feature-image

‘ဗိုလ်လုပွဲမစခင်မှာ လာမေးရင်တော့ ဗိုလ်စွဲမယ်ပဲ ပြောမှာပေ့ါ..’ ဆိုတဲ့ တူခယ်လ် နဲ့ Soccer AM တွေ့ဆုံခန်း

ချယ်လ်ဆီးအသင်းကို တာဝန်ယူခဲ့ပြီး (၇) လပြည့်မြောက်သည့် အမှတ်တရအဖြစ် နည်းပြကြီး သောမတ်စ် တူခယ်လ် မှာ Soccer AM နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံခန်းအစီအစဉ်တွင် ချန်ပီယံလိဂ် ဗိုလ်စွဲပြီးချိန် အောင်ပွဲခံပုံတွေအကြောင်း၊ သူနှစ်သက်သော သီချင်းများနှင့် အသင်း၏ ထူးဆန်းသော လေ့ကျင့်ခန်းအကြောင်းများကို အစီအစဉ်တင်ဆက်သူ Tube အား ယခုလို ပြောပြခဲ့ပါသည်..။

မေး - ကြိုဆိုပါတယ် သောမတ်စ်ရေ...အခုဆိုရင် ခင်များချဲလ်ဆီးကိုရောက်တာ (၇) လတောင်ပြည့်ခဲ့ပြီ။ ဘယ်လောက် စိတ်ကျေနပ်မှုရှိလဲ။

သိပ်ကိုကျေနပ်တာပေ့ါဗျာ။ ချယ်လ်ဆီးအသင်းဟာ တကယ့်ဘောလုံးအသင်းကောင်းကိုဗျ။ အသင်းရဲ့ဖွဲ့စည်းပုံနဲ့ ထောက်ခံအားပေးမှုကလဲ ကောင်းတယ်။ လုပ်ဖော်ကိုင်ဖက်တွေကလဲ လူကောင်းတွေကြည့်ပဲ။ တောင့်တင်းတဲ့ ကစားသမားအင်အားလဲရှိတယ်။ အလုပ်လုပ်လို့ကောင်းတဲ့ ပတ်ဝန်းကျင်ဖြစ်ပြီးတော့ ကစားသမားတွေ အလုပ်အပေါ်မှာထားတဲ့စိတ်ဓါတ်နဲ့ လေ့ကျင့်ပုံတွေဟာ တကယ်ကို့ ကောင်းမွန်လှလို့ နေ့တိုင်းနေ့တိုင်းက ကျေနပ်စရာကြည့်ပါပဲဗျာ။

မေး - ကောင်းတဲ့အကြောင်းတွေပြောလို့ မေးပါအုံးမယ်။ ဖရန့်လမ်းပတ် အထုတ်ခံရတုန်းက ‘သူ့ကိုထုတ်တာမှန်ပါ့မလား၊ ခင်များတို့ သေချာလား’ လို့ ဘုတ်အဖွဲ့ကို ခင်များမေးခဲ့တယ်မဟုတ်လားဗျ။

ကျွန်တော်သူတို့ကို ‘သေချာရဲ့လားဗျာ သူ့အတွက်အချိန်နည်းနည်းလောက် ပိုလိုတယ် မထင်ဘူးလား’ လို့ မေးခဲ့ပါတယ်။ ဘုတ်အဖွဲ့ကလည်း ‘သေချာတယ် သူတို့သေချာဆုံးဖြတ်ပြီးသွားပြီ’ လို့ ပြောတယ်။ ရလဒ်တွေနဲ့ အချက်အလက်တွေအရကြည့်ရင်တော့ သိပ်မကောင်းလှဘူးဆိုပေမယ့် ကစားတာမကောင်းလွန်းလှလို့တော့မဟုတ်ပါဘူး။  ကံမကောင်းတာလဲ ပါမှာပေ့ါ။ ဒါပေမယ့် ဘုတ်အဖွဲ့ပြောတာကတော့ တိုးတက်မှုနည်းနေတာကို သဘောမကျတဲ့အတွက်ကြောင့်မို့ လမ်းပတ်ကိုထုတ်ပယ်ဖို့ ဆုံးဖြတ်ပြီးပြီလို့ ပြောပါတယ်။



မေး - အဲဒါနဲ့ပဲ ခင်များကို နည်းပြခန့်လိုက်တယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားကြီး ယူပြလိုက်တယ်။ လေးစားပါတယ်ဗျာ။ အဲဒီညက ခင်များဘဝရဲ့အကောင်းဆုံးညလို့ ပြောလို့ရလားဗျ။

ဘောလုံးအားကစားနဲ့ပတ်သက်လာရင်တော့ အကောင်းဆုံးညတစ်ည ဖြစ်ခဲ့ပါတယ်။ တစ်ခြားဒီထက်ကောင်းတာ ရှိပါ့အုံးမလားဗျာ။ ကျွန်တော် အကယ်ဒမီအဆင့်နည်းပြဘဝတုန်းက အခုလိုအဆင့်မျိုးရောက်လာဖို့ စိတ်ကူးတောင်မကြည့်ခဲ့ပါဘူး။ ကျွန်တော်ရဲ့ရည်မှန်းချက်လဲ မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ သိတဲ့အတိုင်းပဲ ဖြစ်နိုင်ဖို့ အရမ်းခက်ခဲပြီး အလှမ်းဝေးလွန်းခဲ့လို့ပါ။

မေး - ဗိုလ်စွဲပြီးတဲ့နောက် အောင်ပွဲခံခဲ့ပုံအကြောင်းလဲ ပြန်ပြောပါအုံးဗျာ။ ဘယ်လိုတွေ ကခဲ့လဲ၊ ကဲခဲ့လဲပေ့ါ။

ကျွန်တော့်ကစားသမားတွေပြန်ပြောပုံအရဆိုရင်တော့ ကျွန်တော့်အမေက အကြာကြီး ကနေခဲ့တာတဲ့။  ကျွန်တော်ကတော့ ဘေးနားနောက်နားကနေပဲ ပီတိဖြစ်နေတာများပါတယ်။
မေး - ဟုတ်လား ဘားနားမှာနေပြီး ရှန်ပိန်လေးနဲ့ ငြိမ့်နေတာလား။
ဟားးဟားး ဒါပေ့ါဗျာ။



မေး - ဒါနဲ့ ခင်များကြိုက်တဲ့သီချင်းတွေအကြောင်း ပြောရအောင်။ Simply Red အကြောင်းပေ့ါဗျာ။ (Simply Red သည် Pop နှင့် Soul ဂီတများသီဆိုသော ဗြိတိသျှတီးဝိုင်းဖြစ်သည်)

ပြောရတာပေ့ါဗျာ။ ကျွန်တော်က သီချင်းတွေမျိုးစုံနားထောင်ဖြစ်ပါတယ်။ ကားမောင်းနေရင်းတို့ အိမ်မှာနေရင်းတို့ပေ့ါဗျာ။ တစ်ရက်တော့ ကျွန်တော် ရှေးခေတ်ဓါတ်ပြားစက် (vinyl player) နဲ့ စပီကာကောင်းကောင်းတစ်လုံး ဝယ်ပြီးနောက်မှာတော့ သီချင်းနားထောင်ဖြစ်တဲ့ပုံစံတွေ ပြောင်းလာခဲ့တော့တာပဲ။

မေး - အင်းပေါ့ဗျာ ဓါတ်ပြားစက်မှာ ခေါင်းဆောင်အဆိုတော် Mick Hucknall ရဲ့အသံက သိပ်ကောင်းနေမှာပေ့ါ။

တူခယ်လ် - ဒါပေ့ါဗျာ။ စပီကာကောင်းကောင်းနဲ့ ဓါတ်ပြားစက်ကြီးနဲ့ဆိုတော့ သူအနီးအနားကနေ ခင်များကို လာဆိုပြနေသလိုပါပဲ။

မေး - ခင်းများ အကြိုက်ဆုံးသီချင်းကဘာလဲဗျာ။
Holding back the years ပါ။ ပြောရင်းဆိုရင်းနဲ့ သီချင်းတောင် ဆိုချင်လာပြီ။ ကျွန်တော်ကို လာမဆွနဲ့နော် ဟားဟား။



မေး - ဟုတ်ပြီဗျာ။ အသင်းရဲ့လေ့ကျင့်ခန်းတွေဘက် လှည့်ရအောင်။ ခင်များအသင်းကို လေ့ကျင့်ပေးပုံတွေက ဆန်းတယ်ဗျာ။ ပျော်စရာလဲကောင်းမယ့်ပုံပဲ။ တင်းနစ်ဘောလုံးတွေ၊ ဘောလုံးသေးသေးလေးတွေနဲ့။ အဲလိုလေ့ကျင့်တဲ့နောက်ကွယ်က အကြောင်းတွေ ပြောပါအုံး။

ပျော်စရာကောင်းဖို့ရယ် စိန်ခေါ်မှုအသစ်တွေပေးဖို့ရယ်ပါ။ ကစားသမားတွေကလဲ အရမ်းစိတ်ဝင်စားကြတယ်။ အဓိကတော့ အခြေအနေအမျိုးမျိုးအတွက် ကျင့်သားရနေအောင် အဆင်သင့်ဖြစ်နေအောင်ပါ။ ဒါလုပ်ရတာ ဒါကြောင့်လို့တော့ ရည်ရွယ်ချက်အတိအကျမဟုတ်ပါဘူး။ ရည်ရွယ်ချက်နဲ့လုပ်တာတွေလဲ ရှိပါတယ်။

ဥပမာ မနေ့ကဆိုရင် လီဗာပူးလ်နဲ့ပွဲမှာ သုံးလို့ရနိုင်တဲ့ ပုံစံအချို့ လေ့ကျင့်ဖြစ်ပါတယ်။ ယေဘူယျဆိုရင် ကျွန်တော်က အသင်းသားတွေကို အခြေအနေအမျိုးမျိုးမှာ အဖြေရှာဖို့ လုပ်ငန်းတာဝန်တွေချပေးတယ်။ ဒီလိုနေရာလွတ်ရရင် ဘာလုပ်မလဲတို့ ဘောလုံးအသေးရရင်ဘာ ဒါမှမဟုတ် ဘောလုံးအကြီးနဲ့ဆိုရင်ရော စသဖြင့်ပေ့ါဗျာ သူတို့ကိုယ်တိုင် စဉ်းစား အဖြေရှာ ကျော်ဖြတ်ခိုင်းပါတယ်။

တင်းနစ်ဘောလုံးနဲ့ပက်သက်ရင်တော့ ကျွန်တော် ဒေါ့မွန်မှာတုန်းက လေ့ကျင့်ပုံတစ်ခုပြောပြမယ်။ ကစားသမားတွေ တစ်ယောက်ချင်းရင်ဆိုင်တွေ့တဲ့အခါ အင်္ကျီဆွဲတာတို့ ရှိတယ်ဗျာ။ ကျွန်တော်အဲတာကို မကြိုက်ဘူး။ အဲတာနဲ့ တင်းနစ်ဘောလုံးကို နှစ်ခြမ်းခွဲ လက်ထဲမှာ ကိုင်ထားခိုင်းပြီး (အင်္ကျီဆွဲလို့မရအောင်) ခံစစ်မှူးတွေအဖြစ် တစ်ယောက်ချင်းရင်ဆိုင်တွေ့စေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပါတယ်။ ကျွန်တော် ယုံကြည်တာကတော့ အဆင့်မြင့်ပြိုင်တွေကစားနိုင်ဖို့ဆိုရင် ပြိုင်ဘက်အမျိုးမျိုး၊  အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လက်နက်မျိုးစုံ၊ ကျွမ်းကျင်မှုမျိုးစုံ ရှိဖို့လိုအပ်ပါတယ်။



မေး - ခင်များလဲ နည်းနည်းကစားခဲ့တယ်ဆိုတော့ လေ့ကျင့်ခန်းတွေမှာ ခင်များ ဝင်ပါဖြစ်သလားဗျ။

မဟုတ်တာဗျာ။ ကျွန်တော်ကစားခဲ့တယ်ဆိုတာ အဝေးကြီးကျန်ခဲ့ပါတယ်။ တကယ် ကစားခဲ့တယ်ဆိုတာတောင် ဟုတ်ချင်မှ ဟုတ်မှာပါဗျာ ဟားဟား။ သတိလဲ မရတော့ပါဘူး။

မေး - ခင်များ ကစားခဲ့တုန်းက ကစားဟန်ကိုလဲ ပြောပြပါအုံး။

ကျွန်တော်က ခံစစ်မှူးတွေနောက်မှာ ကစားတဲ့ Sweeper လို့ ပြောလို့ရပါတယ်။ လူတိုင်းက လူကပ်ကစားရင်း အလုပ်ရှုပ်နေတဲ့အချိန်မှာ ကျွန်တော်က လူကပ်မခံရအောင်နေပြီး နေရာရွှေ့ကစားတာမျိုးပေ့ါ။
 
မေး - ဖရန့်လမ်းပတ်လို့ ပုံစံပေ့ါ။
ဒါပေ့ါ။ ဒါပေမယ့် အဆင့်အတန်းခပ်နိမ့်နိမ့်ထဲကပါ ဟားးဟားး။



မေး - ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဖလားရခဲ့ပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ်ကြီးကို ဆွတ်ခူးတော့မလား။ မနှစ်က တစ်ယောက်ကနေပြီးတော့ ချန်ပီယံလိဂ်ဖလားဗိုလ်စွဲမှာလားလို့မေးတော့ ခင်များက Yes လို့ဖြေခဲ့တယ်။ ကဲ အခုမေးပြီဗျာ ပရီးမီးယားလိဂ် ဗိုလ်စွဲတော့မလား?
နေအုံး နေအုံး။ ချန်ပီယံဖလား ဗိုလ်ဆွဲမယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူးဗျာ။
မေး - ခင်များပြောခဲ့တယ်လေ။
နိုး. နိုး မပြောခဲ့ပါဘူး။

မေး - ကျွန်တော် ဗိုလ်လုပွဲမတိုင်ခင် အင်တာဗျူးတစ်ခုကြည့်ခဲ့တယ်။ အဲဒီမှာ ခင်များ ပြောခဲ့တာလေ။
သြော် ဗိုလ်လုပွဲမတိုင်ခင်ကလား။ အင်း ဒါတော့ ဗိုလ်စွဲမယ်လို့ပြောမှာပေ့ါဗျာ။ ခင်များသာ မေလမှာတုန်းကသာ ‘တစ်ပွဲပဲကစားဖို့ကျန်တော့တယ် ဗိုလ်စွဲမှာလား’ လို့ မေးရင် ‘Yes, သေချာတာပေ့ါ’ လို့ ဖြေမိမှာပေ့ါဗျာ။ အခုချိန်မှာတော့ ပရီးမီးယားချန်ပီယံအကြောင်း ပြောဖို့စောပါသေးတယ်။

မေး - အဲတာဆိုရင် နောက်နှစ် မေလမှာ ပြန်လာပြီး ထပ်မေးမယ်လေ။ အဲဒီအခါ ‘Yes’ လို့ပြောပေ့ါ။
ဟုတ်ပြီလေ။ ပြောမယ်ဗျာ။
Tube: အခုလိုအချိန်ပေးတာ ကျေးဇူးပဲဗျာ။ Cheers!

(Soccer AM မှတင်ဆက်သော 'Tube Meets Thomas Tuchel' တွေ့ဆုံခန်း အစီအစဉ်ကို Ko Aung Ko Htwe ရေးသားပြန်ဆိုပါသည်..။)