feature-image

အင်္ဂါနေ့ ဘောလုံးစကားဝိုင်း (ရန်းန် vs ချယ်လ်ဆီး)

မနေ့က ပြင်သစ်နိုင်ငံ၊ Roazhon Park ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ရန်းန်အသင်းနှင့် ချယ်လ်ဆီး အသင်းတို့၏ ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ခြေစွမ်းနှင့် ပွဲစဉ်အတွင်း အရေးပါခဲ့သည့် ဖြစ်ရပ်များအပေါ် ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ် တို့က BT Sports ရုပ်သံဌာနမှ တင်ဆက်သည့် သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။

ဂျိတ်ခ် ဟမ်းဖရေး - အခုကျွန်တော်တို့ဟာ ရုရှနိုင်ငံမှာ တစ်ပြိုင်နက် ယှဉ်ပြိုင်နေတဲ့ ခရက်စ်နိုးဒါး အသင်းနဲ့ ဆီဗီးလားအသင်းက ပွဲပြီးရလဒ်ကို စောင့်မျှော်နေုဆဲပါ..။ အဲဒီပွဲအဖြေပေါ် မူတည်ပြီး ချယ်လ်ဆီးအသင်း နောက်တစ်ဆင့်တက်ရောက်ခွင့် ရ၊ မရ တစ်ခါတည်း ပြောနိုင်မှာပါ..။ အဲ.. ဆီဗီလားအသင်းက အခုလေးမှာပဲ ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့တာကြောင့် ဆီဗီးလားအသင်းဟာ ချယ်လ်ဆီးအသင်းနဲ့အတူ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို တက်ရောက်နိုင်ခဲ့တဲ့ အစောဆုံးအသင်းတွေ ဖြစ်ခဲ့ပါပြီ..။

အခုလိုနောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်းကို ဂုဏ်ပြုလိုက်ပါတယ်နော်.. ဂျိုး ရေ..။ တကယ်တော့ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ရည်မှန်းချက်က နောက်တစ်ဆင့်တက်ရောက်ခွင့် ရနိုင်တဲ့အခွင့်အရေးကို အမိအရအသုံးချနိုင်ဖို့ပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ အခုအချိန်ကစပြီး ပွဲစဉ်တွေဆက်တိုက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်သလို နောက်တစ်ပွဲက ဆီဗီးလားအသင်းနဲ့ ထိပ်တိုက်တွေ့တာဆိုတော့ သတိထားရမယ့်ပွဲ ဖြစ်ပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာ အဲဒီရည်မှန်းချက်ကို ပြည့်မှီခဲ့တာ ကျေနပ်စရာလို့ ပြောရမှာပါ…



ပီတာ ခရော့ချ် - ဟုတ်ပါတယ်..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ အနိုင်ပွဲဟာ ပြီးပြည့်စုံခဲ့တဲ့ အနိုင်ပွဲတစ်ပွဲ မဟုတ်ခဲ့ပေမယ့် သူတို့ရဲ့ ရည်မှန်းချက် ပြည့်မှီခဲ့တဲ့အပေါ် ကျေနပ်ခဲ့သင့်ပါတယ်..။ ဖရန့် ကလည်း အခုပွဲရလဒ်အပေါ် ကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်..။ အခုနောက်ပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်တွေဟာ တောက်လျှောက်ကောင်းမွန် နေခဲ့တာဆိုတော့ ဒီနေ့ပွဲအကြောင်း ပြောမယ်ဆိုရင် clean sheet မရခဲ့တာနဲ့ အကောင်းဆုံးခြေစွမ်း မပြနိုင်ခဲ့တာလောက်ပဲ ကျွန်တော်တို့ ပြောစရာရှိမယ်ထင်တာပဲဗျ..

ဂျိုး ကိုးလ် - ပီတာ ကတော့ အဘက်ဘက်က ပြီးပြည့်စုံတဲ့ (vintage) နိုင်ပွဲတစ်ပွဲ မဖြစ်ခဲ့ဘူးလို့ ပြောသွားတယ်ပေါ့ဗျာ..။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ဖူးတဲ့ အသင်းကြီးတွေဆိုတာ အကောင်းဆုံးခြေစွမ်း မရခဲ့ရင်တောင် အနိုင်ပွဲကိုတော့ မရမက ဆောင်ယူနိုင်ခဲ့တာပဲ မဟုတ်ဘူးလားဗျ..။ ဒါ့ကြောင့်ဒီနေ့မှာ ချယ်လ်ဆီးအသင်းဟာ အကောင်းဆုံးခြေစွမ်း မရရှိခဲ့ပေမယ့် အနိုင်ရလဒ်ကို ကျားကုတ်ကျားခဲ ရယူသွားနိုင်ခဲ့တာ ကျေနပ်စရာပါ..။ ဒါ့အပြင် အသင်းမှာ နေရာမရတဲ့ ကစားသမားတွေဖြစ်တဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ပထမဂိုးကို သွင်းယူပေးနိုင်ခဲ့တယ်..၊ အိုလီဗီယာ ဂျီရူးဒ် က လူစားဝင်လာပြီး အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်..။

ဒါဟာလက်ရှိအသင်းမှာ အရည်အသွေးမြင့် ကစားသမားကောင်းတွေ အများကြီးရှိနေတယ်..၊ အရန်အင်အား တောင့်တင်းနေတယ်ဆိုတာ သက်သေပြလိုက်ခြင်းပါပဲ..။ ဒီနေ့ပွဲဟာ ခက်ခဲတဲ့ အဝေးကွင်းပွဲတစ်ပွဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်..။ အဲဒီလို ခန့်မှန်းခဲ့တဲ့အတိုင်း အိမ်ရှင် ရန်းန်အသင်းဟာ ချယ်လ်ဆီးအသင်းကို အတော်လေး အခက်တွေ့စေခဲ့ပါတယ်..။ ဒါပေမယ့် လိုအပ်တဲ့အနိုင်ရလဒ်ကို ရရှိခဲ့တယ်..၊ ချန်ပီလိဂ်ပြိုင်ပွဲလို အဆင့်မျိုးမှာ ရှုံးထွက်အဆင့်ကို တည်ငြိမ်တဲ့ရလဒ်၊ ခြေစွမ်းတွေနဲ့ လွယ်လွယ်ကူကူ တက်ရောက်သွားနိုင်တဲ့ ပုံစံမျိုး ဖန်တီးနိုင်ခဲ့တာကြောင့် ဖရန့် နဲ့ ကစားသမားတွေ အားလုံးကို ချီးကျူးမိပါတယ်..။



ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ…။ ဒီနေ့ပွဲမှာ အရေးပါခဲ့တဲ့ အခိုက်အတန့်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆက်ပြီး ဆွေးနွေးကြတာပေါ့..။ ဒုတိယပိုင်းမှာ အိမ်ရှင် ရန်းန်အသင်းရဲ့ ခြေစွမ်းရယ်..၊ ပွဲချိန် (၈၅) မိနစ်ကျမှ ရရှိသွားတဲ့ ချေပဂိုးရယ်ကြောင့် ဒီနေ့ပွဲမှာ ချယ်လ်ဆီးတော့ အနိုင်မရနိုင်တော့ဘူးလို့ ကျွန်တော်တို့တွေ ထင်ခဲ့ကြပါတယ်…။ အဲဒီအချိန်မှာပဲ အိုလီဗီယာ ဂျီရူးဒ် က အနိုင်ဂိုးကို လှလှပပ ခေါင်းတိုက်ပြီး သွင်းယူနိုင်ခဲ့ပါတယ်..

ဂျိုး ကိုးလ် - တကယ်တော့ ဇိုင်းယက်ချ် ချပေးလိုက်တဲ့ ဘောလုံးကို တီမို ဗာနာ က အဆုံးသတ်နိုင်ခဲ့ သင့်တာပါ..။ သူ့အနေနဲ့ ဒီထက်ပိုပြီး အဆုံးသတ်ဂိုးသွင်း သေချာခဲ့သင့်ပါတယ်..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ကြည့်မယ်ဆိုရင် သူတို့အသင်းဟာ ဒီထက်ပိုပြီး အဆုံးသတ်ဂိုးသွင်း သေချာခဲ့သင့်ပါတယ်..။ ဒါပေမယ့် ဂိုးသမား အဲလ်ဖရက် ဂိုးမစ်စ် နဲ့ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အဆုံးသတ်နိုင်ခဲ့တဲ့ ဂျီရူးဒ် ရဲ့ ခုန်အားနဲ့ ခေါင်းတိုက်ချက်က ချီးကျူးဖို့ကောင်းတယ်ဗျ..။

ပီတာ ခရော့ချ် - ဂျီရူးဒ် ရဲ့ အမြင့်ဘော ပိုင်နိုင်မှုကို  သံသယရှိစရာ မလိုပါဘူး..။ အဲဒီဘောလုံး ပြန်ကျလာတဲ့အချိန်မှာ တဒင်္ဂအတွင်း မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်ခဲ့တဲ့ သူ့ရဲ့ပါးနပ်မှု၊ အကွက်မြင်မှုနဲ့ ပြေးလာပြီး အင်အားနဲ့ ခုန်တိုက်လိုက်တာ တကယ့်ကို အားပါ၊ ပြင်းထန်ခဲ့ပါတယ်ဗျ..။ သူ့ရဲ့ခေါင်းတိုက်ချက်ကို ကြည့်ရတာ သိပ်ပြီးခက်ခဲတဲ့ပုံ မရှိပေမယ့် အဲဒီလိုခုန်အားနဲ့ အဲဒီလို ဂိုးသမားနဲ့ နောက်ခံလူတွေကိုကျော်ပြီး အတိအကျ ခေါင်းတိုက်နိုင်ဖို့ မလွယ်ပါဘူး..။ ဒါ့ကြောင့်တကယ့်ကို ကောင်းမွန်ခဲ့တဲ့ သွင်းဂိုးတစ်ဂိုးလို့ ပြောချင်ပါတယ်..။



ဂျိတ်ခ် ဟမ်းဖရေး - ဂျီရူးဒ် ဟာ တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ သူ့ရဲ့စွမ်းဆောင်ရည် အချက်အလက်တွေက သက်သေပြခဲ့ပြီးသားပါ..။ ပြင်သစ်လက်ရွေးစင် အသင်းရဲ့ သမိုင်းတစ်လျှောက် ဒုတိယသွင်းဂိုးအများဆုံး တိုက်စစ်မှူးဖြစ်တယ်..၊ ချယ်လ်ဆီးအသင်းမှာ ပွဲပေါင်း (၁၀၀) မပြည့်ခင်မှာ ဂိုးပေါင်း (၃၀) ရရှိထားခဲ့ပြီး ဖြစ်ပါတယ်..။ အဲဒီလို စံချိန်မှတ်တမ်းကောင်းတွေနဲ့ စွမ်းဆောင်ရည်တွေကြောင့် အခုတစ်ပါတ်မှာ လာမယ့်ဇန်နဝါရီကျရင် သူဟာချယ်လ်ဆီးအသင်းကနေ ထွက်တော့မလား..? ဆိုပြီး သူနဲ့ပတ်သက်တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြတာပေ့ါဗျာ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ ပုံမှန်ကစားခွင့် မပေးနိုင်ဘူးဆိုရင် ဂျီရူးဒ် ကို အသင်းကနေ ထွက်ခွင့်ပေးဖို့ သင့်၊ မသင့် ဆွေးနွေးပေးပါလား..

ပီတာ ခရော့ချ် - No.. မဖြစ်သင့်ပါဘူး..။ သူ့ကိုပုံမှန်ကစားခွင့် မပေးနိုင်ဘူးဆိုရင် အရန်ခုံကနေ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားတစ်ယောက်အဖြစ် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေမယ့် ကစားသမားဖြစ်ပါတယ်..။ တကယ်တော့ သူဟာအများကြီး လျစ်လျူရှုခံနေခဲ့ရတဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့ပါတယ်..။ သူ့ရဲ့သွင်းဂိုးတွေကို ကြည့်မယ်ဆိုရင် သူဟာပြင်သစ်နိုင်ငံက ပေါ်ထွက်ခဲ့ဖူးတဲ့ တိုက်စစ်မှူးတွေထဲက အကြီးကျယ်ဆုံး တိုက်စစ်မှုူးတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ပြောနိုင်တာပေါ့..။ သူဟာနိုင်ငံလက်ရွေးစင် အသင်းအတွက်ဆိုရင် သီယာရီ အွန်နရီထက် (၇) ဂိုးပဲ သွင်းဂိုးနည်းခဲ့တဲ့အပြင် ပြင်သစ်အသင်း၊ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ပေးခဲ့တဲ့ ခြေစွမ်းတွေကြောင့် အခုအချိန်မှာ သူ့ရဲ့အခန်းကဏ္ဍကို ကျွန်တော်တို့အားလုံး သေသေချာချာ အသိအမှတ် ပြုသင့်တယ်လို့ ပြောချင်ပါတယ်..။



ဂျိုး ကိုးလ် - အခုအချိန်မှာ ဖရန့် အတွက် အကြီးမားဆုံး စိန်ခေါ်မှုဟာ ခင်ဗျားပြောတဲ့အချက်ပဲ ဖြစ်ပါလိမ့်မယ်..။ ပြင်သစ်အသင်း မန်နေဂျာ ဒက်စ်ချမ့် ကလည်း ဂျီရူးဒ် ရဲ့ အရေးပါမှုကို သိထားတာကြောင့် သူ့ကိုအခုထက်ပိုပြီး ကစားခွင့်ရရှိစေချင်တယ်..၊ ဖရန့် ကလည်း သူ့ရဲ့ခြေစွမ်းနဲ့ အရည်အသွေးကို ကောင်းကောင်းသိထားပါတယ်..။ အထူးသဖြင့် သူ့ရဲ့ခံယူချက်၊ စိတ်ဓါတ်ကောင်းမွန်မှုနဲ့ အသင်းအတွက် အစွမ်းကုန် မဆုတ်မနစ် ကြိုးစား၊ ပေးဆပ်တတ်ပုံတွေဟာ တကယ့်ကို အသိအမှတ်ပြုဖို့ ကောင်းပါတယ်..။ ဒါ့ကြောင့်လာမယ့်ဇန်နဝါရီကျရင် သူ့ကိုအသင်းကနေ ထွက်ခွင့်ပေးနိုင်မလား..? အသင်းရဲ့ကောင်းကျိုးအတွက် မဖြစ်ဖြစ်အောင် ဆက်ပြီးထိန်းနိုင်ဖို့ ကြိုးစားမလား..? ဆိုတာဟာ ဖရန့် တို့အတွက် တကယ့်ကို ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာမှာပါ..။

သူဟာကွင်းတွင်း၊ ကွင်းပြင်ပ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်သလို ကစားခွင့်ရတဲ့အချိန်တိုင်းမှာ အသင်းကို အကောင်းဆုံး အကျိုးပြုနိုင်ခဲ့တဲ့ ကစားသမားအဖြစ် ဆက်ပြီးရှိနေသေးတယ် ဆိုတဲ့အချက်ဟာ သိပ်ကိုအရေးကြီးပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ကတော့ သူ့ကိုအသင်းမှာဆက်ပြီး ရှိနေစေချင်သေးတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ အခုလာမယ့် ဒုတိယရာသီဝက်ကာလဟာ ချယ်လ်ဆီးအသင်းအတွက် သူ့ဘက်က နောက်ဆုံးအနေနဲ့ အကောင်းဆုံး ပေးဆပ်သွားတဲ့ ကာလတစ်ခု ဖြစ်နိုင်တာကြောင့်ပါ..။ ခုနက ခရော့ချ် ပြောခဲ့တဲ့အတိုင်းပါပဲ.. အိုလီဗီယာ ဂျီရူးဒ် ဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ သူ့ရဲ့ခြေစွမ်းနဲ့ စွမ်းဆောင်ရည်တွေအတွက် ‘ထိုက်သင့်သလောက် အသိအမှတ် မပြုခံခဲ့ရတဲ့ ကစားသမားတစ်ယောက် (underrated player)’ ဖြစ်ခဲ့ပါတယ်လို့ ပြောရမှာပါပဲ..။

ပီတာ ခရော့ချ် - ဖရန့် က သူ့ကိုမရရအောင် ထိန်းထားနိုင်ဖို့ ကြိုးစားလိမ့်မယ်ဆိုတာ သံသယလုံး၀ မရှိပါဘူး..။ ဒါပေမယ့် သူကလာမယ့် ယူရိုပြိုင်ပွဲကို ပြင်သစ်အသင်းရဲ့ အထောင်တိုက်စစ်မှူး ‘No. 9’ အဖြစ် ပါဝင်ချင်နေတဲ့ ရည်မှန်းချက်ကလည်း ရှိနေတယ်ဗျ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းကသာ သူ့ကိုကစားခွင့် ကောင်းကောင်းမပေးနိုင်ခဲ့ဘူးဆိုရင် သူကလည်း အသင်းကနေ ထွက်ဖို့ကြိုးစားမှာပဲ..။



ဂျိတ်ခ် ဟမ်းဖရေး - ပီတာ ရေ.. ခင်ဗျားလည်း ဂျီရူးဒ် ကြုံတွေ့နေတဲ့ အနေအထားမျိုးကို ကြုံခဲ့ရဖူးတာပဲဗျ..။ ဥပမာ- ဘန်လေအသင်းမှာတုန်းကဆိုရင်လည်း ခင်ဗျားဟာ ပွဲကစားခွင့် များများရချင်တယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်..။ ဒါ့ကြောင့်ရာသီကုန်ရင် ယူရိုပြိုင်ပွဲလို ပြိုင်ပွဲကြီး ရှိနေတာကြောင့် ကစားခွင့်ပေးမလား..? အသင်းကနေ ထွက်ခွင့်ပေးမလား..? ဆိုတဲ့အခုလို အခြေအနေမျိုးနဲ့ ကြုံလာခဲ့ပြီဆိုရင် မန်နေဂျာတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပေးလို့ရနိုင်မလဲ..?

ပီတာ ခရော့ချ် - ပြောရတာတော့ ခက်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာချယ်လ်ဆီးအသင်းရဲ့ ပွဲကြီးပွဲကောင်းတွေမှာဆိုရင် ပါဝင်ခွင့်ရနေတာပဲဗျ..။ ဒါ့အပြင်ချယ်လ်ဆီးအသင်းဟာ ထိပ်ဆုံးလေးသင်းထဲက အသင်းတစ်သင်းပါ..။ တကယ်လို့ သူဟာအသင်းကနေ ထွက်မယ်ဆိုရင် ဘယ်ကိုသွားမလဲ..? ရွေးရတာ ခက်ပါတယ်..။ ဖရန့် က သူ့ကိုလုံလောက်တဲ့ ပွဲကစားခွင့် ပေးလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်..။ အဲဒါကြောင့်အကျိုးဆက် အနေနဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ အာမခံချက်ရဖို့ လုံလောက်မယ်လို့ ကျွန်တော်ထင်ပါတယ်..။ အရင်တုန်းကလည်း သူဟာပုံမှန်ကစားခွင့် မရခဲ့ရင်တောင်မှ ပြင်သစ်လက်ရွေးစင်အသင်းမှာ အမြဲတမ်းပါဝင်နေခဲ့တာပဲလေ..

ဂျိတ်ခ် ဟမ်းဖရေး - ဂျိုး ရေ.. ရန်းန်အသင်းက သွင်းယူပေးခဲ့တဲ့ ချေပဂိုးနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးပါလားဗျ..

ဂျိုး ကိုးလ် - ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းဟာ ထောင့်ကန်ဘောကနေ ဂိုးပေးလိုက်ရတယ် ဆိုပေမယ့် သူတို့အသင်းဟာ တည်ကန်ဘောတွေကို (set pieces) ကာကွယ်တဲ့အပိုင်းမှာ အများကြီး တိုးတက်လာပါတယ်..။ အဲဒီသွင်းဂိုးအကြောင်း သုံးသပ်ရမယ်ဆိုရင် တခါတလေမှာ ဂိုးဝင်ခြင်း၊ မဝင်ခြင်းတွေကို တကယ့်အသေးစိတ် အချက်လေးတွေက စကားပြောသွားခဲ့တာ ဖြစ်ပါတယ်..။ ရန်းန် အသင်းက ထောင့်ကန်ဘော ကန်တင်မယ့်အချိန်မှာ အခုအောက်ကပုံမှာ ပြထားတဲ့အတိုင်း ချယ်လ်ဆီးကစားသမား လေးယောက်က ရန်းန် အသင်းကစားသမားတွေ ပြေးဝင်၊ ခေါင်းတိုက်လို့မရအောင် ပိတ်ဆို့မယ့် (blocking ) တာဝန်ကို ယူထားပါတယ်..။ ရှေ့ဆုံးမှာ သီယာဂို ဆေးလ်ဗား က အနီးတိုင်ဘက်၊ သူ့ရဲ့ရှေ့မှာ ကျလာမယ့် ဘောလုံးတွေကို ရှင်းထုတ်မယ့် တာဝန်ယူထားပါတယ်..။ အိုလီဗီယာ ဂျီရူးဒ် က အဝေးဂိုးတိုင်ကို တာဝန်ယူပါမယ်..။



အဲဒီအချိန်မှာ သူတို့နှစ်ယောက်ကြားက ရန်းန်အသင်း တိုက်စစ်မှူး ဆီယူး ဂျူရာဆေး ရဲ့ နေရာယူထားပုံဟာ အရမ်းကို ပါးနပ်ပါတယ်..။ သူနဲ့အနီးဆုံးမှာ ကတ် ဇူးမား ရှိနေပါတယ်..။ အဲဒီနေရာမှာ ဇူးမား ကို ဘယ်လိုတာဝန်ပေးထားလဲ ကျွန်တော်မသိဘူးဗျ..။ blocking လုပ်ဖို့ပဲ ပြောထားလား မပြောတတ်ပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ သူဟာ အခုအောက်ကပုံမှာ ပြထားတဲ့အတိုင်း ဂျူရာဆေး ရဲ့ ဘယ်ဘက်မှာ (အတွင်းဘက်မှာ) သာ ရှိနေမယ်ဆိုရင် အဲဒီဂိုးကို မပေးရလောက်ဘူးဗျ..။

ဒါပေမယ့် ဘင်ဂျမင် ဘူရီဂေါ့ဒ် ကန်တင်လိုက်တဲ့ ထောင့်ကန်ဘော သိပ်ကိုကောင်းလွန်းတာလည်း ပါပါတယ်..။ သီယာဂို ဆေးလ်ဗား နဲ့ ဂျီရူးဒ် ရဲ့ကြားက နေရာလွတ်ဆီကို အတိအကျ ရောက်လာတယ်..၊ ဇူးမား က သူနေရာမှားနေပြီဆိုတာ သိလိုက်ပေမယ့် မမှီတော့ပါဘူး..။ တကယ့်ကို သပ်ရပ်၊ လှပတဲ့ဂိုးတစ်ဂိုးလို့ ပြောရမှာပါ..။



ဒီပွဲကိုပြန်ပြီး သုံးသပ်တဲ့အချိန်ကျရင် ပြီးခဲ့တဲ့ ခုနှစ်ပွဲလောက် ခံစစ်ပိုင်း ကာကွယ်ခဲ့တာ အရမ်းကိုကောင်းခဲ့ပြီးမှ အခုလိုပုံစံမျိုးနဲ့ ဂိုးပေးလိုက်ရတာကို ဖရန့် တို့ စိတ်ဆိုးကြပါလိမ့်မယ်..။ တကယ်တော့ အသေးစိတ် အချက်လေးတွေ၊ ပြင်ဆင်မှုလေးတွေကပဲ စကားပြောသွားခဲ့တာပါ..။ အထူးသဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲလို ပြိုင်ပွဲကြီးတွေမှာဆိုရင် နိုင်တယ်..၊ ရှုံးတယ်..၊ သရေကျတယ်ဆိုတဲ့ ရလဒ်တွေကို အခုလိုအသေးစိတ် အချက်လေးတွေကပဲ အဆုံးအဖြတ်ပေးသွားပါတယ်..။

ဂျိတ်ခ် ဟမ်းဖရေး - ဂျိုး ရေ… သိပ်ကိုကောင်းတဲ့ သုံးသပ်မှုပဲဗျာ..။ ဒါ့အပြင် ဒီနေ့ပွဲမတိုင်ခင်နဲ့ ပွဲပြီးတဲ့အချိန် မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ဖရန့် လမ်းပတ် ဟာ သူကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဖြေကြားမှုတွေဟာ သိပ်ကိုကျေနပ်ဖို့ကောင်းပါတယ်..။ အိုလီဗီယာ ဂျီရူးဒ် လို ဝါရင့်၊ သမ္ဘာရင့် ကစားသမားကြီးတစ်ယောက်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းချက်တွေကို ဖြေကြားရာမှာရော၊ ကွင်းလယ်ကစားသမား မေဆန် မောင့် နဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားချက်တွေ အပေါ် ဖြေကြားရာမှာရော ကစားသမားတွေဆီကို ဖိအားတွေ မကျရောက်စေဖို့ ကာကွယ်ပေးနိုင်ခဲ့တယ်ဗျ..။ အဲဒါအပြင် ကစားခွင့်သိပ်မရ ဖြစ်နေတဲ့ ကွင်းလယ်ကစားသမားတွေကိုပါ ကြိုးစားချင်စိတ်တွေ ပိုပြီးပေါ်ပေါက်လာအောင် အားပေးခဲ့ပါသေးတယ်..။ အဲဒီလို ‘တစ်ချက်ခုတ်၊ သုံးချက်ပြတ်’ စေတဲ့ သတင်းစာ ရှင်းလင်းပွဲ ဖြေကြားချက်တွေဟာ ကွင်းထဲကို ကစားသမား (၁၁) ယောက် ရွေးချယ်တာထက် ပိုပြီးခက်ခဲလိမ့်မယ် ထင်ပါတယ်..

ဂျိုး ကိုးလ် - ခင်ဗျားက မေဆန် မောင့် အပေါ် ဝေဖန်မှုတွေဆိုပြီး ပြောလို့လေ..၊ တကယ်တော့ သူ့ကိုဝေဖန်ခဲ့တဲ့အပေါ် ကျွန်တော်ကတော့ အတော်လေး အံ့အားသင့်မိတယ်ဗျ..၊ ဘာဖြစ်လို့လည်းဆိုတော့ ယေဘူယျအားဖြင့် ရာသီအစကနေ အခုထိသူ့ရဲ့ခြေစွမ်းကို ကြည့်မယ်ဆိုရင် အတော်လေးကို ကောင်းမွန်နေခဲ့တယ်လို့ ပြောလို့ရပါတယ်..။ ဒါပေမယ့် ဖရန့် အတွက်က သူတစ်ယောက်တည်းတင် မဟုတ်ပါဘူး..၊ အန်တိုနီယို ရူဒီဂါ..၊ နောက်ပြီးအခုဆိုရင် အိုလီဗီယာ ဂျီရူးဒ် ပေါ့..။ တကယ်တော့ ကစားသမားတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ဖို့ဆိုတာ သူတို့ကို ပုံမှန်ကစားခွင့်ပေးနေဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်..။ ဒါပေမယ့် သူက (၁၁) ယောက်နဲ့ လူစားဝင် (၃) ယောက်ပဲ ထည့်ကစားနိုင်မယ်..၊ သူ့ဆီမှာ ကစားသမား (၂၃) ယောက် ရှိနေပါတယ်..။

ဒါ့ကြောင့်အခုဖရန့် ကြုံတွေ့နေရတဲ့ ပြသနာဆိုတာ ထိပ်တန်းအသင်းကို ကိုင်တွယ်နေတဲ့ မန်နေဂျာတိုင်း မလွဲမသွေ မုချကြုံတွေ့ရကြရမှာပါပဲ..။ ဒါပေမယ့် ဖရန့် ကတော့ အခုအချိန်ထိ အဲဒီစိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကျော်လွှားနိုင်နေတုန်းပါပဲ..။ သူဟာကစားသမားဘဝ၊ နည်းပြဘဝမှာလည်း အခက်အခဲတွေ အများကြီးကျော်ဖြတ်ခဲ့ရသလို အခုဆိုရင် သူ့ဆီမှာ အသင်းတစ်သင်း ရှိနေတယ်..၊ အဲဒီအသင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်း ဖြစ်လာဖို့ မျှော်လင့်ချက်တွေ ကြီးမားနေကြပါတယ်..။



အခုအချိန်မှာတော့ သူ့ရဲ့အသင်းဟာ ဆုဖလားကို စိန်ခေါ်နိုင်မယ့်အသင်း.. ဆိုပြီး ဖရန့် က ပြောဦးမှာ မဟုတ်သေးပါဘူး..။ ဒါပေမယ့် သူတို့ဟာ အောင်မြင်မှုတွေကို ဆောင်ယူနိုင်ဖို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတဲ့ ယုံကြည်မှုတော့ ရှိနေပြီလို့ ကျွန်တော်ယူဆပါတယ်..။ အခုအချိန်မှာ သူ့ရဲ့အသင်း ကစားသမားတွေရဲ့ အနေအထား၊ ဒဏ်ရာကနေ ပြန်လည်သက်သာလာမယ့် ကစားသမားတွေရဲ့ အနေအထားအရ သူ့ရဲ့အသင်းဟာ ကျေနပ်ဖို့ကောင်းတဲ့ အခြေအနေမှာ ရှိတယ်လို့ ပြောနိုင်ပါတယ်..။ ဒါပေမယ့် ဘောလုံးရာသီတစ်ခုဟာ အရမ်းကိုရှည်ကြာလွန်းပါတယ်..။ နောက်ပြီးအခုလာမယ့် တနင်္ဂနွေနေ့၊ တော့တင်ဟမ် အသင်းနဲ့ပွဲစဉ်မှာ ဟိုဆေး ရဲ့ အသင်းကလည်း ပုံစံကောင်းတွေ ရနေတယ်ဆိုတော့ နှစ်သင်းစလုံးအတွက် ၅၀- ၅၀ ပါပဲ..။

ပီတာ ခရော့ချ် - သူ့ရဲ့အသင်းနဲ့ပတ်သက်ပြီး ဖရန့် မှာ ခေါင်းကိုက်လိမ့်မယ်ဆိုတာ သေချာတယ်ဗျ..။ ဘာဖြစ်လို့တော့ သူတို့အသင်းမှာ အရည်အသွေးမြင့်သလို အောင်မြင်မှုတွေ ဆာလောင်နေတဲ့ လူငယ်အကယ်ဒမီထွက် မေဆန် မောင့်၊ တန်မီ အေဘရာဟမ်၊ ဟတ်ဒ်ဆန် အိုဒွိုင်း၊ ရိစ် ဂျိမ်းစ် တို့လို ကစားသမားတွေ ရှိနေသလို transfer ban ကနေ ပြစ်ဒဏ်က လွတ်တဲ့အချိန် ပြုလုပ်ခဲ့တဲ့ ဖြည့်တင်းမှုတွေဟာ အရမ်း.. အရမ်းကို ကောင်းမွန်ခဲ့ပါတယ်..။ အခုအချိန်ထိ သူတို့အသင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကလည်း ကောင်းသတင်းတွေချည်းပါပဲ..။

ဒါ့ကြောင့်နောက်ပိုင်းမှာ ဖရန့် အတွက် ခက်ခဲမယ့်အပိုင်းက သူ့ရဲ့ကစားသမားတွေကို ပျော်ရွှင်အောင် ထိန်းထားနိုင်ဖို့ပါပဲ..။ အခုလောလောဆယ် အချိန်ထိကတော့ သူတို့ဟာနိုင်ပွဲတွေ ရရှိနေတယ်..၊ ကစားသမားတွေလည်း ပျော်ရွှင်နေတယ်လို့ ပြောနိုင်ပါတယ်..။ အခုလက်ရှိ သူတို့အသင်းမှာ အပါတ်တိုင်း ကစားခွင့်ရနေတဲ့ ကစားသမားတွေကို ကြည့်မယ်ဆိုရင်လည်း ခြေစွမ်းကောင်းတွေ ပြနိုင်လို့ နေရာရနေကြတဲ့သူတွေပဲဆိုတော့ သွားပြီးငြင်းလို့မရနိုင်ဘူးဗျ..။ သူတို့တွေ ခြေစွမ်းကျလာတဲ့ အချိန်ကျမှသာ အဝတ်လဲခန်း ပြသနာတွေ ပေါ်လာမှာပါ..။ အခုလက်ရှိအချိန်မှာတော့ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး အစစအရာရာ အဆင်ပြေ ချောမွေ့နေတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေတယ်လို့ပဲ သုံးသပ်ချင်ပါတယ်..။

ဂျိုး ကိုးလ် - တကယ်လို့ အခုအချိန်မှာ ပြင်သစ်လက်ရွေးစင်အသင်း မန်နေဂျာ ဒီဒီယာ ဒက်စ်ချမ့် အနေနဲ့ အိုလီဗီယာ ဂျီရူးဒ် ဟာ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ရသည်ဖြစ်စေ..၊ မရသည်ဖြစ်စေ..၊ အသင်းမှာဆက်ပြီး ရှိသည်ဖြစ်စေ..၊ မရှိသည်ဖြစ်စေ..၊ သူဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်း၊ သူ့ရဲ့ခြေစွမ်းကောင်းတွေနဲ့ စွမ်းဆောင်ခဲ့သမျှတွေကြောင့် လာမယ့်ယူရိုပြိုင်ပွဲဝင် အသင်းမှာ တစ်နေရာ သေချာပါတယ်… ဆိုတဲ့ အာမခံချက်စကားကို ကြားခဲမယ်ဆိုရင် ဖရန့် တို့အတွက် သိပ်ကိုကောင်းပါလိမ့်မယ်..။ ဒါဆိုရင် အိုလီဗီယာ အတွက် စိုးရိမ်စိတ်တွေ အတော်လေး လျော့ပါးသွားမှာပါ..။ ဘယ်လိုပဲဖြစ်ဖြစ် ပွဲထွက်နေရာရနိုင်မယ့် အနေအထားမှာ အမြဲတမ်းရှိနေတာပဲလေ..။ လာမယ့်တနင်္ဂနွေနေ့ပွဲမှာတောင် ပါချင်ပါလာနိုင်ပါသေးတယ်..။ ဒါမှမဟုတ် လူစားဝင်လာတယ်..၊ အနိုင်ဂိုးသွင်းပေးတယ်.. ဒီနေ့လိုပေါ့ဗျာ..။ အဲဒီလိုမဖြစ်လာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ..?

ပီတာ ခရော့ချ် - ဟုတ်ပါတယ်..၊ အရန်ခုံမှာ ထိုင်နေရတယ် ဆိုပေမယ့် သူဟာအသင်းအတွက် အနည်းဆုံး (၆) မှတ်၊ (၇) မှတ်လောက် ယူပေးလိုက်တယ်ဆိုရင် အဆင်ပြေပါပြီဗျ..။ အရန်ခုံကနေ ပွဲအဖြေကို ပြောင်းလဲနိုင်မယ့် အခိုက်အတန့်တွေ အများကြီးဖန်တီးလို့ ရပါတယ်..။ ဥပမာ- သူ့ကြောင့်ပင်နယ်တီရတယ်..၊ ပြစ်ဒဏ်ဘောတွေရတယ်..၊ ဂိုးတွေဖန်တီးတယ်..၊ ဂိုးတွေသွင်းပေးနိုင်တ်ယ်.. စသဖြင့်ပေါ့ဗျာ..။ အဲဒီလိုနည်းနဲ့လည်း သူ့ရဲ့တန်ဖိုးကို ပြနိုင်တာပါပဲ..။



ဂျိုး ကိုးလ် - ဒါပေါ့..။ ပီတာ ခရော့ချ် ကြီးလိုပေါ့ဗျာ..။ ဂျီရူးဒ် ဟာ နောက်တန်းလူတွေနဲ့ယှဉ်ပြီး ပြစ်ဒဏ်ဘောတွေရအောင် ဖန်တီးတဲ့နေရာမှာ အရမ်းကိုထူးချွန်တာဗျ..။ တန်မီ အနေနဲ့ တကယ့်ထိပ်တန်း အထောင်တိုက်စစ်မှူး တစ်ယောက်ဖြစ်ဖို့ဆိုရင် အဲဒီလိုအသေးစိတ် အချက်လေးတွေကို သင်ယူနိုင်ဖို့ လိုအပ်ပါသေးတယ်..။ ဂျီရူးဒ် တို့ကျတော့ အဲဒီလိုပါးပါးနပ်နပ်နဲ့ ပြစ်ဒဏ်ဘောတွေ ရယူတယ်ဆိုတာ သူ့တို့အတွက် အလိုအလျောက် တုံ့ပြန်လိုက်တဲ့ အပြုအမူတွေလို ဖြစ်နေခဲ့တာကိုးဗျ..။ အဲဒီအတွက် ထူးထူးခြားခြား အားထုတ်ဖို့ကို မလိုတော့တာပါ..။

ဂျိတ်ခ် ဟမ်းဖရေး - ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းကစားသမားကောင်းတွေ ထပ်ပြီးခေါ်ယူခဲ့ပါတယ်..။ အဲဒါကြောင့်အသင်းမှာရှိနေတဲ့ ကစားသမားတွေကလည်း နှပ်နေလို့မရတော့ဘူး..၊ အစွမ်းကုန် ကြိုးစားပြမှ ရတော့မယ်ဆိုတဲ့စိတ်တွေ ဖြစ်လာနိုင်တာပေါ့..။ ဒါ့ကြောင့်အခုဆိုရင် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း လည်း ဒီနေ့ပွဲမှ အစွမ်းကုန် ကြိုးစားပြတယ်..၊ တန်မီ အေဘရာဟမ် လည်း နေရာမြဲနေဖို့ အထူးကြိုးစားနေပါတယ်..။ ဒါတွေဟာ အသင်းအတွက် အပြုသဘောဆောင်ခဲ့တဲ့ တုံ့ပြန်မှုတွေလို့ ပြောရမှာပါ..

ပီတာ ခရော့ချ် - ဒါပေါ့..။ အဲဒီလိုအပြုသဘောဆောင်တဲ့ တုံ့ပြန်မှုဟာ ဟာ အသင်းတစ်သင်းအတွက် တကယ့်ကိုအရေးကြီးတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်..။ နောက်ပြီးလူငယ်ကစားသမားတွေဟာ ထိပ်တန်းကစားသမားတွေဆီကနေ လေ့ကျင့်ကွင်းမှာ သင်ယူလို့ရတယ်..၊ အဲဒါအပြင် သူတို့အတူ တွဲဖက်ကစားရင် သူတို့တွေကိုယ်တိုင် နောက်ထပ်တစ်ဆင့်မြင့် ကစားသမားတွေအဖြစ် လျှင်လျှင်မြန်မြန် တက်လှမ်းနိုင်ပါမယ်..။ တန်မီ အေဘရာဟမ် ဆိုရင် အိုလီဗီယာ ဂျီရူးဒ် ဆီကနေ သင်ယူနိုင်သလို ဟတ်ဒ်ဆန် အိုဒွိုင်း ဟာလည်း ဇိုင်းယက်ချ်၊ ဗာနာ တို့ဆီကနေ သင်ယူလို့ ရနိုင်ပါတယ်..။ ဒါဟာချယ်လ်ဆီးအသင်းအတွက် ဆက်လက်တိုးတက်နိုင်မယ့် ခြေလှမ်းတွေ ဖြစ်ပါတယ်.။

ဂျိုး ကိုးလ် - လူငယ်ကစားသမားတွေဟာ ဝါရင့်ကစားသမားတွေ၊ အသင်းကိုရောက်လာတဲ့ ကစားသမားတွေဆီကနေ သင်ယူခွင့်ရနိုင်တယ်ဆိုပြီး ခင်ဗျားပြောလို့လေ…။ နောက်ထပ်အခြားတစ်ဘက်ကို ကြည့်မယ်ဆိုရင် အဲဒီလူငယ်ကစားသမားတွေကိုယ်တိုင် ချယ်လ်ဆီးအသင်းမှာ လေ့လာသင်ယူရင်း ‘Chelsea Way’ အတိုင်း စိတ်ဓာတ်ပိုင်း၊ ခံယူချက်ပိုင်း ပိုမိုရင့်ကျက်လာပြီး အသင်းရဲ့မာကျောတဲ့စိတ်ဓါတ်၊ အနိုင်မခံ အရှုံးမပေးတတ်တဲ့ အစဉ်အလာကောင်းတွေကို အသစ်ရောက်လာတဲ့ ကစားသမားတွေဆီကို လက်ဆင့်ကမ်းပေးလို့ ရပါတယ်..။ အထူးသဖြင့် ချယ်လ်ဆီးအသင်းမှာဆိုရင် ဒီလိုစိတ်ဓါတ်မျိုးတွေ ထားရှိရမယ်..၊ ဒီလိုမြင့်မားတဲ့ ရည်မှန်းချက်တွေ ထားရှိရမယ်.. စသဖြင့်ပေါ့ဗျာ..။ အဲဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် သင်ယူရင်း၊ ဝေမျှရင်း ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းအဖြစ် ဆက်လက်ရပ်တည်သွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်...။



ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ..။ ဂိုးသမား မန်ဒီ ဆိုရင် ချယ်လ်ဆီးအသင်းကို ရောက်လာပြီး ထိရောက်တဲ့ ပံ့ပိုးမှုတွေနဲ့ အသင်းကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ပါ.။ ဒီနေ့မှာဆိုရင် ကပ်ရောဂါကြောင့် ပရိသတ်တွေလာရောက်ခွင့် မရခဲ့တာကြောင့် သူ့ကိုချစ်မြတ်နိုးခဲ့ကြတဲ့ ရန်းန်အသင်း ပရိသတ်ကြီးကို မျက်မြင်ကိုယ်တွေ့ နှုတ်ဆက်ခွင့် မရခဲ့တာတော့ ဝမ်းနည်းစရာ ဖြစ်ခဲ့ပါတယ်..။

ဒါပေမယ့် သူ့ရဲ့အသင်းဟောင်း မန်နေဂျာ၊ နည်းပြအဖွဲ့ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ နှုတ်ဆက်ခွင့်ရခဲ့တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်..။ ဒါဟာလည်း ကြည်နူးစရာ မြင်ကွင်းတစ်ခုပါပဲ..။ တကယ်တော့ လေ့ကျင့်စရာ အသင်းတောင် မရှိခဲ့တဲ့ ဘဝကနေ အခုလိုအဆင့် ကစားသမားဘဝအထိ အချိန်တိုအတွင်းမှာ တက်လှမ်းနိုင်ခဲ့တာဟာ တကယ့်ကို စံပြုအားကျလောက်တဲ့ သူရဲကောင်း ပုံပြင်တစ်ပုဒ်ပါပဲ..။ အခုဆိုရင် မန်ဒီ နဲ့ ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နောက်ထပ်တစ်ဆင့်ကို အစောဆုံးတက်ရောက်နိုင်ခဲ့တဲ့ အသင်းအဖြစ် အုပ်စုပွဲစဉ်အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ ဆိုတဲ့အကြောင်း တင်ဆက်ရင်း နှုတ်ဆက်လိုက်ပါတယ်..။ လာမယ့်ပွဲစဉ်တွေမှာ ပြန်ဆုံကြတာပေါ့…