ချယ်လ်ဆီးအသင်း Official website မှာ အသင်းမှ ကစားသမား တစ်ယောက်ချင်းအတွက် မေးခွန်း (၁၀) ခု အမေးအဖြေ အခန်းကဏ္ဍကို တင်ဆက်လျှက်ရှိနေရာ ယခုအစီအစဉ်တွင် ဂျာမနီလူငယ် တိုက်စစ်မှူး ကိုင် ဟာဗာ့ဇ် နှင့် တွေ့ဆုံပြီး အရေးကြီးသော ပွဲကြီးများတွင် ရရှိခဲ့သော သူ၏သွင်းဂိုးများ၊ ချယ်လ်ဆီးပရိသတ်များနှင့် ဆက်ဆံရေး အခြေအနေနှင့် အင်္ဂလန်မြေမှာ မီဒီယာများအပေါ် ထင်မြတ်ချက်အကြောင်းကို ယခုလို ပြောပြခဲ့ပါသည်..။
မေး - ကိုဗစ်ကမ္ဘာ့ကပ် စပြီးဖြစ်ပွားတဲ့ အချိန်ကတည်းက ခင်ဗျားတို့တွေဟာ ပရိသတ်မပါတဲ့ တံခါးပိတ်ပွဲတွေ၊ ပရိသတ်အနည်းငယ်ပဲ တက်ရောက်ခွင့်ရခဲ့တဲ့ ပွဲတွေကနေ အခုဆိုရင် အဝေးကွင်းပရိသတ်တွေပါ လာရောက်ခွင့်ရခဲ့တဲ့ အခြေအနေအထိ ပြောင်းလဲလာခဲ့တာကို မြင်ခဲ့ရပါပြီ..။ အဲဒီတော့ အင်္ဂလန်က ပရိသတ်တွေအပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြပေးနိုင်မလား..?
ပွဲတိုင်းလိုလို ကွင်းလုံးပြည့်အားပေးခဲ့ကြတဲ့ ပရိသတ်တွေရဲ့ အားပေးမှုဟာ တကယ့်ကို အားရဖို့ ကောင်းလှပါတယ်..။ အဲဒီလိုကွင်းလုံးပြည့် ပရိသတ်တွေရှေ့မှာ ကစားခွင့်ရဖို့ ကစားသမားတိုင်း အိပ်မက်ခဲ့ကြမှာ ဖြစ်သလို ကျွန်တော်ဟာလည်း စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းထဲမှာ ပရိသတ်အပြည့်နဲ့ ကစားခွင့်ရမယ့်အချိန်ကို မျှော်လင့်ခဲ့ဖူးပါတယ်..။ အခုအချိန်မှာ ကျွန်တော့်ရဲ့မျှော်လင့်ချက် ပြည့်ဝခဲ့ရပါတယ်..။ စတန်းဖို့ဒ် ဘရစ်ခ်ျ ပရိသတ်တွေရဲ့ အားပေးမှုဟာ ကျေနပ်စရာ ကောင်းသလို ပျော်စရာလည်း ကောင်းလှပါတယ်..။
အထူးသဖြင့် စတန်းဖို့ဒ် ဘရစ်ခ်ျမှာ ညနေခင်းပွဲတွေကို အပြာရောင်ပရိသတ်တွေရဲ့ရှေ့၊ မီးမောင်းတွေအောက်မှာ ကစားရတာ အရမ်းနှစ်သက်ပါတယ်..။ အထူးသဖြင့် ချန်ပီယံလိဂ် ပွဲစဉ်တွေဟာ ပိုပြီးကျေနပ်အားရဖို့ ကောင်းတဲ့အတွက် အဲဒီလိုပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့တဲ့အပေါ် ဂုဏ်ယူမိပါတယ်..။
မေး- ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ခင်ဗျားရဲ့သွင်းဂိုးအပေါ် သီချင်းတောင် ရှိခဲ့ပါသေးတယ်..။ ချယ်လ်ဆီးပရိသတ်တွေက ခင်ဗျားရဲ့နာမည်ကို သီချင်းလုပ်ပြီး ဆိုကြတဲ့အသံ ကြာားခဲ့ရတဲ့အပေါ် ဘယ်လိုခံစားမိလဲဗျ..?
သိပ်ပျော်ဖို့ ကောင်းတာပေ့ါ..။ ကွင်းထဲကိုရောက်နေတဲ့အချိန် ကိုယ့်ရဲ့နာမည်ကို သီချင်းလုပ်ပြီးဆိုနေတဲ့ အသံတွေကို ကြားရတဲ့ ခံစားချက်ဟာ အရမ်းကြည်နူးဖို့ ကောင်းပါတယ်..။ ဒ့ါကြောင့်အဲဒီလို ရေးဖွဲ့ပေးခဲ့ကြတဲ့ သူတွေကိုရော၊ ကွင်းတွင်းကွင်းပြင်ပ.. ကျွန်တော့်ကို အားပေးနေကြတဲ့သူတွေကိုရော အားလုံးကို အထူးကျေးဇူး တင်ရှိပါတယ်..။ ဒါ့အပြင် မနှစ်ကဘောလုံးရာသီ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကျွန်တော်ရရှိခဲ့တဲ့ အားပေးမှု၊ ကျွန်တော့်အပေါ် ထောက်ခံခဲ့မှုတွေအတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်..။ ကျွန်တော့်ကို အရမ်းအထောက်အကူ ဖြစ်ခဲ့ပါတယ်..။
မေး - ချန်ပီယံလိဂ် ပြိုင်ပွဲအကြောင်းပဲ ဆက်ပြောတာပေ့ါ…။ ပေါ်တိုကွင်းက ဗိုလ်လုပွဲမှာ ဂိုးသမား အီဒါဆန် ကို ကျော်ဖြတ်ပြီး လူမရှိတဲ့ဂိုးပေါက်ထဲကို ကန်သွင်းတဲ့အချိန်ဟာ ကျွန်တော်တို့လို အားပေးနေတဲ့ သူတွေအတွက် စိတ်လှုပ်ရှားဖို့ ကောင်းလွန်းလှသလို အရမ်းကြီးကို ကြာလွန်းလှသလိုပါပဲ..။ အဲဒီအခိုက်အတန့်မှာ ခင်ဗျားကရော ဘယ်လိုခံစားခဲ့ရလဲ..?
Yes.. 100 percent..။ အဲဒီလိုအခိုက်အတန့်တွေဟာ အဆိုးဆုံးလည်း ဖြစ်သွားနိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီကန်ချက်သာ လွဲခဲ့လို့ကတော့ ရှိသမျှ YouTube, Instagram နဲ့ meme တွေတိုင်းမှာ ပြူးနေအောင်ကို ပါတော့မှာပါ..။ ဒ့ါကြောင့်အဲဒီအခိုက်အတန့်မှာကို 'please, ဒီဂိုးကိုဝင်အောင် သွင်းမှဖြစ်မယ်..' ဆိုတဲ့ အတွေးဝင်လာ ခဲ့ပါသေးတယ်..။ ဒါပေမယ့် ဂိုးဝင်သွားခဲ့တာကြောင့် အဆိုးရွားဆုံးကို ရှောင်လွဲပြီး ဘောလုံးလောကရဲ့ အလှပဆုံး အခိုက်အတန့်တွေ ဖြစ်လာခဲ့တာပေ့ါဗျာ..။
မေး - ဗိုလ်လုပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အင်္ဂလိပ်စကားပြောတာဟာ ခင်ဗျားရဲ့ပထမဦးစားပေး ဘာသာစကား မဟုတ်ခဲ့ပေမယ့် စကားပြော အရမ်းပြေပြစ်၊ ကောင်းမွန်ခဲ့တာ သတိထားမိတယ်ဗျ..။ ခင်ဗျားဟာ အင်္ဂလိပ်စကားပြောတာ ဆက်လက်လေ့လာဆဲပဲလား..? ဒါမှမဟုတ် စကားပြောတဲ့ စကားလုံးတွေကို ဂရုတစိုက် ရွေးချယ်ခဲ့တာကြောင့်လား..?
အင်္ဂလန်ကို မလာခင်ကတည်းက ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော အဆင်ပြေပါတယ်..။ အခုတစ်နှစ်လောက် ကြာပြီးတဲ့အခါ ပိုပြီးတိုးတက်လာပါတယ်..။ စကားလုံး ရွေးချယ်တဲ့နေရာမှာတော့ ကျွန်တော်ပြောတဲ့စကားလုံးတွေဟာ လူတိုင်းနားလည်နိုင်တဲ့ စကားလုံးတွေဖြစ်တယ်လို့ ထင်ပါတယ်..။ ဒါ့အပြင်ပွဲပြီးတဲ့အချိန် အရမ်းကိုစိတ်လှုပ်ရှားနေတဲ့ အခိုက်အတန့်တွေမှာ စကားလုံးတွေကို သေသေချာချာ ရွေးနိုင်ဖို့ မလွယ်ပါဘူး..။ ဒ့ါကြောင့်တခါတလေမှာ ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပါယ်မရောက်ပဲ လွဲချော်သွားတာတွေ ရှိတတ်ပါတယ်..။ အဲဒါကြောင့်လည်း နားထောင်တဲ့သူတွေအတွက် ရယ်စရာကောင်းခဲ့တာ ဖြစ်ပါလိမ့်မယ်.. ဟားဟား..
နောက်ပြီးအခြေအနေ..၊ အချိန်အခါပေါ်လည်း မူတည်လိမ့်မယ် ထင်ပါတယ်..။ အခုလိုအချိန် ပွဲကိုမကြည့်ပဲ အင်တာဗျူး သီးသန့်ကို နားထောင်ခဲ့မယ်ဆိုရင် အဲဒီစကားတွေဟာ ကြားရတာ အဆင်ပြေမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ ပရိသတ်တွေဟာ ကျွန်တော့်ရဲ့ဆိုလိုရင်းကို နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်..။
မေး - ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင်အချိန် ရာသီကုန်ခါနီး ကာလကတည်းက ခင်ဗျားဟာ ပတ်ဝန်းကျင်သစ်မှာ တဖြည်းဖြည်းနဲ့ပိုပြီး အသားကျလာခဲ့ပုံ ရပါတယ်..။ ဒါ့ကြောင့်အရမ်းကို စိုးရိမ်လွန်းတာ မရှိတော့ပဲ သက်တောင့်သက်သာ ဖြစ်လာတာဟာ ခင်ဗျားအတွက် ပိုပြီးတိုးတက်စေခဲ့တယ်လို့ ယူဆမိခဲ့လား..?
Yes.. မှန်တာပေ့ါ..။ အင်္ဂလန်ကို ရောက်လာတာ အချိန်ကြာလာတာနဲ့အမျှ ပွဲတွေကစားရတယ်..၊ ပွဲတွေကြည့်ရင်းနဲ့ပဲ တဖြည်းဖြည်း တစ်သားတည်း ဖြစ်လာတာပါ..။ အင်္ဂလန်က ဘောလုံးကစားပုံဟာ ဂျာမနီက ကစားပုံနဲ့ ခြားနားပါတယ်..။ ဒါပေမယ့် အခုဆိုရင် ကျွန်တော်ဟာ ပရီးမီးယားလိဂ်နဲ့ တစ်သားတည်း ဖြစ်နေပြီလို့ ခင်ဗျားတို့မြင်နေသလို ကျွန်တော်လည်း အဲဒီလိုယူဆပါတယ်..။ ခြောက်လကြာခဲ့ပြီး နောက်ပိုင်းမှာ ကျွန်တော့်အတွက် အစစအရာရာ အဆင်ပြေလာခဲ့ပါတယ်..။ ကွင်းထဲမှာလည်း ကစားရတာ ပိုကောင်းလာသလို သက်တောင့်သက်သာ ပိုရှိလာခဲ့ပါတယ်..။ ဒ့ါကြောင့်ခြေစွမ်းပိုပြီး တိုးတက်လာတာ ဖြစ်မှာပါ..။ အခုဆိုရင် ကျွန်တော်ဟာ အင်္ဂလန်မှာ နေသားတကျ ဖြစ်နေပြီး အားလုံးအဆင်ပြေ ချောမွေ့နေပါတယ်..။
ကျွန်တော်ဟာ အရင်ကတည်းက စိတ်ကူးထဲက မောင်းနှင်တဲ့အတိုင်း လွတ်လွတ်လပ်လပ် ကစားလေ့ရှိပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာ သိပ်ပြီးစဉ်းစားလေ့ မရှိပါဘူး..။ ဒါပေမယ့် ဒီကိုရောက်လာတဲ့အချိန်မှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး.. ဆိုတဲ့ တံဆိပ်ကပ်ခံခဲ့ရတာကြောင့် လူတိုင်းက ကျွန်တော့်ကို မိနစ်တိုင်း အကောင်းဆုံး ခြေစွမ်းပြတာပဲ လိုချင်ကြပါတယ်..။ နည်းနည်းလေး ခြေစွမ်းမပြနိုင်တာနဲ့ ၀ေဖန်ခဲ့ကြတော့တာပါပဲ..။ ဒါပေမယ့် ခြောက်လနောက်ပိုင်းမှာ ပိုပြီးအဆင်ပြေလာတယ်လို့ ခံစားခဲ့ရပါတယ်..။
မေး - နည်းပြကြီး သောမတ်စ် တူခယ်လ် က ဒီနှစ်ဘောလုံးရာသီ စတင်ချိန်ကတည်းက ခင်ဗျားကို အများကြီးတိုးတက်လာအောင် ဘယ်လိုလမ်းညွှန်ပေးရမလဲဆိုတာ တွေးထားကြောင်း၊ သူဟာခင်ဗျားရဲ့ ပင်ကိုယ်ပါရမီ အရည်အချင်းကို မြင်နေတာကြောင့် ရောက်ရှိဖို့ခက်ခဲတဲ့ နောက်တစ်ဆင့်ကို တွန်းတင်ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်..။ မန်နေဂျာရဲ့ အဲဒီလိုအားပေးစကားတွေဟာ ခင်ဗျားအတွက် ကျေနပ်စရာ ကောင်းရဲ့လားဗျ..
ဒီနှစ်ရာသီ စတင်ချိန်မှာ ကျွန်တော်တို့ဟာ အောင်မြင်မှုကြီးတစ်ခုကို ရရှိခဲ့တယ်..၊ အသင်းရဲ့သမိုင်းကြောင်းမှာ အရေးပါတဲ့ဂိုးကိုလည်း ကျွန်တော်သွင်းပေးခဲ့တာ ပူပူနွေးနွေးဆိုတော့ ယုံကြည်မှုအရမ်းကောင်းနေခဲ့တာ အမှန်ပါပဲ..။ ဒါပေမယ့် အဲဒါဟာ ယုံကြည်ချက်တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး..။ အခုဆိုရင် ကျွန်တော်ဟာ ဒီမှာအဆင်ပြေနေပြီ ဖြစ်သလို အသင်းဖော်တွေ၊ နည်းပြဝန်ထမ်းတွေ၊ ဒီကကစားပွဲတွေ၊ ပြိုင်ဘက်တွေရဲ့ အကြောင်းတွေကို ပိုပြီးသိရှိလာပြီ ဖြစ်တာကြောင့် အဲဒီအချက်တွေကလည်း ကျွန်တော့်ကို အထောက်အကူ ဖြစ်စေပါတယ်..။ ဒါပေမယ့် ယုံကြည်မှု ကောင်းမွန်မှုဟာ ဘောလုံးသမား တစ်ယောက်အတွက် အရေးအကြီးဆုံး ဖြစ်တယ်လို့ ကျွန်တော်ခံယူပါတယ်..။ ယုံကြည်မှုကောင်းမွန်နေသရွေ့ ကိုယ့်ရဲ့ခြေစွမ်းဟာ ထက်မြက်၊ ကောင်းမွန်နေမှာပါပဲ..။ ဒ့ါကြောင့်ကိုယ့်ရဲ့အိမ်လို အဆင်ပြေနေမှုရယ်၊ ယုံကြည်ချက် ကောင်းမွန်၊ မြင့်မားနေတဲ့အပေါ် နည်းပြကြီးက အခုလိုမှတ်ချက်ပေးခဲ့တာ ဖြစ်ပါလိမ့်မယ်..။
သူဟာကစားသမားတိုင်းဆီက အကောင်းဆုံးခြေစွမ်းကို အမြဲတမ်းတောင်းဆိုနေသလို ပွဲထွက် (၁၁) ယောက်မှာ ပါဝင်လာတာပဲဖြစ်ဖြစ်၊ လူစားဝင် ကစားတာပဲဖြစ်ဖြစ်.. ကိုယ့်ရဲ့ခြေစွမ်းနဲ့ ပွဲအပေါ်အပြောင်းအလဲ ပြုလုပ်နိုင်စွမ်း ပြသနိုင်ဖို့လိုအပ်သလို နည်းပြရဲ့ ယုံကြည်မှုကို ရရှိလာအောင်၊ သူ့အတွက် အမြဲတမ်း အသင့်ဖြစ်တယ်ဆိုတာ ပြသနိုင်အောင် အစွမ်းကုန် ကြိုစားရပါတယ်..။ အခုလိုအခြေအနေကို ကျွန်တော်နှစ်သက်ပါတယ်..။ ကျွန်တော်ဟာ လူငယ်တစ်ယောက် ဖြစ်တာကြောင့် အများကြီးဆက်လက် သင်ယူဖို့ လိုအပ်နေတုန်းပါပဲ..။ အဲဒါကို နားလည်ထားသလို ကျွန်တော်ဟာ အသက် (၂၂) နှစ်ပဲ ရှိပါသေးတယ်..။ ဒ့ါကြောင့်နောက်ထပ် နှစ်တွေအများကြီး ကျန်ရှိနေပါသေးတယ်..။ တခါတလေမှာ ကိုယ့်ဆီမှာ ဘာတွေအားနည်းချက်ရှိတယ်..၊ ဘယ်နေရာတွေမှာ လိုအပ်နေသေးတယ်ဆိုတာ သိချင်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော့်ကို ကူညီပေးနိုင်မယ့်၊ ကျွန်တော့်ကို တိုးတက်အောင် ကူညီပေးနိုင်မယ့် နည်းပြတစ်ယောက် ရှိနေတာ အရမ်းကိုကောင်းပါတယ်.။
မေး - ခင်ဗျားဟာ ဒီနှစ်ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ခင်ဗျားရဲ့ပထမဆုံး သွင်းဂိုးကို လီဗာပူးလ်နဲ့ပွဲမှာ ထောင့်ကန်ဘောကနေတဆင့် သွင်းယူပေးခဲ့သလို အဲဒီဂိုးဟာ အင်္ဂလန်မြေမှာ ခင်ဗျားရဲ့ပထမဆုံး ခေါင်းတိုက်သွင်းဂိုးလည်း ဖြစ်ပါတယ်..။ ဂျာမနီမှာတုန်းကတော့ ခင်ဗျားဟာ ခေါင်းတိုက်သွင်းဂိုး တစ်ချို့ရခဲ့တယ်နော်..။ ဒ့ါကြောင့်ခင်ဗျားရဲ့ ခေါင်းတိုက်ပြီးသွင်းဂိုးတွေ ရယူနိုင်တဲ့စွမ်းရည် ပိုပြီးကောင်းမွန်ဖို့ လိုအပ်နေသေးတယ်လို့ ယူဆထားရဲ့လားဗျ..
ကျွန်တော်ဟာ ခေါင်းတိုက်ပြီး ကစားတာကို သိပ်မကြိုက်ပါဘူး..။ ဒါပေမယ့် တိုက်စစ်ကစားသမား တစ်ယောက် ဖြစ်တာနဲ့အညီ လိုအပ်ရင်ခေါင်းတိုက် ဂိုးသွင်းပေးနိုင်ဖို့ လိုအပ်ပါတယ်..။ ဂျာမနီမှာတုန်းက အဲဒီလို ခေါင်းတိုက်သွင်းဂိုးတစ်ချို့ ရယူပေးနိုင်ခဲ့သလို အင်္ဂလန်မှာတော့ အခုသွင်းဂိုးဟာ ပထမဆုံးပါ..။ အခုဆိုရင် တည်ကန်ဘော (set pieces) တွေဟာ အရေးပါလာပြီ ဖြစ်တာကြောင့် ခေါင်းတိုက်သွင်းဂိုးတွေဟာ အထူးအရေးကြီးလာပါပြီ..။ အထူးသဖြင့် ခက်ခဲတဲ့ပွဲတွေမှာ set pieces တွေကနေ ဂိုးရဖို့လည်း လိုအပ်ပါတယ်..။ ဥပမာ- တော့တင်ဟမ်အသင်းနဲ့ပွဲမှာ အဖွင့်ဂိုးကိုလည်း set piece ကနေ ရခဲ့တာပါပဲ..။ ဒ့ါကြောင့်ခေါင်းတိုက်ပြီး ဂိုးသွင်းရတာကို ကျေနပ်ပါတယ်..။
မေး - ခင်ဗျားဟာ အဲဒီဂိုးကို အနီးတိုင် (front post) ကနေ သွင်းယူခဲ့တာ ဖြစ်သလို ထောင့်ကန်ဘောတွေ ကာကွယ်ရာမှာလည်း အဲဒီအနီးတိုင် နေရာမှာပဲ ခင်ဗျားတာဝန်ယူလေ့ ရှိပါတယ်..။ လေ့ကျင့်ခန်းတွေမှာလည်း ခင်ဗျားဟာ အနီးတိုင်တွေမှာလည်း နေရာယူ လေ့ကျင့်လေ့ရှိသလားဗျ..?
ကျွန်တော်တို့ဟာ set pieces တွေကို အများကြီးလေ့ကျင့်ခဲ့တာ ဖြစ်တာကြောင့် အနီးတိုင်ကို ကန်တင်ပေးမယ်.၊ အနီးတိုင်ကနေ ဘောလုံးကိုရအောင်တိုက်မယ်.. ဆိုတာ အစီအမံတွေ အများကြီးထဲက တစ်ခုဖြစ်ပါတယ်..။ လီဗာပူးလ် နဲ့ပွဲက ရသွားတဲ့ဂိုးဟာ ဇာတ်တိုက်ထားတဲ့ အစီအမံ အတိုင်းပါပဲ..။ ဒါပေမယ့် ဘောလုံးကို ‘မ’ ပေးလိုက်ရမှာ ဂိုးသမားကိုကျော်ပြီး ဂိုးဝင်သွားပါတယ်..။ ဒ့ါကြောင့်ကံကောင်းဖို့လည်း လိုအပ်ပါသေးတယ်..။ ကျွန်တော်ကတော့ ဂိုးရင်ဂိုး၊ ဂိုးမရရင်လည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးတဲ့အနေနဲ့ ခေါင်းနဲ့လှန်တိုက် ပေးလိုက်တာ ဖြစ်ပါတယ်..။ အခုလိုဂိုးရသွားတော့လည်း ကောင်းတာပေ့ါဗျာ..
Set pieces တွေကို ကာကွယ်တဲ့နေရာမှာ ချယ်လ်ဆီးကို ရောက်ကတည်းက ကျွန်တော်ဟာ အနီးတိူင်မှာပဲ ကာကွယ်ရပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က အရပ်ရှည်တာကိုးဗျ..။ တည်ကန်ဘောတွေကို ကာကွယ်တာဟာ အနီးတိုင်နေရာဟာ တစ်ဖက်အသင်းရဲ့ ဘောလုံးတွေကို အရင်ဆုံးရှင်းပေးနိုင်တဲ့ နေရာဖြစ်တာကြောင့် အရမ်းအရေးကြီးပါတယ်..။ အခုဆိုရင် ကျွန်တော်ဟာ အနီးတိုင်ကနေ ကာကွယ်မှု ပြုလုပ်ရတာ အဆင်ပြေလာပါပြီ..။
မေး - ချယ်လ်ဆီးအသင်းမှာ ခင်ဗျားဟာ နေရာအတော်များများ ကစားခဲ့ရပါတယ်..။ ဒါပေမယ့် ရိုမီလူ လူကာကူ ရောက်လာခဲ့ပြီးနောက်ပိုင်း ခင်ဗျားဟာ ကိုယ်အားအသန်ဆုံးနေရာမှာ ကစားနေရပြီလို့ ပြောနိုင်ရဲ့လား…?
ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ထိပ်တန်းကစားသမားတွေ အများကြီးရှိနေတာကြောင့် တခါတလေမှာ ကစားကွက် အပြောင်းအလဲ ပြုလုပ်ရပါတယ်..။ ဒါကြောင့် တစ်ခါတစ်လေမှာ ‘No. 10’ နေရာ၊ တစ်ခါတစ်လေမှာ ‘No.9’ နေရာ.. အစရှိသဖြင့် ကစားရပါတယ်..။ အခုအသင်းမှာ ကစားရတဲ့နေရာနဲ့ အသင်းရဲ့ကစားပုံ၊ ကစားနည်းစနစ်အပေါ် ကြိုက်နှစ်သက်ပါတယ်..။ အခုကစားနေရတဲ့ နေရာဟာ ကျွန်တော်အကြိုက်ဆုံး နေရာလည်း ဖြစ်ပါတယ်..။ တိုက်စစ်ပိုင်းကို ပိုမိုလိုက်ပါရသလို တကယ့်ကစားသမားကောင်းတွေနဲ့ တွဲဖက်ကစားခွင့် ရတာဟာ ကျေနပ်ဖို့ကောင်းလှပါတယ်..။
ရိုမီလူ ကတော့ ခံစစ်မှူးတိုင်းက အာရုံစိုက်ရတဲ့ အထောင်တိုက်စစ်မှူး ဖြစ်ပါမယ်..။ တခါတလေမှာ သူ့ကိုခံစစ်မှူး နှစ်ယောက်၊ သုံးယောက်အထိ လူကပ်ကစားကြပါတယ်..။ ဒ့ါကြောင့်သူ့ရဲ့အနားမှာ ဝန်းရံပြီးကစားရတဲ့ ကျွန်တော်တို့အတွက် နေရာလွတ်တွေ အများကြီးရရှိနိုင်ပါတယ်..။ အခုဆိုရင် သူဟာအသင်းနဲ့ တဖြည်းဖြည်းပိုပြီး တွဲဖက်ညီလာပြီ ဖြစ်သလို ကျွန်တော်တို့တွေလည်း သူနဲ့တွဲဖက်ကစားရတာ ပိုပြီးအဆင်ပြေလာပါပြီ..။ သူဟာထိပ်တန်း တိုက်စစ်မှူးတစ်ယောက် ဖြစ်သလို ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ သူ့ရဲ့ခြေစွမ်းကို သက်သေပြသနိုင်ခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်..။
မေး - ဒါဆိုရင်ခင်ဗျားလက်ရှိ ကစားနေရတဲ့ နေရာအပေါ်မူတည်ပြီး ခင်ဗျားရဲ့ကစားပုံ ပြောင်းလဲသွားနိုင်ရဲ့လား..?
Yes.. ကျွန်တော်တို့ဟာ အသင်းမှာကစားနေရတဲ့ အခြေအနေပေါ်မူတည်ပြီး ကိုယ့်ရဲ့ကစားပုံကို လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲရပါတယ်..။ ‘No.10’ နေရာမှာ ကစားရတယ်ဆိုရင် ကွင်းလယ်အထိဆင်းပြီး ဘောလုံးရယူနိုင်တယ်.၊ ဘောလုံးပိုပြီး လက်ခံရယူနိုင်ပါလိမ့်မယ်..။ ‘No.9’ နေရာက ကစားရမယ်ဆိုရင် ခံစစ်ကစားသမားတွေနဲ့အတူ လှုပ်ရှားရတာ ဖြစ်တဲ့အတွက် တခါတလေမှာ ငါးမိနစ်၊ ဆယ်မိနစ်လောက်အထိ ဘောလုံးလုံးဝမထိ ရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်..။ ဒါ့အပြင် ဘောလုံးရပြီဆိုတာနဲ့ အဲဒီဘောလုံးဟာ ဂိုးပေါက်ကိုရောက်ရှိဖို့၊ ဂိုးသွင်းနိုင်ဖို့၊ ဂိုးရနိုင်မယ့် နေရာတွေမှာ ရှိနေဖို့ပဲ ဖြစ်ပါတယ်..။ ဒ့ါကြောင့်ကိုယ်ကစားခွင့်ရတဲ့ နေရာပေါ် မူတည်ပြီးတော့လည်း လိုက်လျောညီထွေဖြစ်အောင် ကစားပုံကို ပြောင်းလဲရပါတယ်..။