မနက်ဖြန်ဆိုရင် ချယ်လ်ဆီးအသင်းဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ပုံစံကောင်းတွေ ရရှိနေတဲ့ တော့တင်ဟမ် အသင်းနဲ့ ရင်ဆိုင်ရတော့မှာပါ..။ အဲဒီပွဲဟာ နှစ်သင်းစလုံးရဲ့ အခုနှစ်ဘောလုံးရာသီ နောက်ပိုင်းကာလတွေ အတွက်ပါ အဆုံးအဖြတ်ပေးသွားနိုင်တဲ့ အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဖရန့် လမ်းပတ် အနေနဲ့ အခုတစ်ကြိမ် ဟိုဆေး မော်ရင်ဟို နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကိုယ့်ရဲ့ဆရာရင်း တစ်ယောက်နဲ့ ပြန်လည်ရင်ဆိုင် နေရတယ်ဆိုတဲ့စိတ်မျိုး ထားရှိလိမ့်မယ် မထင်မိပါဘူး..။ ဒါ့အပြင်ချယ်လ်ဆီးအသင်း နည်းပြရာထူးကို ဆက်ခံခဲ့ပြီးနောက်ပိုင်း သူဟာ ဟိုဆေး မော်ရင်ဟို နဲ့ လေးကြိမ်ရင်ဆိုင်ခဲ့ရမှာ မိနစ် (၉၀) အတွင်း ရလဒ်တွေအရ ဖရန့် ဟာ နှစ်ပွဲနိုင်ပြီး နှစ်ပွဲသရေကျခဲ့ပါတယ်..။ ပြီးခဲ့တဲ့ စက်တင်ဘာလက Carabao ဖလားပွဲမှာပဲ ပင်နယ်တီအဆုံးအဖြတ်နဲ့ တစ်ကြိမ်ပဲ ရှုံးနိမ့်ခဲ့သေးတာပါ..။
နောက်ပြီးမနက်ဖြန်ပွဲစဉ်ဟာ လမ်းပတ် vs သူ့ရဲ့ဆရာ..၊ ‘ချယ်လ်ဆီး vs တော့တင်ဟမ်’ ဆိုတဲ့ ‘အစဉ်အလာ လန်ဒန်ဒါဘီ’ ပွဲစဉ်တွေအပြင် အခုနှစ်ဘောလုံးရာသီ အခင်းအကျင်းတွေအရ လီဗာပူးလ်၊ မန်ချက်စတာ စီးတီး ဆိုတဲ့ ဘီလူးကြီးနှစ်ကောင်ကို နောက်ကောက်ချနိုင်မယ့် အလားအလာရှိတာ ချယ်လ်ဆီး နဲ့ တော့တင်ဟမ် နှစ်သင်းပဲ ရှိနေတာကြောင့် ပိုပြီးအရေးပါလာခဲ့ပါတယ်..။
အခုဆိုရင် သူတို့နှစ်သင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းတွေအဖြစ် စတင်၊ ပြောဆိုနေပြီ ဖြစ်တာကြောင့် အဲဒီလိုဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် အသင်းရဲ့တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းဟန်ချက် (balance) ကို မျှတအောင် တည်ဆောက်သွားနိင်ဖို့ လိုအပ်ပါတယ်...။ အခုလာမယ့် ‘လန်ဒန် ဒါဘီ’ ပွဲစဉ်ဟာ ပွဲရလဒ်အပြင် သူတို့နှစ်သင်းစလုံးရဲ့ အရည်အသွေးပိုင်းကိုပါ ဆန်းစစ်၊ လေ့လာခွင့်ရမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာပါလိမ့်မယ်..။
လွန်ခဲ့တဲ့အောက်တိုဘာလကုန်က ချယ်လ်ဆီးအသင်းကို ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် လမ်းပတ် ဟာ သူ့ရဲ့ခံစစ်ကြောင်းမှာ ကစားသမား အပြောင်းအလဲ ပြုလုပ်မှု များပြားခဲ့ပါတယ်..။ ကြည့်ရတာ လူတိုင်းကို စမ်းသပ်နေသလိုပါပဲ..။ ဒါပေမယ့် အခုအချိန်မှာတော့ ဘင် ချီးဝဲလ်၊ သီယာဂို ဆေးလ်ဗား၊ ကတ် ဇူးမား နဲ့ ရိစ် ဂျိမ်းစ် တို့လေးယောက်ဟာ အသင်းရဲ့ခံစစ်ကြောင်းအတွက် အသင့်တော်ဆုံး ပထမဦးစားပေး ကစားသမားတွေအဖြစ် တွေ့ရှိခဲ့ပါပြီ..။ ဒါ့အပြင် ဆေးလ်ဗား နဲ့ ဇူးမား တို့ နှစ်ယောက်ရဲ့ ဗဟိုခံစစ်အတွဲဟာ နားလည်မှုကောင်းမွန်ပြီး တွဲဖက်ညီတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ အောက်တိုဘာလကနေစပြီး သူတို့နှစ်ယောက် တွဲဖက်ကစားခဲ့တဲ့ ခုနှစ်ပွဲမှာ clean sheet ငါးကြိမ်နဲ့ ပေးဂိုးနှစ်ဂိုးပဲ ခွင့်ပြုရပါသေးတယ်..။
ရာသီအစပိုင်းကာလတွေတုန်းက ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းဟာ သူပဲဖျက်ရနိုးနိုး၊ ကိုယ်ပဲဖျက်ရနိုးနိုးနဲ့ ရပ်ကြည့်နေတတ်တာကြောင့် မကြာခဏ ဒုက္ခတွေ့ခဲ့ရပါတယ်..။ အဲဒါကြောင့်လည်း ဖရန့် လမ်းပတ် ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၄၃) ပွဲမှာ (၆၅) ဂိုး ပေးခဲ့ရတာဖြစ်ပေမယ့် အခုအချိန်မှာတော့ သူတို့အသင်းဟာ အဲဒီယိုပေါက်တွေကို ပိတ်ဆို့နိုင်ခဲ့ပါပြီ..။
သီယာဂို ဆေးလ်ဗား ဟာ ချယ်လ်ဆီးအသင်းရဲ့ နောက်တန်းကို ကြိုးကိုင်၊ ပဲ့ကိုင် မောင်းနှင်နေခဲ့ပြီး သူကပဲအသင်းရဲ့ ကစားကွက်နဲ့ ပွဲအရှိန်ကို ထိန်းကျောင်းပေးနေခဲ့ပါတယ်..။ အတွေ့အကြုံတွေ အများကြီးရှိခဲ့တဲ့ ဆေးလ်ဗား ဟာ ဘယ်အချိန်မှာ ဘောလုံးပေးရမယ်..၊ ဘယ်အချိန်မှာ ဘောလုံးကိုဆိုင်းပြီး အရှိန်ကိုထိန်းရမယ်ဆိုတာ ကောင်းကောင်းသိထားပါတယ်..။ ပြီးခဲ့တဲ့ရန်းန် အသင်းနဲ့ပွဲမှာဆိုရင် ဆေးလ်ဗား ဆီကို ဘောလုံးရောက်တာနဲ့ မေဆန် မောင့် နဲ့ တီမို ဗာနာ တို့ဟာ ရှေ့ကိုပြေးတက်သွားပြီး ခံစစ်ကြောင်းနောက်က ပေါ်လာနိုင်မယ့် နေရာလွတ်တွေကို ရှာဖွေခဲ့ကြပါတယ်..။
အခုဆိုရင် ဖရန့် လမ်းပတ် ဟာ အသက် (၃၆) နှစ်အရွယ် ဘရာဇီးလ် နောက်ခံလူကြီးနဲ့အတူ ဂိုးသမား မန်ဒီ၊ ကွင်းလယ်မှာ အန်ဂိုလို ကန်တေး နဲ့ တိုက်စစ်မှာ တန်မီ အေဘရာဟမ် တို့ ပါဝင်တဲ့ အသင်းရဲ့အမာခံ ကျောရိုးကို ရှာဖွေ၊ တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်..။ တန်မီ အေဘရာဟမ် ဟာ အခုနောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ငါးပွဲစလုံးမှာ ပါဝင်ခွင့်ရခဲ့သလို တီမို ဗာနာ နဲ့အတူ တွဲဖက်ညီခဲ့တဲ့ တိုက်စစ်အတွဲအစပ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်..။
ဂျော်ဂင်ဟို ပါဝင်လာမယ်ဆိုရင် ဘောလုံးပေးပို့မှုကို ပိုပြီးဦးစားပေးတဲ့ အသင်းတစ်သင်း ဖြစ်လာနိုင်ပေမယ့် တော့တင်ဟမ် လို မာကျောတဲ့ အသင်းနဲ့ ရင်ဆိုင်ရာမှာ ကန်တေး ကို ကွင်းလယ်မှာ အထိုင်ချခဲ့ရင် ပိုပြီးကောင်းမွန်လိမ့်မယ်လို့ သုံးသပ်မိပါတယ်..။
ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတွေကနေ ကစားကွက်အသာစီးရယူ၊ ထိုးဖောက်မှုတွေကလည်း ထိရောက်မှုရှိခဲ့ပါတယ်..။ ဘယ်တောင်ပံမှာဆိုရင် ဘင် ချီးဝဲလ်၊ မေဆန် မောင့် နဲ့ တီမို ဗာနာ တို့ဟာ တစ်ချိန်လုံး ရွှေ့လျားကစားနေပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ ဖြည့်ဆည်းကစားနေကြပါတယ်..။ ချီးဝဲလ် က တောင်ပံကစားသမားပုံစံ ဖြစ်သွားပြီဆိုရင် သူ့ရဲ့ဘယ်တောင်ပံ ခံစစ်က နေရာကို မောင့် က ထောက်ထားပေးတယ်..၊ ဗာနာ က အတွင်းကိုဝင်သွားပါတယ်..။ ညာတောင်ပံမှာ ဆိုရင်လည်း ဂျိမ်းစ်၊ မတ်တီယို ကိုဗာဆစ် နဲ့ ဟာကင် ဇိုင်းယက်ချ် တို့ သုံးယောက်ဟာ နားလည်မှု၊ ရွှေ့လျားမှုတွေ ကောင်းမွန်တဲ့အပြင် အနီး၊ အဝေးပေးပို့မှုတွေမှာပါ ကောင်းမွန်တာကြောင့် ထိန်းချုပ်နိုင်ဖို့ ခက်ခဲလှပါတယ်..။
ဒါပေမယ့် တောင်ပံခံစစ်မှူး (full backs) တွေရဲ့ တိုက်စစ်မှာ အထူးလိုက်ပါမှုဟာ မာကျောတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အချိန် လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေအတွက် နေရာလွတ်တွေ ဖြစ်လာနိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်..။ ဒါ့ကြောင့် လမ်းပတ် ဟာ တော့တင်ဟမ်အသင်းနဲ့ ရင်ဆိုင်ရာမှာ အရင်ပွဲတွေထက်စာရင် ခံစစ်ပိုင်းကို ပိုပြီးဂရုစိုက်ပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဆွန် ဟောင်မင် နဲ့ ဂါးရတ် ဘေးလ် တို့ဟာ အဲဒီနေရာလွတ်တွေကို ထိုးဖောက်တဲ့နေရာမှာ အရမ်းကို ထူးချွန်သလို လျှင်မြန်မှုကောင်းတယ်.၊ အဆုံးသတ်ပိုင်း သေချာတဲ့သူတွေ ဖြစ်ကြပါတယ်..။ ချယ်လ်ဆီးအသင်းအနေနဲ့ ခံစစ်ဇုန်ရဲ့နောက်ကို ကျော်လာတဲ့ ဘောလုံးတွေကို အထူးဂရုစိုက်သွားမှာ ဖြစ်သလို သီယာဂို ဆေးလ်ဗား နဲ့ ဇူးမား တို့ဟာလည်း ဆွန်..၊ ဂါးရတ် ဘေးလ် တို့နဲ့ တစ်ဦးချင်းရင်ဆိုင်ရတဲ့ အခြေအနေမျိုးကို ကြုံတွေ့ချင်မှာ မဟုတ်ပါဘူး..။
ချယ်လ်ဆီးအသင်းလိုပါပဲ…၊ တော့တင်ဟမ်အသင်းဟာ ဟူဂို လိုရစ်၊ အဲရစ် ဒီယာ၊ ပယ်ရီ အမ်မယ်လ် ဟိုးဘတ်ဂ် နဲ့ ဟာရီ ကိန်း တို့နဲ့အတူ မာကျောတဲ့ အသင်းအထိုင် ရှိနေပြီးသားပါ..။ ဒါ့အပြင် သူတို့အသင်းဟာ ဟိုဆေး မော်ရင်ဟို သွတ်သွင်းပေးထားတဲ့ မဆုတ်မနစ်၊ ကျားကုတ်ကျားခဲ ရင်ဆိုင်တတ်တဲ့ တိုက်ပွဲဝင်စိတ်ဓါတ်၊ နိုင်ပွဲဆာလောင်စိတ်တွေနဲ့လည်း ပြည့်ဝနေပါတယ်..။ ရလဒ်ကိုပဲ ဦးတည်ကစားတဲ့ မော်ရင်ဟို ရဲ့ အယူအဆကြောင့် အခုလက်ရှိ တော့တင်ဟမ် အသင်းဟာ တစ်လုံးဆိုတစ်လုံး ထိရောက်မှုအပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်တဲ့ အသင်းတစ်သင်းအဖြစ် အရမ်းကိုအန္တရာယ် ကြီးမားပါတယ်..။
လက်ရှိစပါးအသင်းမှာ ဟိုဆေး မော်ရင်ဟို ရဲ့ ဒသနအတိုင်း အပြည့်အဝနားလည်ပြီး အကောင်အထည်ဖော်၊ မောင်းနှင်ပေးနေတဲ့ ကစားသမားကတော့ ကွင်းလယ်က ‘ပယ်ရီ အမ်မယ်လ် ဟိုးလ်ဘတ်ဂ်’ ဖြစ်ပါတယ်..။ သူဟာ တော့တင်ဟမ် အသင်းရဲ့ကွင်းလယ်ဟန်ချက်ကို မောင်းနှင်နေတဲ့သူဆိုလည်း မမှားပါဘူး..။ ဒါ့အပြင် အခုတစ်ကြိမ် စတန်းဖို့ဒ် ဘရစ်ချ်ကို ပြန်လည်ခြေချလာမယ့် ဟိုဆေး မော်ရင်ဟို ဟာ တစ်ချိန်တုန်းက ‘Special One’ အဖြစ် ကြွေးကြော်ပြီး ရောက်ရှိလာခဲ့တဲ့ အချိန်တုန်းကလို အရှိန်အဝါ၊ ဟန်ပန်မျိုး ပြန်လည်ရရှိနေပါပြီ..။
အဲဒီလို အင်ပြည့်အားပြည့်၊ စိတ်ဓါတ်အပြည့်နဲ့ ဟိုဆေး မော်ရင်ဟို ရဲ့ တော့တင်ဟမ် အသင်းဟာ မာကျော၊ ကျစ်လျစ်ပြီး ဘယ်အချိန်မှာ ဖိအားပေး (press) ရမယ်..၊ ဘယ်အချိန်မှာ ပိတ်ဆို့ကစားရမယ်..၊ ဘယ်လိုနေရာကနေ ခံစစ်ထိုင်ရမယ်ဆိုတာ ကောင်းကောင်းနားလည်နေတဲ့ အသင်းဖြစ်သလို မနက်ဖြန်ပွဲစဉ်မှာလည်း သူတို့ဟာ ခံစစ်ကြောင်းကို ကျစ်ကျစ်လျစ်လျစ် အထိုင်ချပြီး ထိရောက်တဲ့ တန်ပြန်တိုက်စစ်နဲ့ ကစားသွားဖို့ များပါတယ်..။
အခုလက်ရှိ ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်အသင်း ကွင်းဘက်ခြမ်းမှာ ဖိအားပေး (pressing) ကစားတဲ့နေရာမှာ လီဗာပူးလ်၊ ဆောက်ပ်သမ်တန် အသင်တွေလောက် မကောင်းသလို ခန္ဓာကိုယ်ကြံ့ခိုင်မှု (physicality) ကို ဦးစားပေး ကစားတဲ့အသင်းလည်း မဟုတ်ပါဘူး..။ ဒါပေမယ့် ဘောလုံးကိုခြေထဲမှာ ထိန်းထားနိုင်၊ ထိရောက်တဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်တဲ့ ကစားသမားကောင်းတွေ သူတို့အသင်းမှာ အများကြီးရှိနေပါတယ်..။
ဇိုင်းယက်ချ် ရဲ့ ဘယ်ခြေတစ်ချောင်းနဲ့ ပေးပို့မှုတွေဟာ ကီဗင် ဒီ ဘရိုင်း ရဲ့ ညာခြေတစ်ချောင်း အတိုင်း တန်ဖိုးကြီးမားလှပါတယ်..။ ဒါ့ကြောင့် ဘောလုံးသာ ကိုင်ထားပေမယ့် ဘယ်လိုထိုးဖောက်ရမှန်းမသိ ဖြစ်နေခဲ့တဲ့ ပွဲတွေကြောင့် ‘ပြာသာပြာနေတာ…၊ ဖွဲမထွက်တဲ့အသင်း..’ လို့ အပြောခံခဲ့ရတဲ့ အသင်းအတွက် ဖရန့် လမ်းပတ် ဟာ လိုအပ်နေတဲ့ နောက်ဆုံးကွက်လပ်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီလို့ ပြောနိုင်ပါတယ်..။
ဒါ့အပြင် ဒီနေ့ညနေအစောဆုံး ပွဲစဉ်မှာ လီဗာပူးလ်သာ အနိုင်မရခဲ့ဘူးဆိုရင် ဖရန့် လမ်းပတ် ဟာ သူ့ရဲ့ဆရာဟောင်းကို အနိုင်ရလဒ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်..။ အဲဒီခြေလှမ်းဟာ သူ့ရဲ့မန်နေဂျာဘဝအတွက် နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်မယ့် အရေးပါတဲ့ ခြေတစ်လှမ်း ဖြစ်လာနိုင်ပါကြောင်း သုံးသပ်၊ တင်ဆက်လိုက်ပါတယ်…။
(Daily Mail မှ ဆောင်းပါးရှင် Martin Keown ၏ ‘KEOWN TALKS TACTICS: Chelsea are cashing in now Thiago Silva has settled in at the back... If Frank Lampard defeats Jose Mourinho once again he'll have one eye on the title’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)