ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဝင် ဘေယာ လေဗာကူဆင်အသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၉) သန်းဖြင့် ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့သည့် ဂျာမနီလူငယ် တိုက်စစ်မှူး ကိုင် ဟားဗာ့ဇ် မှာ စတန်းဖို့ဒ် ဘရစ်ချ်သို့ အပြောင်းအရွှေ့ အမြန်ဆုံးဖြစ်မြောက်စေရန်အတွက် အပြောင်းအရွှေ့မှရရှိမည့် ဆုကြေးစတာလင်ပေါင် (၉) သန်းကို စွန့်လွှတ်ခဲ့ကြောင်း ဂျာမနီသတင်းဌာန The Sport Bild က ဖော်ပြခဲ့သည်..။
ကိုင် ဟားဗာ့ဇ် မှာ ချယ်လ်ဆီးအသင်းနှင့် လစာ၊ အပိုဆုကြေးများအတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုများ ရရှိပြီးဖြစ်သော်လည်း ဘေယာ လေဗာကူဆင်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့မှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိနိုင်ပဲ ကြန့်ကြာနေခဲ့သောကြောင့် အပြောင်းအရွှေ့ အပြီးမသတ်နိုင်ပဲ ရှိနေခဲ့ရသည်..။ ထိုအချိန်တွင် ဟားဗာ့ဇ် က ကြားဝင်ပြီး လေဗာကူဆင်အသင်းနှင့် စာချုပ်ချုပ်ဆိုစဉ်က သဘောတူညီခဲ့သော အပိုဆုကြေး စတာလင်ပေါင် (၉) သန်းခန့်ကို စွန့်လွှတ်ပေးခဲ့ကြောင်း သိရသည်..။ ဟားဗာ့ဇ် နှင့် လေဗာကူဆင် အသင်းတို့ စာချုပ်ချုပ်ဆိုစဉ်က အသင်းပြောင်းခဲ့မည်ဆိုပါက ပြောင်းရွှေ့ကြေး၏ (၁၀%) ရာခိုင်နှုန်းကို ရရှိမည်ဆိုသည့်အချက် ပါရှိပါခဲ့သည်..။
ထို့ကြောင့်ဟားဗာ့ဇ် မှာ သူ၏မိခင်အသင်းအား ပြောင်းရွှေ့ကြေးပိုမိုရရှိစေရန်နှင့် အနာဂတ်တွင် ပိုမိုအကျိုးရှိစေရန် ရည်ရွယ်ပြီး လေဗာကူဆင်အသင်းနှင့် စာချုပ်ရေးထိုးစဉ်ကပါရှိသော မူလအပိုဆုကြေးကို စွန့်လွှတ်ပြီး ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိပါက ပေးချေရမည့် ဆုကြေးပမာဏ (add ons) နှင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပါက ပေးချေရမည့် ဆုကြေးပမာဏများအဖြစ် ပြောင်းလဲချုပ်ဆိုခဲ့ကြောင်း သိရသည်…။ ကိုင် ဟားဗာ့ဇ် မှာ ချယ်လ်ဆီးအသင်းနှင့် ငါးနှစ်သက်တမ်းစာချုပ်ချုပ်ဆိုခဲ့ပြီး အပိုဆုကြေးများ အပါအဝင် လစာမှာ တစ်ပါတ်လျှင် စတာလင်ပေါင် (၁၇၀,၀၀၀) ရရှိမည်ဖြစ်ကြောင်း Sport Bible သတင်းဌာနက ဖော်ပြခဲ့သည်..။