feature-image

ချယ်လ်ဆီးအသင်းပိုင်ရှင် ‘ရိုမန် အေဘရာမိုဗစ်ချ် နဲ့ ဆုံခဲ့တဲ့ခဏ..’ - လူကာ မိုဒရစ်

ရီးရဲလ် မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား လူကာ မိုဒရစ် မှာ ‘My Autography’ အမည်ရှိ ကိုယ်တိုင်ရေး အတ္တုပတ္တိစာအုပ်ကို မကြာသေးမီက ထုတ်ဝေခဲ့သည်...။ အဆိုပါစာအုပ်တွင် ကမ္ကာ့အကောင်းဆုံး ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်ခဲ့သည့် ခရိုအေးရှား ကစားသမားမှာ ၂၀၁၁ ခုနှစ်က ချယ်လ်ဆီးအသင်းကို ရောက်ရှိရန် အလွန်နီးစပ်ခဲ့သည့်အကြောင်းများကို ယခုလို ပြောဆိုဖွင့်ဟခဲ့သည်..။

၂၀၁၀/၁၁ ဘောလုံးရာသီပြီးသွားတဲ့အချိန် နွေရာသီအပန်းဖြေခရီးအတွက် ကျွန်တော်ပြင်ဆင်နေပါတယ်...။ ဘယ်ကိုသွားရမလဲ.. စဉ်းစားနေတုန်းမှာပဲ ကျွန်တော့်ရဲ့အေးဂျင့်ဖြစ်တဲ့ ဗလာဒို လီမစ် နဲ့ ဒေဗာ ကာကိုဗစ် တို့ ဆီက ဖုန်းဝင်လာပါတယ်..။ ‘ချယ်လ်ဆီးအသင်းက ကျွန်တော့်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်..’

တကယ်တော့ တော့တင်ဟမ်ကို မရောက်ခင်က ကျွန်တော်ဟာ စတန်းဖို့ဒ် ဘရစ်ချ် နဲ့ နီးစပ်ခဲ့ပါသေးတယ်..။ ဒါ့ကြောင့်အခုတစ်ကြိမ်ထပ်ပြီး ဆက်သွယ်လာတယ်ဆိုတာ ချယ်လ်ဆီးအသင်းက ကျွန်တော့်အပေါ် ဘယ်လောက်တန်ဖိုးထားလဲ.. သိသာစေပါတယ်..။

ချယ်လ်ဆီးအသင်းကို ပြောင်းဖို့ကိစ္စကို ကျွန်တော်မငြင်းပယ်ခဲ့ပါဘူး.။ ဒါ့ကြောင့်အဲဒီနောက်ပိုင်းမှာ အဖြစ်အပျက်တွေဟာ အရမ်းကိုမြန်ဆန်ခဲ့ပါတယ်..။ ဘာမှတောင် မကြာလိုက်ပါဘူး.. ဗန်ဂျာ နဲ့ ကျွန်တော်ဟာ ခရိုအေးရှားနိုင်ငံ၊ ဇာဒါမြို့ကနေ ပြင်သစ်နိုင်ငံ ကန်း မြိုံဆီ ကိုယ်ပိုင်ဂျက်လေယာဉ် တစ်စင်းနဲ့ အမြန်သွားရောက်ခဲ့ပါတယ်..။ အဲဒီမှာ ကျွန်တော့်ရဲ့အဖွဲ့တွေ စောင့်နေကြပါတယ်..။ ကန်း မြို့နဲ့ ကီလိုမီတာ (၃၀) လောက်ဝေးတဲ့ လေယာဉ်ကွင်းကို ရောက်တာနဲ့ မှန်ပြတင်းအမဲတွေ တပ်ထားတဲ့ ဗင်ကားတစ်စင်းနဲ့ နိစ် မြို့ကိုတန်းပြီး သွားရပါတယ်..။ နိစ် မှာ ကျွန်တော်တို့ကို ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ လုံခြုံရေးအဖွဲ့က အသင့်စောင့်နေတယ်…။ သူတို့က ကျွန်တော်တို့ကို စပိဘုတ် တစ်စင်းပေါ် တင်ပေးလိုက်ပါတယ်..။ ကျွန်တော်တို့ဟာ ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ရွက်လှေကြီးဆီကို သွားရောက်နေပါပြီ..။



ရွက်လှေကြီးပေါ်ကိုရောက်ခဲ့တဲ့ အတွေ့အကြုံဟာ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်..။ အဲဒီလှေကြီးပေါ်မှာ အသေးစိတ် လုံခြုံရေးတာဝန်ယူထားတဲ့သူက (၂၀) လောက် ရှိပါတယ်..။ သူတို့တွေဟာ တကယ့်အထူးတပ်ဖွဲ့တစ်ခုလို စနစ်တကျဖွဲ့စည်းထားပြီး လှုပ်ရှားမှုတွေက အရမ်းကိုမြန်ဆန်တယ်..၊ သေသပ်တယ်..၊ သပ်ရပ်လှပါတယ်..။ ကျွန်တော်တို့ဟာ ခမ်းနားလှပလွန်းတဲ့ ထိုင်ခုံကြီးတွေပေါ်မှာ ထိုင်နေရင်း မကြာခင်မှာပဲ ရိုမန် အေဘရာမိုဗစ်ချ် ရောက်လာပါတယ်..။ မစ္စတာ ရိုမန် နဲ့အတူ ဖနီးဖြစ်သူ ဒါရှာ၊ သူ့ရဲ့သားလေးလည်း လိုက်ပါလာပါတယ်..။ သူတို့ဝင်လာတာနဲ့ တစ်ပြိုက်နက်မှာပဲ လုံခြုံရေးတာဝန်ယူထားတဲ့သူတွေ ချက်ချင်းကိုပျောက်သွားပါတယ်..။ အဲဒီလိုတိကျလှတဲ့  ချိန်သားကိုက် လှုပ်ရှားမှုတွေကို ကျွန်တော်ဟာ ပါးစပ်အဟောင်းသားနဲ့ အံ့သြမိပါတယ်..။

ကျွန်တော်ဟာ ရိုမန် အေဘရာမိုဗစ်ချ် နဲ့ အရင်ကတစ်ခါဆုံဖူးပါတယ်..။ ချယ်လ်ဆီးနဲ့ အက်တလက်တီကို မက်ဒရစ်အသင်းတို့ စတန်းဖို့ဒ် ဘရစ်ချ်မှာ ဆုံခဲ့တဲ့ပွဲကို ကျွန်တော်သွားကြည့်တုန်းက ကျွန်တော်တို့ထိုင်ခဲ့တဲ့ ထိုင်ခုံဟာ သူ့ရဲ့ VIP Box နားမှာ ဖြစ်ပါတယ်..။ ကျွန်တော်သူ့ကိုသွားနှုတ်ဆက်ပြီး စကားနည်းနည်း ပြောဖြစ်ခဲ့ပါတယ်..။ အခုတစ်ကြိမ် ရွက်လှေပေါ်မှာ တွေ့ဆုံရာမှာတော့ သူ့ကိုကြည့်ရတာ သက်တောင့်သက်သာပါပဲ..။ ရိုမန် အေဘရာမိုဗစ်ချ် ဟာ အင်မတန်မှ လျှို့ဝှက်ပြီး အသိရခက်တဲ့သူလို့ လူသိများပါတယ်..။ ဒါပေမယ့်သူဟာ တွေ့တွေ့ချင်းမှာ စကားပလ္လင်ခံမနေတော့ပဲ လိုရင်းကို အခုလို တည့်တည့်ပြောပါတယ်..။
“ခင်ဗျားဟာ အရည်အသွေးမြင့် ကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအတွက် ကျွန်တော်ခင်ဗျားကို ခေါ်ယူချင်တယ်..”

တကယ်တော့ ကျွန်တော်ကလည်း သူနဲ့ဆွေးနွေးချင်တဲ့အတွက် သူ့ရဲ့ရွက်လှေကြီးပေါ်ကို လာရောက်ခဲ့တာပါ..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့ဆန္ဒကလည်း သူနဲ့ထပ်တူပါပဲ..။ ကျွန်တော်ဟာ တော့တင်ဟမ်အသင်းမှာ သုံးနှစ်လုံးလုံး ခြေစွမ်းပြခဲ့ပြီးဖြစ်သလို အခုဆိုရင် အသင်းဟာ ထိပ်တန်းအသင်းကြီးတွေနဲ့ တန်းတူနီးပါး လိုက်နေနိုင်ပါပြီ..။ ဒါ့အပြင်ကျွန်တော်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားခွင့်နဲ့ ပြိုင်ပွဲရဲ့အတွေ့အကြုံကို ခံစားရရှိခဲ့သလို ကျွန်တော်ဟာ တရိပ်ရိပ်တိုးတက်လာတဲ့ တော့တင်ဟမ်အသင်းမှာ အဓိကကစားသမား တစ်ယောက်ဖြစ်တယ်ဆိုတာ အချက်အလက်တွေကလည်း ပြသနေပါတယ်..။



အခုအချိန် ကျွန်တော့်ရဲ့စိတ်ထဲမှာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်သင့်တဲ့အချိန်ရောက်ပြီလို့ ခံစားနေရပါတယ်..။ ဒါ့ကြောင့်တော့တင်ဟမ်ထက်မြင့်တဲ့ အသင်းတစ်သင်းဆီကို ကျွန်တော်ပြောင်းသင့်ပါပြီ..။ နောက်ပြီးတော့တင်ဟမ် အသင်းမှာဆက်နေမယ်ဆိုရင် အဲဒီလိုဆုဖလားတွေ ရနိုင်မှာမဟုတ်ဘူးဆိုတဲ့ ခံစားချက်လည်း ရှိနေပါတယ်..။ ဒီထက်ပိုပြီး ရည်မှန်းချက်ကြီးမားတဲ့ အသင်းတစ်သင်းကို ပြောင်းသင့်ပါပြီ..။

“ခင်ဗျားရဲ့ အပြောင်းအရွှေ့ကို တော့တင်ဟမ်အသင်းက တားလိမ့်မယ်လို့ မထင်ဘူးလား..? သူတို့ခင်ဗျားကို ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြလိမ့်မယ်လို့ ထင်တယ်နော..” လို့ ရိုမန် အေဘရာမိုဗစ်ချ် က ဆက်ပြီးမေးပါတယ်..။ “ဟုတ်ပါတယ်.. သူတို့နဲ့ညှိနှိုုင်းမှုတွေက ခက်ခဲလိမ့်မယ်..” ဆိုပြီး ကျွန်တော်ပြန်ပြောလိုက်ပါတယ်..။ ချယ်လ်ဆီးနဲ့ တော့တင်ဟမ် နှစ်သင်းဟာ သိပ်ပြီးအဆင်ပြေလှတာ မဟုတ်မှန်း ကျွန်တော်သိထားပါတယ်..။

ကျွန်တော်တို့အတူတူ စားသောက်ကြပြီး မိနစ် (၂၀) လောက်အကြာမှာ အေဘရာမိုဗစ်ချ် နဲ့ သူ့ဇနီးတို့ ပြန်ထွက်သွားခဲ့ပါတယ်..။ ကျွန်တော်တို့ကို နှုတ်ဆက်တဲ့အချိန် လှေပေါ်မှာအေးအေးဆေးဆေး အပန်းဖြေရင်း ရေကူးလို့လည်း ရတယ်ဆိုတဲ့အကြောင်း ပြောပါသေးတယ်..။ ကျွန်တော်တို့လည်း သူ့ကိုကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လမ်းခွဲလိုက်ကြပါတယ်..။ နိစ် ကမ်းခြေကို ပြန်ရောက်တဲ့အထိ စုစုပေါင်းအချိန် တစ်နာရီခွဲလောက်ပဲ ကြာပါတယ်..။ နိစ် မှာ ခဏနေပြီး ဇာဂရက် (ခရိုအေးရှားနိုင်ငံ) ကို ကျွန်တော်တို့ ပြန်ခဲ့ပါတယ်..။ မစ္စတာ အေဘရာမိုဗစ်ချ် နဲ့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးရဲ့ ရလဒ်ကို ကျွန်တော်နဲ့ ဗန်ဂျာ နှစ်ယောက်စလုံး ကျေနပ်ပေမယ့် တော့တင်ဟမ်အသင်းဥက္ကဌ ဒယ်နီ လီဗိုင်း ဟာ လွယ်လွယ်နဲ့လက်လွှတ်လိမ့်မယ် မဟုတ်ဘူးဆိုတာ စိတ်ထဲကကောင်းကောင်း သိနေခဲ့ပါတယ်..။



ရာသီကြိုပွဲစဉ်တွေ မစတင်ခင်မှာ အင်္ဂလိပ်သတင်းထောက်တွေက တော့တင်ဟမ်အသင်းကနေ ထွက်ချင်တယ်ဆိုတဲ့ သတင်းတွေဟာ မှန်ရဲ့လား.. ဆိုပြီး မေးပါတယ်..။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ရိုးသားတာလား..? ရိုးအတာလား..? မပြောတတ်ပါဘူး..၊ အခုအချိန်ဟာ ကျွန်တော့်အတွက် နောက်ထပ်ခြေတစ်လှမ်း လှမ်းသင့်တဲ့အချိန်လို့ စဉ်းစားမိတဲ့အကြောင်း ဖြေလိုက်ပါတယ်..။ အဲဒီဖြေကြားချက်ဟာ အတော်လေးရိုက်ခတ်မှု ကြီးမားခဲ့ပြီး အပြောင်းအရွှေ့ရာသီ ပြီးသွားတဲ့အထိ အဲဒီစကားတစ်ခွန်းရဲ့အရှိန်ဟာ မကုန်ခဲ့ပါဘူး..။ နောက်တော့ ဒယ်နီ လီဗိုင်း က ကျွန်တော်ဟာ တော့တင်ဟမ်အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတယ်..၊ ဒ့ါကြောင့်ကျွန်တော့်ကို လုံးဝထွက်ခွင့်ပေးမှာ မဟုတ်ဘူးဆိုပြီး တရားဝင်ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်..။

ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေအတွက် လန်ဒန်မြို့ကို ပြန်ရောက်တဲ့အခါ ဥက္ကဌ လီဗိုင်း နဲ့ သွားပြီးတွေ့ပါတယ်..။ ကျွန်တော်တို့တွေ့တဲ့အချိန် မီဒီယာတွေမှာ ဖော်ပြခဲ့သလို ရန်ဖြစ်တာ..၊ စကားကြမ်းကြမ်းတွေ ပြောဆိုခဲ့တာ မရှိပါဘူး..။ ဒါပေမယ့် အပြန်အလှန်ဆွေးနွေးမှုတွေဟာ အတော်လေးတော့ တင်းမာခဲ့ပါတယ်..။ အသင်းကနေ ထွက်ချင်တယ်ဆိုတဲ့အကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့တဲ့အပေါ် သူကကျွန်တော့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ဘယ်လောက်ဈေးပေးပေး ကျွန်တော့်ကို လုံးဝရောင်းချမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ထပ်ပြောပါတယ်..။



အဲဒီနောက်ပိုင်းကာလတွေမှာ ဖိအားတွေ အရမ်းပြင်းထန်ခဲ့ပါတယ်..။ မီဒီယာတွေကလည်း ကျွန်တော့်ရဲ့နေ့စဉ်လုပ်ငန်းစဉ်တွေအပေါ် မျက်ခြေမပြတ် စောင့်ကြည့်နေကြသလို တော့တင်ဟမ်အသင်း ပရိသတ်ကလည်း အသင်းကနေ ထွက်ချင်တယ်လို့ ပြောခဲ့မိတဲ့ ကျွန်တော့်ကို ဝိုင်းဝန်းပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်..။ ဒါပေမယ့် နည်းပြ ဟယ်ရီ ရက်ဒ်နပ် ကတော့ ကျွန်တော့်ရဲ့အခြေအနေကို နားလည်တဲ့အကြောင်း ပြောကြားရင်း ကျွန်တော့်ဘက်က တောက်လျှောက်ရပ်တည်ပေးခဲ့ပါတယ်..။

ဟယ်ရီ ရက်ဒ်နပ် ဟာ အတွေ့အကြုံ ရင့်ကျက်တဲ့ မန်နေဂျာတစ်ယောက် ဖြစ်တာကြောင့် အခြေအနေအားလုံးကို နားလည်သလို ရည်မှန်းချက်ပိုပြီး ကြီးမားတဲ့အသင်းတွေဆီက ကမ်းလှမ်းမှုတွေ ရလာနိုင်မှန်း သိထားပါတယ်..။ သူကတော့ ကျွန်တော့်ကို လိုအပ်ကြောင်း၊ သူ့ရဲ့အသင်းကို တတ်နိုင်သမျှ အတောင့်တင်းဆုံး ဖြစ်ချင်တဲ့အကြောင်း ပြောပါတယ်..။ တော့တင်ဟမ်မှာ ကျွန်တော်ဆက်ပြီး ရှိနေအောင်၊ ကျွန်တော့်ဘက်က စိတ်ကျေနပ်မှုရရှိအောင် တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့ပါတယ်..။ တောင်အာဖရိကနိုင်ငံကို သွားရောက်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာဆိုရင် ကျွန်တော့်ကို အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ပေးခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော့်ရဲ့စိတ်ဟာ အသင်းမှာရှိမနေခဲ့ပါဘူး..။ ဒါ့ကြောင့်ကျွန်တော်ဟာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ တရားဝင်တောင်းဆိုခဲ့ပါတယ်..။



ချယ်လ်ဆီးအသင်းဘက်ကလည်း ဒယ်နီ လီဗိုင်း တခါပယ်ချတိုင်း ပိုပြီးကြေးမြှင့်ပြီး ကမ်းလှမ်းမှု ထပ်ခါထပ်ခါ ပြုလုပ်ပါတယ်..။ အဲဒီဖြစ်ရပ်တွေကြောင့် ကျွန်တော့်မှာပိုပြီး နေရထိုင်ရခက်လာခဲ့ပါတယ်..။ နောက်တော့ မန်ချက်စတာ စီးတီးအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ဟယ်ရီ ရက်ဒ်နပ် က ကျွန်တော့်ကိုကစားဖို့ ပြောပါတယ်..။ အာရုံစိုက်လို့ မရတာကြောင့် မကစားချင်ဘူးလို့ ကျွန်တော်ငြင်းခဲ့ပေမယ့် သူကထပ်ပြီး တောင်းဆိုခဲ့တာကြောင့် အားနာပြီးဝင်ကစားခဲ့ပါတယ်..။ ကျွန်တော်တို့ ၅ဂိုး- ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို မိနစ် (၆၀) အရောက်မှာ ကျွန်တော့်ကို လူစားလဲလိုက်ရပါတယ်..။ ကျွန်တော့်ဘဝရဲ့ အဆိုးရွားဆုံး ပွဲစဉ်တစ်ပွဲပါပဲ..။

ဒီလိုနဲ့အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းပြီး သုံးရက်အကြာမှာတော့ ဒီနှစ်မှာအသင်းပြောင်းဖို့ မဖြစ်နိုင်တော့မှန်း ကျွန်တော်နားလည်လိုက်ပါပြီ..။ အဲဒီအချိန်က ကျွန်တော်ဟာ ခရိုအေးရှား လက်ရွေးစင်အသင်းအတွက် ကစားဖို့ရောက်နေခဲ့တာပါ..။ လန်ဒန်ကိုပြန်ရောက်တဲ့အချိန်မှာတော့ ဖြစ်ပျက်သမျှကို မေ့ပစ်ပြီး အသင်းအပေါ် အပြည့်အ၀ အာရုံစိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်..။

နည်းပြရက်ဒ်နပ် ကတော့ ကျွန်တော့်ဘက်က အမြဲတမ်းရှိနေခဲ့သလို နောက်လာမယ့်ပွဲကနေစပြီး ၂၀၁၁/ ၁၂ ဘောလုံးရာသီ ပြီးတဲ့အထိ ပွဲတိုင်းနီးပါး အစအဆုံး ထည့်သွင်းကစားခဲ့ပါတယ်..။ မှတ်မှတ်ရရဆိုရင် ဝက်စ်ဘရွန်းအသင်းနဲ့ပွဲတစ်ပွဲပဲ နေမကောင်းလို့ မပါခဲ့တာပါ..။ ဒါပေမယ့် အဲဒီနှစ်မှာ ကံဆိုးခဲ့တာက ချန်ပီယံလိဂ်ဝင်ခွင့်ကို ချယ်လ်ဆီးအသင်းက ကျွန်တော်တို့ဆီကနေ လုယူသွားခဲ့တာပါပဲ..။ သူတို့ဟာအဆင့် (၆) ပဲ ရခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကြောင့် လက်ရှိချန်ပီယံအနေနဲ့ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ကျွန်တော်တို့ တော့တင်ဟမ်အသင်းက ယူရိုပါလိဂ် ပြိုင်ပွဲဝင်ခွင့်ပဲ ရခဲ့ပါတယ်..။

အဲဒီဘောလုံးရာသီအတွင်း ဒယ်နီ လီဗိုင်း နဲ့ နောက်ထပ်နှစ်ခါလောက် ထပ်တွေ့ခဲ့ပါတယ်..။ ဇန်နဝါရီ အပြောင်းအရွှေ့စတာနဲ့ သူဟာကျွန်တော့်အိမ်ကို ရောက်လာခဲ့ပြီး တော့တင်ဟမ်အသင်းနဲ့ စာချုုပ်သက်တမ်းတိုးဖို့ ပြောပါတယ်..။ ဒါဟာအသင်းနဲ့ ဒုတိယအကြိမ် သက်တမ်းတိုးတာ ဖြစ်ပါလိမ့်မယ်..။ နောက်ပြီးသူက ရီးရဲလ် မက်ဒရစ်လို အသင်းကြီးတွေဆီက ကမ်းလှမ်းမှုရရင် သွားခွင့်ပြုမယ်လို့ ကမ်းလှမ်းပါတယ်..။ ကျွန်တော်ဘာလက်မှတ်မှ မထိုးနိုင်ဘူး..၊ အခုအချိန်မှာ တော့တင်ဟမ်အသင်းအတွက် အကောင်းဆုံး ကစားသွားဖို့၊ လာမယ့် ယူရို ၂၀၁၂ ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ပဲ ခေါင်းထဲရှိတယ်လို့ ပြန်ပြောလိုက်ပါတယ်..။



သူနဲ့ကျွန်တော်နဲ့ကြားမှာ အဲဒီလိုအဖုအထစ်လေးတွေ ရှိခဲ့ပေမယ့် လီဗိုင်း နဲ့ ကျွန်တော့်ကြားမှာ ဆက်ဆံရေးကောင်းတယ်လို့ပဲ ပြောရမှာပါ.။ သူဟာကျွန်တော့်ကို အသင်းရဲ့သမိုင်းတစ်လျှောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့သလို ကျွန်တော့်အပေါ် ဘယ်လောက်တောင် မျှော်လင့်ချက် ကြီးမားခဲ့တယ်ဆိုတာ ပြသခဲ့တဲ့သူပါ..။ ဒါပေမယ့် ကျွန်တော်ဟာ သူ့ကိုသိပ်ပြီး ကျေနပ်လှတာ မဟုတ်ပါဘူး..၊ ဘာဖြစ်လို့လည်းဆိုတာ့ အသင်းကြီးတွေက ခေါ်ယူရင် ထွက်ခွင့်ပေးမယ်ဆိုပြီး နှစ်ခါလောက် ကတိပေးခဲ့ပေမယ့် ကတိမတည်ခဲ့တာကြောင့်ပါ..။ ကျွန်တော့်အတွက်က တစ်ဦးတစ်ယောက်ရဲ့ နှုတ်ထွက်စကား၊ ကတိစကားတစ်ခွန်းဟာ အားလုံးထက်ပိုပြီး အရေးပါပါတယ်..။

တော့တင်ဟမ် အသင်းမှာ ကျွန်တော်ဟာ ကစားသမားကောင်းတစ်ယောက်အဖြစ် သက်သေပြနိုင်ခဲ့ပါတယ်..။ ဒီကနေထွက်ခွာရင် ဘယ်နေရာကိုရောက်ဖြစ်မလဲ ကြိုတင်စဉ်းစားထားတာ မရှိခဲ့သလို စာချုပ်သက်တမ်း မကုန်မချင်း ဒယ်နီ လီဗိုင်း က ကျွန်တော့်ကိုထွက်ခွင့်များ ပေးပါ့မလား.. ကျွန်တော်လည်းမသိပါဘူး..။ ဒါပေမယ့် အင်္ဂလန်မှာ လေးနှစ်လောက် ကြာလာခဲ့ပြီးနောက် ကိုယ့်အိမ်၊ ကိုယ့်ယာလိုပဲ ခံစားလာရပါပြီ..။ ကျွန်တော်နဲ့ ဗန်ဂျာ အတွက် လန်ဒန်မြို့နဲ့ အင်္ဂလန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ပေမယ့် အခုအချိန်ဟာ ဒီထက်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုအတွက် နောက်ထပ်တစ်နေရာကို ရွှေ့ပြောင်းရမယ့်အချိန် ရောက်လာပြီလို့ ခံစားလာရပါပြီ…။

(The Guardian မှ တင်ဆက်ခဲ့သော ၏ လူကာ မိုဒရစ် ၏ ကိုယ်တိုင်ရေး ‘Luka Modric: My Autobiography’ စာအုပ်ပါ ‘Luka Modric extract: Meeting Roman Abramovich on his yacht was exciting’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)