feature-image

ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ ကင်မရာတွေ ထပ်ပြီးတပ်ဆင်ဖို့ တောင်းဆိုခဲ့တဲ့ ‘သောမတ်စ် တူခယ်လ်’

ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ် တူခယ်လ် မှာ သူ၏လေ့ကျင့်ခန်း အစီအစဉ်များတွင် ကစားသမားများ၏ စွမ်းဆောင်ရည်များကို နောက်ထပ်အသေးစိတ် လေ့လာနိုင်ရန်အတွက် လုံခြုံရေး ကင်မရာများကို ထပ်မံတပ်ဆင်ရန် တောင်းဆိုခဲ့ကြောင်း..၊ အထူးသဖြင့် အသင်းကြီးကစားသမားများ လေ့ကျင့်လေ့ရှိသည့် ဘောလုံးကွင်းများတွင် အဆင့်မြင့်လုံခြုံရေး ကင်မရာ ရှစ်လုံးစီ တပ်ဆင်ပြီး ကစားသမားများ၏ လေ့ကျင့်ခန်းများ၊ လှုပ်ရှားမှုများကို ပိုမိုအသေးစိတ် လေ့လာရန် အလိုရှိနေကြောင်း သိရသည်..။

ထို့ကြောင့် ချယ်လ်ဆီးအသင်းမှာ နောက်ဆုံးပေါ်အဆင့်မြင့် ‘ကစားသမားများ၏ စွမ်းဆောင်ရည် ဆန်းစစ်ခြင်း နည်းပညာ (player analysis technology)’ အား ကော့ဘ်ဟမ် လေ့ကျင့်ကွင်း အခြေစိုက် ချယ်လ်ဆီးအသင်းကြီး၊ ချယ်လ်ဆီးအမျိုးသမီးအသင်းနှင့် လူငယ်အသင်းများတွင် အသုံးပြုခွင့် ရရှိနိုင်ရန် ခွင့်ပြုချက် တောင်းခံထားသည်ဟု The Sun သတင်းဌာနက ဖော်ပြခဲ့သည်..။ အဆိုပါနည်းပညာဖြင့် သောမတ်စ် တူခယ်လ် နှင့် သူ၏နည်းပြများ၊ video analysts များမှာ ကစားသမားများ၏ လေ့ကျင့်ခန်းအစီအစဉ်များကို ပိုမိုအသေးစိတ် လေ့လာနိုင်မည့်အပြင် real-time ဖြေရှင်းချက်၊ ညွှန်ကြားချက်များကိုလည်း ပိုမိုပြုလုပ်နိုင်မည်ဖြစ်ပါသည်..။



ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် အဆိုပါ ‘player analyst technology’ နည်းပညာတပ်ဆင်ရန် တာဝန်ယူထားသူ planning agent နန်စီ စတူးဝပ် က သက်ဆိုင်ရာ ဒေသကောင်စီထံသို့ အဆင့်မြင့်လုံခြုံရေး ကင်မရာများ ထပ်မံအားဖြည့် တပ်ဆင်ခွင့်ကို တောင်းခံထားကြောင်း အတည်ပြု ပြောကြားခဲ့သည်..။

“ချယ်လ်ဆီးအသင်းဟာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းရဲ့ ဘောလုံးကွင်းတွေမှာ နောက်ထပ်ကင်မရာ အသစ်တွေ ထပ်မံအားဖြည့်ပြီး လေ့ကျင့်ကွင်းရဲ့ အဆင့်အတန်းကို ထပ်မံမြှင့်တင်ဖို့ ကြိုးစားနေပါတယ်..။ ဒီလိုနည်းအားဖြင့် နည်းပြတွေဟာ အချိန်နဲ့တစ်ပြေးညီ real-time ညွှန်ကြားချက်၊ ဖြေရှင်းချက်တွေကို တမဟုတ်ချင်း ပြုလုပ်နိုင်တော့မှာပါ..။

ဒီဘက်နှစ်များတွေမှာ ဆန်းသစ်တဲ့ နည်းပညာအကူအညီဟာ နည်းပြတွေရဲ့ နေ့စဉ်ပြင်ဆင်မှု အခန်းကဏ္ဍတွေမှာ ပိုမိုပြီးအရေးပါလာပါတယ်..။ ဒါ့ကြောင့်အခုအသစ် ထပ်မံအားဖြည့်မယ့် ကင်မရာတွေဟာ ကစားသမားတွေရဲ့ လေ့ကျင့်ခန်းတွေကို ထောင့်မျိုးစုံ၊ အနိမ့်အမြင့်မျိုးစုံကနေ လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်..။ ဒါ့အပြင် အခုတပ်ဆင်မယ့် နည်းပညာဟာ drones တွေကို အသုံးပြုတဲ့အခါမှာ ပိုပြီးအဆင်ပြေနိုင်ဖို့ကိုလည်း ရည်ရွယ်ထားပါတယ်..။ ဒါ့အပြင်အသင်းရဲ့ player analysis technology အစီအစဉ်မှာ အကောင်းဆုံး ကင်မရာတွေ၊ အကောင်းဆုံး softwares တွေကို ရွေးချယ်အသုံးပြုပြီး အသေးစိတ် ဆန်းစစ်ချက်တွေကို နည်းပြတွေဆီ အလျှင်မြန်ဆုံး ဖြန့်ဝေ၊ ပေးပို့နိုင်ဖို့ ရည်ရွယ်ထားပါတယ်..။”

ချယ်လ်ဆီးအသင်း၏ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် CCTV ကင်မရာများကို ကိုင်တွယ်သည့် သီးခြားလုံခြုံရေးအဖွဲ့ ထားရှိပြီး ဖြစ်သည့်အပြင် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ ဗြိတိန်နိုင်ငံ၏ ပတ်ဝန်းကျင် ထိန်းသိမ်းဇုန် (green belt land) တွင် ပါဝင်နေသောကြောင့် ထပ်မံတပ်ဆင်မည့် ကင်မရာများနှင့် နည်းပညာသစ်များကို ဒေသအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ရရန် စောင့်ဆိုင်းရဦးမည်ဖြစ်သည်.။ Elmbridge Council တာဝန်ရှိသူများမှာ ချယ်လ်ဆီးအသင်း၏ တောင်းဆိုချက်အား ခွင့်ပြု၊ မပြု အဆုံးအဖြတ်ကို လာမည့်လတွင် ပြုလုပ်ဖွယ်ရှိပါသည်..။