုအချိန်မှာလည်း သူ့အတွက် နောက်ထပ်စိန်ခေါ်မှုတွေ ရှိနေသေးတယ်ဆိုတဲ့အကြောင်း ထပ်လောင်း ပြောပြပါတယ်..။

“အခုအချိန်မှာ ကျွန်တော်ဟာ အသင်းကြီးမှာ နေရာရနေတယ်ဆိုပေမယ့် ခံယူချက်နဲ့ ကြိုးစားမှုတွေကတော့ ခြောက်နှစ်သား အရွယ်တုန်းကအတိုင်းပါပဲ..။ အမြဲတမ်းအရှုံးမပေးတမ်း တိုက်ပွဲဝင်နေရပါမယ်..။ ချယ်လ်ဆီးလို အသင်းမျိုးဟာ စတာလင်ပေါင်သန်း (၆၀)၊ သန်း (၇၀) တန် ကမ္ဘာ့အဆင့် ကစားသမားတွေကို အချိန်မရွေး ဝယ်ယူနိုင်တဲ့အသင်းပါ.။ သူတို့ဟာ ကျွန်တော့်ရဲ့နေရာကို ချက်ချင်းယူသွားနိုင်ပါတယ်..။

အကယ်ဒမီ လူငယ်ထွက်ဖြစ်တယ်..၊ အလားအလာအများကြီးရှိတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်ဆိုတာ ဘာမှအဓိပ္ပါယ်မရှိပါဘူး..။ အခုအချိန်မှာလည်း ကျွန်တော်ဟာ ကိုယ့်ရဲ့တစ်နေရာအတွက် တိုက်ပွဲဝင်နေရတုန်းပါပဲ..။ ချယ်လ်ဆီးလို အသင်းကြီးတစ်သင်းမှာ ကိုယ့်ကိုယ်ကို အမြဲတမ်း တွန်းအားပေး၊ မောင်းနှင်နေတဲ့ စိတ်ဓါတ်၊ ခံယူချက်မျိုးရှိဖို့ လိုအပ်ပါတယ်..။”


မေဆန် မောင့် ဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ မာကျောကြံ့ခိုင်မှုအပြည့် ရှိသော်လည်း ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် လိုအပ်တဲ့ ခန္ခာကိုယ် ကြံ့ခိုင်မှုနဲ့ လျှင်မြန်မှုတွေ ပြည့်မှီနိုင်ဖို့ အားနည်းချက်တွေ ရှိနေပါသေးတယ်..။ အဲဒီလိုခန္ခာကိုယ် ကြီးထွားကြံ့ခိုင်လာဖို့ အထူးကြိုးစားလေ့ကျင့်နေပေမယ့် လိုအပ်တဲ့ အနေအထားကို ရောက်ရှိဖို့ အချိန်တစ်ခုစောင့်ဆိုင်းရမှာ ဖြစ်တဲ့အကြောင်း သူကပြောပြပါတယ်..။

“အခုခေတ်ပွဲစဉ်တွေဟာ ခန္ခာကိုယ်ကြံ့ခိုင်မှုအပိုင်း ကောင်းမွန်ဖို့ အထူးလိုအပ်သလို နေ့စဉ်လေ့ကျင့်ခန်းတွေမှာလည်း ကတ် ဇူးမား၊ အန်တိုနီယို ရူဒီဂါ တို့လို အင်မတန်မှ ကြံ့ခိုင်လှတဲ့ ကစားသမားတွေကို ရင်ဆိုင်နေရပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ ငယ်စဉ်ကတည်းက အဲဒီလိုခန္ခာကိုယ် ကြံ့ခိုင်မှုကို အားပြုကစားတဲ့ ကစားသမားတွေနဲ့ အမြဲတမ်းရင်ဆိုင်ခဲ့ရပါတယ်..။ သူတို့နဲ့ထိပ်တိုက် ရင်ဆိုင်တာမလုပ်ပဲ တခြားနည်းလမ်း၊ တခြားကျွမ်းကျင်မှုတွေနဲ့ သူတို့ထက်ပိုပြီးသာလွန်အောင် ကြိုးစားရမှာပါ..။ အခုထက်ပိုပြီး ကြွက်သားတွေထွက်လာရင်၊ ခန္ခာကိုယ်အလေးချိန် ပိုပြီးတက်လာရင် ကောင်းပါလိမ့်မယ်..။ ဒါပေမယ့်အဲဒီလိုဖြစ်လာဖို့ကလည်း မလွယ်လှဘူးဗျ..။

Gym ထဲရောက်တိုင်း ဗလတွေထွက်လာအောင် ကျွန်တော်လေ့ကျင့်ပါတယ်..။ ဒါပေမယ့် အရမ်းကြီးအလုံးအတည် ကြီးလာရင် အမြန်နှုန်းနဲ့ လှုုပ်ရှားမှုပိုင်းထိခိုက်နိုင်ပါတယ်..။ ဝုလ်ဖ်အသင်းက အမန်ဒါ ထရာအိုရေး ရဲ့ အလုံးအထည်ကို နှစ်သက်ပေမယ့် ကျွန်တော်ဟာ ဘယ်တော့မှ အဲဒီလိုပုံစံမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး.။ ကိုယ့်ရဲ့ရှိတဲ့ ကြွက်သားအလုံးအထည်ကိုပဲ ကျစ်လျစ်အောင် ကြိုးစားသွားရမှာပါပဲ..။”


မေဆန် မောင့် အတွက် လက်ရှိရရှိနေတဲ့ အောင်မြင်မှုအနေအထားဟာ ထင်မှတ်ထားတာထက် မြင့်မားနေတယ်လို့ ယူဆစရာ ရှိပါတယ်…။ ဗာတက်ဆီ အာဟမ်အသင်းကနေ စတင်မြေတောင် မြှောက်ပေးခဲ့တဲ့ ပင်ကိုယ်ပါရမီ မျိုးစေ့လေးဟာ နှစ်နှစ်ခွဲအကြာမှာ အညွန့်တလူလူနဲ့ တောက်ကြွားနေပြီ ဖြစ်ပါတယ်..။ အခုလိုလျှင်မြန်တဲ့ တိုးတက်နှုန်းနဲ့ ထွန်းတောက်နေတဲ့ လူငယ်လေးတစ်ယောက်အနေနဲ့ မကြာတော့မယ့်ကာလအတွင်းမှာ ဒီထက်ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ဦးမယ်ဆိုရင်လည်း ဘယ်သူကမှ အံ့သြမှာ မဟုတ်ပါဘူး ဆိုတဲ့အကြောင်း သူ့ရဲ့အနာဂတ်အတွက် မျှော်မှန်းချက် နှုတ်ခွန်းဆက်စကားလေးနဲ့ အဆုံးသတ်လိုက်ပါတယ်..။

“ပွဲကန်တဲ့နေ့တိုင်းလိုလိုမှာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲကို ခြေချလိုက်တိုင်း၊ ပရိသတ်အများကြီး အားပေးနေတဲ့ရှေ့မှာ ခြေချလိုက်တိုင်း အိပ်မက်မက်နေတာ မဟုတ်ဘူးဆိုပြီး ကိုယ့်အသားကိုယ် ဆိပ်မိတဲ့အကြောင်း တန်မီ နဲ့ ကျွန်တော် မကြာခဏပြောဖြစ်ပါတယ်..။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ အိပ်မက်ခရီးလမ်းဟာ မဆုံးသေးပေမယ့် ရာသီကုန်တဲ့အချိန်ကျရင် ဖြတ်သန်းလာခဲ့ရတဲ့ ခရီးလမ်းကြောင်းကို ပြန်လည်သုံးသပ်၊ ကြည်နူးကြည့်ဖို့ လိုအပ်ပါလိမ့်မယ်..။ အခုအချိန်မှာတော့ အကောင်းဆုံးကြိုးစားရင်း၊ လေ့ကျင့်ရင်း တတ်စွမ်းသလောက် ရုန်းကန် ပေးဆပ်သွားကြမှာပါ..။

ဒီနှစ်ဘောလုံးရာသီဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲမှာ ကျွန်တော်တို့ရဲ့ ပထမဆုံး ဘောလုံးရာသီ ဖြစ်သလို ကျွန်တော်တို့ လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရဲ့ ပထမဆုံးခြေလှမ်းဆိုလည်း မမှားပါဘူး..။ အခုလက်ရှိ ခြေလှမ်းအပေါ်မှာ မူတည်ပြီး နောက်ထပ်နှစ်ပေါင်းများစွာ ဆုဖလားတွေ..၊ အောင်မြင်မှုတွေ ရရှိဆွတ်ခူးနိုင်အောင် ကျွန်တော်တို့အားလုံး ဆက်လက်ကြိုးစား၊ တည်ဆောက်သွားရမှာပါ..။ ”

(Daily Mail မှ ဆောင်းပါးရှင် Ian Ladyman ၏ “EXCLUSIVE: 'Older players have tried to kick me off the park but I've proved I'm not weak!': Mason Mount reveals all on making it to the Premier League, sticking with Chelsea... and wishing he had Adama Traore's muscles!” ဆောင်းပါးကို ပြန်ဆိုပါသည်..။)