feature-image

မက်ဆီ ကို ဘယ်လိုထိန်းခဲ့ရလဲ.. ပြောပြခဲ့တဲ့ ‘အက်ရှ်လေ ကိုးလ်’

ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ နည်းပြအဖြစ် ဆောင်ရွက်လျှက်ရှိသော ဂန္တဝင်ဘယ်နောက်ခံလူ အက်ရှ်လေ ကိုးလ် က စတန်းဖို့ဒ် ဘရစ်ချ်အသင်းတွင် သူကစားနေသည့် ကာလအတွင်း ဘာစီလိုနာ စူပါကြယ်ပွင့် ကစားသမားမှာ ချယ်လ်ဆီးအသင်းအား တစ်ဂိုးမှ သွင်းယူပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ..။ ထို့ကြောင့် ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားများထဲတွင် ပါဝင်ခဲ့သည့် အာဂျင်တီးနား ကစားသမား မက်ဆီ အား မည်ကဲ့သို့ ထိန်းချုပ်၊ ရပ်တန့်စေခဲ့လဲ..? ဆိုသည့်  မေးခွန်းကို ယခုလို ဖြေကြားခဲ့သည်..။

“ကျွန်တော်တစ်ယောက်တည်းနဲ့တော့ ဘယ်ရမလဲဗျ..။ ကျွန်တော်က သူ့ကိုအနီးကပ် ထိန်းချုပ်တဲ့သူ ဖြစ်ခဲ့ပေမယ့် အသင်းလိုက် ကြိုးစားမှုက အများကြီးအရေးပါခဲ့ပါတယ်.။ ဒ့ါကြောင့်သူ့လို ကစားသမားမျိုးကို ရပ်တန့်နိုင်ဖို့ဆိုရင် အသင်းလိုက်နားလည်မှု ကောင်းမွန်ဖို့နဲ့ ကျွန်တော်တို့ ချယ်လ်ဆီးအသင်းမှာ ရှိခဲ့တဲ့ စုစည်းမှု၊ ကျစ်လျစ်မှုမျိုး ရှိနေဖို့ လိုအပ်ပါတယ်..။

သူ့ကိုထိန်းချုပ်ခဲ့တဲ့နေရာမှာ ကွင်းလယ်ကစားသမားတွေရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးပါခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တစ်ယောက်တည်းရဲ့အားနဲ့ မထိန်းနိုင်တာ သေချာပါတယ်..။”

Nissan UEFA Champions League Trophy Tour အတွက် Goal.com နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတွင် အက်ရှ်လေ ကိုးလ် က မက်ဆီ နှင့် ရင်ဆိုင်ခဲ့ခြင်း အပါအဝင် သူရင်ဆိုင်ခဲ့ဖူးသမျှ သက်လုံ (stamina) အကောင်းဆုံး ကစားသမားကို မေးမြန်းခဲ့ရာ..

“ကာဖူး ဖြစ်ပါလိမ့်မယ်..။ ကျွန်တော်ဟာ အင်ဂျင်တစ်လုံးကို မနားတမ်းတက်ဆင်း နိုင်တဲ့သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့ပေမယ့် သူနဲ့ရင်ဆိုင်ခဲ့တော့မှ ဒူးထောက်ပြီး ကျန်ခဲ့တော့တာပဲ..” ဟု ဖြေကြားခဲ့သည်..။



ထို့နောက် ဘယ်ခြေအကောင်းဆုံး ကစားသမားကို ရွေးချယ်စေခဲ့ရာ သူ၏အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးသူ ဟော်လန် တောင်ပံကစားသမားဟောင်း အာဂျင် ရော်ဘင် ကို ရွေးချယ်ခဲ့ပါသည်..။

“ရိုးမား အသင်းမှာ ကစားတုန်းက သူနဲ့ရင်ဆိုင်ခဲ့ရပါတယ်..။ တကယ့်ကို စုတ်ပြတ်သွားခဲ့တာပဲ..” ဟု ဖြေကြားခဲ့ပါသည်..။

အက်ရှ်လေ ကိုးလ် မှာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ အသိအမှတ်ပြု ခံခဲ့ရပြီး သူ၏ကစားသမား သက်တမ်းတစ်လျှောက် ပေါ်တူဂီတောင်ပံ ကစားသမား ခရစ်စ်တီယာနို ရော်နယ်လ်ဒို နှင့်လည်း အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည်..။ ထို့ကြောင့်သူရင်ဆိုင်ခဲ့ဖူးသမျှ ညာခြေအကောင်းဆုံး ကစားသမားကို ရွေးချယ်စေခဲ့ရာ ယခုလို ဖြေကြားခဲ့ပါသည်..။

“ဒေးဗစ် ဘက်ခမ် ဆိုပြီး ဖြေလိမ့်မယ်လို့ ခင်ဗျားတို့ ထင်ကြပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာကျပ်စေ့တစ်စေ့စာ နေရာကိုတောင် ဘောလုံးကို အတိအကျရောက်အောင် ရိုက်တင်နိုင်စွမ်းရှိတဲ့ ကစားသမားပါ..။ ဒါပေမယ့် သူနဲ့ရော်နယ်လ်ဒို ဆိုရင် ရော်နယ်လ်ဒို ကို ကျွန်တော်ရွေးပါ့မယ်..။

ရော်နယ်လ်ဒို ရဲ့ ကစားပုံဟာ အတွင်းဘက်ကို ချိုးဝင်တာရော (inside)၊ တောင်ပံတစ်လျှောက် ဆွဲထွက်တာရော (outside) နှစ်မျိုးစလုံး ကစားနိုင်ပါတယ်..။ ဒါ့အပြင် ညာခြေနဲ့ ပေးပို့တာရော၊ ကန်သွင်းတာပါ ကောင်းမွန်ပြီး ထောင့်မျိုးစုံ၊ အနီးအဝေး ဘယ်လိုအကွာအဝေးကမဆို ကန်သွင်းနိုင်တဲ့သူ ဖြစ်ပါတယ်..။ သူ့ရဲ့ပြစ်ဒဏ်ဘောကန်ချက်တွေကလည်း ပြင်းအားရော၊ ကွေးညွတ်အားပါ ပါဝင်တာကြောင့် ကာကွယ်ရခက်ခဲပါတယ်..။ တကယ့်ကို ပြီးပြည့်စုံတဲ့ ကစားသမားပါ..။

ဒါ့ကြောင့်သူနဲ့ရင်ဆိုင်ရရင် လုံးဝနေရာလွတ်ပေးလို့ မရပါဘူး.။ သူ့ထက်အမြဲဦးအောင် ကြိုးစားရတယ်..၊ ခပ်ကြမ်းကြမ်း ကစားရတယ်..၊ သူ့ကိုဘောလုံးကိုင်ထားခွင့်၊ ဘောလုံးသယ်ယူခွင့် လုံးဝပေးလို့ မရပါဘူး..။ သူနဲ့ရင်ဆိုင်ရပြီဆိုရင် ဘောလုံးနဲ့အတူ ကျော်ဖြတ်ခွင့် လုံးဝမပေးနိုင်ပါဘူး..၊ သူ့ရဲ့ခြေထဲရောက်ပြီ ဆိုတာနဲ့ အမြန်ဆုံးဖျက်ထုတ်နိုင်အောင်၊ သူ့ကိုတားဆီးနိုင်အောင် ကြိုးစားရပါတယ်..။”



သို့သော် အဆိုပါဖျက်ထုတ်နည်းစနစ်မှာ ရော်နယ်လ်ဒင်ဟို နှင့် တွေ့ချိန်မှာ အလုပ်မဖြစ်ကြောင်း အက်ရှ်လေ ကိုးလ် က ဝန်ခံခဲ့သည်..။ ဘရာဇီးလ် ကစားသမားကြီး၏ ခြေအနုတ်အသိမ်း မြန်ဆန်မှုနှင့် ဘောလုံးအထိန်းအသိမ်း ကောင်းမွန်မှုတွေကြောင့် သူရင်ဆိုင်ခဲ့ဖူးသမျှ ဘောလုံးပညာ ကျွမ်းကျင်မှု အကောင်းဆုံး ကစားသမားဖြစ်ကြောင်း ယခုလို ပြောပြခဲ့သည်..။

“ကျွန်တော်သူနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရဖူးပေမယ့် သူ့ရဲ့ပညာစွမ်းပြပြီး ကျော်ဖြတ်သွားတာ..၊ တခါတလေကျရင် ဝိုင်းပြီးလိုက်ဖျက်နေတဲ့ ကြားထဲက မရရအောင် ပေါင်ကြားထိုးသွားတာ (nutmegged) တွေကြောင့် ကိုယ့်ကိုယ်ကို ရယ်ချင်စိတ်တောင် ပေါက်ခဲ့ရပါတယ်..။

ဒါ့ကြောင့်သူနဲ့ရင်ဆိုင်နေရတယ် ဆိုပေမယ့် သူကစားတာကိုက ကြည့်လို့ကောင်းနေတာပါ..။ အထူးသဖြင့် မြက်ခင်းပေါ်မှာ ဘောလုံးသယ်ယူပုံ၊ ကျော်ဖြတ်ဆွဲပြေးပုံ (steps over)..၊ ဘယ်လိုအနေအထားဖြစ်ဖြစ်..၊ ခြေထောက်ရဲ့ ဘယ်နေရာနဲ့ပဲဖြစ်ဖြစ် ဘောလုံးရအောင် ပေးပို့နိုင်ပုံတွေဟာ တကယ့်ကို အံ့အားသင့်စရာပါပဲ..။

တကယ်တော့ တစ်ဦးချင်းစွမ်းရည်ကောင်းတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်..။ ဒါပေမယ့်သူက ဘောလုံးကျွမ်းကျင်မှု စွမ်းရည်ကောင်းမွန်သလို ထိရောက်မှု (efficient) လည်း ရှိတယ်..၊ လိုအပ်တဲ့နေရာကို ရောက်အောင်ပေးပို့ပါတယ်..။ သူဟာတစ်ဦးချင်း စွမ်းရည်နဲ့ တစ်သင်းလုံးရဲ့ရလဒ်ကို ပြောင်းလဲနိုင်တဲ့သူဖြစ်ပြီး တကယ့်ကို ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်လို့ ပြောရမှာပါ..။”


ရော်နယ်လ်ဒင်ဟို မှာ ချယ်လ်ဆီးအသင်းဘက်သို့ (၃) ဂိုး သွင်းယူခဲ့ဖူးပြီး ထိုအချိန်က အက်ရှ်လေ ကိုးလ် မှာ ချယ်လ်ဆီးအသင်းသို့ မရောက်ရှိသေးပေ..။