မနေ့ညက စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် လိဒ် ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ခြေစွမ်းနှင့် သွင်းဂိုးများအပေါ် မန်ချက်စတာ ယူနိုက်တက်အသင်း ဘယ်နောက်ခံလူဟာင်း ပက်ထရစ် အီဗရာ နှင့် ချယ်လ်ဆီးအသင်း ဂိုးသမားဟောင်း ရောဘတ် ဂရင်း တို့က Sky Sports ရုပ်သံဌာနမှ တင်ဆက်သည့် ‘Saturday Night Football’ သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ကယ်လီ ကိတ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ အိုလီဗီယာ ဂျီရူးဒ် ဟာ ပွဲပြီးတဲ့အချိန် သတင်းထောက်တွေနဲ့ တွေ့တဲ့အခါမှာ အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာ လူငယ်သွေးသစ် ကစားသမား အများအပြားနဲ့ တွဲဖက်ကစားရတဲ့အတွက် အရမ်းကို ကျေနပ်မိတဲ့အကြောင်း ပြောသွားခဲ့ပါတယ်..။ ပက်ထရစ် ရေ.. ပထမဆုံးအနေနဲ့ အိုလီဗီယာ ဂျီရူးဒ် နဲ့ အတူတူပဲဖြစ်ဖြစ်၊ ပြိုင်ဘက်တစ်ဦးအနေနဲ့ပဲဖြစ်ဖြစ် ရင်ဆိုင်ရတဲ့အခါ ဘယ်လိုရှိလဲ..? ပြောပြနိုင်မလားရှင့်..
ပက်ထရစ် အီဗရာ - သိပ်ကောင်းတဲ့ မေးခွန်းပဲ.. ကယ်လီ ရေ..၊ သူနဲ့အတူတူ တွဲပြီးမကစားခဲ့ဖူးသရွေ့ လူအတော်များများက သူ့ကိုမချီးမွမ်းခဲ့မိကြဘူးဗျ..။ တကယ်တော့ သူဟာ ဘယ်လိုအသင်းမှာဖြစ်ဖြစ် အမြဲတမ်းရှိနေသင့်တဲ့ ကစားသမား ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာအသင်းအတွက် အများကြီး အကျိုးပြုနိုင်..၊ အကျိုးလည်းပြုခဲ့တဲ့ ကစားသမားဖြစ်ပါတယ်..။ ဂျီရူးဒ် ဟာ တခြားခေတ်ပြိုင် တိုက်စစ်မှူးတွေလို ဂိုးတွေအများကြီး သွင်းပေးနိုင်တဲ့သူမျိုးတော့ မဟုတ်ပါဘူး..။ ဒါပေမယ့် သူဟာအရေးပါတဲ့ ဂိုးတွေကို၊ နောက်ပြန် စကော့ပီယန် ကန်ချက် အပါအဝင် လှပတဲ့သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်…။ ဒါပေမယ့်သူ့ရဲ့နာမည်ကပဲ ခေါ်ရတာ ခက်နေတာလားပေါ့ဗျာ..။ ကျော်ကြားသင့်သလောက် မပေါက်ရောက်ခဲ့ပါဘူး..။
ဒီနေ့ပွဲမှာဆိုရင် သူဟာအသင်းအတွက် အကောင်းဆုံး ကြိုးစား၊ ကစားသွားခဲ့ပါတယ်..။ ဒါ့ကြောင့် သူ့အတွက် ပုံမှန်ပွဲထွက်ခွင့်နဲ့ ထိုက်တန်သလား..? ဆိုတဲ့ မေးခွန်းဟာ ဖြေစရာကိုမလိုဘူး ထင်ပါတယ်..။ နောက်ပြီး ချယ်လ်ဆီးအသင်းက တိုက်စစ်မှူးတွေကို ကျွန်တော်လေ့လာ ကြည့်ပါတယ်..၊ ဂျီရူးဒ် ဟာ သူတို့အသင်းမှာ ဘက်စုံ အပြည့်စုံဆုံး တိုက်စစ်မှူးလို့ ပြောနိုင်သလို အသင်းကိုပံ့ပိုးမှု အပေးနိုင်ဆုံး တိုက်စစ်မှူးဖြစ်ပါတယ်..။ အခုဆိုရင် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လေးဂိုးသွင်းပေးနိုင်ခဲ့သလို ဒီနေ့ပွဲမှာ နောက်ထပ်တစ်ဂိုး ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့လက်ရှိ ခြေစွမ်းအပေါ် အထူးကျေနပ်မိပါတယ်..။
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..၊ အိုလေး ဟာ အဲဒီငါးဂိုးကို ပွဲထွက်ခွင့်ရခဲ့တဲ့ (၁၃) ပွဲအတွင်း သွင်းယူနိုင်ခဲ့တာပါ..။ ဒါ့ကြောင့်ခုနက ပက်ထရစ် ပြောခဲ့သလိုပေါ့..၊ သူဟာအခုရရှိနေတဲ့ ချီးကျူးမှုတွေ၊ နေရာပေးမှုတွေထက်ပိုပြီး ထိုက်တန်တဲ့သူလို့ ပြောနိုင်လားရှင့်..
ရောဘတ် ဂရင်း - သေချာတာပေ့ါဗျာ..၊ အခုဆိုရင် အသင်းမှာသူနဲ့ အဓိကယှဉ်ပြိုင်နေရတာက တန်မီ အေဘရာဟမ် ပါ..။ ဒါပေမယ့် အသင်းအတွက် ဂျီရူးဒ် ပံ့ပိုးပေးနေတဲ့ နောက်ခံလူတွေနဲ့ ယှဉ်ပြိုင်ပြီး အမြင့်ဘော ထိန်းသိမ်းနိုင်မှု (hold up play)..၊ ခန္ခာကိုယ် ကြံ့ခိုင်သန်စွမ်းမှု၊ အထောင်တိုက်စစ်မှူး တစ်ယောက်ရဲ့ နေရာယူ ရွှေ့လျားမှု အပိုင်းတွေမှာ တန်မီ ဟာ သူ့ကိုမမှီသေးသလို တိုးတက်ဖို့ လိုအပ်နေပါသေးတယ်..။ နောက်ပြီးသူဟာ ဘောလုံးကို လွယ်လွယ်ကူကူ ပါမသွားအောင် ထိန်းထားနိုင်တဲ့သူဖြစ်တယ်..၊ ဘယ်နေရာကို ရွှေ့လျားရမယ်..၊ ဘယ်နေရာမှာ အသင့်နေရာ ယူနေရမယ်ဆိုတာ သိနေတဲ့သူလည်း ဖြစ်ပါတယ်..။
တိုက်စစ်မှူးတစ်ယောက် အနေနဲ့ဆိုရင် သူဟာအခွင့်အရေးတစ်ချို့ လွဲချော်ခဲ့တာ ရှိပေမယ့် သူ့ရဲ့ကစားပုံဟာ ကောင်းမွန်ပါတယ်..။ အထူးသဖြင့် အခွင့်အရေးတွေ ရတယ်ဆိုတာ ဂိုးရနိုင်မယ့် နေရာတွေမှာ အသင့်ရှိနေခဲ့တာကြောင့် ဖြစ်ပါတယ်..။ အဲဒါဟာ တိုက်စစ်မှူးကောင်း တစ်ယောက်ရဲ့ လက္ဓဏာပဲ ဖြစ်ပါတယ်..။ ဒါ့ကြောင့် အခုလက်ရှိ ကစားနေတဲ့ ခြေစွမ်းအရဆိုရင် သူ့ကိုချန်ထားဖို့ဆိုတာ ဘယ်လိုမှ မစဉ်းစားနိုင်တဲ့ အနေအထားမျိုးပါပဲ..။
ပက်ထရစ် အီဗရာ - ဟုတ်ပါတယ်..၊ အခုအချိန်မှာ သူ့ရဲ့အသက်အရွယ်ကြောင့် ဘောလုံးကို အတင်းလိုက်ဖိအားပေးတဲ့ (pressing) နေရာမှာ အကောင်းဆုံး မကစားနိုင်တော့ပေမယ့် အီဒင် ဟာဇက် လို ကစားသမားကတောင် သူနဲ့အတူ တွဲဖက်ကစားရတာ အရမ်းကိုကျေနပ်ဖို့ ကောင်းတဲ့အကြောင်း ပြောခဲ့ဖူးပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာတစ်ကိုယ်ကောင်းဆန်တဲ့ တိုက်စစ်မှူး မဟုတ်ဘူးဗျ..။ နောက်ပြီးအတွေ့အကြုံလည်း များနေပြီဖြစ်တဲ့အပြင် လက်ရှိမှာ ဘက်စုံ ကစားနိုင်တဲ့ သူ့ရဲ့စွမ်းရည်ကြောင့် တန်မီ တို့၊ ပူလီဆစ် တို့အနေနဲ့ သူ့ဆီကနေ သင်ယူစရာအများကြီး ရှိနေပါတယ်..။
နောက်ပြီးလက်ရွေးစင်အသင်းမှာဆိုရင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်က ပြင်သစ်အားကစား ကလောင်ရှင်တွေ အားလုံးနီးနီးက သူ့ကိုချန်ထားခဲ့ဖို့ ဝိုင်းပြီးဖိအားပေးခဲ့ပါတယ်.။ ဒ့ါကြောင့်ဒက်စ်ချမ့် ဟာ သူ့ရဲ့နေရာကို အစားထိုးနိုင်ဖို့ အမ်ဘတ်ပေ.၊ ဒမ်ဘယ်လီ တို့အပါအဝင် တခြားတိုက်စစ်မှူးတွေနဲ့ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး..။ ပွဲမစခင်လေးမှာ ကျွန်တော် ဒက်စ်ချမ့် နဲ့ ပြောဖြစ်တဲ့အချိန် ‘ငါတော့ဂျီရူးဒ် ကို ချန်ထားခဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး..’ ဆိုပြီး သူကပြောခဲ့ပါတယ်..။ သူဟာ ပြင်သစ်အသင်းရဲ့ ကစားနည်းစနစ်ပိုင်းမှာလည်း အရမ်းကို အရေးပါခဲ့ပါတယ်..။
ပြင်သစ်အသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲခဲ့တဲ့ အချိန်ကျတော့လည်း ဂျီရူးဒ် ဟာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့တာကြောင့် သူ့ကိုဝိုင်းပြီး ဝေဖန်ကြပြန်ပါရော..။ ဒါပေမယ့် သူဟာအသင်းကို ပိုပြီးဟန်ချက်ညီစေတယ်..၊ သူ့ကိုထိပ်မှာ တင်ထားပြီး အနီးပေး၊ အဝေးပေး.. ကြိုက်တဲ့ပုံစံ ကစားလို့ ရပါတယ်..။ သူ့ရဲ့သက်တမ်းတစ်လျှောက်မှာ ထိုက်တန်တဲ့ချီးကျူးမှုတွေ မရခဲ့တာကြောင့် ကျွန်တော်က ‘ဂျီရူးဒင်ဟို (Giroudinho)’ ဆိုပြီး နာမည်ပေးလိုက်ပါတယ်..။ ဒါမှလည်းပိုပြီး နာမည်ကြီး လာမလားပေါ့ဗျာ… ဟားဟား.. သေချာပါတယ်..၊ အခုနောက်ပိုင်းမှာ သူဟာအရင်ထက်ပိုပြီး ကစားခွင့်ရလာပါလိမ့်မယ်..
ကယ်လီ ကိတ် - ဟားဟား.. ဒါဆိုရင် ကျွန်မတို့ ဂျီရူးဒင်ဟို ရဲ့သွင်းဂိုး..၊ ချယ်လ်ဆီးအသင်းရဲ့ ချေပဂိုးကို ပြန်ပြီးသုံးသပ်ကြည့်ရအောင်ရှင့်..၊ အဲဒီသွင်းဂိုးဟာ အနီးတိုင်ဘက်ကို ဖြတ်ပြီးပိတ်သွင်းတဲ့ ဂျီရူးဒ် သွင်းနေကျပုံစံ သွင်းဂိုးပဲရှင့်.. ဟုတ်တယ်မဟုတ်ဘူးလား..?
ပက်ထရစ် အီဗရာ - သူဟာဘောလုံးလာမယ့်နေရာကို အတိအကျ ကြိုပြီးသိနေပါတယ်..။ နောက်ပြီး ခုနက ရောဘတ် ပြောသလိုပေါ့.. သူ့ရဲ့အသင်းဖော်တွေကလည်း ဘယ်နေရာကို တင်ပေးရမယ်ဆိုတာ သိပြီးသားပါ..။ အခုသွင်းဂိုးမှာဆိုရင် ရိစ် ရဲ့ ဖြတ်တင်ဘောဟာ သိပ်ကိုကောင်းလွန်းပါတယ်..။ ဂျီရူးဒ် ကလည်း ဘယ်နေရာကနေ ကြိုပြီးစောင့်ရမလဲ သိနေပါတယ်..။ ရောဘတ် ပြောတာ မှန်ပါတယ်..၊ သူဟာဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့တာကြောင့် အဝေဖန်ခံခဲ့ရတယ်…၊ ဒါကတော့ တိုက်စစ်မှူးတိုင်းဟာ သွင်းသမျှ ကန်ချက်တိုင်းတော့ ဂိုးဘယ်ဝင်ပါ့မလဲ..၊ ဒါပေမယ့် လိုအပ်တဲ့ သွင်းဂိုးတွေကို သွင်းပေးနိုင်နေတယ်..၊ အနည်းဆုံးဂိုးမသွင်းနိုင်ရင်တောင် သူဟာအသင်းရဲ့ ကစားပုံကို ပိုပြီးကောင်းမွန်လာစေပါတယ်..။
ရောဘတ် ဂရင်း - သူဟာ ရိစ် ဂျိမ်းစ် ရဲ့ ဖြတ်တင်ဘော ကျလာမယ့်နေရာလွတ်ကို သိနေတယ်ဗျ...။ နောက်ပြီးရိစ် ဂျိမ်းစ် ဟာ ဘာကြောင့် အက်ဇ်ပီလီကွဲတား ထက် ပိုပြီးနေရာပေးခံနေရတယ် ဆိုတဲ့ အကြောင်းကို သက်သေပြခဲ့တဲ့ ပေးပို့မှုလည်း ဖြစ်ခဲ့ပါတယ်..။ သူ့ရဲ့တိုက်စစ်ပိုင်း ပံ့ပိုးမှုဟာ အသင်းအတွက် အရမ်းကိုအကျိုးရှိပါတယ်..။
ကယ်လီ ကိတ် - ရိစ် ဂျိမ်းစ် ကတော့ ဖြတ်တင်၊ ပေးပို့မှုတွေ ကောင်းမွန်တယ်ပေါ့ရှင့်..၊ ကတ် ဇူးမား ကျတော့ရော… ဗဟိုခံစစ်ကနေ သွင်းပေးတဲ့ဂိုး လေးဂိုးတောင် ရှိသွားပါပြီ..။ အခုအပေါ်က ပြထားတဲ့ပုံမှာပါတဲ့ အချက်အလက်တွေအရဆိုရင် ချယ်လ်ဆီးအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ထောင့်ကန်ဘောကနေ ဂိုးတွေအများဆုံး သွင်းပေးနိုင်တဲ့အသင်း ဖြစ်နေပါတယ်..။ အခုလက်ရှိ (၁၁) ပွဲနဲ့တင် မနှစ်ကတစ်ရာသီလုံးမှာ ထောင့်ကန်ဘောကနေ ရခဲ့တဲ့သွင်းဂိုး အရေအတွက်နဲ့ တူညီနေပါပြီ..။ ဒ့ါကြောင့်သူတို့ဟာ set pieces တွေမှာ သိသိသာသာ တိုးတက်လာတယ်လို့ ပြောနိုင်ပါတယ်ရှင့်..။ အထူးသဖြင့် ကတ် ဇူးမား ပေါ့…
ရောဘတ် ဂရင်း - ကတ် ဇူးမား အပြင် ထောင့်ကန်ဘောတွေကို ကန်တင်ပေးတဲ့ မေဆန် မောင့် ကိုလည်း ချီးကျူးသင့်ပါတယ်..။ အဲဒီဂိုးမှာ ဇူးမား ကို ပိတ်ဆို့ရမယ့် လိဒ်အသင်းက လီယန် ကူးပါး ဟာ တကယ့်အရေးအကြောင်းကျမှ ခြေချော်ပြီး လဲကျသွားတာလည်း ပါဝင်ပါတယ်..။ ဒါပေမယ့် ကတ် ဇူးမား ဟာ အမြင့်ဘောတွေကို အသုံးချတဲ့နေရာမှာ အရမ်းကို သန်မာတဲ့သူ ဖြစ်ပါတယ်..။ ဒါ့ကြောင့်စောစောစီးစီးကတည်းက သူ့ကိုပြေးတက်ပြီး ခုန်မတိုက်နိုင်အောင် တားဆီးနိုင်ဖို့ လိုအပ်ပါတယ်..။
ကယ်လီ ကိတ် - ကျွန်မတို့ဟာ set pieces တွေကို ဘယ်လိုတားဆီးရမလဲဆိုပြီး ဆွေးနွေးလေ့ရှိတာ များပါတယ်..။ ရောဘတ် ရေ.. အဲဒီအကြောင်းကို ရှင်နဲ့လည်းအရင်က ဆွေးနွေးဖူးပါတယ်..။ အဲဒီလို တည်ကန်ဘော (set pieces) တွေကနေ ဂိုးရအောင်ဘယ်လိုသွင်းမလဲ သိပ်ပြီးမပြောဖြစ်ကြဘူးရှင့်..၊ ဒါ့ကြောင်းအခုလို set pieces တွေကနေ ဂိုးသွင်းနိုင်အောင် ဘယ်လိုအရည်အသွေးတွေ ရှိဖို့လိုအပ်လဲရှင့်..
ရောဘတ် ဂရင်း - တခါတလေကျတော့ အရမ်းကို ရှင်းပါတယ်..။ set pieces တွေကို ကိုယ့်အသင်းက တည်ကန်ဘော အကောင်းဆုံးလူက ဂိုးဧရိယာထဲကို ကန်တင်မယ်..၊ ပင်နယ်တီဧရိယာ (၆) ကိုက်စည်းထဲကို လေးယောက် ပြိုင်တူဖြန့်ပြီး ပြေးဝင်မယ်..၊ အနီးတိုင်ကို တစ်ယောက်ကပြေးမယ်..၊ ဂျီရူးဒ် ပေါ့ဗျာ..။ အရေးကြီးတာက ဂိုးပေါက်အကျယ် ဧရိယာအတိုင်း လေးယောက်၊ ဒါမှမဟုတ် ငါးယောက်ဖြန့်ပြီး ပြေးဝင်မယ်..၊ ဂိုးဧရိယာထဲကို ကျလာတဲ့ဘောလုံးသာ ကောင်းမွန်ခဲ့မယ်ဆိုရင် တစ်ယောက်မဟုတ် တစ်ယောက်နဲ့ထိမိမှာပဲ..။ အခုဆိုရင် ကတ် ဇူးမား ရဲ့ ခုန်အားဟာ လေထဲမှာပျံနေသလို လွှင့်နေတော့ သူ့ရဲ့ခေါင်းနဲ့ပဲ အရင်ဆုံးထိဖို့ များပါတယ်..။
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..၊ ဒီနှစ်မှာဆိုရင် ချယ်လ်ဆီးအသင်းဟာ သွင်းဂိုးတွေအများဆုံး ရထားတဲ့အသင်း ဖြစ်သလို အသင်းမှာဂိုးသွင်းထားတဲ့ ကစားသမားတွေကလည်း အများကြီး၊ ဂိုးတွေကလည်း ပုံစံမျိုးစုံ၊ နေရာစုံကနေ ရနေတာပါ..။ တတိယဂိုးမှာ ခရစ်စ်တီယန် ပူလီဆစ် က တန်ပြန်တိုက်စစ်ကနေ နောက်တစ်မျိုး မရိုးရအောင် သွင်းပေးနိုင်ခဲ့ပါတယ်..။ အခုဆိုရင် သူတို့အသင်းမှာ ဂိုးသွင်းထားတဲ့ ကစားသမား (၁၃) ယောက် ရှိနေပြီဖြစ်သလို သွင်းဂိုးတွေကို ပုံစံမျိုးစုံ ရရှိနေတာဟာ အားသာချက်တစ်ခုလို့ ပြောနိုင်ပါလား.. ပက်ထရစ် ရေ..
ပက်ထရစ် အီဗရာ - ဟုတ်ပါတယ်..။ သူတို့အသင်းမှာ ပြိုင်ပွဲစုံသွင်းဂိုးတွေ ရရှိထားတဲ့ ကစားသမားတွေ အများကြီးရှိနေပါတယ်..။ အဲဒီအတွက် ဖရန့် ကို ချီးကျူးရမှာပါ..။ တကယ်တော့ ဒီနှစ်မှာ ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်တွေ အများကြီးခေါ်ယူထားခဲ့တာကြောင့် အခုလိုမြန်မြန်ဆန်ဆန် အထိုင်ကျလိမ့်မယ်လို့ ကျွန်တော်က မမျှော်လင့်ထားခဲ့ပါဘူး..။ ဒါ့ကြောင့် အခုမှ ပွဲစဉ် (၁၁) ပွဲရှိသေးတာကြောင့် ဗိုလ်စွဲမယ်..၊ ထိပ်တန်းလေးသင်းဝင်မယ် ခန့်မှန်းရတာ စောလွန်းနေပေမယ့် ပရိသတ်ကျေနပ်လောက်တဲ့ တိုက်စစ်ကစားဟန်နဲ့ အသင်းလိုက်ခြေစွမ်းအပေါ် ဖရန့် လမ်းပတ် နဲ့ နည်းပြအဖွဲ့တွေကို ထပ်ပြီးချီးကျူးသင့်ပါတယ်..။
ရောဘတ် ဂရင်း - အဲဒီတတိယဂိုးမှာတော့ ဒီနေ့ပွဲမှာ ဂိုးကံခေခဲ့တဲ့ တီမို ဗာနာ ကို ချီးကျုးသင့်ပါတယ်..။ အထူးသဖြင့် ပထမပိုင်းအပြီးမှာ သူ့ရဲ့ထူးရှယ် လွဲချော်မှုကြီးကို ကျွန်တော်တို့တွေ ဝိုင်းဟားခဲ့ကြ သေးတာကိုးဗျ..။ ဒါပေမယ့် အခုဂိုးမှာတော့ ပွဲချိန် (၉၃) မိနစ် ရှိနေပြီဆိုပေမယ့် အချိန်ဆွဲဖို့၊ ပွဲအရှိန်ချဖို့ မစဉ်းစားပဲ ရတဲ့အခွင့်အရေးကို ဘယ်လိုအချိန်ပဲဖြစ်ဖြစ် ဂိုးရအောင်သွင်းမယ်ဆိုတဲ့ တိုက်စစ်မှူးတစ်ယောက်ရဲ့ စိတ်ဓါတ်အပြည့်အ၀ ရှိနေခဲ့တဲ့အပေါ် လေးစားမိတယ်ဗျ..။ နောက်ပြီးသူကိုယ်တိုင် သွင်းလို့ရနေတာကို ပိုပြီးသေချာနိုင်မယ့် အသင်းဖော်အတွက် ဖန်တီးပေးခဲ့တာကိုရော ချီးကျူးလိုပါတယ်..။
ကယ်လီ ကိတ် - ဖရန့် လမ်းပတ် ဟာ အခုပွဲအပြီးမှာလည်း သူတို့အသင်းဟာ ဆက်လက်တိုးတက်ဖို့ အများကြီးလိုအပ်နေပါသေးတယ်လို့ပဲ ပြောသွားပါတယ်..။ ဒါပေမယ့် အခုလက်ရှိအချိန်မှာ သူတို့အသင်းရဲ့ ရလဒ်တွေအရဆိုရင် ဒီအသင်းဟာ အတော်လေးကို အတွဲအစပ်မိနေပြီ (good patch) လို့ ပြောနိုင်ပါတယ်..။ ဒါ့ကြောင့်အခုဒီနှစ်မှာ အသင်းတွေရဲ့ အနေအထားအရ သူတို့ကို ဆုဖလားအတွက် စိန်ခေါ်နိုင်မယ့်အသင်းလို့ ပြောနိုင်ပြီလားရှင့်..
ရောဘတ် ဂရင်း - အဲဒါကတော့ ခင်ဗျားပြောတဲ့ အတွဲအစပ် (good patch) က ဘယ်လောက် ကြာကြာခံမလဲ..? ဆိုတဲ့အပေါ် မူတည်ပါ့မယ်..။ တကယ်လို့ သူတို့သာ အခုလိုခြေစွမ်းမျိုးကို ပွဲစဉ် (၃၈) အထိ ဆက်လက်သယ်ဆောင် သွားနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်တယ်လို့ ပြောနိုင်တာပေါ့..။ ဖရန့် ပြောတာ မှန်ပါတယ်..။ သူ့အနေနဲ့ ကစားသမားသစ်တွေကို အသင်းနဲ့အထိုင်ကျအောင် ဒီထက်ပိုပြီး အချိန်ပေးဖို့ လိုအပ်ပါလိမ့်ဦးမယ်..။ ပူလီဆစ် ဆိုရင်လည်း တစ်နှစ်လောက် အချိန်ယူလိုက်ရတာကိုးဗျ..။ အဲဒီအချိန်တုန်းက တင်မကပဲ အခုရာသီအစမှာကို ပူလီဆစ် ဘယ်ရောက်နေတာလဲ..? ဘာကြောင့်သူ့ကို ထည့်ပြီးမကစားခဲ့တာလဲ..? ဆိုပြီး မေးခွန်းထုတ်ခံခဲ့ရပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီး ပရိသတ်တွေအနေနဲ့ ‘ဖရန့် ဟာ ကစားသမားတွေကို ဘယ်လိုအချိန်မှာ ထည့်သွင်းသင့်တယ်..၊ အသင်းရဲ့နောက်ကွယ်က အခြေအနေတွေကို ဖရန့် ဟာ ကောင်းကောင်းသိပါတယ်..။’ ဆိုတဲ့ အချက်ကို ယုံကြည်ထားဖို့ လိုအပ်ပါတယ်..။
ဘာဖြစ်လို့လည်းဆိုတော့ အခုလိုကိုဗစ်ရောဂါ အခြေအနေကြောင့် တစ်ချို့ကစားသမားတွေရဲ့ မိသားစုဝင်တွေဟာ သူတို့နဲ့အတူ လိုက်ပြီးမနေပေးနိုင်ဘူး..၊ ဒီလိုအခြေအနေတွေကြောင့် အချို့ကစားသမားတွေဟာ လန်ဒန်မှာ ပျော်ချင်မှ ပျော်ပါလိမ့်မယ်..။ အဲဒီလိုကွင်းပြင်ပ လွှမ်းမိုးမှုတွေကလည်း ကစားသမားတွေရဲ့ အသင်းသစ်၊ နေရာသစ်မှာ အထိုင်ကျမှုအပေါ် သက်ရောက်မှု ရှိပါတယ်..။ ဒါ့ကြောင့်အဲဒီလို ကွင်းတွင်း၊ ကွင်းပြင်ပ အခြေအနေအရပ်ရပ် အပေါ်မူတည်ပြီး စဉ်းစားရမယ်ဆိုရင် ဖရန့် လမ်းပတ် အနေနဲ့ ဘောလုံးရာသီတစ်ခုလုံးမှာ သူ့ရဲ့အကောင်းဆုံး လူစာရင်းကို အမြဲတမ်းထုတ်ပြီး ကစားဖို့ ကြိုးစားနေပါတယ်.. ဆိုတဲ့အချက်ကို ယုံကြည်ထားရပါလိမ့်မယ်..။
ပက်ထရစ် အီဗရာ - ချယ်လ်ဆီးအသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်..။ အသင်းတစ်သင်းမှာ ကစားသမားသစ်တွေ အထိုင်ကျဖို့ အချိန်တစ်ခု လိုအပ်တယ်ဆိုတာ ပရိသတ်တွေ နားလည်ထားပေးနိုင်ရပါမယ်..။ အခုမှခရစ်စ်မတ် ပွဲကျပ်ကာလတောင် မကျော်သေးဘူး.. စောလွန်းသေးတယ်ဆိုပေမယ့် ချယ်လ်ဆီးအသင်းဟာ အခုလိုခြေစွမ်း၊ အဆင့်အတန်းမျိုးနဲ့ အမှတ်ပေးဇယားထိပ်မှာ ရှိနေတယ်ဆိုတာ အရမ်းအံ့သြဖို့ ကောင်းပါတယ်..။ တကယ်ပြောတာပါ..။ ရောဘတ် ရေ.. ခင်ဗျားပြောသလိုပါပဲ.. အခုရာသီစတဲ့အချိန်မှာ သူတို့ဟာ ကစားသမားသစ်တွေ အများကြီးကို နိုင်ငံအစုံကနေ ခေါ်ယူခဲ့ပါတယ်..။ အဲဒီလို ကစားသမားသစ်တွေအနေနဲ့ အသင်းနဲ့အထိုင်ကျဖို့ အချိန်လိုအပ်တာကြောင့် အခက်အခဲ ကြုံရလေ့ ရှိပါတယ်..။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ အနေအထားကို စိုးရိမ်ခဲ့ပါတယ်..။
ဒါပေမယ့်ဖရန့် တို့ဟာ အဲဒီအပြောင်းအလဲကာလကို အလွယ်တကူ ကျော်ဖြတ်ပြနိုင်ခဲ့ပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ (၁၁) ပွဲထဲ ရှိနေသေးတယ်ဆိုပေမယ့် အခုလိုအမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် ဖရန့် လမ်းပတ် ကို ချီးကျူးသင့်ပါတယ်..။ သူတို့တွေ အခုထက်ပိုပြီး တိုးတက်ဦးမှာပါ…