feature-image

‘မေဆန် မောင့်’ ရဲ့ အကောင်းဆုံးနေရာကို ရှာဖွေခြင်း…

“ခင်ဗျားရဲ့ကွင်းလယ်အဖျက် ကစားသမား (holding midfielder) ကိုပဲ ကျွန်တော့်ကိုပြပါ..၊ ခင်ဗျားရဲ့အသင်းဟာ ဘယ်လိုအသင်းမျိုးလဲ ကျွန်တော်ပြောပြပါမယ်..။”


မန်ချက်စတာ စီးတီးအသင်းမှာ လက်ထောက်နည်းပြ ဂျူအမ်မာ လီလို အခုလိုပြောဆိုခဲ့တဲ့ စကားဟာ နာမည်ကျော်ခဲ့ပါတယ်..။ သူဟာ လက်ရှိဥရောပ ဘောလုံးလောကရဲ့ အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်တဲ့ ပက်ပ် ဂွာဒီယိုလား ရဲ့ ငယ်ဆရာလည်း ဖြစ်ပါတယ်.။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကတော့ holding midfielder.. box to box ကွင်းလယ်ကစားသမား..၊ ကွင်းလယ်ဖန်တီးရှင်. စသဖြင့် အမျိုးအစား ကွဲပြားနေခဲ့သော်လည်း ‘ကွင်းလယ်ကစားသမား’ ဆိုတာ အသင်းတစ်သင်းကို မောင်းနှင်နေတဲ့ နှလုံးသားလည်းဖြစ်တယ်..၊ ဦးနှောက်လည်း ဖြစ်တယ် ဆိုတဲ့ သဘောပါပဲ..။

ဒါ့ကြောင့်အန်တိုနီယို ကွန်တီ ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့အချိန်မှာ အန်ဂိုလို ကန်တေး ကို ဒုတိယမြောက် ကစားသမားအဖြစ် ခေါ်ယူခဲ့တာ ဖြစ်သလို အင်တာ မီလန်အသင်းကို ရောက်ရှိနေချိန်မှာလည်း ပြင်သစ်ကွင်းလယ် ကစားသမားကို မရမကခေါ်ယူလို့ သူ့ကိုဝန်းရံပြီး အသင်းကိုတည်ဆောက်ဖို့ အသည်းအသန် ကြိုးစားနေတာ ဖြစ်ပါတယ်..။

အခုခေတ် ဘောလုံးလောကမှာ ကွင်းလယ်ကစားသမားတွေရဲ့ အခန်းကဏ္ဍ တဖြည်းဖြည်းပိုပြီး အရေးပါလာတယ် ဆိုပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပြန်လည်လှုပ်ရှားခွင့်ရတဲ့အချိန်မှာ ကွင်းလယ်ကစားသမား တစ်ယောက်မှ ခေါ်ယူခဲ့တာမရှိပါဘူး.။ တိုက်စစ်ပိုင်းမှာတော့ ကိုင် ဟာဗာ့ဇ်၊ တီမို ဗာနာ နဲ့ ဟာကင် ဇိုင်းယက်ချ် တို့လို အရည်အသွေးမြင့် ကစားသမားတွေ အားဖြည့်ခဲ့သလို ခံစစ်ပိုင်းမှာတော့ အက်ဒ်ဒွပ် မန်ဒီ၊ သီယာဂို ဆေးလ်ဗား နဲ့ ဘင် ချီးဝဲလ် တို့ကို ခေါ်ယူခဲ့ပါတယ်..။



ဒါ့အပြင် ဒီနှစ်ဘောလုံးရာသီမှာ ပွဲစဉ်တွေ ကျပ်နေတဲ့အထဲက ရူဘင် လေ့ာဖ်တပ်စ် ချိခ် နဲ့ ရော့စ် ဘာကလေ တို့လို ကွင်းလယ်ကစားသမားတွေကိုပါ ထပ်မံအဌားချခဲ့ပြန်ပါတယ်..။ ဒါ့ကြောင့်အသင်းရဲ့ခါးရိုးဖြစ်တဲ့ ကွင်းလယ်အခန်းကဏ္ဍပိုင်းမှာ အားနည်းသွားတယ်လို့ ယူဆနိုင်ပေမယ့် ဂန္တဝင် ကွင်းလယ် ကစားသမားကြီးအနေနဲ့ သူ့ရဲ့ကစားဟန်၊ လုပ်အားနုန်းတို့ကို ဆက်ခံနိုင်မယ့် လူငယ်ကစားသမား ‘မေဆန် မောင့်’ ကို ယုံကြည်အားကိုးခဲ့လို့ အခုလိုစွန့်စားခဲ့တာ ဖြစ်နိုင်ပါတယ်..။

တကယ်တော့ မေဆန် မောင့် ကို အထူးအားကိုးခဲ့တာ လမ်းပတ် တစ်ယောက်တည်းတင် မဟုတ်ပါဘူး..။ အင်္ဂလန်အသင်း မန်နေဂျာ ဂါးရတ် ဆောက်ဂိတ် ကလည်း ဂျက်ခ် ဂရေးလစ်ချ် ထက်ပိုပြီး မေဆန် မောင့် ကို နေရာပေးခဲ့လို့ ဝေဖန်နေကြသူတွေကို မီဒီယာတွေကနေတဆင့် ပြန်လည်တုံ့ပြန်ခဲ့ပါသေးတယ်..။ ဖရန့် လမ်းပတ် နဲ့ ဂါးရတ် ဆောက်ဂိတ် တို့ မေဆန် မောင့် ကို ယုံကြည်၊ အားထားခဲ့တဲ့ အကြောင်းရင်းထဲမှာ ‘နေရာစုံ ကစားနိုင်ခဲ့ခြင်း’ ဆိုတဲ့ အားသာချက်တစ်ခုကလည်း အရေးပါခဲ့ပါတယ်.။ သူဟာနောက်ချန် တိုက်စစ်မှူး၊ တိုက်စစ်အားသန် ကွင်းလယ်ကစားသမား (attacking midfielder)၊ ဘယ် ညာ တောင်ပံ ကစားသမားတွေ (winger) အဖြစ် ကစားနိုင်ပါတယ်.။

နည်းပြဖရန့် လမ်းပတ် ဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း ကစားကွက်မျိုးစုံ စမ်းသပ်ခဲ့ကြသလို အောက်တိုဘာလ (၂၈) ရက်နေ့က ခရက်စ်နိုဒါ အသင်းနဲ့ပွဲစဉ်ကနေစတင်ပြီး ၄- ၃- ၃ ကစားကွက်ကို ပြန်လည်အသုံးပြုခဲ့ပါတယ်..။ အဲဒီကစားကွက် အခင်းအကျင်းမှာ မေဆန် မောင့် ဟာ ဘယ်အခြမ်း ကွင်းလယ်ကစားသမား (left midfielder) အဖြစ် ကစားခဲ့သလို သူ့ရဲ့နည်းစနစ်ပိုင်း ပိုင်နိုင်မှု၊ လုပ်အားနှုန်းနဲ့ နေရာလွတ်တွေ ဖန်တီးပေးနိုင်စွမ်း၊ ရှာဖွေနိုင်စွမ်းတွေကြောင့် အဲဒီနေရာသစ်မှာလည်း အံဝင်ခဲ့ပြန်ပါတယ်..။

ဒါ့ကြောင့် ‘မေဆန် မောင့် ရဲ့ အကောင်းဆုံးနေရာဟာ ဘယ်နေရာဖြစ်မလဲ..?’ ဆိုပြီး မေးစရာရှိလာပါတဲ့အပြင် ဖရန့် လမ်းပတ် နဲ့ ဂါးရတ် ဆောက်ဂိတ် တို့အနေနဲ့ လူငယ်သွေးသစ် ကစားသမားလေးရဲ့ အကောင်းဆုံးခြေစွမ်းကို ရရှိနိင်အောင် ဘယ်လိုစွမ်းဆောင်ကြမလဲ..?



တိုက်စစ်အားသန် ကွင်းလယ်ကစားသမား (attacking midfielder) အဖြစ် မေဆန် မောင့်

မေဆန် မောင့် ဟာ ဗီတက်ဆီ အာဟမ်အသင်းနဲ့ ဒါဘီ ကောင်တီ အသင်းကို အဌားသွားရောက်စဉ်က တိုက်စစ်အားသန် ကွင်းလယ်ကစားသမားအဖြစ် အများဆုံးကစားခဲ့ပါတယ်…။ ၂၀၁၉/၂၀ ဘောလုံးရာသီ၊ သူပါဝင်ခဲ့တဲ့ (၅၃) ပွဲမှာ attacking midfielder အဖြစ် ပွဲပေါင်း (၃၀) ကို ကစားခဲ့သလို ဂိုးသွင်း၊ ဂိုးဖန်တီးပေးနိုင်မှု (goal contribution) (၇) ကြိမ် ရှိခဲ့ပါတယ်..။

တကယ်တော့ attacking midfielder ပဲပြောပြော၊ ကွင်းလယ်ဖန်တီးရှင်လို့ပဲပြောပြော အသင်းရဲ့ ‘No.10’ နေရာမှာ ကစားမယ့်သူအနေနဲ့ နည်းစနစ်ပိုင်း ကောင်းမွန်ဖို့ လိုအပ်သလို ဆုံးဖြတ်ချက် လျှင်မြန်ရမယ်..၊ လျှပ်တစ်ပြတ် ဆုံးဖြတ်ချက်တွေ ကောင်းမွန်ရပါမယ်..။ ဒါ့အပြင် ကျန်တဲ့ကွင်းလယ် ကစားသမားတွေနဲ့လည်း တွဲဖက်ညီဖို့..၊ အသင်းရဲ့တိုက်စစ်ကစားကွက်ကို ထိန်းညှိပေးနိုင်ဖို့ လိုအပ်ပါတယ်..။ အဲဒီနေရာမှာတော့ မေဆန် မောင့် ဟာ ယခင်အပြာရောင် ကွင်းလယ်ဖန်တီးရှင်တွေကို မမှီသေးပါဘူး..။ သူ့ဆီမှာ ဂျူအန် မာတာ လို ဘောလုံးအထိန်းအသိမ်းနဲ့ အကွက်မြင်မှု၊ အီဒင် ဟာဇက် ရဲ့ တစ်ဦးချင်း ဖြတ်ကျော်နိုင်မှုစွမ်းရည်၊ ဖရန့် လမ်းပတ် ရဲ့ ဂိုးသွင်းစွမ်းရည်မျိုး မရှိသေးပါဘူး..။

ဒါပေမယ့် မေဆန် မောင့် ဟာ အခုခေတ်သစ် ဘောလုံးကစားနည်းမှာ အရေးပါတဲ့ off the ball လုပ်အားနှုန်းနဲ့ နေရာယူ ကောင်းမွန်မှု..၊ ဖိအားပေး ကစားရာမှာ (pressing) ကောင်းမွန်မှု..  စတဲ့ စွမ်းရည်တွေနဲ့ ပြည့်စုံနေတာကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်..။ ဒါ့အပြင် နေရာလွတ်တွေကို ရှာဖွေနိုင်စွမ်း ကောင်းမွန်သလို တစ်ချက်ထိ တွဲလုံးတွေနဲ့ ကစားတတ်သူဖြစ်ပြီး ဘောလုံးနဲ့အတူ လျှပ်တစ်ပြက် လှည့်ထွက်နိင်စွမ်း ရှိပါတယ်..။



သူ့ဆီမှာ ‘ခေတ်သစ် ကွင်းလယ် ဖန်တီးရှင် (modern attacking midfielder)’ တစ်ယောက်ရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံနေပေမယ့် အဆုံးသတ်ဂိုးသွင်းတဲ့နေရာနဲ့ တစ်လုံးဆိုတစ်လုံး ထိထိရောက်ရောက် ဖန်တီးပေးနိုင်၊ အသုံးချနိုင်ဖို့ လိုအပ်နေပါသေးတယ်..။ မနှစ်ကဘောလုံးရာသီ၊ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ၂ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲတဲ့ attacking transition တွေမှာ သူ့ရဲ့ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့သလို အဆုံးသတ်ဘောလုံးတွေ (final ball) ပေပို့ရာမှာလည်း အမှားအယွင်းများခဲ့ပါတယ်..။

အထူးသဖြင့် ထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ တစ်လုံးဆိုတစ်လုံး ထိထိရောက်ရောက် အဆုံးသတ်နိုင်၊ အသုံးချနိုင်ဖို့ လိုအပ်သလို သေသပ်မှုမရှိပဲ အဆုံးအဖြတ်မှားယွင်းတတ်တဲ့ သူ့ရဲ့ကစားပုံအပေါ် ချယ်လ်ဆီးပရိသတ်တွေ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်..။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ ဟာကင် ဇိုင်းယက်ချ် နဲ့ ကိုင် ဟာဗာ့ဇ် တို့လို ဖန်တီးမှုအား ကောင်းမွန်တဲ့ ကစားသမားတွေဟာ မေဆန် မောင့် ရဲ့ အဲဒီ final ball ပေးပို့၊ အဆုံးသတ်မှု အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်..။ ဒါပေမယ့်သူဟာ အသက် (၂၁) နှစ်ပဲ ရှိသေးတာကြောင့် ဒီထက်ပိုပြီး အများကြီးတိုးတက်ဖို့ အချိန်တွေ ရှိနေပါသေးတယ်..။ မေဆန် မောင့် ဟာ အခုနှစ်ဘောလုံးရာသီမှာ ‘No. 10’ နေရာကနေ ပွဲထွက်ခဲ့တာ တော့တင်ဟမ် အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ EFL ဖလားပွဲစဉ် တစ်ပွဲပဲ ရှိပါသေးပြီး အဲဒီပွဲမှာ သူ့ရဲ့အဆုံးအဖြတ် ပင်နယ်တီကန်ချက် လွဲချော်ခဲ့ပါတယ်..။

ဘယ်/ ညာတောင်ပံ ကစားသမား (winger/ wide midfielder) အဖြစ် မေဆန် မောင့်…

၂၀၁၉/၂၀ ဘောလုံးရာသီမှာ မေဆန် မောင့် ဟာ ၄-၂- ၃-၁ ကစားကွက် အခင်းအကျင်းရဲ့ ဘယ်/ ညာတောင်ပံ ကစားသမား အနေနဲ့ (၇) ကြိမ် ကစားခဲ့ရပြီး အခုနှစ်ဘောလုံးသီမှာတော့ (၆) ပွဲကစားခွင့် ရရှိထားပါတယ်..။ တကယ်တော့ မေဆန် မောင့် ဟာ မနှစ်ကဘောလုံးရာသီ၊ ဒီဇင်ဘာလ (၂၂) ရက်နေ့၊ တော့တင်ဟမ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ၃- ၄- ၃ ကစားကွက်ရဲ့ ညာတောင်ပံ ကစားသမားအဖြစ် စတင်ကစားခဲ့ပါတယ်..။ အဲဒီပွဲမှာ သူဟာခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့လှုုပ်ရှားမှုတွေ၊ လျှင်မြန်အားပါတဲ့ ပြေးအား၊ တိကျတဲ့ ပေးပို့မှုတွေနဲ့ ဝါရင့်နောက်ခံလူ ယန်း ဗာတိုဂန် ကို အခက်တွေ့စေခဲ့ပါတယ်..။



ဒါပေမယ့် ဘေယန် မြူးနစ်အသင်းနဲ့ ရင်ဆိုင်တဲ့ပွဲမှာတော့ ရုန်းကန်ခဲ့ရသလို အာဆင်နယ်အသင်းနဲ့ FA ဖလား၊ ဗိုလ်လုပွဲမှာလည်း သူ့ရဲ့တိုက်စစ်ပိုင်း ပေးပို့မှုဆုံးဖြတ်ချက် အပိုင်းတွေမှာ လိုအပ်ချက်ရှိခဲ့ပါတယ်.။ ဒါ့အပြင် အာဆင်နယ်အသင်း တောင်ပံနောက်ခံလူတွေကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့သလို တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဒ်၊ တန်မီ အေဘရာဟမ် တို့နဲ့ အချိတ်အဆက် မမိခဲ့ပါဘူး..။ အဲဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို ၂ဂိုး- ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို မေဆန် မောင့် ဟာ ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ပွဲချိန် (၇၈) မိနစ်မှာ ရော့စ် ဘာကလေ နဲ့ လူစားလဲခြင်းခံခဲ့ရပါတယ်..။

ဖရန့် လမ်းပတ် ဟာ မေဆန် မောင့် ကို တောင်ပံမှာပွဲထွက်စေခဲ့တာ သူ့ရဲ့ပင်ကိုယ် စွမ်းရည်ကြောင့်ထက်စာရင် ကွင်းလယ်ကစားသမားနှစ်ယောက်နဲ့ double pivot အထိုင်ချဖို့ အားသန်နေခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် အင်္ဂလန်အသင်းမှာတော့ တောင်ပံကစားသမားအဖြစ် အများဆုံးကစားခဲ့ပြီး UEFA Nations League ပွဲစဉ်တွေမှာ သူဟာဂါးရတ် ဆောက်ဂိတ် ရဲ့ ၃- ၄- ၃ ကစားကွက်ရဲ့ ညာတောင်ပံ ကစားသမားအဖြစ် ကစားခဲ့ရပါတယ်..။ မေဆန် မောင့် ဟာ နေရာစုံကစားနိုင်တဲ့အပြင် နည်းစနစ်ပိုင်း ထူးချွန်ပြီး off the ball ကစားပုံ၊ လုပ်အားနှုန်း ကောင်းမွန်တာကြောင့် နည်းပြတွေက သူ့ကိုသဘောကျတာ ဖြစ်ပါတယ်..။

ကွင်းလယ် ကစားသမား (central midfielder) အဖြစ် မေဆန် မောင့်..

ဖရန့် လမ်းပတ် ရဲ့ နည်းပြဘ၀ ပထမဆုံးရာသီအဖြစ် ဒါဘီ ကောင်တီ အသင်းကိုကိုင်တွယ်စဉ်တုန်းက မေဆန် မောင့် ကို ကွင်းလယ်သုံးယောက်တန်းရဲ့ ဘယ်အခြမ်း (left sided midfielder) မှာ အများဆုံး နေရာချထားခဲ့ပါတယ်..။ မနှစ်ကဘောလုံးရာသီမှာ ကွင်းလယ်ကစားသမား (central midfielder) အဖြစ် (၁၁) ပွဲ ကစားခဲ့ရသလို အခုနှစ်ဘောလုံးရာသီမှာတော့ လမ်းပတ် ရဲ့ ၄- ၃- ၃ ကစားကွက်မှာ ဘယ်အခြမ်းက ကွင်းလယ်ကစားသမား (left sided central midfielder) အဖြစ် (၃) ပွဲကစားထားပါတယ်..။

မေဆန် မောင့် ဟာ ကွင်းလယ်ကစားသမားအဖြစ် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ပွဲစဉ်တွေမနားခင် အဲဗာတန်အသင်းနဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ စတင်ကစားခဲ့ပါတယ်..။ အဲဒီပွဲမှာ ဖရန့် လမ်းပတ် ရဲ့ အဓိကကွင်းလယ်ကစားသမား သုံးယောက်ဖြစ်တဲ့ ဂျော်ဂင်ဟို၊ ကန်တေး နဲ့ ကိုဗာဆစ် တို့ သုံးယောက်စလုံး မပါဝင်နိင်ခဲ့တာကြောင့် အသက် (၁၈) နှစ်သား ဘီလီ ဂေးလ်မား ကို အထိုင်ချပြီး ရော့စ် ဘာကလေ က ညာအခြမ်း၊ မေဆန် မောင့် က ဘယ်အခြမ်းကနေ ဝန်းရံကာ ကွင်းလယ်သုံးယောက်တန်းနဲ့ ၄- ၃- ၃ ကစားကွက် ခင်းကျင်းခဲ့ပါတယ်..။



အဲဒီပွဲရဲ့ ပွဲချိန် (၁၄) မိနစ်မှာပဲ မေဆန် မောင့် ဟာ အဲဗာတန်အသင်းရဲ့ ကွင်းလယ်နဲ့နောက်တန်းကြားက နေရာလွတ်ဆီကို ဘောလုံးဆင်းယူပြီး ဘယ်တောင်ပံက ပီဒရို ဆီကို ထိုးပေးလိုက်ပါတယ်..။ အဲဒီနောက် ဂိုးဧရိယာထဲမှာ အသင့်နေရာယူတယ်..၊ ပီဒရို ဆီက ပြန်ပေးလာတဲ့ ဘောလုံးကို တစ်ချက်လှည့်ကန်သွင်းပြီး အသင်းအတွက် အဖွင့်ဂိုးကို ရယူနိုင်ခဲ့ပါတယ်..။ အဲဒီပွဲနောက်ပိုင်းမှာလည်း ဖရန့် လမ်းပတ် ဟာ ၄- ၃- ၃ ကစားကွက်ကို ရံဖန်ရံခါ သုံးစွဲခဲ့ပါတယ်..။ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ဖလား ရရှိစေခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းကို ၂ဂိုး- ၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း မေဆန် မောင့် ဟာ left sided central midfielder အဖြစ် ပါဝင်ခဲ့ပါတယ်..။ ဒီနှစ်ဘောလုံးရာသီမှာတော့ အဲဒီ ၄- ၃- ၃ ပုံစံအခင်းအကျင်းကို ခရက်စ်နိုဒါ အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ကျမှ စတင်သုံးစွဲခဲ့ပါတယ်..။ အဲဒီပွဲမှာမေဆန် မောင့် ဟာ ကွင်းလယ်ကစားသမားအဖြစ် အရန်ခုံကနေ ဝင်ရောက်ကစားခဲ့ရပါတယ်.။ ဘန်လေအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ သူဟာ ကွင်းလယ်ဘယ်အခြမ်းကနေ ပွဲထွက်ခဲ့ပါတယ်..။

မေဆန် မောင့် ဟာ အဲဒီပွဲမှာ အထူးခြေစွမ်းပြခဲ့ပြီး ပွဲစဉ်ရဲ့ တိုက်စစ်ဇုန်ပေးပို့မှု (final third passes) အများဆုံး ပြုလုပ်နိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ဘောလုံးဖျက်ထုတ်မှု (tackles) နဲ့ ဖိအားပေးမှု (pressing) တွေမှာ ဒုတိယအမျာဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပြီး သူ့ရဲ့လုပ်အားနှုန်းကောင်းမွန်မှုကို သက်သေပြခဲ့ပါတယ်..။ တစ်ကွင်းလုံးအနှံ့ မရပ်မနား ရွေ့လျားနေတာကြောင့် ပြန်ကျလာတဲ့ (second balls) ဘောလုံးတွေမှာလည်း အကောင်းဆုံး အရယူနိုင်တာ တွေ့ခဲ့ရပါတယ်..။ သူဟာ အသင်းရဲ့ ကွင်းလယ်ကို ကောင်းကောင်းထိန်းကျောင်းနိုင်ခဲ့ပြီး တိကျတဲ့ ကိုက် (၄၀) ကျော် ထောင့်ဖြတ်ပေးပို့မှုတွေနဲ့ တောင်ပံပြောင်းပြီး တိုက်စစ်တွေကို စတင်နိုင်စေခဲ့ပါတယ်..။ ဒ့ါအပြင် လျှင်မြန်တဲ့ လှည့်ထွက်မှု၊ တွဲလုံးတွေနဲ့ ဘန်လေအသင်းရဲ့ ကွင်းလယ်ဇုန် press တွေကိုပါ မကြာခဏ ကျော်ဖြတ်နိုင်ခဲ့ပါတယ်..။



မေဆန် မောင့် ဟာ အခုတစ်ကြိမ် နိုင်ငံတကာ ပွဲစဉ်များမတိုင်ခင် ယှဉ်ပြိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းပွဲစဉ်တွေမှာ ကွင်းလယ် (No. 8) နေရာကနေ ခြေစွမ်းပြနိုင်ခဲ့သလို အခုတစ်ပါတ် နယူးကာဆယ်အသင်းနဲ့ပွဲမှာလည်း အဲဒီလို ကွင်းလယ်ကပဲ ပွဲထွက်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်.။ ကွင်းလယ်မှာ ကစားရတဲ့ အချိန်တွေမှာလည်း သူဟာဝါရင့်ကွင်းလယ် ကစားသမား တစ်ယောက်အတိုင်း အကောင်းဆုံး ကစားသွားနိုင်ခဲ့သလို on the ball..၊ off the ball နှစ်မျိုးစလုံးမှာပါ ကစားပုံကောင်းမွန်တာကြောင့် အသင်းရဲ့ အချိတ်အဆက်နဲ့ ခံစစ်ကနေ တိုက်စစ်အကူးအပြောင်း transitions တွေမှာ ညက်ညောခဲ့ပါတယ်.။

ဒ့ါကြောင့် မေဆန် မောင့် ဟာ ချယ်လ်ဆီးအသင်းမှာရော၊ အင်္ဂလန်အသင်းမှာပါ ဝါရင့်ကစားသမားများစွာကို ကျော်ဖြတ်ပြီး အခိုင်အမာနေရာရနေခဲ့သလို နေရာစုံကစားရတယ်..၊ ကစားရတဲ့နေရာတိုင်းမှာလည်း ခြေစွမ်းပြနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်..။ သူဟာ အင်္ဂလန်အသင်းက အိုင်ယာလန်အသင်းကို ၃ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာဆိုရင် ဟာရီ ဝင့်ခ် နဲ့ တွဲဖက်ပြီး ကွင်းလယ် double pivot နေရာမှာပါ ခြေစွမ်းပြနိုင်ခဲ့ပါသေးတယ်..။

ဒါပေမယ့်သူဟာ တစ်ချိန်လုံး ‘ကျရာနေရာမှာ အသုံးတော်ခံမယ့် စွယ်စုံရှင် မင်းသားဘဝ’ နဲ့ တစ်ချိန်လုံး ဖြတ်သန်းနေလို့တော့ မဖြစ်ပါဘူး..။ အသက်အရွယ်အရ မကြာခင်အချိန်မှာ အကောင်းဆုံးခြေစွမ်းရရှိတော့မယ့် အချိန်ရောက်လာတော့မှာ ဖြစ်တာကြောင့် သူ့အတွက် အဆင်အပြေဆုံး၊ သူ့ရဲ့ကစားဟန်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိဖို့ လိုအပ်နေပြီ ဖြစ်တဲ့အကြောင်း သုံးသပ်တင်ဆက်လိုက်ပါတယ်..။

(Breaking the Line မှ ဆောင်းပါးရှင် Mediano Era ၏ ‘Finding Mason Mount’s Best Position’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)