feature-image

ဂိုးမိုးခေါင်နေတဲ့ တီမို ဗာနာ ကို အကြံပေးခဲ့တဲ့ ‘အလန် ရှီးယားရား’

ဂျာမနီတိုက်စစ်မှူး တီမို ဗာနာ မှာ RB လိုက်ပ်ဇစ် အသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် (၁၁) ပွဲတွင် ဂိုးမသွင်းနိုင်ခဲ့သောကြောင့် ဂိုးမရရှိခဲ့သည့် ကစားချိန် စုစုပေါင်း (၇၇၅) မိနစ် ရှိသွားပြီဖြစ်သည်..။

ထို့အပြင် အာဆင်နယ်အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ပထမပိုင်းအပြီး လူစားလဲခံခဲ့ရသလို အက်စ်တွန် ဗီလာအသင်းနှင့် တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်..။ တီမို ဗာနာ မှာ အဆိုပါပွဲစဉ်များမတိုင်မီ အပိုင်ဂိုးသွင်းခွင့်များကို လွဲချော်ခဲ့သောကြောင့် သူ့အနေဖြင့် ဘောလုံးအခြေခံ လေ့ကျင့်ခန်းများမှတဆင့် ဂိုးသွင်းစွမ်းရည် ပြန်လည်ကောင်းမွန်လာရန် လေ့ကျင့်သင့်ကြောင်း၊ ချယ်လ်ဆီးအသင်း ရရှိမည့် ပင်နယ်တီ ပြစ်ဒဏ်ဘောများကို ကန်သွင်းခွင့် တောင်းဆိုပြီး ယုံကြည်မှုရရှိစေရန် ပြန်လည်တည်ဆောက်သင့်ကြောင်း အင်္ဂလန်အသင်း ဂန္တဝင်တိုက်စစ်မှူးဟောင်း အလန် ရှီးယားရား က The Athletic သတင်းဌာနမှတဆင့် ယခုလို ရေးသားခဲ့သည်..။

“အခုအချိန်မှာ သူ့ရဲ့အနေအထားက မန်နေဂျာရဲ့ ရုံးခန်းကိုသွားပြီး ‘ကျွန်တော့်ကို ပွဲထွက်ခွင့်ပေးပါ..’ လို့ ပြောနိုင်တဲ့ အခြေအနေမျိုး ရှိမနေပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ သူလွဲချော်ခဲ့တဲ့ အခွင့်အရေးတွေကို ကြည့်လိုက်မယ်ဆိုရင် သူဟာအသင်းရဲ့အားကိုးရမယ့် တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေမပြနိုင်ခဲ့ပါဘူး..။ ဒါပေမယ့် သူ့အနေနဲ့ရော၊ ဖရန့် လမ်းပတ် အနေနဲ့ပါ ဒီအတိုင်း ဂိုးပေါက်ပျောက်ဆုံးမှု ကြာရှည်နေတာ မကောင်းပါဘူး..။ အမြန်ဆုံးပြောင်းလဲရပါမယ်..။

တကယ်လို့ ကျွန်တော်သာ ဗာနာ ရဲ့ နေရာမှာဆိုရင် ချယ်လ်ဆီးအသင်း ပင်နယ်တီရတိုင်း ကျွန်တော့်ကိုကန်ခွင့်ပေးဖို့ တောင်းဆိုပါမယ်..။ ပင်နယ်တီတွေဟာ ယုံကြည်မှုတွေနဲ့ ဂိုးမိုးရွာတာ ပြန်လည်စတင်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်..။ တကယ်တော့ တိုက်စစ်မှူးတစ်ယောက်အတွက် ကိုယ်ကန်လိုက်တဲ့ဘောလုံး ဂိုးပိုက်နဲ့ထိသွားတာကို မြင်လိုက်ရတဲ့ ခံစားချက်ကို ဘာနဲ့မှ မလဲနိုင်ပါဘူး..။ အဲဒီအခိုက်အတန့်တိုင်းမှာ ကိုယ့်ကိုယ်ကို နှစ်ပေလောက်ပိုပြီး အရပ်ရှည်လာသလို မြောက်ကြွကြွ ဖြစ်ရပါတယ်..။



နောက်ပြီးလေ့ကျင့်ကွင်းကနေ ပြန်လည်စတင်ရပါမယ်..။ အရင်ထက်ပိုပြီး နှစ်ဆကြိုးစားမယ်..၊ ထောင့်ကျဉ်းတွေကို ကန်သွင်းမယ့် ဘောလုံးတွေ ဂိုးနောက်ကနေ တည်ပေးမယ့်ဖို့ တစ်ယောက်ယောက်ကို အကူအညီ တောင်းပါမယ်..။

ပထမဆုံးအနေနဲ့ ဂိုးပေါက်နဲ့ ငါးကိုက်၊ ခြောက်ကိုက်အကွာအဝေးကနေ လူမရှိတဲ့ဂိုးပေါက်ထဲကို တစ်လုံးပြီးတစ်လုံး ကန်သွင်းပါမယ်..။ အဲဒီလေ့ကျင့်ခန်းဟာ ရိုးရိုးလေး ဆိုပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတဲ့အခါတိုင်း အမြဲလိုလို ပြုလုပ်ဖြစ်တဲ့ လေ့ကျင့်ခန်းပါ..။ အဲဒါပြီးရင် နောက်တစ်ဆင့်အနေနဲ့ ဂိုးသမားတစ်ယောက်ကို ကျွန်တော့်ရှေ့မှာ မတ်တပ်ရပ်ခိုင်းပြီး အဲဒီလိုပဲ ကန်သွင်းပါ့မယ်..။ အသင်းကြီးဂိုးသမားတွေကတော့ ဘယ်လုပ်ပေးမှာလဲ..၊ လူငယ်အသင်းက တစ်ယောက်ယောက်ပေ့ါဗျာ..။



ဒါဟာထပ်ခါ ထပ်ခါ အဖန်တလဲလဲ လေ့ကျင့်ခြင်း ဖြစ်ပါတယ်..။ ‘လေ့ကျင့်မှုများလေလေ၊ ပိုပြီးပြည့်စုံလေလေ’ လို့ ကျွန်တော့်ရဲ့ မန်နေဂျာဟောင်း ဆာ ဘော်ဘီ ရော့ဘ်ဆန် ပြောခဲ့သလိုလိုပါပဲ..။ အဲဒီလို ထောင့်ပေါင်းစုံကနေ ကြိမ်ဖန်များစွာ လေ့ကျင့်ခြင်းအားဖြင့် တကယ်ပွဲကန်တဲ့အခါ ကိုယ့်ဆီမှာ အခွင့်အရေး ရတဲ့အချိန် အဲဒီလေ့ကျင့်မှုတွေကနေ အလိုအလျောက် တုံ့ပြန်မှုကို ရရှိမှာ အသေအချာပါပဲ..။”