ချယ်လ်ဆီးအသင်း Official website မှာ ယခုနှစ် ဘောလုံးရာသီအတွက် အစီအစဉ်သစ်အဖြစ် အသင်းမှ ကစားသမားများအတွက် မေးခွန်း (၁၀) ခု အမေးအဖြေ အခန်းကဏ္ဍကို စတင် တင်ဆက်ခဲ့ရာ ပထမဆုံး အစီအစဉ်အဖြစ် အကယ်ဒမီ ကစားသမား ထရေဗာ ချာလိုဘာ နှင့် တွေ့ဆုံပြီး သူ၏တာထွက် ကောင်းမွန်ခဲ့သော ရာသီအစပိုင်း ကာလများ၊ ခရစ်စ်တယ် ပဲလေ့စ် အသင်းနှင့်ပွဲစဉ်မှာ ရရှိခဲ့သည့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှ အသင်းကြီးအတွက် သူ၏ပထမဆုံး သွင်းဂိုးအကြောင်းနှင့် အကယ်ဒမီ ကစားသမားဘဝ၊ အဌားချ ကစားသမားဘ၀ ဖြတ်သန်းမှုများအကြောင်းကို ယခုလို ပြောပြခဲ့ပါသည်..။
မေး - အခုရာသီသစ်စတင်ပုံနဲ့ပဲ စလိုက်ရအောင်။ စူပါဖလားဗိုလ်လုပွဲမှာ အစကောင်းခဲ့တာမျိုး ခင်များ မျှော်လင့်ထားခဲ့သလားဗျ။
တကယ့်ကို ရာသီအစကောင်းပဲဗျာ။ လုံးဝလဲ အံ့သြစရာကောင်းခဲ့ပါတယ်။ ရာသီကြိုပွဲစဉ်တွေ ကစားခဲ့လို့ ကစားချိန်မိနစ်အချို့ရခဲ့ပေမယ့် ဗိုလ်လုပွဲဆိုတော့ မန်နေဂျာက စီနီယာကစားသမားတွေပဲ ပွဲထုတ်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ပွဲမကစားခင် နာရီအနည်းငယ်အလို ပွဲထွက်စာရင်းမှာ ကျွန်တော့်နာမည်တွေ့တော့ လကမ္ဘာပေါ်ရောက်သွားသလို သိပ်ပျော်ရတာပဲ။ ဥရောပအဆင့်မြင့်ဗိုလ်လုပွဲမှာ ပွဲထွက်ကစားတယ်၊ ပြီးတော့ ဗိုလ်စွဲတယ်ဆိုတာ တကယ့်ကို မယုံနိုင်စရာပါပဲ။ ပင်နယ်တီရောက်သွားပြီး ဘာဆက်ဖြစ်မယ်ဆိုတာ မသိရတော့ စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် တကယ့်ကန်ကြတော့ ကျွန်တော့်တို့တွေဟာ ယုံကြည်မှု အပြည့်ရှိခဲ့ကြပါတယ်။ ရူဒီဂါပြီးရင် ကျွန်တော်ကန်ရမယ့်အလှည့်ရောက်မှာလေ။ ဒါပေမယ့် ကီပါက ကာကွယ်ပြီးနောက်မှာတော့ ဖိအားတွေအားလုံးလဲ လျော့သွားရတော့တာပါပဲ။
မေး - ပရီးယားလိဂ်ပွဲဦးထွက် ခရစ်စတယ်ပဲလေ့စ်အသင်းဘက်ကို ဂိုးသွင်းပြီးတော့ ကိုယ့်ကိုယ်ကို ဆွဲဆိတ်ကြည့်သေးလား။
ကျွန်တော်ဖြင့် ယုံကိုမယုံနိုင်ခဲ့ပါဘူး။ ပရီးယားလိဂ်မှာကစားဖို့ ဆိုတာ ကလေးတိုင်းရဲ့ အိပ်မက်ပါ။ စတန်းဖို့ဒ်ဘရစ်ခ်ျ မှာ ဘောကောက်လုပ်ရင်း၊ ပွဲတွေကြည့်ရင်း၊ ချန်ပီယံလိဂ်ညတွေကို ဖြတ်သန်းခဲ့တဲ့ ကျွန်တော်လဲ အဲဒီအိပ်မက် မက်ခဲ့တာပေ့ါဗျာ။ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးအသင်းအတွက် ပထမဦးဆုံးသောပွဲထွက်ကစားရခြင်းဟာ ဘယ်တော့မှ မေ့လို့မရမဲ့ အခိုက်အတန့်ဖြစ်တဲ့အပြင် ဂိုးပါသွင်းခဲ့သေးတယ်ဆိုတော့ သိပ်ကိုကောင်းမွန်တဲ့ ခံစားချက်ပဲဆိုတာ ပြောစရာတောင် မလိုတော့ပါဘူးဗျာ။
ကျွန်တော်က အဲလိုနေရာကနေ ပုံမှန်ကန်သွင်းနေကျတော့ မဟုတ်ပါဘူး။ ကျွန်တော့်သွင်းဂိုးတွေက ပုံမှန်အားဖြင့် ပြိုင်ဘက်ဂိုးစည်းထဲမှာဖြစ်ပြီးတော့ ခေါင်းတိုက်ဂိုးတို့၊ ပိတ်သွင်းဂိုးတို့လောက်ပါပဲ။ ဒါပေမယ့် အဲဒီနေ့က ပရိသတ်တွေဆီကနေ “ကန်ထည့်လိုက်” လို့ အော်ပြောတာတွေ ကြားလိုက်ပါတယ်။ အဲတာနဲ့ ကျွန်တော်လဲ ကန်ထည့်လိုက်တာပဲ။ သူတို့ဆီက “ဂိုး” လို့ မအော်ခင်အချိန်ထိ ဂိုးဝင်သွားလား မသိခဲ့သေးဘူး။ ဂိုးဝင်သွားတာလဲသိရော ဒူးထောက်ထိုင်ချလိုက်ရတာပဲ။ မယုံနိုင်လွန်းလို့ပါ။
မေး - ဂိုးသွင်းအောင်ပွဲခံပုံက အရမ်းစိတ်လှုပ်ရှားနေပုံပေါ်တယ်ဗျာ။ အဲဒီအခိုက်အတန့် စက္ကန့်လေးတွေမှာ ခင်များခေါင်းထဲ ဘာတွေဖြစ်နေခဲ့သလဲဗျ။
အကုန်အစုံပါပဲဗျာ။ ကျွန်တော်အသက် ၈ နှစ်မှာ ဒီကိုစရောက်တယ်။ အဲဒီအမှတ်ရစရာတွေ အားလုံးက လျှပ်စီးလပ်လိုက်သလိုပဲ ခေါင်းထဲမှာ ဖြတ်စီးသွားတယ်။ ကျွန်တော် အပြင်းအထန်ကြိုးစားခဲ့တာတွေ၊ ပေးဆပ်ခဲ့ရတာတွေ အားလုံးပေ့ါဗျာ။ အတွေးတွေအကုန်လုံး စုပြုံဖြစ်လာပြီးတော့ ‘Wow…ငါ စတန်းဖို့ဒ်ဘရစ်ချ်ကွင်းကြီးထဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီဟ’ ဆိုပြီး ဖြစ်သွားတယ်။ လုံးဝကို မယုံနိုင်စရာပဲ။ ပုံမှန်ပြန်ဖြစ်ဖို့ တစ်ပတ်လောက်တောင်အချိန်ယူခဲ့ရပါတယ်။
ကျွန်တော်ဖုန်းထဲမှာဆိုရင် ပရိတ်သတ်တွေ၊ သူငယ်ချင်းတွေ၊ မိဘတွေဆီက ဂုဏ်ယူကြောင်းမက်ဆေ့တွေနဲ့ ပြည့်နေတာပဲ။ ကျွန်တော့်မိဘတွေဟာ ကျွန်တော်ဘယ်လောက် အလုပ်ကြိုးစားထားသလဲဆိုတာသိပါတယ်။ သူတို့က ‘မင်းကြိုးစားထားသမျှ အရာထင်ပြီကွ’ လို့ပြောတယ်။ ပြီးတော့ ကျွန်တော်ဘယ်လောက်ကောင်းသလဲဆိုတာသိပေမယ့် အခွင့်အရေးရဖို့အကြာကြီးစောင့်နေရတာကြောင့် ‘အခုမှပဲ အလုံးကြီးကျသွားတော့တယ်’ လို့ ပြောပါတယ်။
မေး - အခု ဖူလမ်အသင်းမှာကစားနေတဲ့ ခင်များအစ်ကို နသန်နီယယ် (ချာလိုဘသ်) လဲ ချဲလ်ဆီးအသင်း အကယ်ဒမီအဆင့်ကနေတက်လှမ်းပြီး လူကြီးအသင်းမှာ ကစားခဲ့တယ်နော်။ သူကရော ဘာပြောခဲ့လဲ။
ပဲလေ့စ်နဲ့ပွဲ ပြီးပြီးချင်းပဲ သူနဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့ပါတယ်။ သူလဲ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တယ်၊ ပရီးမီးယားလိဂ်ဖလားလဲ ရဖူးတော့ ဘယ်လိုခံစားရမလဲဆိုတာ သိပါတယ်။ ကျွန်တော့်အတွက် အရမ်းပျော်ရွှင်မိတယ်လို့ ပြောပါတယ်။ အစ်ကိုက ဒီနေ့အချိန်ထိ ကျွန်တော့်ကို အမြဲပဲအကြံဉာဏ်တွေပေးလေ့ရှိပြီး နေ့တိုင်းလဲ စကားပြောဖြစ်ပါတယ်။ ကျွန်တော်ဟာ လိုရီးယန့်အသင်းကို အငှါးထွက်ကစားရတော့မှ နိုင်ငံရပ်ခြားမှာ ပထမဆုံးနေဖူးခဲ့တာပါ။ နာပိုလီမှာ သူအငှါး သွားကစားတုန်းကလို့ပေ့ါ။ ဒါကြောင့်မို့လို့ ကျွန်တော်ဘာတွေလိုအပ်မလဲ၊ ဘာသာစကား အသစ်တွေနဲ့ ဘယ်လိုနေသားကျအောင်နေမလဲ စသဖြင့် ကူညီပေးပါတယ်။
တကယ်လို့သာ သူလဲ ဒီအသင်းမှာပဲရှိပြီး အတူလေ့ကျင့်ခွင့်ရရင် အတော်ကောင်းမှာပဲဗျ။ အခုဆိုရင် ပရီးမီးယာလိဂ်မှာ သူနဲ့အတူရင်ဆိုင်ကစားဖို့ဟာ ကျွန်တော့်ရဲ့ နောက်ထပ်အိပ်မက်တစ်ခုပေါ့ဗျာ။ တစ်သင်းထဲမှာ အတူတူမကစားရလဲ သူနဲ့ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားရတာ ကောင်းမှာပါ။ ဆိုတော့ ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။
မေး - ကစားခွင့်မရခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ချဲလ်ဆီးအသင်း FA ဖလားရခဲ့တုန်းက ခင်များလဲ အသင်းရဲ့လူစာရင်းထဲပါခဲ့တယ်နော်။ စီနီယာကစားသမားတွေနဲ့ လေ့ကျင့်ခွင့်ရတဲ့ အတွေ့အကြုံက ဘယ်လောက်အထိ အရေးပါလဲဆိုတာ ပြောပြပါအုံး။
အဲဒီဘောလုံးရာသီရဲ့ နောက်ဆုံး ၆ လလောက် စီနီယာအသင်းနဲ့ လေ့ကျင့်ခဲ့ရပြီး FA ဖလားဆုတံဆိပ်လဲ ရရှိခဲ့ပါတယ်။ နောက်ထပ် ဂုဏ်ယူစရာအခိုက်အတန့်ပေ့ါဗျာ။ အဲဒီတုန်းက ကျွန်တော်အရံခုံမှာ ရှိနေခဲ့တယ်ဆိုတာ လူတော်တော်များများ သတိမထားမိကြပါဘူး။ အဲဒီတုန်းက ကစားသမားတွေ အခုထိရှိနေတုန်းပါပဲ။ ဒါဟာ ဒီကလပ်အသင်းရဲ့ ဖြစ်စဉ်ကို ပြသနေတာပါပဲ။ ကျွန်တော်လဲ ရှိနေတုန်းပဲ အခြားကစားသမားတွေလဲ ရှိနေတုန်းပဲ။ စီနီယာအသင်းနဲ့ ပထမဆုံးလေ့ကျင့်ဖူးတာကတော့ ကျွန်တော်အသက် ၁၅ နှစ်အရွယ်တုန်းကပါ။ အဲဒီနေ့က တော်တော်လန့်နေခဲ့တာပေ့ါဗျာ။ ဘောလုံးကွင်းထဲမှာ တီဗွီထဲမှာပဲမြင်ရတဲ့ ကစားတွေနဲ့အတူ လေ့ကျင့်နေရတာလေ။ မယုံနိုင်အောင်ပါပဲဗျာ။
လူငယ်သွေးသစ်ကစားသမားတစ်ယောက်အတွက် ကိုယ့်ရှေ့က ပွဲပေါင်းများစွာ ကစားထားတဲ့ စီနီယာကစားသမားတွေဆီကနေ စောင့်ကြည့်လေ့လာတာဟာ အရမ်းအရေးပါလှပါတယ်။ ကျွန်တော်ဟာ သူတို့တွေဆီကနေ လေ့ကျင့်နေချိန်ရော ပြင်ပအချိန်တွေစီကပါ လေ့လာနေသလို သူတို့ကလဲ ဘောလုံးကစားတာအပြင် အခြားအကြံဉာဏ်တွေပါ အမြဲပေးလေ့ရှိပါတယ်။ ဘာတွေလုပ်နေလဲ ဘယ်လိုကစားကြသလဲကို စောင့်ကြည့်နေခြင်းဟာ စီနီယာကစားသမား တွေဆီကနေ လေ့လာနေခြင်းပဲဖြစ်ပြီး အတုယူစရာရှိတာယူပြီး ပိုတိုးတက်အောင် ကြိုးစားရတာပေ့ါဗျာ။
မေး - သောမတ်စ်တူခယ်ရဲ့ ပထမအသင်းကြီးလူစာရင်းမှာ ပါဝင်ရတော့မယ်ဆိုတာ ဘယ်တုန်းက သိခဲ့ရလဲ။
ပဲလေ့စ်နဲ့ပွဲအပြီး အာဆင်နယ်နဲ့မကန်ခင်ကြားတုန်းက နည်းပြနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို အသင်းမှာပဲ ဆက်ရှိနေစေချင်တာကြောင့် ပထမအသင်းရှိရာ အဆောင်ဘက်ဆီကို ပြောင်းလဲခဲ့ပါတယ်။ အဲဒီမတိုင်ခင်က ကျွန်တော်ဟာ အကယ်ဒမီအသင်းအဆောင်ဘက်မှာပဲ ရှိနေသေးတာလေ။ အခုတော့ အကုန်လုံး ရွှေ့ပြောင်းနေရာချပြီးပါပြီ။ နည်းပြက ပထမအသင်းမှာပဲ နေဖို့ပြောတုန်းက ပျော်ရတာပေ့ါဗျာ။ သူက ရာသီကြိုပြင်ဆင်မှုတွေနဲ့ ကစားပွဲတွေမှာ ကျွန်တော်ဘယ်လောက်ကောင်းမွန်ခဲ့ကြောင်းနဲ့ အခွင့်အရေးကို ဘယ်လိုအသုံးချ နိုင်ခဲ့ကြောင်း လေ့ကျင့်ခန်းပြီးတဲ့တစ်ရက်မှာ စကားလာပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းအတွက် အထောက်အပံ့ကောင်းဖြစ်စေတဲ့အပြင် အခြားကစားသမားတွေကို ကူညီဖို့နဲ့ သူတို့ဆီကနေ လေ့လာဖို့ သူကလမ်းညွှန် ပြောပြခဲ့ပါတယ်။
သူလာမပြောခင်အချိန်ကအထိ အသင်းမှာဆက်ရှိမယ်လို့ မထင်ခဲ့ပါဘူး။ စူပါဖလားဗိုလ်လုပွဲ ကန်ပြီးတော့တောင်မှ အငှါးထွက်ကစားရမယ်လို့ ထင်တုန်းပါပဲ။ ပဲလေ့စ်နဲ့ပွဲပြီးတော့ အငှါးပဲ ထွက်ကစားရတော့မလိုလို အသင်းကြီးနဲ့ပဲ ပူးပေါင်းရတော့မလိုလိုပဲ။ သူ့ရုံးခန်းထဲခေါ်ပြီး ‘မင်း အသင်းမှာပဲ ဆက်ရှိမယ်’ လို့ မပြောခင်အထိ အသင်းကြီးနဲ့ ပူးပေါင်းရမယ်ဆိုတာ မယုံနိုင်ခဲ့တာပါဗျာ။
မေး - အခုချိန်ထိပေါ့လေ တူခယ်လ်နဲ့ လက်တွဲအလုပ်လုပ်ရတာ ဘယ်လိုသဘောရလဲ။
လိုရီးယန့်အသင်းကို အငှါးထွက်ကစားကတည်းက ကျွန်တော်ဟာ ဘယ်လိုကစားသမားလဲဆိုတာ သတိထားမိတယ်လို့ သူက ပြောပါတယ်။ ကျွန်တော်အဲဒီမှာ ရှိနေတုန်း ရာသီဒုတိယဝက်ပိုင်းမှာ ပီအက်စ်ဂျီအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရပါတယ်။ ကျွန်တော်ဒုတိယပိုင်းမှာဝင်လာပြီး ခြေစွမ်းလဲ ပြခဲ့ပါတယ်။ အဲဒီတုန်းက သူ ကျွန်တော့်ကို စမြင်ဖူးတာပေ့ါ။ ရာသီကြိုပြင်ဆင်မှုတွေတုန်းက ကျွန်တော်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကြံ့ခိုင်မှုပြည့်ဝဖို့ရယ်၊ အငှါးခေါ်မယ့်အသင်းပေါ်လာတဲ့အခါ အဆင့်သင့်ဖြစ်နေဖို့ရယ်ပါ။ တစ်ချိန်တည်းမှာပဲ မန်နေဂျာသဘောကျစေဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ နောက်တော့ မန်နေဂျာက သဘောကျလာပြီး ကျွန်တော့် ခြေစမ်းပွဲမှာ ကစားခွင့် မိနစ်အချို့ ပေးခဲ့သလို ကျွန်တော်လဲ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အခွင့်အရေးကို အမိအရ အသုံးချခဲ့ခြင်းပဲပေ့ါဗျာ။ မန်နေဂျာက ကျွန်တော်ကို အများကြီး ကူညီပါတယ်။ အထူးသဖြင့် ကွင်းထဲမှာ ဘာလုပ်ရမယ်ဆိုတာ အမြဲပြောပြပါတယ်။ ခင်များအနေနဲ့ အမှားလုပ်ရင် ပြင်ဆင်ဖို့လိုပါတယ်။ ကစားသမားတစ်ယောက် ပိုတိုးတက်ဖို့အတွက်ဆို ဒါမျိုး လိုကိုလိုအပ်တယ်။ သူတို့ရဲ့ ညွှန်ကြား၊ ပြသချက်တွေဟာ သိပ်ကို အရေးကြီးလှပါတယ်။
မေး - အငှားထွက်ကစားရတဲ့အချိန်တော်တော်များများမှာ ခင်များဟာ ကွင်းလယ်မှာပဲ ကစားခဲ့တယ်နော်။ အခုတော့ ခံစစ်ကစားတာပိုတွေ့ရတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုကစားရတာ အားသန်တယ်လို့ ယူဆမိသလဲ။
ကျွန်တော် Ipswich အသင်းကို အငှါးထွက်ကစားတုန်းက ဗဟိုခံစစ်မှာ ကစားခဲ့ပါတယ်။ အဲဒီကပြန်လာပြီး အကယ်ဒမီမှာကစားတုန်းကရောပေ့ါ။ ဒါပေမယ့်ဗျာ အငှားထွက်ကစားရတယ်ဆိုတာ မန်နေဂျာအသီးသီးအောက်မှာ လိုက်လျောညီထွေဖြစ်အောင် ကစားတတ်ရေးပဲဖြစ်ပြီးတော့ သူတို့တွေက ကျွန်တော်ကို ကွင်းလယ်မှာပဲထားပြီး ကစားစေချင်ခဲ့ကြတာဗျ။ Huddersfield နဲ့ လိုရီးယန့်တုန်းကလဲ အတူတူပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ခေါင်းထဲမှာတော့ ဗဟိုခံစစ်မှူးပဲ ဖြစ်ချင်ပါတယ်။ ဒါကိုလဲ ရာသီကြိုပွဲစဉ်တွေမှာ ပြသခဲ့ပြီးဖြစ်ပါတယ်။ လိုအပ်ရင်တော့ ကွင်းလယ်တစ်နေရာမှာ ဖြည့်ကစားပေးနိုင်ပါတယ်။ အဲလိုမျိုး စွယ်စုံကစားနိုင်တာကောင်းပါတယ် မန်နေဂျာလဲ ရွေးစရာပိုများတာပေ့ါ။
ကွင်းလယ်မှာ ကစားဖို့ဆိုရင် ဘောလုံးကိုင်ကစားနိုင်ဖို့လိုပါတယ်၊ အဲဒါက ကျွန်တော့်ရဲ့ အားသာချက်လဲဖြစ်ပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ နောက်ခံလူတွေလဲ ခြေထဲမှာဘောလုံးကို အေးဆေးကိုင်ထားနိုင်ဖို့၊ ဂျော်ဂျင်ဟို နဲ့ ကန်တေတို့လို့ အဝေးဘော ပေးပို့ကစားနိုင်ဖို့ဆိုရင် ဘောလုံးကိုင်တဲ့နေရာမှာ နိုင်နင်းနေဖို့ လိုပါတယ်။
ပြီးခဲ့တဲ့ရာသီ လိုရီးယန့်အသင်းရဲ့ သုံးယောက်တန်းခံစစ်မှာ ကစားခဲ့ရတာလဲ အများကြီးအထောက်အကူ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကလဲ သုံးယောက်တန်းခံစစ်နဲ့ ကစားနေတာဆိုတော့ ကျွန်တော်ကောင်းကောင်း ကစားနိုင်ဖို့လိုတယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ သုံးယောက်တန်းခံစစ်ရဲ့ နေရာစုံမှာ ကစားခဲ့တော့ ဒီရောက်တဲ့အခါမှာ မစိမ်းတော့ဘူးပေ့ါဗျာ။ ဒီကစားကွက်ပုံစံနဲ့အများကြီး ကစားပြီးတဲ့နောက်မှာတော့ ဒီကစားကွက် ဘယ်လိုအလုပ်လုပ်သလဲ ခင်များဆီကဘာတွေလိုအပ်လဲဆိုတာ သိလာတာပေ့ါ။
မေး - ချဲလ်ဆီး နဲ့ အင်္ဂလန်လူငယ်အဆင့်ပြိုင်ပွဲတွေမှာ မေဆန်မောင့်တို့ ရီစ်ဂျိမ်းစ်တို့နဲ့အတူ ဆုတံဆိပ်တွေလဲ ရခဲ့တယ်နော်။ သူတို့နှစ်ယောက် စီနီယာအသင်းကြီးမှာ တိုးထွက်နေရာယူပြတာကို မြင်ရတော့ ‘ငါလဲလုပ်နိုင်ရမယ်’ ဆိုတဲ့ ယုံကြည်ချက်မျိုး ဖြစ်စေခဲ့လား။
ဖြစ်တာပေ့ါဗျာ။ သူတို့တိုးတက်မှုတွေကြည့်ရင်း၊ လမ်းပတ်က အခွင့်အရေးပေးပုံတွေကြည့်ပြီးတော့လေ။ အဲဒါကို ကျေးဇူးတင်ရပါတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုကြည့်ရင်း ‘ငါလဲအသင်းကြီးမှာ နေရာရအောင်လုပ်မယ်’ ဆိုတဲ့ စိတ်ဓါတ်ခွန်အားတွေ ပေးလို့ပါ။ လူငယ်အသင်းတွေမှာကတည်းက သူတို့နဲ့အတူ ကစားခဲ့ပြီး ဆုတံဆိပ်တွေ အများကြီးရခဲ့ပါတယ်။ ဒါကြောင့်မလို့ ဒီအဆင့်ရောက်လာဖို့ စိတ်ဓါတ်ခွန်အားတွေရခဲ့ပြီး အခုတော့ ဘယ်အရာကမှ ကျွန်တော့်ကို တားလို့မရတော့ဘူး။ ဆက်ပြီးကြိုးစားမယ် ပိုပြီးအောင်မြင်ရမယ်။ အချင်းချင်းကြား စိတ်ဓါတ်ခွန်အားပေးနိုင်တာ သိပ်ကောင်းတယ်ဗျာ။ အခုဆို နောက်ထပ်အောင်မြင်မှုတွေရဖို့ အငန်းမရ ဆာလောင်နေပါပြီ။
မေး - ခင်များက Sierra Leone မှာ မွေးခဲ့တာနော်။ အဲဒီမှာကတည်းက ဘောလုံးကစားခဲ့သလား၊ အင်္ဂလန်ကို ပြောင်းလာပြီးတော့မှလား..?
ဒီကိုရွှေ့ပြောင်းလာတုန်းက ကျွန်တော်က သုံး၊ လေး နှစ်သားလေးပဲရှိသေးတယ်။ ကျွန်တော်ကြီးလာတော့ ဘောလုံးကစားရတာ သိပ်ကြိုက်လှတယ်မဟုတ်သေးဘူး။ ကျွန်တော်အကိုကတော့ Sierra Leone မှာကတည်းက အမြဲတမ်း ဘောလုံးကန်နေတာပဲ။ အင်္ဂလန်ပြောင်းလာတော့လဲ ပန်းခြံထဲမှာဘောလုံးကန်နေတာ နောက်တော့ ဒေသခံသင်တန်းကျောင်း ကင်းထောက်က တွေ့သွားတာပဲ။ အဲဒီကနေစပြီးတော့ ကျွန်တော်လဲ ဘောလုံးကစားရတာ ကြိုက်လာပြီး ကျောင်းမှာကစားတယ်။ နောက်တော့ ချဲလ်ဆီးကို ရောက်လာတော့တာပဲ။ ဒါကြောင့် ကျွန်တော်ဘောလုံးကစားဖြစ်တာ အစ်ကိုကြောင့်လို့ပဲ ပြောရမှာပါ။
(ကို Aung Ko Htwe ရေးသား ပြန်ဆိုပါသည်...။)