feature-image

Kai Havertz 360: ချယ်လ်ဆီးရယ်..၊ ဘေယာ လေဗာကူဆင်ရယ်..၊ ကိုင် ဟားဗာ့ဇ် ရယ်…

အသက် (၂၁) နှစ်အရွယ် ဂျာမနီလူငယ် တိုက်စစ်မှူး ကိုင် ဟားဗာ့ဖ် ၏ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် ဖြစ်နိုင်ခြေအလားအလာနှင့် တိုးတက်မှုအနေအထားကို နောက်ဆုံရသတင်းများအပေါ် မူတည်ပြီး Sky Sports သတင်းဌာနမှ ဂျာမနီသတင်းထောက် Kaveh Solhekol က ချယ်လ်ဆီးအသင်း၊ ဘေယာ လေဗာကူဆင် အသင်းနှင့် ကိုင် ဟားဗာ့ဇ် တို့၏ ရှုုထောင့်အသီးသီးမှ ယခုလိုသုံးသပ်တင်ပြထားပါသည်..။

ချယ်လ်ဆီးအသင်းဘက်မှ ရှုမြင်မိခြင်း…

အပြောင်းအရွှေ့တစ်ခု ဖြစ်မြောက်ရန် ညှိနှိုင်းမှုအဆင့်ဆင့်ပြုလုပ်ရာတွင် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိရန် ညှိနှိုင်းမှုများ၊ ပေးချေပုံအဆင့်ဆင့် ညှိနှိုင်းမှုများ (payment structures) မှာ အင်မတန်မှ ရှုပ်ထွေးပြီး နှေးကွေး ကြန့်ကြာမှုများ ရှိတတ်ပါသည်..။ ဟားဗာ့ဇ် ၏ အပြောင်းအရွှေ့တွင် ဂျာမနီ တိုက်စစ်မှူးနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု (personal terms) က အဓိကပြသနာ မဟုတ်ခဲ့သော်လည်း အပြောင်းအရွှေ့ အဆုံးမသတ်နိုင်ပဲ လိပ်ခဲတည်းလည်း ဖြစ်နေခြင်းမှာ အတော်ပင် ထူးဆန်းလှသည်..။ တကယ်တော့ တန်ဖိုးမြင့် အပြောင်းအရွှေ့များတွင် ယခုလို personal terms သဘောတူညီမှုရရှိပြီး အပြောင်းအရွှေ့ပြီးဆုံးရန် ကြန့်ကြာနေမှုမှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပေ..။

ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၇၀) ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဘေယာ လေဗာကူဆင်အသင်းက ဟားဗာ့ဇ် အတွက် စတာလင်ပေါင်သန်း (၉၀) အလိုရှိနေခဲ့သည်..။ ချယ်လ်ဆီးအသင်း၏ ညှိနှိုင်းမှုများကို အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် ၏ ညာလက်ရုံး မာရီယာနာ ဂရာနော့ဗ်ကီးယား က တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည်..။ ဂရာနော့ဗ်ကီးယား မှာ ညှိနှိုုင်းရ ခက်ခဲပြီး အသင်းအတွက် အကျိုးရှိအောင် တတ်နိုင်သမျှ ဆောင်ရွက်တတ်သည့် အလေ့အထကြောင့် ဂျာမနီ မီဒီယာများက  သူမကို ‘Iron Lady’ ဟု ခေါ်ဝေါ်သမုတ်ကြပါသည်..။



ယခုအချိန်တွင် ဂန္တဝင်ဂိုးသမားဟောင်းကြီး ပီတာ ချက် မှာ နည်းစနစ်နှင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိပြီး အသင်း၏အပြောင်းအရွှေ့များတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားလျှက်ရှိပါသည်..။ အထူးသဖြင့် အန်တိုနီယို ကွန်တီ နှင့် မော်ရစ်စ်ဇီယို ဆာရီ တို့လက်ထက် အသင်းနှင့်မန်နေဂျာများအကြား ပွတ်တိုက်မှု ကြီးမားခဲ့ခြင်းကြောင့် ပီတာ ချက် မှာ အသင်းက၏ အုပ်ချုပ်မှုပိုင်းကို တာဝန်ယူနေသည့် ဘုတ်အဖွဲ့ဝင်များနှင့် နည်းပြအဖွဲ့၊ ဝန်ထမ်းများအကြား ပေါင်းကူးညှိနှိုင်းရေးမှူးအဖြစ် အဓိကတာဝန်ယူ ဆောင်ရွက်ပါသည်..။

လက်ရှိအသင်းမန်နေဂျာ ဖရန့် လမ်းပတ် မှာ ပီတာ ချက် နှင့် အလွန်ရင်းနှီးပြီး လမ်းပတ် က ချယ်လ်ဆီးအသင်းကို ကြီးမားသည့် ပြောင်းလဲမှုများ ပြုလုပ်ရန် ဆန္ဒပြင်းပြခဲ့သည်..။ ချယ်လ်ဆီးအသင်းဘက်က ဖရန့် လမ်းပတ် ၏ အစီအမံများကို ထောက်ခံသည့်အနေဖြင့် ဟာကင် ဇိုင်းယက်ချ်၊ တီမို ဝါနာ တို့လို ထိပ်တန်းကစားသမားများကို ခေါ်ယူပေးထားသည့်အပြင် ကစားသမားသစ်များ နောက်ထပ်ရောက်ရှိလာရန် အလားအလာများ ရှိနေခဲ့သည်..။ အကယ်၍ ကိုင် ဟားဗာ့ဇ် သာ ရောက်ရှိလာပါက တီမို ဝါနာ၊ ဇိုင်းယက်ချ် နှင့် ခရစ်စ်တီယန် ပူလီဆစ် တို့ ပေါင်းစပ်ပြီး အသင်း၏ တိုက်စစ်အင်အားမှာ ချယ်လ်ဆီးအသင်းကို ထိပ်တန်းအသင်းတစ်သင်းအဖြစ် တွန်းတင်ပေးနိုင်မည့် အလားအလာ အပြည့်ရှိနေသည်ဟု ယူဆရပါသည်..။

အခြားဥရောပထိပ်တန်းအသင်းကြီးများဖြစ်သည့် ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာ အသင်းများကလည်း ဟားဗာ့ဇ် ကို ခေါ်ယူလိုနေကြောင်း သတင်းများထွက်ခဲ့ဖူးသော်လည်း ယခုအချိန်တွင် ဘေယာ လေဗာကူဆင်အသင်းနှင့် ဆွေးနွေးနေသည့်အသင်းမှာ ချယ်လ်ဆီးအသင်းတစ်သင်းထဲသာ ရှိနေပါသည်..။ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသင်းများ၏ ဘဏ္ဍာရေးထိခိုက်မှု ကြီးမားနေချိန်တွင် ရိုမန် အေဘရာမိုဗစ်ချ် ၏ ပံ့ပိုးမှု အပြည့်အ၀ ရရှိနေဆဲဖြစ်သည့် ချယ်လ်ဆီးအသင်းမှာ ယခုနွေရာသီကာလတွင် ကမ္ဘာ့အကောင်းဆုံးဆိုသည့် ကစားသမားများကို အခြားအသင်းကြီးများနည်းတူ ရင်ဘောင်တန်း ခေါ်ယူနိုင်စွမ်း ရှိနေသည်ကို တွေ့ရပါမည်..။



ချယ်လ်ဆီးနဲ့ လေဗာကူဆင်အသင်းတို့ကြားတွင် ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိရန် စတာလင်ပေါင်သန်း (၂၀) ခန့်ကွာဟနေဆဲဖြစ်ပြီး နှစ်သင်းကြားတွင် သဘောတူညီမှု ရရှိနိုင်ရန် ညှိနှှိုင်းနေဆဲဖြစ်သည်..။ အပြောင်းအရွှေ့ ပြီးမြောက်စေရန် အဆိုပါအချက်တစ်ချက်သာ ကျန်ရှိနေတော့သည်..။ အကယ်၍ ချယ်လ်ဆီးအသင်းမှ ဘေယာ လေဗာကူဆင်အသင်း အလိုရှိနေသည့် စတာလင်ပေါင်သန်း (၉၀) အပြည့် ပေးချေခဲ့ပါက အဆိုပါအပြောင်းအရွှေ့မှာ သင့်တော်သည့်အပြောင်းအရွှေ့ ဖြစ်လာမှာလား..? မေးစရာရှိပါသည်..။ ဟာဗာ့ဇ် မှာ အသက် (၂၁) နှစ်သာ ရှိနေသေးသောကြောင့် ယခုထက်ပို ထွန်းတောက်ပြီး နောင်တစ်ချိန်တွင် တန်ဖိုးကြီးမားသည့် ကစားသမားတစ်ယောက် ဖြစ်လာနိုင်သည့် အလားအလာ ရှိနေသည့်အချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်..။

ဖရန့် လမ်းပတ် မှာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့သည့် ပထမဘောလုံးရာသီတွင် transfer ban ကြောင့် သူလက်ခံရရှိခဲ့သည့် ကစားသမားများကိုသာ အဓိကအားထားခဲ့ရပြီး လူငယ်အကယ်ဒမီ ကစားသမားများကို အခွင့်အရေးပေး၊ ပေါင်းစပ်တည်ဆောက်ခဲ့သည်..။ ယခုလာမည့် ဘောလုံးရာသီမှာတော့ သူ၏ကိုယ်ပိုင်အသင်းကို စိတ်ကြိုက်စတင် တည်ဆောက်ခွင့်ရပြီ ဖြစ်သောကြောင့် ဖရန့် လမ်းပတ် အနေဖြင့် ကိုင် ဟားဗာ့ဇ် ၏ အပြောင်းအရွှေ့ကို အမြန်ဆုံးပြီးမြောက်စေချင် နေပေလိမ့်မည်..။

ဘေယာ လေဗာကူဆင် အသင်းဘက်မှ ရှုမြင်မိခြင်း…

ဂျာမနီအသင်းနှင့် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည့် ဂန္တဝင်တိုက်စစ်မှူးဟောင်း ရူဒီ ဗောင်လာ မှာ ယခုအချိန်တွင် ဘေယာ လေဗာကူဆင်အသင်း၏ အကောင်းဆုံး အရောင်းသမားလို့ ပြောနိုင်နေပေသည်..။ ရူဒီ မှာ လေဗာကူဆင်အသင်း၏ အားကစား ဒါရိုက်တာအနေဖြင့် အသင်း၏တန်ဖိုးအမြင့်ဆုံး ကျောက်ရိုင်းပွင့်လေးကို အကောင်းဆုံး ဈေးခေါ်နိုင်နေဆဲဖြစ်သည်..။ သူကတော့ ဟားဗာ့ဇ် မှာ လေဗာကူဆင် အသင်း၏ ပေါ်ထွက်ခဲ့သမျှထဲမှ အကောင်းဆုံး ကစားသမားဖြစ်သည်ဟု ကြွေးကြော်ခဲ့သလို သူနဲ့ပတ်သက်ပြီး အသင်းဘက်က သဘောတားမှာ အပြောင်းအလဲမရှိ တသတ်မှတ်တည်း ရှိနေဆဲဖြစ်သည်..။ ကိုင် ဟားဗာ့ဇ် မှာ အသင်းနှင့် စာချုပ်သက်တမ်း နှစ်နှစ်သာ ကျန်ရှိနေသော်လည်း ယခုအချိန်ထိ စတာလင်ပေါင်းသန်း (၉၀) ရရှိမှသာ လက်လွှတ်မည်ဆိုသည့် မူဝါဒကို ဆွဲကိုင်ထားဆဲဖြစ်ပေသည်..။



သို့သော်လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့်မရခဲ့ခြင်းက ဘေယာ လေဗာကူဆင်အသင်းကို ထိခိုက်စေခဲ့သလို ချယ်လ်ဆီးအသင်းနှင့် ညှိနှိုင်းရာတွင် အင်္ဂလန်အသင်းဘက်ကို ပိုမိုအရေးသာစေခဲ့သည်..။ လေဗာကူဆင် အသင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် အသင်းများအတွက် စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရသော်လည်း လျော့ဈေးပေးမည်မဟုတ်ကြောင်း အသိပေးခဲ့သည်..။ အထူးသဖြင့် ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ကိုင် ဟားဗာ့ဇ် အား အသင်းကြီးများက အပြိုင်အဆိုင် ခေါ်ယူကြလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ထိုသို့ဖြစ်မလာခဲ့သည့်အပေါ် ဂျာမနီအသင်းအနေဖြင့် လက်မလျော့သေးပဲ ရှိနေခဲ့သည်..။

ထို့ကြောင့်ဂျာမနီအသင်းမှာ စတာလင်ပေါင်သန်း (၉၀) သို့မဟုတ် ယူရိုသန်း (၁၀၀) ဖြင့် ခပ်တင်းတင်း ဈေးဆိုနေဆဲဖြစ်သော်လည်း တကယ့်လက်တွေ့မှာတော့ သူတို့အသင်းကို ကမ်းလှမ်းခဲ့သူဆိုလို့ ချယ်လ်ဆီးတစ်သင်းတည်းသာ ရှိနေခဲ့ပါသည်..။ ထိုသို့သော အနေအထားတွင် ဂျာမနီအသင်းအနေဖြင့် အပိုဆုကြေးများ (bonuses)၊ ထပ်ဆောင်းကြေးများ (add ons) ဖြင့် ပေးချေမည့် payment structure ကို တည်ဆောက်သွားနိုင်ဖွယ်ရှိနေပါသည်..။ နောက်ဆုံးတွင် ဘေယာ လေဗာကူဆင် အသင်းကလည်း သူတို့လိုချင်သည့် ပြောင်းရွှေ့ကြေးကိုလည်း ရရှိမည်..၊ ချယ်လ်ဆီးဘက်ကလည်း ကနဦးတွင် ပြောင်းရွှေ့ကြေး နင့်ကနဲ ပေးချေစရာ မလိုတော့ပဲ အဆိုင်းများခွဲ၍ ပေးချေရခြင်းဖြင့် နှစ်ဘက်စလုံးအတွက် အဆင်ပြေစေမည့် သဘောတူညီမှုမျိုးနှင့် ပြီးဆုံးသွားဖွယ် ရှိနေပါသည်..။

ဘေယာ လေဗာကူဆင်အသင်းအနေဖြင့် စာချုပ်သက်တမ်း နှစ်နှစ်သာ ကျန်ရှိတော့သည့် ဟားဗာ့ဇ် ၏ အနာဂတ်ကို ယခုလကုန် ရာသီကြိုလေ့ကျင့်ခန်းများ ပြန်လည်စတင်ချိန်မတိုင်မီ သိရှိလိုသော်လည်း Sky Sports သတင်းဌာနမှ ရရှိခဲ့သည့် သတင်းများအရ နောက်ဆုံးအပြီးသတ်ရက်ကို သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်..။ ထို့ကြောင့်ဟားဗာ့ဇ် ၏ အနာဂတ်မသေချာလေလေ..၊ အပြောင်းအရွှေ့ရာသီ ပြီးဆုံးချိန်နီးကပ်လာသည့်အမျှ လေဗာကူဆင်အသင်းမှာ ချယ်လ်ဆီးအသင်း၏ ကမ်းလှမ်းမှုကို ဈေးကိုင်လို့ မရတော့မည့်အနေအထား ရောက်ရှိသွားပါမည်..။ အခုအချိန်မှာတော့ ဟားဗာ့ဇ် နှင့် ပတ်သက်ပြီး သူတို့လိုချင်သည့် ပြောင်းရွှေ့ကြေး ရရှိရန်သာ ဦးတည်နေပါသေးသည်..။



ကိုင် ဟားဗာ့ဇ် ဘက်မှ ရှုမြင်မိခြင်း…

ဟားဗာ့ဇ် မှာ လမ်းပတ် နှင့် ချယ်လ်ဆီးအသင်းအတွက် ကစားပေးလိုသည့် ဆန္ဒပြင်းပြလျှက်ရှိသည်..။ ထို့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ခြေချခွင့်လိုသည့် အိပ်မက်ကလည်း ကြီးမားလှကြောင်း အမြဲတမ်းပြောဆိုခဲ့သလို ယခုလအချိန်တွင် သူ၏ဆန္ဒကို အမြန်ဆုံးပြီးမြောက်စေလိုသည့်စိတ် ရှိနေမှာဖြစ်သည်..။ ကစားသမားနှင့် နီးစပ်သူတစ်ချို့က ‘ချယ်လ်ဆီးအသင်းက ကိုင် ဟားဗာ့ဇ် ကို လိုချင်တယ်ဆိုတာထက် ကစားသမား ကိုယ်တိုင်က ချယ်လ်ဆီးကို ပိုပြီးလာချင်နေတယ်’ ဟူ၍ Sky Sports သတင်းဌာနထံ လာရောက်သတင်းပေးခဲ့ကြသည်..။ ထို့အပြင်လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်း ခေါ်ယူလိုသည့် နံပါတ်တစ်ပစ်မှတ်ဖြစ်နေမှန်း သူကိုယ်တိုင်သိနေခြင်းကြောင့် စတန်းဖို့ဒ် ဘရစ်ချ်ကို ခြေချလိုစိတ် ပိုမိုပြင်းထန်နေခြင်း ဖြစ်နိုင်ပေသည်..။

စတန်းဖို့ဒ် ဘရစ်ချ်သို့ ရောက်ရှိလာပါက ကိုင် ဟားဗာ့ဇ် မှာ ချယ်လ်ဆီးအသင်း၏ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားတစ်ယောက် ဖြစ်လာမည့်အပြင် သူ၏ခြေစွမ်းကလည်း အင်္ဂလန်ဘောလုံးလောကတွင် လူတစ်လုံး၊ သူတစ်လုံး ဖြစ်စေနိုင်မည်ဆိုသည်ကို သူတိုယ်တိုင် ယုံကြည်မှုအပြည့် ရှိနေခဲ့သည်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းကို အမြန်ဆုံး ရောက်ရှိချင်သည်..။



အထူးသဖြင့် ယခုနှစ်နွေရာသီတုန်းက သူ၏ဂျာမနီလက်ရွေးစင် အသင်းဖော် တီမို ဗာနာ တစ်ယောက် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့သွားချိန်တွင် ဟားဗာ့ဇ် အတွက် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လိုစိတ် ပိုမိုကြီးမားလာစေခဲ့သည်..။ သို့သော်လေဗာကူဆင်ျအသင်းမှာ ယူရိုပါ လိဂ်ပြိုင်ပွဲမှ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့် ရနိုင်သည့် အခွင့်အရေး ရှိနေသောကြောင့် ဟားဗာ့ဇ် အနေဖြင့် သူ၏ငယ်မွေးခြံပေါက် လေဗာကူဆင် အသင်းအတွက် အဆိုပါပြိုင်ပွဲမှာ မည်မျှအရေးပါမှန်း သိရှိပြီးဖြစ်သည်..။

ထို့ကြောင့်သူ၏စိတ်ဆန္ဒကိုချိုးနှိမ်ပြီး အသင်းအတွက် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်ခဲ့သော်လည်း အင်တာ မီလန် အသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် လာမည့်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ဝေးကွာရတော့မည်..။ ထိုအချိန်တွင် သူ၏အနာဂတ်အတွက် စိတ်ကူးအိပ်မက်များမှာ ချယ်လ်ဆီးအသင်းဘက် ပိုမိုအလေးသာသွားခဲ့သည်..။

ကိုင် ဟားဗာ့ဇ် မှာ လေဗာကူဆင် အသင်းတွင် ဆယ်နှစ်ဆယ်မိုး ပေးဆပ်ခဲ့ပြီးဖြစ်သည်..။ ထို့ကြောင့်ယခုအချိန်မှာ သူ့အတွက် နောက်ထပ်ခြေလှမ်းသစ် စတင်ရမည့်အချိန် ရောက်ရှိလာပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါသည်..။

(Sky Sports မှ ဆောင်းပါးရှင် Kaveh Solhekol ၏ ‘Kai Havertz 360: The view from Chelsea, Bayer Leverkusen and the Germany forward’ အပြောင်းအရွှေ့ခန်းမှန်း ဆောင်းပါးကို ပြန်ဆိုပါသည်..။)