တနင်္ဂနွေနေ့ညက တော့တင်ဟမ် ဟော့စပါး ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော တော့တင်ဟမ်အသင်းနှင့် ချယ်လ်ဆီး အသင်းတို့၏ ပရီးမီးယားလိဂ် ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကစားပုံနှင့် ပတ်သက်ပြီး လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ဂရမ်မ် ဆောင်းနက်စ်၊ မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ် ကစားသမားဟောင်း ရွိုင် ကိန်း နှင့် မန်ချက်စတာ စီးတီးအသင်း နောက်ခံလူဟောင်း မီကာ ရစ်ချက် တို့က Sky Sports ရုပ်သံဌာန၏ ‘Super Sunday’ သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..၊ ဒီနေ့ပွဲမှာတော့ ချယ်လ်ဆီးအသင်းဟာ အိမ်ရှင်အသင်းကို ဒုတိယပိုင်းမှာ လမ်းကြိတ်စက်ကြီး တစ်စင်းအလား တစစီ ချေမွသွားခဲ့ပါတယ်..။ အဲဒီလိုစွမ်းဆောင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ stream rolling performance အပေါ် ကျွန်တော်နဲ့အတူ ဂရမ်မ် ဆောင်းနက်စ်၊ ရွိုင် ကိန်း နဲ့ မီကာ ရစ်ချက် တို့က သုံးသပ်၊ ဆွေးနွေးသွားမှာပါ..။ ပွဲစဉ်အချက်အလက်တွေအရဆိုရင် ချယ်လ်ဆီးအသင်းဟာ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းချက် (attempts on goal) အကြိမ် (၂၀) ရှိခဲ့ပြီး အဲဒီကန်ချက်တွေထဲက (၁၀) ကြိမ်ဟာ ဂိုးပေါက်တည့်ခဲ့ပါတယ်..။ ပြီးတော့ အဲဒီဂိုးပေါက်တည့်ခဲ့တဲ့ ကန်ချက်အားလုံးကို ဒုတိယပိုင်းမှာ ရရှိခဲ့တာ ဖြစ်ပါတယ်..။ အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ဒုတိယပိုင်း ဂိုးပေါက်တည့်ကန်ချက် အများဆုံးရရှိခဲ့တာ (၇) ကြိမ်ဆိုတော့ လောလောဆယ်ထိ ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့ပွဲဒုတိယပိုင်း စွမ်းဆောင်ရည်က စံချိန်မှတ်တမ်းတစ်ခုလို့ ပြောရမလိုပါပဲ..။ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ ဂိုးကန်သွင်းချက် တစ်ခုတင်မကပါဘူး..၊ ကျန်တဲ့စွမ်းဆောင်ရည် ကဏ္ဍတွေမှာလည်း သိသိသာသာ အသာစီးရရှိခဲ့ပါတယ်..။ ကဲ.. ဘယ်လိုလဲ.. မီကာ ရေ…
မီကာ ရစ်ချက် - ကျွန်တော်ကတော့ ဒီနေ့ပွဲရဲ့ ပထမဆုံး အဆုံးအဖြတ်ဂိုးကို စပြီးသွင်းခဲ့တဲ့ သီယာဂို ဆေးလ်ဗား ကိုပဲ အရမ်းသဘောကျမိပါတယ်..။ တော့တင်ဟမ်အသင်းဟာ ပထမပိုင်းမှာ ကစားပုံအတော်လေး ကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘယ်လိုဖြစ်သွားခဲ့လဲ.. မသိဘူးဗျ..။ ဒါမှမဟုတ် ပထမပိုင်း ကစားပုံ ကောင်းခဲ့တဲ့အပေါ်မှာပဲ ကျေနပ်သွားကြတာလား..? မပြောတတ်ပါဘူး..။ သူတို့ဟာ ဒုတိယပိုင်းမှာ ခံစစ်ပိုပြီး ထိုင်သွားခဲ့သလို ချယ်လ်ဆီးကစားသမားတွေကို ဖိအားပေး (pressing) ကစားတာတွေလည်း မရှိတော့ပါဘူး..။
ချယ်လ်ဆီးဘက်ကတော့ ဒုတိယပိုင်းမှာ မေဆန် မောင့် အစား ကန်တေး ဝင်လာပြီး ကွင်းလယ်မှာ အားဖြည့်ခဲ့ပါတယ်..။ နောက်ပြီးသူတို့ဟာ ပထမပိုင်းထက် အားသွန်ခွန်စိုက် ကစားလာတယ်..၊ အားထည့် ကစားလာခဲ့ပါတတယ်..၊ (more energy) ပေါ့ဗျာ..။ အဲဒီလို တင်ကစားပြီး ကစားပုံ ပြောင်းလိုက်တာနဲ့တင် သူတို့ဟာ ဒုတိယပိုင်း တစ်ပိုင်းလုံး လုံးဝကို စီးမိသွားခဲ့ပါတယ်..။ ဒ့ါကြောင့်ပွဲကိုကြည့်ရင်း ဘယ်လိုများ ပြောင်းလဲလိုက်လို့ ပွဲရဲ့အနေအထားက အဲလောက်တောင် ပြောင်းလဲသွားရတာလဲ.. လို့ တွေးမိခဲ့တာပါ..။
ဒါပေမယ့် ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်း ကစားသွားခဲ့သလို မန်နေဂျာတစ်ယောက်က အပြောင်းအလဲတစ်ခု ပြုလုပ်လိုက်တာနဲ့ ပြိုင်ဘက်အသင်းကို အေးချမ်းမေ.. (တစစီကျိုးပဲ့) ဖြစ်သွားအောင် ပြုလုပ်နိုင်ခဲ့တာမျိုး အရင်ကတစ်ခါမှ မမြင်ခဲ့ဖူးပါဘူး..။ ဒ့ါကြောင့် ‘dismantling’ ဆိုတဲ့စကားကို ကျွန်တော်သုံးပါမယ်..။ မန်နေဂျာ တူခယ်လ် က သူ့အသင်းရဲ့ ပထမပိုင်း ကစားပုံအပေါ် အားမရခဲ့ဘူး..၊ အပြောင်းအလဲ ချက်ချင်းပြုလုပ် လိုက်ပါတယ်..။ အဲဒီမှာ ချယ်လ်ဆီးအသင်းရဲ့ ဒုတိယပိုင်း ကစားပုံဟာ လုံးဝကိုခြားနားသွားခဲ့ပါတယ်..။ တကယ့်ကိုအားရစရာပါပဲ..။
ဒေးဗစ် ဂျုံးစ် - ညွန်းလှချီလားဗျ..။ ‘dismantling’ တဲ့..။ ဟုတ်ရဲ့လား… ရွိုင်း ရေ..
ရွိုင် ကိန်း - ဟုတ်ပါတယ်…။ ချယ်လ်ဆီးအသင်းဟာ အသင်းကောင်း တစ်သင်းဖြစ်တယ်..၊ သူတို့အသင်းမှာ အရည်အသွေးမြင့် quality ကစားသမားတွေ အများကြီးရှိနေတယ် ဆိုတဲ့အကြောင်းတွေကို ကျွန်တော်တို့ အထူးပြောနေစရာ မလိုပါဘူး..။ သူတို့အသင်းဟာ ပိုပြီးအားသွန်ခွန်စိုက် ကစားခဲ့တယ်..၊ အနိုင်ရလိုစိတ် ပိုပြီးပြင်းထန်ခဲ့တယ်..။ ကျွန်တော်ကတော့ ကလေးနဲ့လူကြီး (men against boys) ကန်နေတယ်လို့တောင် ပြောလိုက်ချင်ပါတယ်..။ စပါးအသင်းဘက်က ဒဏ်ရာပြဿနာ ရှိနေလို့ ကစားသမားအပိုင်းမှာ quality ချင်း မယှဉ်နိုင်ခဲ့ဘူး ဆိုရင်တောင်မှ သူတို့အသင်းမှာ ကြိုးစာချင်စိတ်၊ အနိုင်ရလိုစိတ် ကင်းမဲ့နေခဲ့ပါတယ်..။ အထူးသဖြင့် နောက်ဆုံးတတိယဂိုးဆိုရင် အတော်လေး ရုပ်ပျက်ဆင်းပျက်ပါပဲ..။
ဘောလုံးပွဲဆိုတာ မိနစ် (၉၀) အပြည့် ကစားရတာပါ..။ ဒါ့ကြောင့်အသင်းတစ်သင်းဟာ ပထမပိုင်းမှာ ကစားပုံကောင်းခဲ့တယ်.. ဆိုတာနဲ့တင် ကျေနပ်နေခဲ့လို့မှ မရတာဗျ..။ အသင်းတိုင်းဟာ ပွဲစဉ်တိုင်းမှာ ခက်ခဲတဲ့ကာလ၊ ခက်ခဲတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်ရတာပဲလေ..။ တော့တင်ဟမ်အသင်းဟာ ကစားသမားတွေရဲ့ အရည်အချင်းပိုင်း မယှဉ်နိုင်ဘူး.. ဆိုရင်တောင် ဒုတိယပိုင်းမှာ သူတို့တွေရဲ့ ကြိုးစားအားထုတ်ခဲ့မှုအပေါ် ကျွန်တော်စိတ်ပျက်မိပါတယ်..။ ဟာရီ ကိန်း ရဲ့ မလှုပ်တလှုပ် ကစားနေခဲ့တဲ့ ပုံစံကိုပဲ ခင်ဗျားတို့သေသေချာချာ ကြည့်ကြည့်ပါဦးဗျာ..။
ချယ်လ်ဆီးအသင်း ရရှိသွားတဲ့ ဒုတိယဂိုးမှာဆိုရင် ချယ်လ်ဆီးနဲ့ တော့တင်ဟမ် ကစားသမားတွေကြားက ဘောလုံးကိုမရမက ကျားကုတ်ကျားခဲ ဖျက်ထုတ်မယ်..၊ အတင်းလိုက်လုမယ်.. ဆိုတဲ့ ကြိုးစားအားထုတ်မှုအပိုင်း ကွာခြားချက်ကို တွေ့ရမှာပါ..။ ချယ်လ်ဆီးဘက်က ဘောလုံးဆုံးသွားတာနဲ့ စပါးဂိုးဧရိယာထိပ်မှာတင် မရမက လိုက်လုတယ်..၊ ပြန်အရယူလိုက်ပါတယ်..။ ဒါပေမယ့် တော့တင်ဟမ် ကစားသမားတွေဟာ ခံစစ်ကစားခြင်းရဲ့ အခြေခံအချက်လေးတွေ (basis) ဖြစ်တဲ့ ဘောလုံးရှိနေတဲ့သူဆီ အတင်းလိုက်ကပ်ရမယ်..၊ တစ်ဖက်ကစားသမားတွေ ကန်သွင်းလို့မရအောင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပိတ်ဆို့ဖို့ ကြိုးစာရမယ်ဆိုတဲ့ အချက်လေးတွေကိုတောင် လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်..။ ဒါတွေဟာ ကစားသမားတွေရဲ့ တစ်ဦးချင်းစိတ်ဓါတ်၊ ခံယူချက်၊ ကြိုးစားအားထုတ်မှု အပိုင်းတွေနဲ့ ဆိုင်သွားတာပါ..။ ကျွန်တော်တို့ဟာ ပွဲကိုချဉ်းကပ်ပုံ မှားယွင်းတယ်..၊ နည်းစနစ်ပိုင်း ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တယ်.. စသဖြင့် နည်းပြတွေအပေါ် ဝဖေန်လို့ ရပေမယ့် ကစားသမား တစ်ယောက်ချင်းစီရဲ့ အားထုတ်မှုအပိုင်းတွေဟာ နည်းပြနဲ့မဆိုင်ပါဘူး..။
ဂရမ်မ် ဆောင်းနက်စ် - မှန်ပါတယ်..၊ ချယ်လ်ဆီးအသင်းဟာ သိပ်ကိုကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့် ခုနက ရွိုင်း ပြောသွားသလို သူတို့ဟာ ဘောလုံးကစားခြင်းရဲ့ အခြေခံအချက်လေးတွေ၊ basics လေးတွေဖြစ်တဲ့ တစ်ဘက်အသင်းရဲ့ ဖြတ်တင်ဘောတွေကို ပိတ်ဆို့မယ်..၊ ပြိုင်ဘက်အသင်းခြေထဲက ဘောလုံးတွေကို မရမက အသင်းလိုက် ဖျက်ထုတ်မယ်.. စတဲ့အရာတွေကို အသင်းတစ်သင်းအနေနဲ့ ပီပီပြင်ပြင် ဆောင်ရွက်သွားခဲ့ပါတယ်..။ သူတို့အသင်းရဲ့ pressing ကစားပုံကို ကြည့်မယ်ဆိုရင် တစ်ယောက်ချင်း pressing ပေးတာ မဟုတ်ပါဘူး..။ အသင်းလိုက် စည်းချက်ကျကျ ရွှေ့လျားပြီး ပြိုင်ဘက်အသင်းကို ဖိအားပေး ကစားသွားတာ ဖြစ်ပါတယ်..။
စပါးအသင်းအကြောင်း ပြောရမယ်ဆိုရင်တော့ ‘အသင်းလိုက် စုစည်းမှုမရှိတဲ့ အသင်းတစ်သင်း..(team but no team)’ လို့ပဲ ပြောရမှာပဲဗျ..။ တကယ်တော့ ဒုတိယပိုင်းမှာ ပေးလိုက်ရတဲ့ဂိုးတွေကလည်း အဲဒီဘောလုံး ကစားနည်းရဲ့ အခြေခံအချက်လေးတွေကို မလိုက်နာခဲ့လို့ ပေးလိုက်ရတဲ့ဂိုးတွေကြီးပါပဲ..။ အခုသူတို့ ကန်နေတဲ့အဆင့်ဟာ အမြင့်ဆုံးအဆင့်ပါ..။ ဒီလိုအဆင့်၊ ဒီလိုပွဲစဉ်တွေမှာ အခြေခံတွေကို မလိုက်နာ၊ မကျေညက်ခဲ့ရင် ကောင်းကောင်း ပေးဆပ်ရမှာပါ..။
ဒေးဗစ် ဂျုံးစ် - ကဲ.. ဟုတ်ပါပြီ.. ဒါဆိုရင် သီယာဂို ဆေးလ်ဗား ရဲ့ဂိုးနဲ့ အရင်စကြတာပေါ့..။ မီကာ ရေ.. အဲဒီပထမဂိုးကို သွင်းယူးပေးခဲ့တဲ့ သီယာဂို ဆေးလ်ဗား ကို ခင်ဗျားသဘောကျမိတဲ့အကြောင်း ခုနကလေးကမှ ပြောခဲ့သေးတာနော..
မီကာ ရစ်ချက် - ဟုတ်ပါတယ်...။ အဲဒီသွင်းဂိုးမှာ မားကို့စ် အလွန်ဆို ရဲ့ ထောင့်ကန်ဘော ပေးပို့မှုကို ဂိုးဧရိယာထိပ်ကနေ ချိန်သားကိုက် ပြေးတက်ပြီး ခေါင်းဖြတ်တိုက်သွားတာဟာ အရမ်းကိုပါးနပ်လွန်းပါတယ်ဗျာ..။ တကယ်တော့ ဆေးလ်ဗား ဟာ ပြေးတက်လာပြီး ဘောလုံးကိုသေသေချာချာ ကြည့်ပြီးတိုက်သွားခဲ့တာဗျ..။ အဲဒီနားမှာ ရှိနေတဲ့ ဒယ်လီ အာလီ အနေနဲ့ ဒီထက်ပိုပြီး အန္တရာယ်ကို ကြိုမြင်သင့်တယ်..၊ သီယာဂို ဆေးလ်ဗား အခုလို လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်မရအောင် ပိတ်ဆို့နိုင်ခဲ့သင့်ပါတယ်..။ ဒါပေမယ့် ဆေးလ်ဗား ရဲ့ ခုန်အား၊ နေရာယူမှုနဲ့ ခေါင်းတိုက်ထိချက် ကောင်းမွန်မှုတွေကိုတော့ ချီးကျူးရမှာပါပဲ..။
သီယာဂို ဆေးလ်ဗား ဟာ ဒီနေ့ပွဲမှာ အဲဒီသွင်းဂိုးတင်မကပါဘူး..၊ သူဟာချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းတစ်ခုလုံးကို ဦးဆောင်၊ မောင်းနှင်နေခဲ့ပါတယ်..။ ပီအက်စ်ဂျီအသင်းကနေ သူ့ကိုခေါ်ယူလိုက်တဲ့အချိန်တုန်းက (၃၆) နှစ်ရှိပြီဆိုပေမယ့် ပြင်သစ်ချန်ပီယံအသင်းဟာ ဘာဖြစ်လို့သူ့ကို ဆက်ပြီးထိန်းမထားချင်တာလဲ မသိဘူး..? ဆိုပြီး ကျွန်တော်တောင် တွေးမိခဲ့ပါသေးတယ်..။ ပီအက်စ်ဂျီအသင်းဟာ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ကျော်လွန်သွားခဲ့ပြီလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘူးဗျ..။ သူဟာအခုအချိန်ထိ တကယ့်ထိပ်တန်း နောက်ခံလူတစ်ယောက်အနေနဲ့ စွမ်းဆောင်ပြနေတုန်းပါပဲ..။
ရွိုင် ကိန်း - ဟုတ်ပါ့ဗျာ..။ ချယ်လ်ဆီးဘက်က ဘောလုံးဖျက်လိုက်ပြီ.. ဘယ်သူလဲလို့ ကြည့်လိုက်ရင် သူပဲဖြစ်နေတာပဲ..၊ ခေါင်းတိုက်ရှင်းထုတ်ရင်လည်း သူပါပဲ..။ မနှစ်ကဆိုရင်လည်း သူဟာအစပိုင်း တစ်ပွဲ၊ နှစ်ပွဲလောက် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာပရီးမီးယားလိဂ်ရဲ့ ပွဲအရှိန်တွေနဲ့ အသားကျခဲ့သလို သူ့ကိုဝန်းရံထားတဲ့ ကစားသမားတွေကလည်း တကယ့်ကိုကောင်းပေ့.. ဆိုတဲ့ ကစားသမားတွေပဲကိုးဗျ..။ နောက်ပြီးသူ့ရဲ့ပွဲအပေါ် ဖတ်နိုင်စွမ်း၊ ဘောလုံးလမ်းကြောင်း မှန်းဆနိုင်စွမ်း၊ အနီးအဝေး ပေးပို့နိုင်စွမ်းတွေဟာ အရမ်းကိုကောင်းပါတယ်..။ တော့တင်ဟမ် အသင်းမှာ အဲဒီလို quality ကစားသမားမျိုး မရှိခဲ့ပါဘူး.။ အဲဒါကတစ်ပိုင်းပေ့ါ..
ဒါပေမယ့် သူတို့ဟာ အခုပေးလိုက်ရတဲ့ ပထမဂိုးမှာဆိုရင် သီယာဂို ဆေးလ်ဗား ပြေးတက်ပြီး တိုက်ခွင့်မရအောင် သူ့ရဲ့ပြေးလမ်းကြောင်းကို အနှောက်အယှက် ပေးသင့်တယ်..၊ ခေါင်းယှဉ်တိုက်တဲ့ နေရာမှာလဲ ဒီထက်ပိုပြီး အားထုတ်သင့်တာပေါ့..။ ကြည့်ရတာ စပါးအသင်း ကစားသမားတွေဟာ ကန်တင်ပြီးတဲ့ အချိန်ကျမှ ဂိုးဧရိယာထိပ်ကနေ late run ပြေးထွက်လာခဲ့တဲ့ သူ့ကိုသတိမထားမိလိုက်ဘူး ထင်ပါတယ်..။ ဒယ်လီ အားလီ က သူ့ကိုလည်း မြင်လိုက်ရော.. နောက်ကျသွားခဲ့ပါပြီ..
ဒေးဗစ် ဂျုံးစ် - အလွန်ဆို ရဲ့ ဖြတ်တင်ဘော ပေးပို့မှု ကောင်းမွန်ခဲ့တာကြောင့်လဲ ပါပါတယ်ဗျ..။ ဒုတိယဂိုးအကြောင်း ကျွန်တော်တို့ ဆက်ပြောကြတာပေ့ါ.. ဂရမ်မ် ရေ..
ဂရမ်မ် ဆောင်းနက်စ် - စပါးအသင်း ပေးလိုက်ရတဲ့ ဒုတိယဂိုးမှာဆိုရင် ချယ်လ်ဆီးအသင်းက ထောင့်ကန်ဘော ကန်တင်လိုက်တာကို သူတို့နောက်ခံလူတွေ ဖျက်ထုတ်ကြတယ်ဗျာ..။ ပြန်ထွက်လာတဲ့ ဘောလုံးဟာ ကွင်းလယ် ကစားသမား လို ဆယ်လ်ဆို ဆီကို ရောက်လာပါတယ်..။ ဒါပေမယ့်အာဂျင်တီးနား ကစားသမားဟာ သူ့ကိုယ်သူ ဘယ်နေရာမှာ ရောက်နေလဲ.. သိနေတဲ့ပုံ မပေါ်ပါဘူး..။ အူကြောင်ကြောင် လုပ်နေတာနဲ့ ဘောလုံးဟာ လွယ်လွယ်ကူကူပဲ ပါသွားတယ်..၊ မက်တီယို ကိုဗာဆစ် က အန်ဂိုလို ကန်တေး ဆီ ခင်းပေးလိုက်ပါတယ်..။ ကန်တေး အတွက် အေးအေးဆေးဆေး ကန်သွင်းဖို့ အချိန်အများကြီး ရခဲ့တယ်ဗျ..။ တစ်ချက်.. နှစ်ချက်.. ထိပြီးတဲ့အထိ ဘယ်သူမှ တက်ပြီးဖျက်ထုတ်ဖို့ မကြိုးစားခဲ့ကြပါဘူး..။
အခုပြထားတဲ့ပုံမှာဆိုရင် အဲရစ်ခ် ဒိုင်ယာ က ဘောလုံးဆီတက်ပြီး ဖျက်ထုတ်ဖို့ ဟွိုင်းဘတ် ကို လက်ညှိုးထိုးပြနေတာ တွေ့မှာပါ..။ တကယ်တော့ အဲဒီဇုန်ထဲမှာ ရောက်နေတဲ့ ကွင်းလယ်ကစားသမား ဟွိုင်းဘတ် ဟာ ကန်တေး ကန်ခွင့်မရအောင် ရှေ့ကိုပြေးတက်ပြီး တစ်နည်းနည်းနဲ့ ဖျက်ထုတ်ဖို့ ကြိုးစားသင့်ပါတယ်..။ ကန်တေး ဟာ ချယ်လ်ဆီးအသင်းမှာ ဂိုးပုံမှန်သွင်းနေကျ ကစားသမား မဟုတ်ပါဘူး..။ သူ့အတွက် အေးအေးဆေးဆေး ကန်သွင်းဖို့ အချိန်အများကြီး ရရှိခဲ့တာကြောင့် အခုလိုဂိုးပေး လိုက်ရတာ ဖြစ်ပါတယ်..။ ဒါတောင်မှ ကန်ချက်အကောင်းကြီး မဟုတ်ဘူးဗျ..၊ အဲရစ်ခ် ဒိုင်ယာ နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့သာ ဂိုးရသွားခဲ့တာပါ..။
တကယ်တော့ အဲဒီဂိုးပေးလိုက်ရတာဟာ စပါးအသင်းအနေနဲ့ ခံစစ်ကစားခြင်းရဲ့ အခြေခံအချက်လေးတွေ (basis) ဖြစ်တဲ့ ဘောလုံးရှိနေတဲ့သူဆီ အတင်းလိုက်ကပ်ရမယ်..၊ တစ်ဖက်ကစားသမားတွေ ကန်သွင်းလို့မရအောင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပိတ်ဆို့ဖို့ ကြိုးစာရမယ်ဆိုတဲ့ အချက်တွေကို လိုက်နာဖို့ပျက်ကွက်ခဲ့လို့ ပေးလိုက်ရတာ ဖြစ်ပါတယ်..။ အဲဒီအကြောင်းကို ရွိုင် ကိန်း ခုနကပဲ ပြောသွားခဲ့ပါသေးတယ်..။ ဒါတွေဟာ ဒီလိုအဆင့်မှာ ကန်နေတဲ့ ကစားသမားတွေအတွက် auto pilot mode လို အဆင့်ဆင့် အလိုအလျောက် လုပ်သွားရမှာပဲလေ..။ ဘယ်သူကမှ တက်ပြီးဖျက်ပါတော့..၊ ကန်မယ့်လမ်းကြောင်းကို ပိတ်ပါတော့လို့ ပြောနေစရာ မလိုပါဘူး..။
ဒေးဗစ် ဂျုံးစ် - ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံ သိသိသာသာ တက်လာခဲ့တာကြောင့်လည်း ပါလိမ့်မယ် ထင်တာပဲဗျ..။ သူတို့ဟာပထမပိုင်းမှာ ဂိုးကန်ချက်တစ်ကြိမ်မှ မရခဲ့ပေမယ့် အဲဒီဂိုးရသွားခဲ့တဲ့ ဒုတိယပိုင်း (၁၂) မိနစ်အတွင်းမှာကို ဂိုးကန်သွင်းခွင့် (၅) ကြိမ် ရခဲ့ပါတယ်..။ အဲဒီလို အပြောင်းအလဲ ဖြစ်သွားရတဲ့…
ရွိုင် ကိန်း - မှန်ပါတယ်..။ ချယ်လ်ဆီးဘက်က အသာစီး ရသွားခဲ့တယ်ဆိုရင်တောင် စပါးအသင်းဘက်က ကစားသမားတွေဘက်က တစ်ယောက်ချင်း ကြိုးစားအားထုတ်မှု လျော့ကျသွားလို့ မရဘူးလေ…၊ သူတို့ဟာ ဘောလုံးတိုင်းကို မရမက အစွမ်းကုန် ကြိုးစားဖျက်ထုတ် တိုက်ပွဲဝင်ခဲ့မယ်ဆိုရင် အခုလောက် အခြေအနေ ဆိုးသွားခဲ့မှာ မဟုတ်ပါဘူး..။ ဂိုးပေးလိုက်ရပေမယ့်လည်း မလျှော့တဲ့ဇွဲ၊ စိတ်ဓါတ်တွေနဲ့ တိုက်ပွဲထဲမှာ ရှိနေရမှာပေ့ါ..။ ချယ်လ်ဆီးလို အသင်းနဲ့ ရင်ဆိုင်ရပြီဆိုမှတော့ တစ်ချိန်ချိန်မှာ ဟိုဘက်က အတင်းကို တက်ဖိလိမ့်မယ်ဆိုတာ သိထားရမှာပဲလေ..၊ ဒါဟာမလွှဲမသွေ ကြုံတွေ့ရမယ့်ကိစ္စပါပဲ..။ သူတို့တွေရဲ့ ခံစစ်ပိုင်း set up အနေနဲ့ နေရာယူပုံ၊ ရွှေ့လျားမှုအပိုင်းတွေမှာ ပြဿနာမရှိပါဘူး..။ ဒါပေမယ့် ကစားသမား တစ်ယောက်ချင်းစီရဲ့ အာရုံစူးစိုက်မှု၊ အန္တရယ်ကို ကြိုမြင်နိုင်မှုနဲ့ ကြိုးစားအားထုတ်မှု အပိုင်းတွေမှာ အားနည်းခဲ့ပါတယ်..။
ဂရမ်မ် ဆောင်းနက်စ် - အင်းဗျ.. အဲဒီဂိုးလည်း ပေးလိုက်ရရော.. စပါးကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် အချက်ပြတာ..၊ တစ်ယောက်နဲ့တစ်ယောက် ညွှန်ကြားသွားတာတွေ မရှိတော့ပဲ အသေကောင်တွေလို ကစားသွားကြတာဗျ..။ အဲဒီအချက်ဟာ စိုးရိမ်ဖို့ကောင်းပါတယ်...။ တကယ်တော့ဗျာ.. နည်းစနစ်ပိုင်း experts တစ်ယောက်ပုံစံနဲ့ ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ အန်ဂိုလို ကန်တေး ကို ထည့်သွင်းပြီး သူတို့ရဲ့ ကစားနည်းစနစ်ကို ဘယ်လိုပုံစံ ပြောင်းလဲခဲ့ပါတယ်.. စသဖြင့် သုံးသပ်လို့ ရပါပေမယ့် ဒီပွဲရဲ့ အဆုံးအဖြတ် သွင်းဂိုးနှစ်ဂိုးစလုံးဟာ ကစားနည်းစနစ်နဲ့ ဘယ်လိုမှ မသက်ဆိုင်ခဲ့ပါဘူး..။ ပထမဂိုးက တည်ကန်ဘောကနေ ပေးလိုက်ရတယ်..၊ ဒုတိယဂိုးဟာ လူထိပြီး လမ်းကြောင်းပြောင်းသွားတဲ့ သွင်းဂိုးပါ..။ တကယ်လို့ ကစားပွဲရဲ့ အဲဒီအချိန်ပိုင်း၊ အခိုက်အတန့်တွေမှာ စပါးအသင်းဘက်က အခုထက်ပိုပြီး အားထုတ်မှု ကောင်းခဲ့မယ်..၊ ကြိုးစားပမ်းစား လိုက်လံဖျက်ထုတ်ဖို့ အားထည့်ခဲ့မယ်ဆိုရင် ဒီထက်ပိုပြီး အကြိတ်အနယ်ရှိတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်မှာပါ..
ဒေးဗစ် ဂျုံးစ် - ချယ်လ်ဆီးရဲ့ အပြောင်းအလဲကြောင့်လည်း ခြေစွမ်းပိုင်းအရမ်းကွာသွားတာ မဖြစ်နိုင်ဘူးလားဗျ…
ဂရမ်မ် ဆောင်းနက်စ် - ကျွန်တော်ကတော့ အဲဒီလိုမထင်မိပါဘူး..။ တင်ကစားလိုက်တာနဲ့ ဂိုးရသွားခဲ့တာကြောင့် ကစားရတာ ပိုပြီးလွယ်ကူ သွားတာ ဖြစ်ပါလိမ့်မယ်..။
မီကာ ရစ်ချက် - ဒါပေမယ့် ကန်တေး ဆိုတာ နည်းတဲ့အင်အားကြီးမှ မဟုတ်တာ..၊ သူဝင်လာတာနဲ့ လူကာကူ၊ ဟာဗာ့ဇ် တို့ရဲ့ လှုပ်ရှားမှု ပိုကောင်းလာတာ ကျွန်တော်တို့ မြင်နေရတာပဲ..
ဂရမ်မ် ဆောင်းနက်စ် - မှန်ပါတယ်.. သူတို့ကစားသမားတွေဟာ စပါးက ကစားသမားတွေထက် ပိုပြီးကောင်းပါတယ်..။ ဒ့ါကြောင့်သူတို့ဘက်က ပွဲကိုစီးနိုင်ခဲ့ပြီး တစ်ဖက်သတ် ဖိကစားနိုင်ခဲ့တဲ့ အခိုက်အတန့်၊ ကာလတွေလည်း ရှိခဲ့မှာပါပဲ..၊ ပထမပိုင်းပြီးခါနီးမှာလည်း ချယ်လ်ဆီးက အသာရခဲ့တာပဲလေ.. ဒါပေမယ့် ခင်ဗျားတို့၊ ကျွန်တော်တို့ အကုန်လုံး ဒီပွဲကို ကြည့်ခဲ့ကြတယ်.. ကြည့်ရင်းနဲ့လည်း ပြောခဲ့ကြတာပဲ… သူတို့ရဲ့ ဒုတိယပိုင်း ကစားပုံဟာ တစ်ခုခု လိုနေသလိုမျိုး.. အားမပါသလို ပေ့ါရွှတ်ရွှတ်နဲ့ဗျာ..
ဒေးဗစ် ဂျုံးစ် - ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ကစားကွက် နည်းစနစ် အပြောင်းအလဲကြောင့်လည်း ပါနိုင်ပါတယ်..။ ဒုတိယပိုင်းမှာ သူတို့ဟာ ရှေ့တန်းမှာ နှစ်ယောက်ပဲထားပြီး ကွင်းလယ်မှာ အန်ဂိုလို ကန်တေး ကို ထပ်မံထည့်သွင်းခဲ့တာကြောင့် ခံစစ်ပိုင်းမှာ ပိုမိုတောင့်တင်းလာသလို ပိုပြီးအားသွန်ခွန်စိုက် ကစားလို့ ရသွားပါတယ်..
ရွိုင် ကိန်း - ဒါပေါ့.. သူတို့ရဲ့ အရန်ခုံက ကစားသမားတွေဆီမှာ လိုချင်တဲ့အပြောင်းအလဲကို အတိအကျ ဖော်ဆောင်ပေးမယ့် အရည်အသွေးပြည့် ကစားသမားတွေ အများကြီးရှိနေပါတယ်..။ ဒ့ါကြောင့်သူတို့လို ကစားသမားတွေ ဝင်လာတာနဲ့ အသင်းရဲ့ကစားပုံ ပိုပြီးကောင်းမွန်လာတာပါပဲ..။ ဒီနေ့ပွဲမှာဆိုရင် ပထမပိုင်းပြီးတာနဲ့ မေဆန် မောင့် ကို ချက်ချင်းလူစားလဲခဲ့ပါတယ်..။ ဒါဟာ ဒဏ်ရာကြောင့် မဟုတ်ပါဘူး..၊ သူလိုချင်တဲ့ ခွန်အားနဲ့အားသွန်ခွန်စိုက် ကစားပုံမျိုး ရရှိချင်တဲ့အတွက်ပါ..။
စပါးအသင်းမှာတေ့ာ အဲဒီလို အားကြိုးမာန်တက် ကစားပုံ ပျောက်ဆုံးနေခဲ့ပါတယ်..။ သူတို့ဟာ အရင်တစ်ပါတ်ကလည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို ဒီတစ်ပါတ်ကျ အိမ်ကွင်းမှာလည်း ယှဉ်ပြိုင်ရတယ်…၊ လန်ဒန်ဒါဘီလည်း ဖြစ်တယ်ဆိုတော့ အရည်အသွေးမြင့် ကစားသမားတွေနဲ့ အပြောင်းအလဲ မလုပ်နိုင်ရင်တောင်မှ ကိုယ့်အသင်းပရိသတ်ရှေ့မှာ အားသွန်ခွန်စိုက်နဲ့ တွန်းတွန်းတိုက်တိုက် ကစားတာမျိုးကို မြင်ချင်မိတာပေ့ါဗျာ..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ.. ဒါဆိုရင် တတိယဂိုးကရော.. ရွိုင်း ရေ..
ရွိုင် ကိန်း - တကယ်တော့ ဒုတိယဂိုး ပေးလိုက်ရပြီးတာနဲ့ ပွဲကပြီးသလောက် ဖြစ်သွားပါပြီ..။ တော့တင်ဟမ် အသင်းဟာ ဒုတိယပိုင်းမှာ ၆ဂိုး၊ ၇ဂိုးလောက်တောင် ပေးလိုက်ရမယ့်ပုံ ရှိခဲ့ပါတယ်..။ ဒီဂိုးကလည်း တည်ကန်ဘောကနေ ရခဲ့တဲ့ နောက်ထပ်တစ်ဂိုးပါပဲ..။ ဘယ်ထောင့်ကန်ဘောကို ထုံးစံအတိုင်း မားကို့စ် အလွန်ဆို ကန်တင်ပါတယ်..။ ပေးလိုက်ရတဲ့ အဲဒီဂိုးမှာ တော့တင်ဟမ် ကစားသမားတွေ ဘယ်လိုကစားနေမှန်းကို မသိဘူး..။ ဟာရီ ကိန်း၊ ဒယ်လီ အာလီ တို့ဟာ လူလည်းမကပ်၊ လိုက်လည်းမဖျက်ပဲ jogging ပြေးသလို ရွရွလေးတွေ ပြေးနေကြတယ်ဗျာ..။ တီမို ဗာနာ ရဲ့ လွတ်လွတ်ကျွတ်ကျွတ် အတွင်းကို ချိုးပေးလိုက်တဲ့ ပေးပို့မှု ကောင်းမွန်ခဲ့သလို အန်တိုနီယို ရူဒီဂါ ရဲ့ အသုံးသတ် ကန်သွင်းချက်ကလည်း တိုက်စစ်မှူးတစ်ယောက် အတိုင်းပါပဲ..။ ဟာရီ ကိန်း၊ ဒယ်လီ အာလီ တို့တင် မဟုတ်ပါဘူး.. စပါးနောက်တန်းလူတွေဟာလည်း ပွဲကြည့်နေတဲ့အတိုင်းပဲ ကစားနေကြပါတယ်..။
ဒေးဗစ် ဂျုံးစ် - အင်းဗျ.. ပွဲပြီးတဲ့အချိန်မှာ နည်းပြသောမတ်စ် တူခယ်လ် ကလည်း ဂရမ်မ် နဲ့ ရွိုင်း တို့ ဆွေးနွေးသွားတဲ့အတိုင်း ပထမပိုင်းမှာ အသင်းရဲ့ ခွန်အားစိုက်ထုတ် ကစားပုံ (energy) အပေါ် စိတ်တိုင်းမကျခဲ့တဲ့အကြောင်း သုံးကြိမ်တိုင်တိုင် ပြောသွားခဲ့ပါတယ်..။ ဒုတိယပိုင်းမှာတော့ သူတို့ရဲ့ကစားပုံဟာ လုံးဝပြောင်းလဲသွားခဲ့ပြီး ခုနကရွိုင်း ပြောခဲ့သလို ၆ဂိုး၊ ၇ဂိုးလောက်တောင် ရသွားနိုင်ခဲ့တယ်နော.. မီကာ ရေ..
မီကာ ရစ်ချက် - သူတို့အသင်းဟာ အရည်အသွေးမြင့် ကစားသမားတွေ ရှိပြီးသားဆိုတော့ ယုံကြည်မှု (confidence) ပြန်ပြီးရသွားတဲ့အချိန်မှာ အားလုံးအဆင်ပြေ ချောမွေ့သွားခဲ့တာပါပဲ..။ သူတို့ဟာ စပါးအသင်းကို ဘက်စုံထောင့်စုံကနေ ထိုးဖောက်ခဲ့ပြီး မားကို့စ် အလွန်ဆို၊ ဆီဇာ အက်ဇ်ပီလီကွဲတား တို့ဆိုရင် တောင်ပံကစားသမားတွေအလား တိုက်စစ်ကို တောက်လျှောက်လိုက်ပါခဲ့ကြတယ်..။ ဒါ့အပြင် သူတို့ရဲ့တိုက်စစ် ထိုးဖောက်မှုတိုင်းကလည်း ဂိုးရလုနီးနီးတွေပါပဲ..။ ဒါတောင်မှ လူကာကူ ဟာ သူ့ရဲ့အဆင့်အတန်းနဲ့ဆိုရင် ဒီနေ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့ဘူးလို့ ပြောနိုင်ပါတယ်..။ ဒါပေမယ့် သူတို့အသင်းမှာရှိနေတဲ့ တခြားကစားသမားတွေကလည်း လိုအပ်လာရင် အသင်းအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ကြပါတယ်..။ ဒါဟာသူတို့အသင်းနဲ့ တခြားအသင်းတွေကြားက ခြားနားချက်ပဲ ဖြစ်ပါလိမ့်မယ်..။
တူခယ်လ် ကတော့ သူတို့ဟာ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပြောနေခဲ့ပေမယ့် သူတို့လိုချင်တဲ့ အဆင့်ကိုအခုတောင် ရောက်နေပြီလား မပြောတတ်ပါဘူး.။ ဗာနာ ဆိုရင် ဒုတိယပိုင်းမှာ နှစ်ဂိုးလောက် ရနိုင်မယ့် အခွင့်အရေးတွေ အပါအဝင် တကယ်လည်း ၆ဂိုး၊ ၇ဂိုး လောက် ရခဲ့သင့်တာပါပဲ..။ ဒါတောင်အခုအချိန်မှာ သူတို့ရဲ့တကယ့် (၁၀၀%) ရာနှုန်းပြည့် ကစားပုံနဲ့ ကစားအားကို မရောက်သေးပါဘူးတဲ့..။ အဲဒီလိုရောက်သွားတဲ့ အချိန်ကျရင် ဘယ်လောက်တောင်များ ကောင်းလိမ့်မလဲ.. ဘုရားသခင်ပဲ သိပါလိမ့်မယ်.. ဟူးး…
ရွိုင် ကိန်း - ချယ်လ်ဆီးအသင်းဟာ ချန်ပီယံဆုဖလားအတွက် အသင့်ဖြစ်နေပြီလို့ ထပ်မံကြေငြာ လိုက်တဲ့ပွဲပါပဲ..။ သူတို့ဟာ ချန်ပီယံဆုဖလား စိန်ခေါ်နိုင်ဖို့ လိုအပ်တဲ့ ကစားသမားအင်အား၊ အရန်အင်အား အပြည့်အ၀ ရှိနေပါတယ်..။ သူတို့ရဲ့ကစားပုံကို ကြည့်နေရတာ စက်ကြီးတစ်ခု မနားတမ်း မောင်းနှင်နေသလိုပဲဗျ..။ ကစားသမားတိုင်းဟာ အသင်းအင်ဂျင်စက်ကြီးရဲ့ အစိတ်အပိုင်း ကိုယ်စီအနေနဲ့ တာဝန်ကျေကျေ အချိတ်အဆက်မိမိ မောင်းနှင်နေကြပါတယ်..။ မှန်ပါတယ်.. ဒါတောင်ဒီနေ့မှာ လူကာကူ ဟာ သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို မရခဲ့သေးပါဘူး..။ သူတို့ဟာ အမှန်တကယ်ကို တောင့်တင်းတဲ့ အသင်းတစ်သင်းပါ..
ဂရမ်မ် ဆောင်းနက်စ် - မှန်တာပေ့ါ.. သူတို့ဟာ လီဗာပူးလ်အသင်းရဲ့ အန်ဖီးလ်ကွင်းထဲမှာလည်း တစ်ယောက်လျော့နဲ့ လိုချင်တဲ့ရလဒ်ကို ရအောင်တိုက်ယူ သွားနိုင်ခဲ့ပါတယ်..။ အရင်တစ်ပါတ်က ဗီလာအသင်းဟာ ပထမပိုင်းမှာ သူတို့ထက် ပိုပြီးကစားပုံ ကောင်းခဲပါတယ်..။ ဒါပေမယ့်နောက်ဆုံးတော့လည်း သုံးဂိုးပြတ် အနိုင်ရသွားခဲ့တာပါပဲ..။ ဒီနေ့ဆိုရင်လည်း သူတို့အသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံ လုံးဝကို ပြောင်းလဲသွားပါတယ်..။ ဒ့ါကြောင့်သူတို့ဟာ အကောင်းဆုံးခြေစွမ်းမှာ မရှိနေဘူး.. ဆိုရင်တောင်မှ အဲဒီအခက်အခဲကို ကျော်ဖြတ်နိုင်မယ်..၊ ငါတို့တွေ မရအရ အနိုင်တိုက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် အပြည့်အ၀ ရှိနေကြပါတယ်..။ ဒီနေ့မှာဆိုရင် သူတို့ဟာ နိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ယုံကြည်မှုအပြည့်အ၀ ရှိနေတဲ့အသင်းတစ်သင်းဖြစ်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့ပါတယ်..။
တကယ်တော့ အဲဒီလိုနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက် အမြဲရှိနေသလို အဲဒီအတိုင်း မဖြစ်ဖြစ်အောင် စွမ်းဆောင်နိုင်စွမ်း ရှိနေတာဟာ ထိပ်တန်းအသင်းကြီးနဲ့ အသင်းကောင်းတစ်သင်းကြားက ခြားနားချက်ပဲ ဖြစ်ပါတယ်..။ ပွဲတစ်ပွဲ.. မိနစ် (၉၀) အတွင်းမှာပဲဖြစ်ဖြစ်၊ ဘောလုံးရာသီတစ်ခုလုံး.. ခရီးရှည်ကြီး အတွင်းမှာပဲဖြစ်ဖြစ် အခက်အခဲဆိုတာ တစ်ကွေ့မဟုတ် တစ်ကွေ့မှာ တွေ့ရမှာပါပဲ..။ အဲဒီလို ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ယုံကြည်မှုအပြည့်နဲ့ ကျော်ဖြတ်နိုင်စွမ်းရှိတယ်.. ဆိုတဲ့ ခံယူချက်နဲ့စိတ်ဓါတ်ဟာ ချန်ပီယံအသင်းတစ်သင်းရဲ့ အင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်..။ ဒ့ါကြောင့်သူတို့အသင်းဟာ အခုဆိုရင် အဲဒီလိုအင်္ဂါရပ်နဲ့ ပြည့်စုံနေပြီလို့ ပြောလို့ရပါတယ်..။
မီကာ ရစ်ချက် - တူခယ်လ် က ဆုံးဖြတ်ချက် ချတဲ့နေရာမှာ အရမ်းပြတ်သားတာပဲဗျ..။ တစ်ခုခုကို လိုအပ်နေတယ်..၊ အသင်းဟာ သူလိုချင်တဲ့ ပုံစံအတိုင်း ဖြစ်မနေဘူးဆိုတာနဲ့ အပြောင်းအလဲကို ချက်ချင်းပြုလုပ်လိုက်ဖို့ ဝန်မလေးပါဘူး..။ တစ်ချို့မန်နေဂျာတွေဆိုရင် ဟုတ်လာနိုး၊ ဟုတ်လာနိုးနိုးနဲ့ မိနစ် (၆၀)၊ (၇၀)၊ တခါတလေ မိနစ် (၈၀) လောက်အထိတောင် အပြောင်းအလဲ မပြုလုပ်ပဲ ထိုင်စောင့်တတ်ကြပါတယ်..။ သူကတော့ အသင်းအတွက် အဆင်ပြေမနေဘူးထင်တာနဲ့ ချက်ချင်းကို လူစားလဲပစ်လိုက်တာပဲဗျ..၊ မေဆန် မောင့် ဆိုရင် နောက်လာမယ့်ပွဲမှာ ပွဲထွက်နေရာပါနိုင်ဖို့ အစွမ်းကုန်ပြန်ပြီး ကြိုးစားရပါတော့မယ်..
ဒေးဗစ် ဂျုံးစ် - အင်းဗျ,. ဒါဟာအသင်းသားတွေဆီက သူ့ရဲ့အနိမ့်ဆုံးတောင်းဆိုချက်ဟာ ဒီအဆင့်လောက်တော့ အနည်းဆုံးရှိရမယ်ဆိုပြီး ပြောလိုက်တဲ့သဘောလည်း ဖြစ်တာပေ့ါ…
ရွိုင် ကိန်း - ဒါကတော့ဗျာ.. သူ့ဆီမှာ ကမ္ဘာ့အဆင့် ကစားမားတွေ အများကြီးရှိနေတယ်..၊ ကစားသမားတွေကလည်း သူ့ဘက်မှာ အပြည့်အ၀ ရပ်တည်နေတဲ့အချိန်မျိုးမှာ ပြုလုပ်လို့ရတာပေ့ါ..။ ဟုတ်ပြီ.. ချယ်လ်ဆီးမှာ ကစားချင်ရင် ဒီအဆင့်လောက်တော့ အနည်းဆုံးကစားပြနိုင်ရမယ်.. ဆိုတဲ့ အရှိန်အဟုန် (momentum) ကို အကျမခံတဲ့ သဘောပေ့ါ..။ သူ့ဆီမှာ နောက်ထပ်လူစားလဲစရာ ထိပ်တန်းအဆင့် ကစားသမားတွေ ရှိနေတဲ့အတွက် မေဆန် မောင့် ကို ကစားသမားမျိုးကိုလဲ ကစားပုံသဘောမကျတာနဲ့ ရဲရဲဝံ့ဝံ့ လူစားလဲရဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပါတယ်..။
ဂရမ်မ် ဆောင်းနက်စ် - မန်နေဂျာတိုင်းဟာ အဲဒီလိုပုံစံမျိုးနဲ့ အသင်းကို စီမံသင့်ပေမယ့် ကိုယ့်ဆီမှာ အဲဒီလို လိုအပ်သလို အပြောင်းအလဲ ပြုလုပ်နိုင်မယ့် ကစားသမားတွေ ရှိနေဖို့လိုအပ်ပါတယ်..။ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း.. သူကစားတာ စိတ်တိုင်းမကျဘူး..၊ လူစားလဲလိုက်တယ်..၊ အရင်ပွဲကဆိုရင် ဆာအူးလ်..၊ ဒီနေ့ပွဲမှာဆိုရင် မေဆန် မောင့်… ဒါဟာအသင်းနဲ့ပတ်သက်လာရင် သူ့ဘက်က လုံးဝအလျော့မပေးဘူးဆိုတာ ပြသလိုက်တာပါပဲ..။ ကျွန်တော်လည်း မေဆန် မောင့် ရဲ့ ပရိသတ်ပါ.. ဒါပေမယ့် ဒီနေ့ပွဲမှာ တူခယ်လ် ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လက်ခံပါတယ်..။ ဒါ့အပြင်ပွဲပြီးတဲ့အချိန် အသင်းနဲ့ပတ်သက်ပြီး ပြောသွားတဲ့ သူ့ရဲ့အယူအဆကိုလည်း ကျွန်တော်နှစ်သက်ပါတယ်..။
သူဟာနည်းပြတစ်ယောက် ဆိုပေမယ့် အသင်းရဲ့ကစားကွက် (formation)၊ နည်းစနစ် (tactics) တွေအကြောင်း အမြဲတမ်း ပြောမနေပါဘူး..။ ဒီနေ့ပွဲဆိုရင် အသင်းသားတွေရဲ့ ခွန်အားစိုက်ထုတ်မှု (energy level) နဲ့ ကျားကုတ်ကျားခဲ တွန်းတွန်းတိုက်တိုက် ကစားနိုင်မှု (aggressiveness) အပေါ်ပဲ ဦးတည်၊ ဆွေးနွေးသွားခဲ့ပါတယ်..။ ဒါဟာကျွန်တော်တို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲအကြောင်း၊ ကျွန်တော်တို့ရဲ့ ကစားပုံတွေအကြောင်း လုံးဝကိုထဲထဲဝင်ဝင် သိထားတယ်ဆိုတာ ပြသလိုက်တာပါပဲ..။ အထူးသဖြင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တခြားပြိုင်ပွဲတွေထက် စိတ်ဓါတ်ကြံ့ခိုင်မှု၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုရှိဖို့ ပိုမိုလိုအပ်ပါတယ်..။
ဟုတ်ပါတယ်.. ခင်ဗျားရဲ့အသင်းဟာ ထိပ်တန်းအသင်းတစ်သင်း.. ဆိုပေမယ့် အဲဒီလိုကြံ့ခိုင်မှုပိုင်း၊ အားသွန်ခွန်စိုက် အားထုတ်အပိုင်း ထိပ်တိုက်တွေ့ ရင်ဆိုင်၊ စိန်ခေါ်လာမှုတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာပါပဲ..။ အရင်တစ်ပါတ်ကဆိုရင် သူဟာဆာအူးလ် ရဲ့ လေ့ကျင့်ကွင်းက ခြေစွမ်းကိုကြည့်ပြီး အသင့်ဖြစ်နေပြီလို့ ယူဆခဲ့တယ်..၊ ဒါပေမယ့် လိုချင်တဲ့ ကြံ့ခိုင်မှုနဲ့လျှင်မြန်မှု၊ ကစားအားမျိုးမရှိတဲ့အခါ ချက်ချင်းလူစား လဲခဲ့သလိုပေါ့…။ အခုဆိုရင် တူခယ်လ် ဟာ ပရီးမီးယားလိဂ်အကြောင်းကို ကောင်းကောင်းသိနေပြီဗျ..
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ.. ဂရမ်မ်၊ ရွိုင်း နဲ့ မီကာ တို့ရေ.. အချိန်လဲလင့်နေပြီဆိုတော့ ကျွန်တော်တို့ရဲ့ စကားဝိုင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ကြဖို့ ခွင့်ပန်လိုက်ပါတယ်..။ ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲ စကားဝိုင်းမှာ အခုလို တက်တက်ကြွကြွ ဆွေးနွေးပေးခဲ့တဲ့အတွက် Sky Sports အဖွဲ့သားများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း နောက်တစ်ပါတ်မှာ ပြန်လည်ဆုံတွေ့ကြတာပေါ့..