feature-image

‘ဘင် ချီးဝဲလ်’ ပြောပြတဲ့ FIFA 21 မှ ချယ်လ်ဆီးအသင်းဖော်တွေရဲ့အကြောင်း..

ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်း ဘယ်နောက်ခံလူ ဘင် ချီးဝဲလ် မှာ Soccer AM သတင်းဌာနနှင့် တွေ့ဆုံခန်းတွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာရခြင်း အကြောင်းရင်း အပါအဝင် အသင်းဖော်များအကြောင်းကို EA Sports ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် FIFA 21 ဘောလုံးဂိမ်းပါ အချက်အလက်များနှင့် နှိုင်းယှဉ်ပြီး ဆွေးနွေးသွားခဲ့သည်..။

မေး - ဘင် ရေ.. အခုဆွေးနွေးခန်းမှာတော့ မကြာသေးခင်က ဖြန့်ချီခဲ့တဲ့ FIFA 21 Game မှာ ပါဝင်တဲ့ ခင်ဗျားတို့ ချယ်လ်ဆီးအသင်းက ကစားသမား.. အသင်းဖော်တွေနဲ့ ပတ်သက်ပြီး ဂိမ်းထဲမှာ သတ်မှတ်ထားတဲ့ စွမ်းဆောင်ရည်တွေ (Rating) အပေါ် ဆွေးနွေးသွားမှာပါ..။ အဲဒီတော့ ပထမဆုံးအနေနဲ့ အသင်းဖော်တွေအကြောင်း မဆွေးနွေးခင် အဲဒီဂိမ်းထဲမှာပါတဲ့ ခင်ဗျားရဲ့ Overall Rating ဘယ်လောက်ရှိလဲဆိုတာ သိထားလားဗျ..
“သိတယ်ဗျ… ‘81’ ထင်တာပဲ..၊ ဟုတ်တယ်မလား..”

မေး - ဟုတ်ပါတယ်..။ အရင်နှစ်က ‘79’ ပေးထားတာဆိုတော့ နှစ်မှတ်တက်လာခဲ့ပါတယ်..။ အဲဒီတိုးတက်နှုန်းကို ကျေနပ်လား..? ဒါမှမဟုတ် ဒီထက်ပိုပြီး မြင့်သင့်တယ်လို့ ထင်မိလား..?
“မနှစ်တုန်းက ‘79’ ကနေ အခုဒီနှစ်မှာ ‘81’ ဆိုတာ တိုးတက်လာတယ်ဆိုတာ ပြသတာပဲဗျ..။ အဲဒီအတွက် ကျေနပ်ပါတယ်..။ ဒါပေမယ့် ဒီထက်ပိုပြီး နည်းနည်းလောက် Rating မြင့်ခဲ့ရင် ပိုကောင်းမှာပေါ့… ဟားဟား..”



မေး - အသင်းဖော်တွေအကြောင်း မသွားခင် ခင်ဗျားရဲ့အကြောင်း အရင်ပြောကြတာပေါ့..။ ခင်ဗျားဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီမှာ လက်စ်တာအသင်းကနေ ချယ်လ်ဆီးအသင်းကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပါတယ်..။ အခုဆိုရင် အသင်းမှာ အထိုင်ကျနေပြီလို့ ခံစားမိနေပြီလား..?
“Yes.. အခုဆိုရင် ချယ်လ်ဆီးအသင်းမှာ အရမ်းကိုအဆင်ပြေနေပါပြီ..။ တကယ်တော့ ဒီကိုမပြောင်းလာခင်ကတည်းက အသင်းက ကစားသမားတွေ အတော်များများနဲ့ သိခဲ့ပြီးသားပါ..။ ဒါကလည်း ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့ရတဲ့ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်..။

ဒါ့အပြင် ဒီကိုမပြောင်းလာခင်မှာ မန်နေဂျာနဲ့ စကားပြောဖြစ်ခဲ့ပါတယ်..။ သူဟာကျွန်တော့်ကို အရမ်းဂရုစိုက်ပါတယ်..။ သူလိုချင်တဲ့ အသင်းရဲ့ကစားဟန်ဟာ ကျွန်တော်နဲ့ ကိုက်ညီမှုရှိလိမ့်မယ်ဆိုတဲ့ ပြောဆိုမှုဟာ ကျွန်တော့်အတွက် ယုံကြည်မှုပိုပြီး တိုးပွားစေခဲ့ပါတယ်..။ နောက်ပြီးအသင်းက ကစားသမားတွေအကြောင်း ကျွန်တော့်ကို အများကြီးပြောပြခဲ့ပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းကို ရွေးချယ်လိုက်ရတဲ့ ဒုတိယအကြောင်းရင်းမှာ မန်နေဂျာကြောင့်လည်း ပါဝင်တာပေါ့..။

တတိယအချက်ကတော့ ချယ်လ်ဆီးအသင်း ကစားနေတဲ့ပုံစံကို နှစ်ခြိုက်တာကြောင့် ဖြစ်ပါတယ်..။ လက်စ်တာအသင်းမှာ အကြာကြီးနေခဲ့တာဆိုတော့ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရတာ သိပ်ကိုခက်ခဲပါတယ်..။ ဒါပေမယ့် လက်ရှိအနေအထားထက်ပိုပြီး တိုးတက်နိုင်မယ့် အခွင့်အရေး ရှိနေတဲ့အချိန်အခါမျိုးမှာ ချယ်လ်ဆီးကို ငြင်းပယ်ဖို့ဆိုတာ ဦးနှောက်မရှိတဲ့သူမှပဲ အဲဒီလိုဆုံးဖြတ်မိလိမ့်မယ် ထင်ပါတယ်..။”



မေး - ဒါပေါ့ဗျာ..။ ခင်ဗျားဟာ အသင်းနဲ့ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ခရစ်စ်တယ် ပဲလေ့စ် အသင်းနဲ့ပွဲမှာကို တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာဆိုတော့ အဲဒီထက်ကောင်းမွန်တဲ့ အဖွင့်နိဒါန်းမျိုးကို ဘယ်လိုမှ ထပ်ပြီးတွေ့နိုင်ဖို့ မလွယ်ဘူးဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ အချက်အလက်မှတ်တမ်းတွေအရ ခင်ဗျားဟာ အသင်းနဲ့ပထမဆုံးပွဲဦးထွက်မှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးမှု ရခဲ့တဲ့ အသင်းရဲ့သမိုင်းတစ်လျှောက် တတိယမြောက် ကစားသမားဖြစ်ခဲ့ပါတယ်..။ ခင်ဗျားအရင်က အယ်လ်ဗာရို မိုရာတာ နဲ့ ဒေကို တို့ပဲ ရှိခဲ့ပါတယ်..။ အဲဒီစံချိန်မှတ်တမ်းကိုရော သိခဲ့လားဗျ..

“မသိဘူးဗျ..။ ခရစ်စ်တယ် ပဲလေ့စ်အသင်းနဲ့ အဲဒီပွဲထွက်ခွင့်ပွဲစဉ်ဟာ ကျွန်တော့်အတွက် လုံးဝပြီးပြည့်စုံခဲ့တဲ့ နေ့တစ်နေ့လို့ ပြောရမှာပါ..။ တကယ်တော့ ကျွန်တော်ဟာ အသင်းအတွက် သိသာတဲ့ပံ့ပိုးမှုတွေ ပြုလုပ်ပေးနိုင်ဖို့..၊ ကျွန်တော့်ရဲ့အရည်အချင်းနဲ့ ခြေစွမ်းဘယ်လောက်ရှိတယ်ဆိုတာ ပြသနိုင်ဖို့ပဲ ရည်မှန်းချက် ထားခဲ့ပါတယ်..။ ဒါ့ကြောင့်ပွဲပြီးတဲ့အချိန်မှာ အနိုင်ပွဲအပြင် clean sheet ရခဲ့တယ်..၊ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး ပံ့ပိုးပေးနိုင်ခဲ့တယ်ဆိုတာ တကယ့်ကို ပြီးပြည့်စုံခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တာပေါ့..။”

မေး - ကဲ.. FIFA 21 ဘက်ကို ပြန်သွားတာပေါ့..။ အဲဒီ FIFA 21 ဂိမ်းအရ ခင်ဗျားတို့ ချယ်လ်ဆီးအသင်းထဲမှာ Rating အများဆုံးရတဲ့ ကစားသမားကို သိလားဗျ..။
“အင်းဗျ.. ခင်ဗျားနဲ့မတွေ့ခင် FIFA ဂိမ်း ကြိုပြီး ကစားထားခဲ့သင့်တယ်..၊ အခုကျ ဘာမှစာမကြည့်ထားပဲ စာမေးပွဲလာဖြေသလို ဖြစ်နေတာပေါ့.. ဟားဟား..။ ကျွန်တော်ကြိုးစားပြီး ဖြေကြည့်ပါမယ်..။ ကျွန်တော့်ရဲ့အဖြေဟာ ဘောလုံးရှုထောင့်ကနေပဲ ခန့်မှန်းတဲ့အဖြေပဲ ဖြစ်မှာပါ..။ ‘အန်ဂိုလို ကန်တေး’ ပေါ့ဗျာ..၊ မှန်ရဲ့လား..?”

မေး- သိပ်မှန်တာပေါ့..။ ခင်ဗျားဟာ လက်စ်တာအသင်းမှာလည်း သူနဲ့အတူတွဲပြီး ကစားခဲ့ဖူးသေးတယ်မလား..? ကျွန်တော်မှတ်မိသလောက်ဆိုရင် စပါးနဲ့ လက်စ်တာ တို့ ရင်ဆိုင်ခဲ့ရတဲ့ FA ဖလားပွဲစဉ်မှာ ခင်ဗျားတို့နှစ်ယောက်စလုံး ပါဝင်ခဲ့ပါတယ်.။ ဒါ့ကြောင့်သူနဲ့တွဲပြီး ကစားရတာ ဘယ်လိုရှိလဲ..? နောက်ပြီးအဲဒီလေးနှစ်တာ ကာလအတွင်းမှာ ဘာတွေ ပြောင်းလဲသွားခဲ့ပါသလဲ..?


“ကျွန်တော်ဟာ ’NG’ နဲ့ လက်စ်တာအသင်းမှာ ဆုံခဲ့ဖူးပါတယ်..။ သူနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ခံစစ်ကူညီတဲ့အပိုင်းနဲ့ ဘောလုံးလူယူ၊ ဖျက်ထုတ်တဲ့အပိုင်းမှာ သူမတူအောင် ထူးချွန်တဲ့ ကစားသမား ဖြစ်ပါတယ်..။ အခုချယ်လ်ဆီးအသင်းကို ရောက်ပြီးနောက်ပိုင်း ဘာတွေတိုးတက်လာသလဲ..? ဆိုရင် နည်းစနစ်ပိုင်း (technical) မှာ ပိုပြီးကောင်းမွန်လာတယ်လို့ ထင်ပါတယ်..။ ဒါ့ကြောင့်အရင်ကကောင်းပြီးသား ခံစစ်ပိုင်း ကူညီမှုစွမ်းရည်အပေါ် နည်းစနစ်ပိုင်း တိုးတက်မှု ထပ်ပြီးပေါင်းထည့်လိုက်တော့ သူဟာကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက် ကစားသမား တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။”



မေး - နောက်မေးခွန်းကတော့ ကစားသမားသစ်ချင်း Head to Head ပေ့ါဗျာ..။ ဂျာမနီကနေ ပြောင်းရွှေ့လာတဲ့ ‘တီမို ဗာနာ’ နဲ့ ‘ကိုင် ဟာဗာ့ဇ်’ တို့ ဖြစ်ပါတယ်..။ သူတို့နှစ်ယောက်မှာ ဂိုးသွင်းအဆုံးသတ်ပိုင်း (shooting) မှာ ဘယ်သူကပိုပြီးကောင်းလဲဗျ..? သူတို့နှစ်ယောက်စလုံးက overall rating ကောင်းပြီးသားပါ..
“ကျွန်တော်သေချာ မပြောတတ်ဘူး..။ ‘တီမို’ ဖြစ်မယ်ထင်တာပဲဗျ..။ သူဟာတိုက်စစ်မှူး တစ်ယောက်ဖြစ်တယ်..၊ မနှစ်ကလည်း လိုက်ပ်ဇစ်အသင်းနဲ့ ဂိုးတွေအများကြီး သွင်းပေးခဲ့ပါတယ်..။ ကိုင် ရဲ့ ဂိုးသွင်းအချက်အလက် (shooting stats) တွေလည်း ကောင်းမှာပါ..။ ဒါပေမယ့် ကျွန်တော်ကတော့ တီမို ကိုပဲ ရွေးပါ့မယ်..။”  

မေး - အဖြေမှန်ပါတယ်ခင်ဗျာ..။ သူဟာမနှစ်က လိုက်ပ်ဇစ်အသင်းနဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ (၂၈) ဂိုး သွင်းနိုင်ခဲ့ပါတယ်.။ ခင်ဗျားဟာ လက်စ်တာ၊ ချယ်လ်ဆီးနဲ့ အင်္ဂလန်အသင်းတွေမှာ ဂျေမီ ဗာဒီ၊ ဟာရီ ကိန်း တို့လို ထိပ်တန်းတိုက်စစ်မှူးတွေနဲ့ တွဲဖက်ကစားခဲ့ဖူးတဲ့သူဆိုတော့ သူတို့တွေ့နဲ့ နှိုင်းယှဉ်ပြီး တီမို ဗာနာ မှာ ဘယ်လောက်ကောင်းတယ်..၊ ဘယ်လောက်အထိ တိုးတက်နိုင်တယ်ဆိုတာ ပြောပြပေးနိုင်မလား.?

“ပထမဆုံးအနေနဲ့ သွင်းဂိုးတွေအရဆိုရင် သူဟာ ဗာဒီ၊ ဟာရီ ကိန်း တို့ အဆင့်မျိုးရောက်ပြီလို့ ပြောလို့ရပါတယ်..။ နောက်ပြီးသူ့ရဲ့အသက်အရွယ်ရ ကမ္ဘာ့အဆင့် တိုက်စစ်မှူးအဆင့်မျိုးမှာ နောက်ထပ်နှစ်ပေါင်းများစွာ ဆက်ပြီးရပ်တည်နိုင်မယ့် ကစားသမားဖြစ်ပါတယ်..။ အခုတောင်မှ ချယ်လ်ဆီးအသင်းမှာ ဘယ်လောက်တောင် ဂိုးသွင်းကောင်းတယ်..၊ ဂိုးဆာလောင်နေတယ်ဆိုတာ တွေ့နေရပါပြီ..။ အခုနောက်ပိုင်း အသင်းရဲ့ပထမဦးစားပေး ပင်နယ်တီကန်သွင်းတဲ့သူ ဖြစ်သွားတဲ့အပြင် သူ့ရဲ့ပင်နယ်တီကန်ချက်တွေ ဘယ်လိုကောင်းတယ်ဆိုတာ ကျွန်တော်တို့ အချင်းချင်းတောင် ပြောဖြစ်ခဲ့ကြပါသေးတယ်..။

သူဟာဂိုးဧရိယာအတွင်းမှာ ဟာရီ၊ ဂျေမီ တို့လို နေရာယူကောင်းမွန်တဲ့သူ ဖြစ်ပါတယ်..၊ ဂျေမီ လို နောက်ခံအစွန်လူနဲ့ ဗဟိုနောက်ခံလူကြားက နေရာလွတ် (channel) တွေကို ကောင်းကောင်း အသုံးချနိုင်တယ်..၊ လျှင်မြန်မှုနဲ့ကျော်ဖြတ်ပြေးနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။ ဟာရီ လို အသင်းဖော်တွေနဲ့ တွဲဖက်ကစားတာ (link up play) ကောင်းမွန်တယ်..၊ အဆုံးသတ်ပိုင်းမှာလည်း (finishing) သူတို့တွေအတိုင်း ကောင်းမွန်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့တစ်ဦးချင်းအမြင်နဲ့ဆိုရင် ချယ်လ်ဆီးအသင်းဟာ သူ့ကိုခေါ်ယူနိုင်ခဲ့တာ သိပ်ကိုကံကောင်းပါတယ်..။”



မေး - နောက်ထပ်မေးခွန်း…၊ ချယ်လ်ဆီးအသင်းမှာ ခွန်အားအကြီးဆုံး... ဒါမှမဟုတ် အသန်မာဆုံး (strongest) ကစားသမားက ဘယ်သူလဲဗျ…?
“ခန့်မှန်းကြည့်မယ်နော်..၊ ‘ကတ် ဇူးမား’ လို့ ထင်တာပဲဗျ..၊ မှန်ရဲ့လား..”

မေး - ခင်ဗျားက ဂိမ်းလည်းတစ်ခါမှ မကစားဖူးဘူးလို့လည်း ပြောသေးတယ်..။ ခန့်မှန်းသမျှ အကုန်မှန်နေပါလားဗျ..။ ဟားဟား.. ခင်ဗျားအတွက် ဘာကြောင့် ‘ဇူးမား’ လို့ ခန့်မှန်းရတာ  အရမ်းလွယ်ကူနေတာလဲဗျ..ဟားဟား.?
“သူဟာတကယ့်လူထွားကြီး (monster) ပဲဗျ..။ အမြင့်ဘောချင်း ယှဉ်လုမလား..၊ မြေကြီးပေါ်မှာ ပြိုင်ပြီးဖျက်ထုတ်မလား..၊ ’50- 50’ ဘောလုံးတွေကို သူနဲ့ဆိုင်ပြီး ရိုက်မယ်ဆိုလို့က သေဖို့တာ ပြင်ထားပေတော့..။”


မေး - အဲဒါဆို လေ့ကျင့်ခန်းတွေမှာ ခင်ဗျားဘယ်လိုလုပ်လဲ.. ?
“သူနဲ့ထိပ်တိုက် မတွေ့မိအောင် ပတ်ပြေးနေတာပေါ့ဗျ.. ဟားဟား…။ သူနဲ့ထိပ်တိုက်တွေ့ရင် ဆင်နင်းခံရသလို ကိုယ်ပဲနာလိမ့်မယ်ဆိုတာ သိထားတယ်လေ…။ ဒါ့ကြောင့်အမြင့်ဘော၊ အနိမ့်ဘောတွေ ရှင်းထုတ်တဲ့နေရာမှာ သူဟာအသင်းမှာ အသန်မာဆုံး ကစားသမားဆိုတာ သေချာပါတယ်..။ဒါ့အပြင်ဒီနှစ်မှာ တည်ကန်ဘောတွေ (set pieces) ဖျက်ထုတ်တာရော၊ အသုံးချတဲ့ အပိုင်းမှာပါ သိသိသာသာကြီး တိုးတက်လာတာ တွေ့ရမှာပါ..။ အခုထိ တည်ကန်ဘောတွေကနေ သုံးဂိုးသွင်းထားခဲ့တဲ့သူဆိုတော့ ဇူးမား ဟာ set pieces တွေမှာ ပြိုင်ဘက်အသင်း အလေးထားရမယ့် ကစားသမားဖြစ်ကြောင်း ပြသနေပါတယ်..။”



မေး - အခုလာမယ့်မေးခွန်းကတော့ နည်းနည်းဖြေရတာ ခက်ပါမယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားတို့အသင်းမှာ လျှင်မြန်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်..။ အဲဒီထဲက အရှိန်တင်ပြေးထွက်တဲ့နေရာမှာ အမြန်ဆုံး (highest pace) Rating ရထားတာ ဘယ်သူဖြစ်မလဲဗျ..?
“ဖြစ်နိုင်မယ့်အဖြေကို ကျွန်တော်သိထားသလိုပဲ..၊ ခန့်မှန်းကြည့်ပါမယ်..။ ‘တီမို’ ဖြစ်နိုင်ပါတယ်..၊ ဒါပေမယ့် တီမို နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိပ်ပြီးမသိရသေးဘူးဆိုတော့ မနှစ်ကဘောလုံးရာသီ လေ့ကျင့်ကွင်းမှာ GPS ကိရိယာနဲ့ တိုင်းထားတဲ့ ရလဒ်တွေအရ ‘တိုနီ ရူဒီဂါ’ ဖြစ်ပါတယ်..။ ဒါ့ကြောင့် ‘တိုနီ ရူဒီဂါ’ လို့ပဲ ဖြေရပါမယ်..။”

မေး- FIFA Game ထဲက အချက်အလက်တွေအရ အန်တိုနီယို ရူဒီဂါ ဆိုတဲ့အဖြေဟာ နီးစပ်သလိုပါပဲ..။ ဒါပေမယ့် ခင်ဗျားရဲ့တစ်ဦးချင်းအမြင်နဲ့ရော အန်တိုနီယို ရူဒီဂါ ဟာ တာတိုပြေးထွက်တဲ့နေရာမှာ အမြန်ဆုံးဆိုတဲ့ အဖြေဟာ မှန်ကန်တယ်လို့ ထင်ပါသလား..?
“ကျွန်တော်ကတော့ အန်တိုနီယို ရူဒီဂါ.. ဒါမှမဟုတ် ဖီကာရို တိုမိုရီ လို့ ထင်ပါတယ်..။ ဖီကာရို ကတော့ သူပဲအမြန်ဆုံးဆိုပြီး ပြောမှာအသေအချာပဲဗျ..။ လွန်ခဲ့တဲ့နှစ်တွေတုန်းက လူငယ် (အသက် ၁၈ နှစ်အောက်) အသင်းမှာ ကျွန်တော်ဟာ ဖီကာရို နဲ့ ဆုံဖူးပါတယ်..။ အဲဒီအချိန်က ကျွန်တော်တို့ချင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ့ဘယ်သူမှန်းလည်း မသိကြသေးပါဘူး..။ ကျွန်တော်က ဘေးစည်းတစ်လျှောက် သူ့ကိုကျော်ပြီးပြေးဖို့ ကြိုးစားပါတယ်.။ သူကချက်ချင်း အရှိန်တင်ပြီး ကျွန်တော့်ကို မှီလာတယ်ဗျ..။ အရမ်းမြန်တဲ့ကောင်ပဲ..။ ဒါ့ကြောင့်ကျွန်တော်ကတော့ ဖီကာရို ဖြစ်ဖြစ်၊ တိုနီ ရူဒီဂါ ဖြစ်ဖြစ် သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်က တာတိုပြေးထွက်တဲ့နေရာမှာ အမြန်ဆုံးဖြစ်ပါလိမ့်မယ်..။”



မေး - အခုမေးခွန်းကတော့ ခင်ဗျားရဲ့အသင်းဖော်တစ်ယောက်ဖြစ်တဲ့ ရိစ် ဂျိမ်းစ် နဲ့ ခင်ဗျားကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခံစစ်ပိုင်းဆိုင်ရာ အချက်အလက်တွေမှာ ဘယ်သူကပိုပြီးသာမယ်လို့ ထင်လဲဗျ..?
“သေချာပေါက် နံကြားထောက်ပြီး ဖြေရမယ့်မေးခွန်းပဲဗျိုး..။ ကျွန်တော်ကတော့ ‘ရိစ်’ ပဲ ဖြစ်မယ်ထင်တာပဲ…။”

မေး- မှားပါတယ်..။ ခံစစ်ပိုင်း Rating မှာ ရိစ် - ‘73’..၊ ခင်ဗျားက ‘77’ ဖြစ်ပါတယ်..။
“ကျွန်တော်တို့နှစ်ယောက်စလုံး ခံစစ်ပိုင်းဖျက်ထုတ်မှုတွေမှာ ကောင်းမွန်ပါတယ်..။ ဒါပေမယ့် ရိစ် က ကျွန်တော်ထက်ပိုပြီး ကြံ့ခိုင်မှုနဲ့ခွန်အားပိုင်းမှာ (strength) ကောင်းမွန်သလားလို့ပါ..။ ချယ်လ်ဆီးကို မရောက်ခင်က သူဘယ်လောက်တောင် ကြံ့ခိုင်မှုကောင်းပြီး သန်မာလဲဆိုတာ မသိခဲ့ဘူးဗျ.။ နောက်ပြီးသူဟာ body ခုပြီး ကစားတဲ့နေရာမှာလည်း သိပ်ကိုထူးချွန်ပါတယ်..။ ဒါ့အပြင် အသက် (၂၀) ပဲရှိသေးတယ် ဆိုပေမယ့် ခံစစ်ကစားတဲ့နေရာမှာ သူ့ရဲ့တည်ငြိမ်၊ ရင့်ကျက်မှုဟာ သိပ်ကိုအံ့သြစရာပါပဲ..။ သူဟာတကယ့်ကို ပင်ကိုယ်အရည်အချင်း ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ အားလုံးက သူ့ရဲ့တိုက်စစ်ပိုင်း ပံ့ပိုးနိုင်မှုနဲ့ ဖြတ်တင်ဘောတွေအကြောင်းပဲ ချီးကျူးနေကြတာ..၊ တကယ်တော့ သူ့ရဲ့ခံစစ်ပိုင်း ကာကွယ်မှုတွေလည်း သိပ်ကိုကောင်းမွန်ပါတယ်..။”



မေး - အင်းဗျ..၊ အခုဆိုရင် ချယ်လ်ဆီးအသင်းမှာ ရိစ်၊ ခင်ဗျား..၊ မေဆန် မောင့်..၊ တန်မီ အေဘရာဟမ်.. စသဖြင့် အရည်အသွေးမြင့် အင်္ဂလိပ်လူငယ် ကစားသမားတွေ အများကြီးပဲဗျ..။ အခုအချိန်ဟာ ခင်ဗျားတို့အတွက် ချယ်လ်ဆီးနဲ့အင်္ဂလန်အသင်း ကစားသမားတွေအဖြစ် တစ်ပြိုင်နက် ကိုယ်စားပြုခွင့်ရနေခဲ့တာဟာ တကယ့်ကို စိတ်လှုပ်ရှာဖို့ကောင်းလှတယ်လို့ မပြောနိုင်ဘူးလား..?
“Yes.. သေချာတာပေါ့..။ အဲဒီအချက်ဟာ ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့ရတဲ့ အဓိကအချက်တစ်ချက် ဖြစ်တယ်ဆိုတာ အစောကလည်း ပြောခဲ့ပြီးပါပြီ..။ ချယ်လ်ဆီးအသင်းမှာ အင်္ဂလန်လက်ရွေးစင်အသင်း အဆင့်ဆင့်မှာ ပါဝင်နေတဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားအများအပြား ရှိနှင့်ပြီးဖြစ်ပါတယ်..။ မန်နေဂျာကလည်း သူတို့တုန်းကအတိုင်း အင်္ဂလိပ် ကစားသမားအများစုကို အခြေခံပြီး အသင်းရဲ့ကျောရိုးကို တည်ဆောက်ဖို့ ရည်ရွယ်ထားခဲ့ပုံ ရပါတယ်..။

ဒါဟာအောင်မြင်မှုတွေကို ရေရှည်၊ တည်ဆောက်နိုင်ဖို့ အချက်တစ်ခု ဖြစ်နိုင်တယ်လို့ မန်နေဂျာက ကျွန်တော့်ကို ပြောခဲ့ပါတယ်.။ အခုဆိုရင် ကျွန်တော်တို့လို လူငယ်အင်္ဂလိပ် ကစားသမားတွေဟာ ချယ်လ်ဆီးအသင်းမှာ အခြေပြုပြီး နောက်ထပ်နှစ်ပေါင်း ဘယ်လောက်တောင် အတူတကွ ကစားနိုင်မယ်ဆိုတာ မှန်းဆလို့ ရနိုင်သလို အောင်မြင်မှုတွေ၊ ဆုဖလားတွေ ရရှိနိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားပါတယ်..။”

မေး - အခုမေးခွန်းကတော့ FIFA 21 ဂိမ်းအရ ခင်ဗျားတို့အသင်းမှာ ဘောလုံးပေးပို့မှု (passing) အကောင်းဆုံး ကစားသမား ဘယ်သူဖြစ်မလဲ..?
“ကစားသမားသစ်တွေထဲကပဲ ဖြစ်လိမ့်မယ်ဗျ..။ အင်း.. ‘ဟာကင် ဇိုင်းယက်ချ်’ ဖြစ်မယ်ထင်တယ်..။”

မေး - Correct.. မှန်ပါတယ်..။ သူ့ရဲ့ passing rating က ‘87’ ရှိပါတယ်..။ သူ့ရဲ့ဘောလုံးပေးပို့မှုအကြောင်း ပြောမယ်ဆိုရင် လွှမ်းခြုံနိုင်တဲ့ အကွာအဝေး (range of passing) ကိုလည်း ထည့်ပြီးပြောမှ ပြည့်စုံမယ်လို့ ထင်တာပဲဗျ..။ သူဟာခင်ဗျားတို့အသင်းမှာ passing range အကောင်းဆုံး ဖြစ်မယ်ထင်တယ်.. ဟုတ်တယ်မလား..?
“ဟုတ်တာပေါ့..။ ကျွန်တော်တို့အသင်းမှာ ဘောလုံးပေးပို့မှုု ကောင်းမွန်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်..။ ဒါပေမယ့် ဟာကင် ရဲ့ ပေးပို့မှုတွေကို ကြည့်မယ်ဆိုရင် ဂိုးဧရိယာထဲထိ အတိအကျ ပေးပို့နိုင်စွမ်း ရှိတဲ့အပြင် ကိုက် (၆၀) လောက်ကို ကွက်တိ ထောင့်ဖြတ်ပေးပို့ခဲ့တဲ့ ဘောလုံးတွေဟာ တကယ့်ကို အလွင့်ပဲဗျ..။ ဒါ့ကြောင့်သူဟာကျွန်တော် မြင်ဖူးသမျှထဲမှာ passing range အကောင်းဆုံး ဖြစ်သလို သူ့ရဲ့ဘယ်ခြေဟာ အံ့မခန်းပါပဲ..။

သူဟာခရက်စ်နိုဒါ အသင်းနဲ့ပွဲမှာ အသင်းနဲ့ပထမဆုံးစပြီး ကစားနိုင်ခဲ့ပါတယ်..။ အဲဒီပွဲမှာ သူဟာခုနက ပြောခဲ့တဲ့ ကိုက် (၆၀) လောက်အကွာကနေ ထောင့်ဖြတ်ဘောတွေ (diagonal ball) သုံးကြိမ်၊ လေးကြိမ်လောက် ပြုလုပ်ခဲ့ပါတယ်..။ အဲဒီဘောလုံးတွေကို မြင်မိတော့ အရမ်းကို အံ့အားသင့်မိတယ်ဗျ..။ ခြေတစ်ချောင်းနဲ့ အဲလောက်အတိအကျ အလွှင့်ဘောတွေ ပေးလို့ရတယ်ဆိုတာ ကျွန်တော်လည်း အဲဒီကျမှ သိခဲ့တာ… သိပ်ကိုသဘောကျဖို့ ကောင်းပါတယ်..။”



မေး - ဟုတ်ကဲ့ပါ.. အခုနောက်ဆုံး မေးခွန်းပေ့ါ… ခင်ဗျားတို့ချယ်လ်ဆီးအသင်း နောက်ခံလူတွေထဲမှာ ခံစစ်ပိုင်းစွမ်းဆောင်ရည် အမြင့်ဆုံး ကစားသမား ဘယ်သူဖြစ်မလဲဗျ.?
“လွယ်ပါတယ်..၊ ‘သီယာဂို ဆေးလ်ဗား’ ပဲ ဖြစ်မှာပေ့ါ..။ သူဟာကျွန်တော်တို့အသင်း ခံစစ်ကြောင်းအတွက် တကယ့်ကို အရှိန်အဝါ ကြီးမားခဲ့တဲ့သူ တစ်ယောက် ဖြစ်သလို သူ့ရဲ့လွှမ်းမိုးနိုင်မှုဟာ အရမ်းကိုသိသာပါတယ်..။ သူနဲ့အတူ ပွဲမှာကစားတာပဲဖြစ်ဖြစ်၊ လေ့ကျင့်ကွင်းမှာပဲဖြစ်ဖြစ်.. ကိုယ့်ကိုယ်ကို နောက်ကျောလုံတယ်လို့ ခံစားရပါတယ်..။

ဒါ့အပြင်ပြီးခဲ့တဲ့ပွဲမှာလိုပေါ့ဗျာ.. သူဟာကျွန်တော်တို့ကို ဘယ်လိုနေရာမှာ နေရာယူရမယ်..၊ ဘယ်နေရာကို ဘောလုံးပေးပို့သင့်တယ် စသဖြင့် အမြဲတမ်းဆက်သွယ် ညွန်ကြားနေသလို တခြားကွင်းဘက်မှာ ဘောလုံးရောက်နေခဲ့တောင်မှ ‘Chilly ရေ.. နောက်နည်းနည်းဆုတ်ဦး..’..၊ ‘Chilly ရေ.. ဘယ်သူ့ကိုဖြင့် သတိထားကြည့်ဦး.. မလွတ်စေနဲ့..’ စသဖြင့် အဆက်မပြတ် မှာကြားနေပါတယ်..။ ဒါ့ကြောင့်သူ့လို ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားတစ်ယောက်နဲ့ မိနစ် (၉၀) လောက် အတူတွဲပြီး ကစားရတယ်ဆိုရင် ကျွန်တော်တို့လို လူငယ်ကစားသမားတွေအတွက် အများကြီးသင်ယူခွင့် ရခဲ့သလို သူတို့ဘယ်လောက်တောင် ကောင်းမွန်တယ်ဆိုတာ သိသာပါတယ်..။ ဒါ့ကြောင့်သီယာဂို ဟာ တစ်ရာသီလုံး ကြံ့ခိုင်မှုအပြည့်နဲ့ ကစားသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။”



မေး - ဟေး… ဘင် ရေ.. ခင်ဗျားဟာ FIFA ဂိမ်းတွေကို သိပ်ပြီးကစားလေ့မရှိဘူး ဆိုပေမယ့် ခင်ဗျားရဲ့အဖြေတွေ၊ မှန်းဆချက်တွေဟာ မှန်ကန်တာ များပါတယ်..။ ဒါ့ကြောင့်ခင်ဗျားရဲ့ကိုယ်ပိုင် rating ကို အခုလက်ရှိထက်ပိုပြီး နည်းနည်းလေး မြှင့်ပေးရင် ကောင်းမလား..? ဆိုတဲ့အချက်ကလွဲရင် ခင်ဗျားအနေနဲ့ စိတ်တိုင်းကျနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်..။ ဒီနှစ်ဘောလုံးရာသီမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။
“ဟုတ်ကဲ့ပါ..၊ အခုလိုဆုတောင်းပေးတဲ့အတွက် ကျေးဖူးတင်ရှိပါတယ်..။ EA Sports က ဖြန့်ချီခဲ့တဲ့ အခုဂိမ်းဟာလည်း အရင်တုန်းက ဂိမ်းတွေရဲ့ အစဉ်အလာကောင်းတွေကို ဆက်ပြီးထိန်းသိမ်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်..။ ဒါ့အပြင်ကစားသမားတွေရဲ့ တစ်ဦးချင်း rating သတ်မှတ်ချက်တွေဟာ အသေးစိတ်ကျလွန်းပြီး အပြင်ကအခြေအနေနဲ့ နီးစပ်တာကို တွေ့မိပါတယ်..။ ဒါ့ကြောင့်အဲဒီအချက်အလက်တွေကို ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ တိုးတက်မှုတွေ ပြသတဲ့မှတ်တမ်းတွေအဖြစ် မှတ်ယူပြီး ရှေ့ဆက်မှာ အခုထက်ပိုပြီး တိုးတက်အောင် ဆက်လက်ကြိုးစားသွားမှာပါ..။”