ချယ်လ်ဆီးအသင်း၏ စနေနေ့အစောပိုင်း ပွဲစဉ်အပြီးတွင် တန်မီ အေဘရာဟမ် မှာ သူ၏သူငယ်ချင်းများ၊ မိသားစုဝင်များနှင့်အတူ ကြိုတင်စီစဉ်မထားခဲ့သည့် မွေးနေ့ပွဲ ပါတီတစ်ခုကို ကျင်းပခဲ့ကြောင်း သိရသည်..။ သို့သော်ယခုအချိန်တွင် COVID- 19 ရောဂါပြန့်ပွားမှု တားဆီးနိုင်ရေးအတွက် ‘လူခြောက်ယောက်’ ထက် ပိုပြီးလူစုခွင့် မပြုထားချိန်ဖြစ်သောကြောင့် အဆိုပါမွေးနေ့ပါတီပွဲအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်..။
အင်္ဂလန်နိုင်ငံ၏ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ဥပဒေအရ လူခြောက်ထက် ပိုပြီးစုစည်းပါက စတာလင်ပေါင် (၁၀,၀၀၀) ဒဏ်ငွေပြစ်ဒဏ် ချမှတ်ခွင့်ရှိသည်..။ ထို့အပြင် အဆိုပါမွေးနေ့ပါတီပွဲ ဗွီဒီယို ထွက်ပေါ်လာချိန်တွင် တက်ရောက်လာသူ အများစှမှာ နှာခေါင်းစီး မျက်နှာဖုံးများကို တပ်ဆင်ထားခြင်း မရှိကြောင်းတွေ့ရှိခဲ့ရပြီး အဆိုပါမွေးနေ့ပွဲကို တက်ရောက်လာသူများထဲတွင် အင်္ဂလန်လက်ရွေးစင် အသင်းဖော်များဖြစ်သည့် ဂျာဒွန် ဆန်ချို နှင့် ဘင် ချီးဝဲလ် တို့လည်း ပါဝင်ခဲ့သည်..။
ထို့ကြောင့်တန်မီ အေဘရာဟမ် က အဆိုပါမွေးနေ့ပါတီပွဲ ကျင်းပဖြစ်ခဲ့သည့်အပေါ် ယခုလို တောင်းပန်စကား ပြောကြားခဲ့သည်..။
“အဲဒီနေ့က ကျွန်တော်ဟာ အိမ်ပြန်ရောက်တာနဲ့ ကျွန်တော့်ကို ကြိုပြီးအသိမပေးထားပဲ သူတို့တွေစောင့်နေတာ တွေ့ခဲ့ရပါတယ်..။ သူတို့တွေအဲဒီလို တိတ်တိတ်လေး စီစဉ်ထားတာ ကျွန်တော်လုံးဝမသိခဲ့တာပါ..။ ဒါ့ကြောင့်အခုလို ပါတီပွဲ ကျင်းပဖြစ်ခဲ့တာကိုရော၊ social distancing စည်းမျဉ်းတွေကို မလိုက်နာမိတဲ့အပေါ် တက်ရောက်လာသူများကိုယ်စား အနူးအညွတ် တောင်းပန်လိုက်ရပါတယ်..။ အခုအချိန်မှာတော့ အဲဒီလိုနောက်ထပ်မဖြစ်အောင် ဂရုစိုက်ဆင်ခြင်သွားပါမယ်လို့ ပြောကြားချင်ပါတယ်..။”
အဆိုပါမွေးနေ့ပါတီပွဲ ကျင်းပခဲ့သည်ဆိုသည့် သတင်းအပေါ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကလည်း စောင့်ကြည့်ခဲ့ပြီး သီးခြားအရေးယူမှု မပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း The Sun သတင်းဌာနက ဖော်ပြခဲ့သည်..။