မနေ့က စိန့် ဂျိမ်းစ် ပါ့ခ် ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော နယူးကာဆယ် ယူနိုက်တက်အသင်းနှင့် ချယ်လ်ဆီး အသင်းတို့၏ ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ခြေစွမ်းနှင့် ရှေ့အလားအလာတို့အပေါ် ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ် တို့က BT Sports ရုပ်သံဌာနမှ တင်ဆက်သည့် သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ဂျိတ်ခ် ဟမ်းဖရေး - ဂျိုး ရေ.. ဒီနေ့ပွဲမှာ ခင်ဗျားတို့အသင်းက နိုင်သာသွားခဲ့တာ.. ခင်ဗျားကောင်တွေမှာ ချွေးတောင်ကောင်းကောင်း ထွက်ခဲ့ရဲ့လား မသိဘူး..။ အတော်လေးကို လွယ်ကူခဲ့တဲ့ အနိုင်ပွဲတစ်ပွဲလို့ မပြောနိုင်ဘူးလားဗျ…?
ဂျိုး ကိုးလ် - ဟုတ်ပါတယ်..။ လွယ်ကူခဲ့တဲ့ အနိုင်ပွဲတစ်ပွဲလို့ ပြောနိုင်ပါတယ်..။ ပွဲမစခင်ကတော့ ချယ်လ်ဆီးဘက်က ကစားသမားအများစုဟာ နိုင်ငံတကာပွဲစဉ်တွေကနေ ပြန်လာခဲ့တာကြောင့် ပွဲပန်းနေလိမ့်မယ်..၊ ဒါ့ကြောင့်ဒီနေ့ပွဲဟာ ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်..။ ဒါပေမယ့် နယူးကာဆယ်အသင်းဟာ တစ်ပွဲလုံးမှာ အရှိန်တင်ပြီး ဖိကစားခဲ့တာ မရှိသလောက်ပါပဲ..။ ချယ်လ်ဆီးအသင်း ကစားသွားတာ သိပ်ကောင်းခဲ့ပါတယ်..။ ခံစစ်ကနေ တိုက်စစ်ပြောင်းလဲတဲ့ transition တွေမှာ သိပ်ကိုမြန်ဆန်ခဲ့တယ်..၊ တစ်ဘက်ကစားသမားတွေကို တစ်ကွင်းလုံးလိုက်ပြီး press လုပ်၊ ဖိအားပေး ကစားခဲ့တဲ့နေရာမှာလည်း ကောင်းမွန်ခဲ့တာကြောင့် နယူးကာဆယ် အသင်းဟာ ပထမပိုင်း တစ်ပိုင်းလုံးမှာ သူတို့အသင်းရဲ့ ကွင်းဘက်ခြမ်းကနေ ကျော်လာအောင် မနည်းရုန်းကန် ကြိုးစားနေခဲ့ရပါတယ်..။ ဒီနေ့ပွဲမှာတော့ ချယ်လ်ဆီးဟာ ပန်းခြံထဲထွက်ပြီး လေညှင်းခံနေသလို သာသာယာယာ ကစားသွားခဲ့တာပဲဗျ..။
ဂျာမိန်း ဂျီးနပ်စ် - ဟုတ်ပါတယ်..၊ နယူးကာဆယ်အသင်းအတွက် တကယ့်ကို ခက်ခဲခဲ့တဲ့ပွဲတစ်ပွဲပါပဲ..။ ချယ်လ်ဆီးအသင်း ကစားသမားကောင်းတွေက တစ်ဦးချင်းမှာ ပိုပြီးကောင်းသလို ခံယူချက်နဲ့ စိတ်ဓါတ်ပိုင်းမှာလည်း သာလွန်ခဲ့ပါတယ်.။ ကျွန်တော်တို့ရဲ့ နယူးကာဆယ်အသင်းကို ပြောချင်တာက သူတို့တွေရဲ့ ခံယူချက်နဲ့ယုံကြည်မှုအပိုင်း အတော်လေးကို အားနည်းပါတယ်..။ သူတို့ဟာ ဒီနေ့ပွဲကို စိတ်အားတက်တက်ကြွကြွနဲ့ ရုန်းကန်ကစားကြလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ခံစစ်ထိုင်ပြီး ကစားသွားဖို့ပဲ စိတ်ထဲရှိနေတာဆိုတော့ ချယ်လ်ဆီးအသင်းအတွက် ဖြစ်သင့်တာထက် ပိုပြီးလွယ်ကူသွားခဲ့ပါတယ်.။
ဂျိတ်ခ် ဟမ်းဖရေး - ပွဲအပြီးသတင်းထောက်တွေနဲ့ တွေ့တဲ့အချိန်မှာ ဖရန့် လမ်းပတ် က အမှတ်ပေးဇယားထိပ်ကို ခဏတာရောက်ရှိသွားခဲ့တဲ့အပေါ် စိတ်လှုပ်ရှားနေဖို့ မရှိဘူးလို့ ပြောခဲ့ပါတယ်..။ ဒါပေမယ့် ခင်ဗျားကတော့ အဲဒီလိုမဟုတ်ဘူးမလား.. ဂျိုး ရေ..။ ချယ်လ်ဆီးအသင်းဟာ တကယ်ပဲ ဆုဖလားကို စိန်ခေါ်နိုင်တဲ့အသင်း ဖြစ်ပြီလား.. ဆိုတဲ့အကြောင်းကို ဆွေးနွေးမယ်ဆိုရင် အချိန်အရမ်းကြာသွားပါလိမ့်မယ်..။ ဒါပေမယ့် ဒီနေ့ပွဲကပုံစံအတိုင်း ဆက်သွားနိုင်မယ်ဆိုရင် သေချာပေါက် ဆုဖလားကို စိန်ခေါ်နိုင်မယ့်အသင်း ဖြစ်လိမ့်မယ်ဆိုပြီး ခန့်မှန်းကြမှာပါပဲ..။
အဲဒီခန့်မှန်းနိုင်ဖို့ လိုအပ်တဲ့အခြေခံအချက်တွေ ရှိတာပေါ့ဗျာ..။ clean sheet တွေရပြီး တောင့်တင်းလာတဲ့ ခံစစ်ကြောင်းအပေါ် မူတည်ပြီးခန့်မှန်းမှာလား..? တန်မီ အေဘရာဟမ် နဲ့ တီမို ဗာနာ တို့ရဲ့ တိုက်စစ်ကြောင်းအပေါ် မူတည်ပြီး ခန့်မှန်းသင့်လား..? သေချာတာက ခင်ဗျားတို့အသင်းဟာ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်.. အကုန်လုံး သိသိသာသာကို တိုးတက်နေခဲ့တာပဲဗျ..
ဂျိုး ကိုးလ် - ပထမဆုံးအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကနေ စပြီးပြောရမယ်ထင်ပါတယ်..။ အဲဒီကစားသမားတွေဟာ အသင်းရဲ့ယိုပေါက်တွေကို ပိတ်ဆို့နိုင်ခဲ့ပါတယ်..။ ဥပမာ- အလုပ်မဖြစ်တဲ့ ဂိုးသမား ကက်ပါ အစား မန်ဒီ ကို ခေါ်ယူခဲ့တယ်..၊ ပြသနာတက်နေတဲ့ ဘယ်တောင်ပံခံစစ်နေရာမှာလည်း ဘင် ချီးဝဲလ် နဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်..။ နောက်ပြီးအသင်းရဲ့ လိုအပ်နေတဲ့ ခံစစ်ပိုင်းခေါင်းဆောင်မှုအတွက် သီယာဂို ဆေးလ်ဗား ဟာ ချက်ချင်းကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်.။ အဲဒီအချက်တွေဟာ အသင်းကို အနည်းဆုံး (၂၀%) ရာခိုင်နှုန်းကနေ (၃၀%) ရာခိုင်နှုန်းအထိ တိုးတက်စေခဲ့မှာ အမှန်ပဲဗျ..။
ခုနကအချက်တွေဟာ ဖြစ်နေတဲ့ပြသနာတွေကို ချက်ချင်းဖြေရှင်းခဲ့တာပေါ့..။ ဒီနေ့ဆိုရင် အန်တိုနီယို ရူဒီဂါ ဟာ သီယာဂို ဆေးလ်ဗား ရဲ့နေရာကို အကောင်းဆုံးဖြည့်ဆည်းပြီး ကစားပေးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ဖရန့် နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စီမံချက်ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ ပြောနိုင်တာပေါ့..။ ဒါ့ကြောင့်ကျွန်တော်ကတော့ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့်လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေအပေါ် စိတ်လှုုပ်ရှားမိပါတယ်..။ တကယ်လည်းထည့်သွင်း စဉ်းစားသင့်တယ်လို့ ထင်မိတာပဲဗျ..။
ဂျိတ်ခ် ဟမ်းဖရေး - ကဲ.. ဒါဆိုရင် တန်မီ အေဘရာဟမ် နဲ့ တီမို ဗာနာ တို့ရဲ့ တိုက်စစ်အတွဲအကြောင်း သုံးသပ်ပေးပါဦးဗျ..
ဂျိုး ကိုးလ် - သိပ်ကိုကောင်းပါတယ်..။ တီမို ဗာနာ ကို ခေါ်ယူလိုက်တဲ့အချိန်မှာ တန်မီ အေဘရာဟမ် ဟာ အသင်းမှာ နေရာရတော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတဲ့သူတွေ များပါတယ်.။ ဒါပေမယ့် သူဟာအသင်းရဲ့ တိုက်စစ်မှူးနေရာနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်..။ ပထမပိုင်းတုန်းက ဟာကင် ဇိုင်းယက်ချ် ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ဂိုးသွင်းလိုက်တဲ့ ဘောလုံးမှာဆိုရင် သူ့ရဲ့နေရာယူပုံနဲ့ ပြေးထွက်မှုတွေ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်.။ သူဟာလုပ်အားနှုန်းကောင်းတယ်..၊ အမြဲတမ်းဘောလုံးကို လက်ခံနိုင်ဖို့ အသင့်ရှိနေပါတယ်..။
ဒါ့အပြင်တိုက်စစ်မှူးတစ်ယောက်မှာ မရှိမဖြစ် လိုအပ်တဲ့ ဂိုးဆာလောင်စိတ်၊ ဂိုးရယူလိုတဲ့ဆန္ဒတွေ အမြဲတမ်း ပြင်းပြနေပါတယ်..။ နောက်ပြီးတွဲဖက် တိုက်စစ်မှူး တီမို ဗာနာ နဲ့ နားလည်မှု၊ အတွဲအဖက် မိပါတယ်.။ ပထမပိုင်းဆိုရင် သူနဲ့ဗာနာ တို့ရဲ့ တွဲလုံးကနေတဆင့် ဗာနာ ဟာ အပိုင်ဂိုးတစ်ကြိမ် လွဲချော်ခဲ့ပါသေးတယ်..။ ဒီပွဲမှာ ဗာနာ ဟာ ဘယ်တောင်ပံ ကစားသမားအနေနဲ့ ကစားသွားခဲ့တာ မဟုတ်ပါဘူး..။ သူဟာ တန်မီ ရဲ့ တွဲဖက်တိုက်စစ်မှူးအနေနဲ့ ဘယ်ဘက်အခြမ်း (left channel) ကနေ တိုက်စစ်ကို ပုံဖော်သွားခဲ့တာ ဖြစ်ပါတယ်.။ ဒုတိယပိုင်း (၆၅) မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘယ်တောင်ပံတစ်လျှောက် ဆွဲပြေးပြီး တန်မီ ရဲ့ ပြေးလမ်းထဲကို အတိအကျ ချပေးလိုက်တဲ့ ဘောလုံးဆိုရင် တကယ့်ကို သေသပ်ပြီး လှပလွန်းပါတယ်..။ ဟုတ်တယ်မလား.. ဂျေဂျေ.. ရေ..
ဂျာမိန်း ဂျီးနပ်စ် - ဟုတ်တာပေါ့..။ တန်မီ လို ရွှေ့လျားမှု၊ တိုးအားနဲ့ လုပ်အားနှုန်း ကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက်နဲ့ တွဲဖက်ခွင့်ရနေသရွှေ့ တီမို ဗာနာ ရဲ့ ဒီထက်ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ကျွန်တော်တို့ ဆက်လက်ပြီး မြင်တွေ့ရဦးမှာပါ..။ တီမို က သူ့ရဲ့အမြန်နှုန်း၊ ဘောလုံးသယ်ယူမှု ကောင်းမွန်မှုတွေနဲ့ တစ်ဖက်နောက်ခံလူတွေကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ကစားပုံ မတူတဲ့ သူတို့နှစ်ယောက်ဟာ တွဲဖက်ညီတဲ့ တိုက်စစ်အတွဲအဖြစ် ပေါ်ထွက်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။ ဒါတောင်ဒီနေ့ပွဲမှာ ဇိုင်းယက်ချ် ဆီက ပံ့ပိုးမှုတွေ သိပ်ပြီးမရခဲ့ဘူးဗျ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမားတွေရဲ့ အနာဂတ်ဟာ သိပ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်..။
ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ..။ အခုဆက်ပြီး ချယ်လ်ဆီးအသင်းရဲ့ ကွင်းပြင်ပ၊ ကန့်လန့်ကာ နောက်ကွယ်ကအကြောင်း နည်းနည်းဆွေးနွေးကြည့်ချင်ပါတယ်..။ တီမို ဗာနာ တို့လို ကစားသမားတွေ ရောက်လာတဲ့အချိန်မှာ တန်မီ အေဘရာဟမ် ဘက်က ကြည့်မယ်ဆိုရင် သူတစ်ယောက်တည်း စိန်ခေါ်မှု ပြင်းထန်လာတာ မဟုတ်ပါဘူး..။ မန်နေဂျာကလည်း သူ့ရဲ့အနေအထားနဲ့ ပတ်သက်ပြီး သေသေချာချာ ရှင်းပြရလိမ့်မယ်လို့ ကျွန်တော်ထင်တာပဲဗျ..။ အခုဒီပွဲမှာ ပါဝင်ခဲ့တဲ့ အန်တိုနီယို ရူဒီဂါ လည်း သူ့လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်..။ ဒါပေမယ့် ဖရန့် ဟာ အဲဒီအကျပ်အတည်းကို အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး ကစားသမားတွေဆီက အကောင်းဆုံး ကြိုးစားအားထုတ်မှုနဲ့ ခြေစွမ်းရရှိလာအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ထင်မိပါတယ်..။
ဂျာမိန်း ဂျီးနပ်စ် - ဟုတ်တာပေါ့..။ ပြောရမယ်ဆိုရင် ရူဒီဂါ ရဲ့ အနေအထားဟာ ဖရန့် အတွက် တန်မီ ထက်ပိုပြီးခက်ခဲပါတယ်..။ မနှစ်ကဘောလုံးရာသီမှာ ဖရန့် ဟာ လူငယ်ကစားသမားတွေအတွက် တံခါးကိုဖွင့်လှစ်ပေးခဲ့ပြီး အသင်းမှာနေရာရစေခဲပါတယ်..။ တန်မီ ကလည်း အက်စ်တွန် ဗီလာအသင်းကို အဌားသွားရောက်ခဲ့ရာကနေ ပြန်လာခဲ့ပြီး သူ့ရဲ့ခြေစွမ်းဟာ ချယ်လ်ဆီးအသင်းကြီးနဲ့ ထိုက်တန်တယ်ဆိုတာ ဖရန့် နဲ့ ဂျိုဒီ တို့ကို ပြသခဲ့ပါတယ်..။ အဲဒီအတွက် သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ရတဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့တာကို ချီးကျူးရမှာပါ..။ ဒါပေမယ့် သူဟာ ချယ်လ်ဆီးကနေ မွေးထုတ်လိုက်တဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ယောက် ဖြစ်တာကြောင့် ဖရန့် နဲ့ ဂျိုဒီ က သူ့ရဲ့အကြောင်း ကောင်းကောင်းသိပြီးသားဖြစ်တယ်..၊ သူကိုယ်တိုင်ကလည်း အသင်းနဲ့ပတ်သက်ရင် စိတ်ဓါတ်နဲ့ခံယူချက် ကောင်းမွန်ပြီးပါ..။
ဒါပေမယ့် ရူဒီဂါ ကျတော့ နဂိုကတည်းက နိုင်ငံလက်ရွေးစင်အဆင့် ကစားသမားပါ..။ ဒါ့ကြောင့်သူ့လို ကစားသမားမျိုးကို အသင်းရဲ့လူစာရင်းမှာ ကာလတစ်ခုထိ ပါဝင်ခွင့်မပေးခဲ့ဘူးဆိုတာ ကစားသမားအတွက်၊ မန်နေဂျာအတွက် အတော်လေးကို ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်..။ တစ်ဖက်ကကြည့်ရင် အသင်းရဲ့ခံစစ်ကြောင်းမှာ သူမပါခဲ့တဲ့ (၇) ပွဲမှာ clean sheet (၆) ပွဲရခဲ့တယ်ဆိုတော့ ရူဒီဂါအနေနဲ့ ဘယ်လိုမှ စောဒစတက်ဖို့ မဖြစ်နိုင်ဘူးပေါ့ဗျာ.။ ဒါ့ကြောင့်သူ့အနေနဲ့ အခွင့်အရေးရတဲ့အချိန်မှာ သူ့ရဲ့ခြေစွမ်းဟာလည်း ပွဲထွက်နေရာတစ်နေရာနဲ့ ထိုက်တန်တယ်ဆိုတာ ပြသဖို့ပဲ ရှိပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် အဲဒီလိုစွမ်းဆောင်ပေးနိုင်ခဲ့ပြီး ရခဲ့တဲ့အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ပါတယ်..။ အဲဒီအခြေအနေတွေကို ကြည့်မယ်ဆိုရင် ဖရန့် ဟာ ကစားသမားအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုအပိုင်းမှာ ထူးချွန်တယ်လို့ ပြောနိုင်ပါတယ်..။
ဂျိုး ကိုးလ် - ရူဒီဂါ လို အနေအထားမျိုးဟာ ချယ်လ်ဆီးအသင်းမှာသာမက ဘယ်လိုအသင်းကြီးမှာမဆို ကြုံတွေ့နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်..။ အသင်းကြီးတိုင်းဟာ နွေရာသီရောက်တိုင်း ကစားသစ်တွေ အားဖြည့်ကြပါတယ်..။ အဲဒီကစားသမားတွေဟာ အရန်ခုံမှာထိုင်နေဖို့ ရောက်လာကြတာ မဟုတ်ပါဘူး..။ သူတို့ဟာအသင်းအတွက် အပြောင်းအလဲဖြစ်ဖို့ ရောက်ရှိလာကြတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်..။
ခုနက ခင်ဗျားတို့ပြောခဲ့သလိုပါပဲ..၊ ရူဒီဂါ ရဲ့ အနေအထားဟာ အတော်လေး ခက်ခဲပါတယ်..။ သူဟာ အသင်းမှာ ဝါရင့်ကစားသမား ဖြစ်ပေမယ့် အခုဒီနေ့လိုပွဲမျိုးမှာ သူ့ကိုအထူးချီးကျူးသင့်ပါတယ်..။ တကယ်တော့ ဒီနေ့ပွဲဟာ သူ့အတွက် ခက်ခဲတဲ့ပွဲပါ..။ အဲဒီအနေအထားမှာ မှန်မှန်ကန်ကန်နဲ့ပဲ ခံစစ်ကြောင်းကို ထိန်းကျောင်းသွားနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် ပွဲချိန်အတွင်းမှာ သီယာဂို ဆေးလ်ဗား ကို ဘယ်သူကမှ သတိမရနေအောင် စွမ်းဆောင်သွားနိုင်ခဲ့တာရယ်..၊ ဘရာဇီးလ် နောက်ခံလူ မပါနိုင်တဲ့အခြေအနေမှာ ပရိသတ်တွေရဲ့ စိုးရိမ်စိတ် လျော့နည်းသွားအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဟာ သိပ်ကိုကျေနပ်ဖို့ ကောင်းပါတယ်..။
ဂျိတ်ခ် ဟမ်းဖရေး - အင်းဗျ.. ခင်ဗျားပြောမှာပဲ.. ဒီနေ့ပွဲမှာ မပါနိုင်ခဲ့တဲ့ ကစားသမားတွေ ရှိနေသေးတယ်နော်..။ သူတို့တွေကလည်း အသင်းမှာအရေးပါတဲ့ ကစားသမားတွေဖြစ်သလို လက်ရှိအချိန်မှာ ခြေစွမ်းပြနေတဲ့သူတွေ ဖြစ်ကြပါတယ်..။ အဲဒါကြောင့်အခုလို ပွဲထွက်နေရာအတွက် ပြိုင်ဆိုင်မှုအကျပ်အတည်းကို ဆက်ပြီးမြင်တွေ့နေရဦးမှာပါ..
ဂျိုး ကိုးလ် - ဒါပေါ့.. သီယာဂို ဆေးလ်ဗား အပြင် ပူလီဆစ်၊ ဟာဗာ့ဇ် တို့လည်း ရှိနေသေးတယ်ဗျ..။ ဒါဟာပေါများ၊ ကြွယ်ဝချမ်းသာလွန်းလို့ စိတ်ရှုပ်စရာတွေ ကြုံရသလို (embarrassment of the riches) ဖြစ်နေခဲ့တယ်လို့ပဲ ပြောရမလိုပါပဲ..။ ဒါပေမယ့် အခုအချိန်မှာ အသင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်..၊ အသင်းရဲ့အထိုင်၊ အခြေခံကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်တယ်..၊ မှန်ကန်တဲ့ကစားဟန်နဲ့ အသင်းနဲ့ကိုက်ညီမယ့် နည်းစနစ်ကို သွတ်သွင်းနိုင်တယ်ဆိုတဲ့ လက္ခဏာတွေ မြင်တွေ့နေရတာကြောင့် ဖရန့် ကို ချီးကျူးဖို့ ကောင်းပါတယ်..။
ဒါ့အပြင် သူဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းနဲ့ သူ့ရဲ့ကစားသမားတွေ ကိုင်တွယ်မှု ကောင်းမွန်ပုံတွေကြောင့် သူ့ရဲ့အသင်းဟာ ကြိုးစားအားထုတ်မှုကောင်းတယ်..၊ စိတ်အားထက်သန်မှု ကောင်းတယ်..၊ စည်းလုံးညီညွတ်မှုနဲ့ အသင်းလိုက်စိတ်ဓါတ် ကောင်းမွန်နေတဲ့အပြင် ကစားသမားတွေအားလုံး တက်တက်ကြွကြွ ရှိနေတာ မြင်တွေ့နေရပါတယ်..။ ဒါ့ကြောင့် အခုအချိန်ဟာ ချယ်လ်ဆီးပရိသတ်တွေအတွက် တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချိန်ကာလတစ်ခုပါပဲ..။
လွန်ခဲ့တဲ့နှစ်နှစ်.. အသင်းကိုသူရောက်လာခါစ အပြောင်းအရွှေ့ရာသီမှာ ကစားသမား ခေါ်ယူခွင့် ပိတ်ပင်ခံခဲ့ရတဲ့ အခြေအနေကနေ အခုဆိုရင် ကျွန်တော်တို့အသင်းဟာ အမှတ်ပေးဇယားထိပ်မှာ ရောက်နေခဲ့ပါပြီ..။ ထိပ်ဆုံးနေရာမှာ ခဏပဲနေရမှာ ဆိုပေမယ့်… လွန်ခဲ့တဲ့နှစ်နှစ်က အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တကယ့်ကို သိသာထင်ရှားတဲ့ တိုးတက်မှုတစ်ခုလို့ အသေအချာ ပြောနိုင်တာပေါ့ဗျာ..။
ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ..။ ကျွန်တော်တို့ သုံးယောက်စလုံးဟာ ဖရန့် ကို ကစားသမားတစ်ယောက် အနေနဲ့၊ pundit တစ်ယောက်အနေနဲ့ သူ့ရဲ့အကြောင်းကို သိခဲ့ကြတဲ့သူတွေပါ..။ သေချာတာက သူဟာဒီနေ့ပွဲပထမပိုင်းကို ပြန်ကြည့်ပြီး ဂိုးတွေထပ်သွင်းမနိုင်ခဲ့တာကြောင့် kill the game မလုပ်နိုင်ခဲ့တဲ့အပေါ် မချင့်မရဲ ဖြစ်နေခဲ့ပါလိမ့်မယ်.။ ပွဲပြီးတဲ့အချိန် သတင်းထောက်တွေနဲ့ တွေ့တဲ့အချိန်မှာလည်း အဲဒီအကြောင်းကို ပြောသွားခဲ့သေးတာကိုးဗျ..။ ဒါ့ကြောင့်သူဟာ အခုလက်ရှိအနေအထားကို ကျေနပ်နေမှာမဟုတ်ပဲ ဘယ်လိုနေရာတွေမှာ ဒီထက်ပိုပြီး တိုးတက်ဖို့လိုအပ်နေသေးလဲဆိုတာ ရှာဖွေ၊ ကြံဆနေမှာ အသေအချာပဲဗျ...။
ဂျာမိန်း ဂျီးနပ်စ် - သူဟာမန်နေဂျာတစ်ယောက်အနေနဲ့ ပွဲတစ်ပွဲမှာ ဖြစ်တတ်တဲ့ အခြေအနေတွေကို နားလည်ပါလိမ့်မယ်..။ ပွဲတစ်ပွဲမှာ ဘယ်လောက်ပဲ လွှမ်းမိုးထားနိုင်ခဲ့သည်ဖြစ်ပါစေ.. အရာရာအားလုံးဟာ ကိုယ့်ရဲ့စိတ်တိုင်းကျ ဖြစ်ချင်မှဖြစ်တတ်တာကိုးဗျ..။ ဒါ့ကြောင့်အဲဒီပွဲရဲ့ ပထမပိုင်းမှာ ကောင်းတဲ့အချက်ကို ပြောရမယ်ဆိုရင် စောစောစီးစီး ဂိုးရခဲ့တယ်ဗျာ..။ မကောင်းတဲ့အချက်ဆိုရင် ၂ဂိုး၊ ၃ဂိုးလောက် ထပ်ပြီးဂိုးရသင့်ပေမယ့် အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့တယ်ပေါ့..။ ဒါပေမယ့် သူတို့ဟာ တစ်ပွဲလုံးမှာ အာရုံစူးစိုက်မှုအပြည့်၊ ကြိုးစားအားထုတ်မှုအပြည့်နဲ့ ကစားသွားနိုင်ခဲ့ပါတယ်..။ အဲဒီအချက်ဟာ အရေးကြီးပါတယ်..။
တကယ်လို့ ဒီနေ့ပွဲမှာသာ ပရိသတ်တွေ အားပေးခွင့်ရခဲ့မယ်ဆိုရင် ပွဲရဲ့အကြိတ်အနယ်ဖြစ်မှု အခုလိုဖြစ်ချင်မှ ဖြစ်လာပါမယ်..။ ဒါပေမယ့် အသင်းတစ်သင်းဟာ အပိုင်အခွင့်အရေးတွေ လွဲချော်နေတယ်ဆိုပေမယ့် အဲဒီကစားအား၊ ကစားတဲ့အရှိန်နဲ့ ကြိုးစားအားထုတ်မှုကို လျော့ချလိုက်လို့ မဖြစ်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ပထမပိုင်းပြီးခါနီးနဲ့ ဒုတိယပိုင်းမှာ နယူးကာဆယ်အသင်းဟာ မျှော်လင့်ချက်နည်းနည်း ရလာတဲ့ အနေအထားတွေ ရှိလာခဲ့တာကိုးဗျ..။ ဒါပေမယ့် ဒုတိယဂိုးဟာ ပွဲကိုအဆုံးသတ်နိုင်ခဲ့တာကြောင့် ဖရန့် အနေနဲ့ ဒီနေ့ပွဲမှာ အသင်းရဲ့ကစားပုံအပေါ် ယေဘူယျအားဖြင့် ကျေနပ်ပါလိမ့်မယ်..။
ဂျိတ်ခ် ဟမ်းဖရေး - ဂျိုး ရေ.. ဒီနေ့ပွဲမှာ ပါဝင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းက ကစားသမား (၁၁) ယောက်စလုံးဟာ ပြီးခဲ့တဲ့အပါတ်က နိုင်ငံတကာပွဲစဉ်တွေမှာ ပါဝင်ခဲ့ရပါတယ်..။ နယူးကာဆယ် အသင်းဘက်က (၂) ယောက်ပဲ စေလွှတ်ခဲ့ရတယ်ပေါ့..။ အဲဒီလို ပွဲပန်းလာရတဲ့ အနေအထားမှာ ချယ်လ်ဆီးအသင်းအနေနဲ့ အခုလာမယ့်ကာလမှာ ပွဲကျပ်တွေကို ဆက်တိုက်ဖြတ်သန်းရဖို့ ရှိပါတယ်.။ ဒါ့ကြောင့်နောက်လာမယ့် ပွဲစဉ်တွေမှာရော အခုလိုစွမ်းဆောင်ရည်မျိုးကို ဆက်လက်ပြသဖို့ ဖြစ်နိုင်ပါ့မလားဗျ..။
ဂျိုး ကိုးလ် - ဟုတ်ပါတယ်..။ တကယ့်ပွဲကျပ်ကာလကို ဖြတ်သန်းရမှာပါ..။ လာမယ့်အပါတ် တော့တင်ဟမ် အသင်းနဲ့ပွဲကတော့ ချယ်လ်ဆီးပရိသတ်တိုင်း မျှော်လင့်၊ တောင့်တခဲ့ရတဲ့ ပွဲစဉ်ဖြစ်ပါတယ်..။ တကယ်လို့ ဒီနေ့နောက်ကျပွဲမှာ တော့တင်ဟမ်အသင်းသာ အနိုင်ရခဲ့မယ်ဆိုရင် ပိုပြီးအရေးပါတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်..။ ဒါ့အပြင် ဆီဗီးလား၊ လိဒ် ယူနိုက်တက် အသင်းတွေနဲ့ဆိုတော့ တကယ့်ကို ပွဲကျပ်တွေပါပဲ..။
အဲဒီပွဲကျပ်ကာလတွေအတွက် ကစားသမားတွေကို ကြံ့ခိုင်မှုကောင်းမွန်နေအောင် စီမံနိုင်ဖို့ လိုအပ်သလို အလှည့်ကျ ပါဝင်ခွင့်ရတဲ့ ကစားသမားတွေကလည်း ကျရာနေရာကနေ ခြေစွမ်းပြကစားနိုင်ရပါမယ်..။ ဒီနေ့ပွဲမှဆိုရင် အန်တိုနီယို ရူူဒီဂါ ဟာ အကောင်းဆုံး စွမ်းဆောင်ပေးသွားနိုင်ခဲ့ပါတယ်.။ ဒါဟာကောင်းမွန်တဲ့ လက္ခဏာ ဖြစ်ပါတယ်..။ ဒ့ါကြောင့် ဆုဖလားစိန်ခေါ်နိုင်ဖို့ဆိုတာ ခရီးလမ်းအရှည်ကြီး ကျန်ရှိနေသေးပေမယ့် ဖရန့် နဲ့ ဂျိုဒီ တို့ဟာ အဲဒီလို အခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ မျှော်လင့်ထားပါတယ်..။
ကျွန်တော်တို့ကတော့ ပရိသတ်အနေနဲ့ ကြည့်ရတာဆိုတော့ ချယ်လ်ဆီးအသင်းဆိုတာနဲ့ အတိတ်က အောင်မြင်ခဲ့တဲ့ အသင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ကြမှာပဲဗျ..။ ဒါပေမယ့် အခုလက်ရှိအသင်းမှာ မြင်တွေ့နေရတဲ့ လက္ခဏာတွေ၊ တိုးတက်မှုတွေအရ သူတို့တွေဟာ တစ်ချိန်တုန်းက အောင်မြင်မှုုတွေ ရရှိခဲ့တဲ့ အသင်းတွေရဲ့ ခြေရာကို နင်းနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်..။