ယခုနှစ်ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အီတလီနည်းပြကြီး မော်ရစ်စ်ဇီယို ဆာရီ ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့ ဖရန့် လမ်းပတ် အတွက် ချယ်လ်ဆီးအသင်းနဲ့ ရာသီအစ ကာလဟာ ကြမ်းတမ်းခဲ့တယ်လို့ ပြောရမှာပါ..။ ဒါပေမယ့် သူ့ရဲ့အသွင်သစ် ချယ်လ်ဆီးအသင်းမှာ ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကို တစ်နေ့ထက်တစ်နေ့ တိုးပွားရရှိနေတဲ့ ကစားသမားတစ်ယောက်ကတော့ ‘ဂျော်ဂင်ဟို’ ပါပဲ..။ နည်းပြ ဖရန့် လမ်းပတ် အနေနဲ့ အခုအချိန်မှာ ချယ်လ်ဆီးအသင်းနဲ့ ကိုက်ညီမယ့် ကစားတန်တစ်ခုကို ရှာဖွေနေဆဲပါ..၊ အဲဒီအနေအထားမှာ ဂျော်ဂင်ဟို ဟာ လမ်းပတ် ရဲ့ ကစားကွက်မှာ အရေးပါတဲ့သူ တစ်ယောက်အဖြစ် ဆက်လက်ပါဝင်နိုင်ဦးမှာလား.? နောင်အနာဂတ်ကာလမှာ အပြာရောင် ပရိသတ်ရဲ့ အချစ်တော်တစ်ယေက် ဖြစ်လာနိုင်မလား..? ဆန်းစစ်ကြည့်ပါမယ်..။
(၁)
အခုလက်ရှိ ဘောလုံးရာသီမှာ ဂျော်ဂင်ဟို နဲ့ ပတ်သက်ပြီး သုံးသပ်ရမယ်ဆိုရင် အကောင်းရော၊ အဆိုးရော ရောပြွမ်းနေသေးတဲ့ အခြေအနေလို့ ပြောရမှာပါ..။ ဥပမာ- ယခင်အပါတ်က ယှဉ်ပြိုင်ခဲ့တဲ့ နောဝစ်ချ်အသင်းနဲ့ပွဲစဉ် နောဝစ်ချ် အသင်းရဲ့ ပထမချေပဂိုးမှာဆိုရင် နောဝစ်ချ် အသင်းက စတီပါမန်း ဟာ ကွင်းလယ်မှာ သူ့ကိုအလွယ်တကူနဲ့ ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ဝေဖန်တဲ့သူတွေက သူဟာကွင်းလယ်ခံစစ်ပိုင်းအတွက် ယုံကြည်စိတ်ချရတဲ့သူ မဟုတ်ဘူးဆိုပြီး ထောက်ပြကြပါတယ်..။ ဒါပေမယ့် ထောက်ခံတဲ့သူတွေကတော့ မေဆန် မောင့် သွင်းယူပေးခဲ့တဲ့ ဒုတိယ ဦးဆောင်ဂိုးမှာ သူ့ရဲ့အကွက်မြင်မှု၊ ခရစ်စ်တီယန် ပူလီဆစ် ရဲ့ ပြေးလမ်းကြောင်းထဲကို ချပေးလိုက်တဲ့ တိကျတဲ့ပေးပို့မှုဟာ လက်ရှိအသင်းမှာ သူ့ရဲ့အရေးပါတဲ့ အခန်းကဏ္ဍကို ဖော်ညွန်းပေးနေကြောင်း ထောက်ပြကြပြန်ပါတယ်..။
တကယ်တော့ ဂျော်ဂင်ဟို ဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလဝန်းကျင်အထိ ချယ်လ်ဆီးပရိသတ်အများစု နှစ်ခြိုက်ခဲ့တဲ့ ကစားသမားတစ်ယောက် မဟုတ်ခဲ့ပါဘူး..။ မာလ်မိုအသင်းနဲ့ ယူရိုပါ လိဂ်ဖလားပွဲစဉ်မှာဆိုရင် စတန်းဖို့ဒ် ဘရစ်ချ် ပရိသတ်ကြီးက သူ့ကိုဝိုင်းပြီး လှောင်ပြောင်၊ ရှုတ်ချခဲ့ကြပါသေးတယ်..။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့မှာတော့ ပြောင်းပြန်ပါပဲ..၊ ကာရိုးလ် ရုဒ်ကို လိုက်ပါအားပေးခဲ့တဲ့ အပြာရောင် ပရိသတ်များဟာ ပထမပိုင်း တစ်ဝက်လောက်မှာ သူ့ရဲ့နာမည်ကို ကြွေးကြော်ပြီး သီချင်းလုပ်သီဖွဲ့ခဲ့ကြပါတယ်.။ ဒါဟာ ဂျော်ဂင်ဟို ဆိုတာနဲ့ ‘ဆာရီ ရဲ့လူဖြစ်တယ်’ ဆိုတဲ့ သတ်မှတ်ချက်ကြီးကို ခွာချနိုင်လိုက်ပြီ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။ ဒါ့အပြင်အခုအချိန်မှာ နည်းပြသစ် ဖရန့် လမ်းပတ် က သူ့ကိုယုံကြည် ကိုးစားမှု ရှိသလို သူကလည်း အဲဒီအားကိုးမှုနဲ့ ပြန်လည်ထိုက်တန်တဲ့ ပေးဆပ်မှု..၊ ပံ့ပိုးမှုတွေနဲ့ တုံ့ပြန်ပေးနိုင်မယ့် အလားအလာတွေကိုလည်း မြင်တွေ့နေရပါပြီ..။
(၂)
ဘရာဇီးလ်ဖွား အီတလီ ကွင်းလယ်ကစားသမားဟာ လီဗာပူးလ်အသင်းနဲ့ စူပါဖလားပွဲစဉ်မှာလည်း အသင်းကို အနိုင်ပွဲယူဆောင်ပေးတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ အတော်လေးကို နီးစပ်ခဲ့ပါသေးတယ်..။ ပွဲချိန်တစ်လျှောက်လုံး လီဗာပူးလ်အသင်းရဲ့ ခံစစ်ကြောင်းကို တိကျ၊ သေသပ်တဲ့ ပေးပို့မှုတွေနဲ့ အခက်တွေ့စေခဲ့သလို အချိန်ပိုပထမပိုင်းမှာ ပင်နယ်တီ ပြစ်ဒဏ်ဘောကို သွေးအေးအေးနဲ့ သပ်သပ်ရပ်ရပ် ကန်သွင်းယူပေးခဲ့ပါတယ်..။ ဒါ့အပြင် ပင်နယ်တီငါးလုံးစီ ကန်သွင်းပြီး အဆုံးအဖြတ်ယူစဉ်မှာလည်း ထပ်မံပြီး လှလှပပ အဆုံးသတ် ကန်သွင်းပေးခဲ့ပြန်ပါတယ်..။ အစ္စတန်ဘူလ် မြို့တော်ကပွဲစဉ်မှာ ချယ်လ်ဆီးအသင်း ကံမကောင်းခဲ့ပေမယ့် အဲဒီပွဲအပါအဝင် ပရီးမီးယားလိဂ် သုံးပွဲစလုံးမှာ ဂျော်ဂင်ဟို ရဲ့ တိကျ၊ သေသပ်တဲ့ ပေးပို့မှုတွေကို ပရိသတ်တွေ တောက်လျှောက် မြင်တွေ့ခဲ့ရပါတယ်..။
မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အဖွင့်ပွဲစဉ်မှာဆိုရင် သူ့ရဲ့ပေးပို့မှုမှတဆင့် ပီဒရို က ဘာကလေ အတွက် အခွင့်အရေးတစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် အီမာဆန် ရဲ့ ကန်ချက် ဂိုးတိုင်ထိပြီး ထွက်ခဲ့တဲ့ ဂိုးသွင်းခွင့်ဟာ သူ့ရဲ့ဖြတ်တင်ဘောကနေပဲ ရရှိခဲ့တာ ဖြစ်ပါတယ်..။ ပွဲအစပိုင်းမှာ ကစားပုံ ကောင်းမွန်ခဲ့တဲ့ လက်စ်တာ အသင်းနဲ့ပွဲစဉ်မှာဆိုရင် ဂျော်ဂင်ဟို ဟာ အသင်းရဲ့ဝင်ရိုးတစ်ခုအလား ထိန်းကျောင်းပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် အိုလီဗာယာ ဂျီရူးဒ် ဟာ သူ့ရဲ့လှပတဲ့ ဝေ့ဝိုက်ပေးပို့မှုကတဆင့် နောက်တန်းလူတွေကိုကာပြီး မေဆန် မောင့် အတွက် ဂိုးကန်သွင်းခွင့်တစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ နောဝစ်ချ် အသင်းနဲ့ပွဲမှာ ဂိုးဖန်တီးမှု ရရှိစေတဲ့ ပေးပို့မှု (assist for assist) ကို ပြုလုပ်ပေးနိုင်ခဲ့ပေမယ့် ကိုယ်ပိုင် ဂိုးဖန်တီးမှု (assist) ရရှိဖို့က စောင့်ရဦးမှာပါ..။
အချက်အလက်တွေအရ ဂျော်ဂင်ဟို ဟာ ဂိုးဖန်တီးမှု မပြုလုပ်နိုင်ဘူး ဆိုတဲ့အချက်နဲ့ အဝေဖန်ခံခဲ့ရပါတယ်..။ ဒါပေမယ့် ဒီထက်ပိုပြီး ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ကြည့်မယ်ဆိုရင် သူဟာ မနှစ်ကဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်တဲ့ ပေးပို့မှု (through balls) အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်း ကစားသမားတွေထဲက ဂိုးရနိုင်ခြေရှိတဲ့ ဖန်တီးမှု (expected assists) ပြုလုပ်နိုင်မှုနှုန်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူဟာအီဒင် ဟာဇက် ပြီးရင် expected assists အများဆုံး ပြုလုပ်နိုင်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..(ပုံ - ၁)။ ဖူးလ်ဟမ်း၊ ဝက်ဒ်ဖို့ဒ်..၊ အဲဗာတန်အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ဂွန်ဇာလို ဟီဂူအင် ဟာ သူ့ရဲ့ဂိုးရနိုင်တဲ့ ပေးပို့မှုတွေကို ဖြုန်းတီးပစ်ခဲ့သလို လက်စ်တာ အသင်းနဲ့ပွဲမှာ ရော့စ်ဘာကလေ..၊ ဝက်ဒ်ဖို့ဒ် အသင်းနဲ့ပွဲက အီဒင် ဟာဇက် တို့ဟာလည်း ထိုနည်းတူစွာပါပဲ..။
ဒါပေမယ့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု စတုတ္ထအများဆုံး ပြုလုပ်နိုင်ခဲ့သူ ဖြစ်ခဲ့တဲ့ နည်းပြ ဖရန့် လမ်းပတ် ကတော့ အခုအချိန်ထိ ဂျော်ဂင်ဟို တစ်ယောက် ဂိုးဖန်တီးမှုတွေ မပြုလုပ်နိုင်သေးတဲ့အပေါ် စိတ်ပူပန်မှု လုံးမရှိတဲ့အကြောင်း အခုလို ပြောပြပါတယ်…။
“ဂိုးဖန်တီးမှု (assist) နဲ့ ပတ်သက်ရင် နားလည်မှု လွဲနေတာတွေ ရှိနေတယ်လို့ ကျွန်တော်ခံစားမိပါတယ်..။ assist တစ်ကြိမ် ရရှိဖို့ဆိုရင် ခင်ဗျားရဲ့ ပေးပို့မှုကနေဖြစ်ဖြစ်..၊ ခင်ဗျားကန်တင်လိုက်တဲ့ တည်ကန်ဘောတွေကနေ ရရှိနိုင်တယ် ဆိုပေမယ့် ထည့်သွင်းစဉ်းစာရမယ့် တခြားအချက်တွေ အများကြီးရှိနေပါတယ်..။ ကျွန်တော်ကတော့ သူပေးပို့လိုက်တဲ့ ဘောလုံးတွေရဲ့ အရည်အသွေး (quality of a pass) ကိုပဲ ကြည့်ပါတယ်..။ သူပေးပို့နိုင်တဲ့ အကွာအဝေးအတွင်း (passing range) ထိထိရောက်ရောက် အသုံးချ၊ ပေးပို့နိုင်တာကိုပဲ အလိုရှိပါတယ်..။ လီဗာပူးလ်အသင်းနဲ့ ပွဲဆိုရင် သူ့ရဲ့ပေးပို့မှုတွေ ကောင်းမွန်ခဲ့ပါတယ်..။ သူဟာကျွန်တော်တို့ လိုချင်တဲ့အတိုင်း အတိအကျ ကစားပေးနိုင်ခဲ့သလို သူ့ရဲ့စိတ်အားထက်သန်မှု၊ ကြိုးစား အားထုတ်မှု၊ စိတ်ဓာတ်..၊ ခံယူချက်နဲ့ ကစားပုံ.. အားလုံးကို ကျွန်တော်ကျေနပ်ပါတယ်..။
မနှစ်တုန်းကလည်း ကျွန်တော်သူ့ကို သေသေချာချာ စောင့်ကြည့်၊ လေ့လာခဲ့ပါတယ်..။ မနှစ်ကဘောလုံးရာသီမှာ သူ့ရဲ့ကစားပုံ ကောင်းမွန်ခဲ့တယ်လို့ ယေဘူယျ ပြောနိုင်ပါတယ်..၊ ဒါပေမယ့် ကစားသမား တစ်ယောက်အကြောင်းကို သူနဲ့နေ့စဉ်နေ့တိုင်း အနီးကပ် ကြည့်ရှုနိုင်မှသာ သေသေချာချာ သိရှိနိုင်တာပါ..။ သူဟာကျွန်တော်တို့နဲ့ ပထမဆုံး စတင်လေ့ကျင့်ခဲ့တဲ့ နေ့ကစပြီး သူ့ရဲ့အရည်အချင်းနဲ့ စိတ်ဓါတ် ကောင်းမွန်မှုတွေကို ပြသနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့် ဂျော်ဂင်ဟို ကို ရရှိခဲ့တာ ကျွန်တော်ကံကောင်းပါတယ်..။”
(၃)
ဖရန့် လမ်းပတ် ဟာ မနှစ်က ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်အားလုံးနီးပါး ကြည့်ရှုခဲ့ပါတယ်..၊ ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကို လက်ခံခဲ့တဲ့အချိန် သူကိုယ်တိုင် မျက်မြင်တွေ့မြင်ခဲ့ရတဲ့ အနေအထားတွေအပေါ် မူတည်ပြီး ပြောင်းလဲခဲ့ရတဲ့ ယူဆချက်တွေ ရှိခဲ့ပါတယ်..။ အထူးသဖြင့် ဂျော်ဂင်ဟို ရဲ့ ကြိုးစားလေ့ကျင့်မှုတွေ..၊ နာခံတတ်မှုနဲ့ ခံယူချက် ကောင်းမွန်ပုံတွေကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း ပြောပြခဲ့ပါတယ်..။ ဒါ့အပြင် ဂျော်ဂင်ဟို ဟာ အသင်းမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ပါဝင်ခဲ့ပါတယ်..။ မနှစ်ကဘောလုံးရာသီ PAOK ဆလိုနီးကားအသင်းနဲ့ ယူရိုပါ လိဂ်ဖလား ပွဲစဉ်မှာဆိုရင် အန်ုတိုနီယို ရူဒီဂါ အတွက် နေရာလွတ် ဖန်တီးပေးပြီး အယ်လ်ဗာရို မိုရာတာ ဆီကို ပေးပို့ဖို့ ညွန်ကြားခဲ့ပါတယ်..။ အဲဒီဘောလုံးသူ့ဆီ ပြန်ရောက်လာတဲ့အချိန်မှာ အနေအထား ပိုကောင်းနေတဲ့ ဘာကလေ ဆီ ပေးပို့လိုက်ပြီး ဘာကလေ ရဲ့ ဖန်တီးမှုမှတဆင့် ဝီလီယံ က အဆုံးသတ်ပေးခဲ့ပါတယ်..။
အဲဒီဂိုးဟာ ဝိလီယံ သွင်းယူတယ်..၊ ဘာကလေ ဖန်တီးတယ်.. ဆိုပေမယ့် နောက်တန်းကနေ အစအဆုံး ကြိုးဆွဲပြီး စီစဉ် ညွန်ကြားခဲ့သူက ဂျော်ဂင်ဟို ပဲ ဖြစ်ပါတယ်..။ သူဟာကွင်းလယ်ဖန်တီးရှင်ကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေဖြစ်တဲ့ ပွဲအနေအထား..၊ ကစားသမားတွေရဲ့ ရွေ့လျားမှုတွေအပေါ် နားလည်မှု၊ နေရာလွတ်တွေကို ဖန်တီး အသုံးချနိုင်မှု..၊ ကစားသမားတွေရဲ့ ရွေ့လျားမှု၊ ဘောလုံးပေးပို့မှုတွေအပေါ် စီမံခန့်ခွဲနိုင်မှု. စတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူဖြစ်ပြီး အသင်းဖော် ကစားသမားတွေရဲ့ ယုံကြည်ကိုးစားမှု.. ကို ရရှိထားသူလည်း ဖြစ်ပါတယ်..၊ ဒါပေမယ့် လိုအပ်နေတာက…. ‘ဂိုးဖန်တီးမှု (assists)’ ပါ.။
ဂျော်ဂင်ဟို နဲ့ ပတ်သက်ပြီး သူ့ရဲ့ပထမဆုံးနည်းပြ..၊ လက်ဦးဆရာလို့ ပြောလို့ရမယ့် ကလော်ဒီယို ဗာဂါလီ က အခုလို ပြောပြပါတယ်…။
“ဂျော်ဂင်ဟို အနေနဲ့ မနှစ်က ဘောလုံရာသီဟာ အင်္ဂလန်မြေမှာ သူ့ရဲ့ပထမဆုံး ဘောလုံးရာသီဖြစ်သလို အများကြီး သင်ယူခဲ့ရပါတယ်..။ ဒါ့ကြောင့်အတွေ့အကြုံ ပိုပြီးရလာတာနဲ့အမျှ ဒီနှစ်မှာ ပိုပြီးတိုးတက် ကောင်မွန်လာမှာပါ..။ သူဟာနည်းစနစ်ရော..၊ ခံယူချက်ပါ ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ..။ အသင်းရဲ့ ဗဟိုချက်မှာ သူရှိနေဖို့ လိုအပ်ပြီး သူ့ဆီကို ဘောလုံးတွေ မကြာခဏ ပေးပို့နေဖို့လည်း လိုအပ်ပါတယ်..။ သူဟာဘောလုံးပိုင်ဆိုင်မှု အသားပေးပြီး ကစားလိုတဲ့ အသင်းတိုင်းအတွက် အသင့်တော်ဆုံး ကစားသမား တစ်ယောက်ပါပဲ..။”
ကလော်ဒီယို ဗာဂါလီ ဟာ အီတလီ စတုတ္ထတန်းက Sambonifacese အသင်းမှာ ဂျော်ဂင်ဟို ကို ပထမဆုံး ပွဲထွက်ခွင့်ပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်..။ သူဟာတပည့်ဟောင်းရဲ့ အင်္ဂလန်မြေ စွန့်စားခန်းကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ဂျော်ဂင်ဟို ဟာ ဒီထက်ပိုပြီး ခြေစွမ်းပြနိုင်လာဦးမယ်လို့လည်း ယုံကြည်နေဆဲ ဖြစ်ပါတယ်..။ ဂျော်ဂင်ဟို ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး စိတ်ပူစရာ မရှိဘူး ဆိုပေမယ့် ချယ်လ်ဆီးအသင်းရဲ့ လက်ရှိ ကစားဟန်နဲ့ ပတ်သက်ပြီး စဉ်းစားစရာ အချက်တေကတော့ ရှိနေခဲ့ပါတယ်..။ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းထားရင်း လက်ရှိအသင်းရဲ့ ကစားဟန်နဲ့ လိုက်လျောညီထွေဖြစ်လာအောင် ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ရမှာလဲ..? စတဲ့အချက်တွေ ဖြစ်ပါတယ်..။ အသင်းရဲ့ ကွင်းလယ်ဟန်ချက် (balance in midfield) ဟာ ဆာရီ လက်ထက်ကနေစပြီး အခုလမ်းပတ် လက်ထက်အထိ မဖြေရှင်းနိုင်တဲ့ ပြသနာတစ်ရပ်အနေနဲ့ ရှိနေဆဲ ဖြစ်ပါတယ်..။
(၄)
မန်ချက်စတာ ယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တစ်ဖက်အသင်းရဲ့ လျှင်မြန်တဲ့ ထိုးဖောက်မှုတွေ (fast breaks) ကန သုံးဂိုးခွင့်ပြုလိုက်ရသလို ဆာရီ ရဲ့ လက်ထက်..၊ ဘုန်းမောက်အသင်းကို ၄ဂိုးပြတ် ရှုံးခဲ့တဲ့ပွဲမှာလည်း အခုလိုပဲ fast breaks တွေကနေ သုံးဂိုးပေးလိုက်ရပါတယ်.။ ဘောလုံးဝေဖန်သုံးသပ်သူ ဂျေမီ ကာရေဂါ က လက်စ်တာအသင်းနဲ့ပွဲက ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကို ‘ဘတ်စ်ကတ်ဘောပွဲ ကြည့်နေရတဲ့အတိုင်းပဲ’ လို့ ပြောကြားခဲ့သလို ဖရန့် လမ်းပတ် အနေနဲ့ တစ်ဖက်အသင်းရဲ့ fast breaks တွေ..၊ transitions တွေကနေ ဂိုးတွေပေးနေရတာကို ထိန်းချုပ်နိုင်အောင် အပြောင်းအလဲတွေ ပြုုလုပ်ဖို့ လိုအပ်နေပါတယ်..။ အခုလို ချယ်လ်ဆီးအသင်းဟာ တစ်ဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကြောင့် အခက်တွေ့နေရတာကို ထိန်းချုပ်ဖို့ဆိုရင် ကွင်းလယ်က ဂျော်ဂင်ဟို ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာပါတယ်..။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ လက်စ်တာ အသင်းနဲ့ပွဲက အန်ဂိုလို ကန်တေး မပါဝင်ခဲ့ရင် သူဟာ ချယ်လ်ဆီးအသင်း ကစားသမားတွေထဲမှာ နေရာအနှံ့ ရွေ့လျားကစားမှုအများဆုံး ပြုလုပ်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..(ပုံ - ၂)။ ဒါဟာသူ့ရဲ့လုပ်အားနှုန်းနဲ့ အသင်းအတွက် ပံ့ပိုးပေးနိုင်မယ့် အင်အားကို ပြသနေခြင်းပါပဲ..။ ဒါ့ကြောင့် ဖန်တီးမှုနဲ့ ဘောလုံးဖြန့်ဝေမှု ကောင်းမွန်တဲ့ deep lying playmaker ဂျော်ဂင်ဟို နဲ့ ဘောလုံးပြန်လည် အရယူတဲ့နေရာမှာ ကောင်း ball-winning mdfielder အန်ဂိုလို ကန်တေး တို့ အတွဲအဖက်ဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ဟန်ချက်နဲ့ ခံစစ်..၊ တိုက်စစ်ပါ မျှတဖို့အတွက် အသင့်တော်ဆုံး အတွဲအစပ် ဖြစ်လာနိုင်ပါတယ်.။ သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦး အပြန်အလှန်ဖြည့်ပြီး ကစားနိုင်မှာ ဖြစ်ပေမယ့် အခုလက်ရှိကွင်းလယ်အထိုင်မှာ လိုအပ်ချက်တစ်ခုခု ရှိနေသလိုပါပဲ..။ ဒ့ါကြောင့်ဖရန့် လမ်းပတ် အနေနဲ့ အသင်းရဲ့ ကစားကွက် (formation) ကို အပြောင်းအလဲ နည်းနည်းပြုလုပ်ဖို့ လိုအပ်နိုင်ပါလား..? တတိယ ကွင်းလယ်ကစားသမား (3rd midfielder) တစ်ယောက် အားဖြည့်ပြီး သုံးယောက်တန်း ကွင်းလယ်အထိုင် (3 men midfeld) ဟာ အသင်းနဲ့ အသင့်တော်ဆုံး ဖြစ်နိုင်မှာလား..? စဉ်းစားစရာတွေ ရှိလာပါတယ်..။
ဒါ့ကြောင့်အခုလက်ရှိ အနေအထားအရဆိုရင် ဂျော်ဂင်ဟို ဟာ တိုးတက်မှုတွေ ရရှိလာတယ်.၊ ပရိသတ်ရဲ့ လက်ခံမှုကို ပိုမိုရရှိလာတယ် ဆိုပေမယ့် ဘယ်လောက်တိုးတက်လာတယ်..၊ ကစားဟန် ဘယ်လိုပြောင်းလဲသွားတယ် ဆိုတာ သေသေချာချာ အကဲဖြတ်နိုင်ဖို့ ခက်ခဲနေပါသေးတယ်..။ ဒါပေမယ့် နည်းပြ ဖရန့် လမ်းပတ် ရဲ့ ယုံကြည်ကိုးစားမှု..၊ သူ့ရဲ့လက်ရှိအချိန်ထိ စွမ်းဆောင်ရည်များကြောင့် သူဟာကွင်းလယ်မှာ ပြသနာရှာမယ့်သူထက်စာရင် ပြသနာဖြေရှင်းပေးနိုင်မယ့်သူ ဖြစ်လာဖို့များပါတယ်..။ ဒါ့ကြောင့်မကြာတော့မယ့် အနာဂတ် ကာလမှာ ဂျော်ဂင်ဟို ဟာ ချယ်လ်ဆီးပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ယောက် ဖြစ်လာဖို့ အလားအလာ ရှိနေပါကြောင်း တင်ဆက်လိုက်ရပါတယ်..။
#FRANK
(Sky Sports မှ ဆောင်းပါးရှင် Adam Bate ၏ ‘Is Jorginho winning over the Chelsea supporters under Frank Lampard?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)