ချယ်လ်ဆီးအသင်းကို ရိုမန် အေဘရာမိုဗစ်ခ်ျ ရောင်းချမယ်လို့ စတင်ကြေငြာခဲ့ပြီး (၈၅) ရက်လွန်မြောက်ချိန်မှာ အမေရိကန် ဘေ့စ်ဘောလိဂ် ပြိုင်ပွဲဝင် LA Dodgers အသင်းပိုင်ရှင် တော့ဒ် ဘိုလေး ဦးဆောင်တဲ့ အစုအဖွဲ့ဟာ စတန်းဖို့ဒ် ဘရစ်ခ်ျကို စတာလင်ပေါင် (၄.၂၅) ဘီလီယံနဲ့ လက်လွှဲယူနိုင်တော့မှာပါ..။
သူတို့အဖွဲ့ လက်လွှဲယူပြီးတဲ့နောက်ပိုင်း အပြာရောင်ချယ်လ်ဆီး အသင်းရဲ့အနာဂတ်ဟာ ဘာတွေဖြစ်လာနိုင်မလဲ..?
အဆုံးအဖြတ်ပေးမည့်သူများ…
တော့ဒ် ဘိုလေး ဟာ ချယ်လ်ဆီးအသင်းရဲ့ နေ့သစ်တွေမှာ ဦးဆောင်မယ့်သူ ရှေ့ထွက်မင်းသားအဖြစ် ရှိနေပါမယ်..။ သူဟာ အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ နည်းတူ ‘ငွေကြေးသုံးစွဲရမှာကို လက်တွန့်ခြင်းမရှိ’ တဲ့သူဖြစ်ပြီး အမေရိကန် ဘေ့စ်ဘော အားကစားလောကကို တစ်ခေတ်ဆန်းစေခဲ့သူ၊ နည်းသစ်တီထွင် လမ်းဖောက်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်..။
အဲဒီသုံးသပ်ချက်ဟာ ချယ်လ်ဆီးပရိသတ်တွေအတွက် နားဝင်ချိုစရာပါပဲ..။ ဒါ့အပြင် သူဟာအခုလာမယ့် နွေရာသီကာလကို လန်ဒန်မြို့မှာပဲ အချိန်ပေးပြီး သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြင်ဆင်မှုတွေကို ကိုယ်တိုင်ဦးဆောင်မယ်..၊ သောမတ်စ် တူခယ်လ် အပါအဝင် အသင်းကတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမှုတွေ မနားတမ်း ပြုလုပ်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်..။ ဒါပေမယ့် အသင်းရဲ့ အသွင်အကူးအပြောင်း ကာလကို လက်ရှိအသင်းဥက္ကဌ ဘရုစ် ဘတ်ခ် နဲ့ ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်ကီးယားစ် တို့ကပဲ ဆက်လက်ထိန်းကျောင်းသွားပါလိမ့်မယ်..။ ဒါ့ကြောင့်လက်ရှိအသင်းက ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဟာ သူတို့နှစ်ယောက်ရဲ့ လက်ထဲမှာပဲ ဆက်လက်ရှိနေပါလိမ့်မယ်..။
ချယ်လ်ဆီးအသင်း ရောင်းချတဲ့ကိစ္စအရပ်ရပ်မှာ အဓိကအကျဆုံး ဖြစ်ခဲ့တဲ့ အေဘရာမိုဗစ်ခ်ျ ရဲ့ လူရင်းနှစ်ယောက်ကို အသင်းမှာဆက်ပြီး တာဝန်ယူခွင့်ပေးခဲ့တဲ့ ဘိုလေး တို့အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ ထူးဆန်းသလိုရှိပါတယ်..။ ဒါပေမယ့် သူတို့နှစ်ယောက်ထက်စာရင် Clearlake Captial အဖွဲ့က ဘာဒတ် အက်ဂ်ဘာလီ ကို အသင်းဘုတ်အဖွဲ့မှာ ရွေးချယ်ခဲ့ခြင်းက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်..။
တော့ဒ် ဘိုလေး ဟာ သူတို့အဖွဲ့ရဲ့ ရှေ့ထွက်မင်းသား ဖြစ်ပေမယ့် အက်ဂ်ဘာလီ ထူထောင်ထားတဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် Clearlake Captial ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့တဲ့ ရှယ်ယာ (၆၀%) ရာခိုင်နှုန်းကို ပါဝင်မှာဖြစ်ပြီး မဲပေးခွင့် (၅၀%) ရာခိုင်နှုန်း ရယူထားမှာ ဖြစ်ပါတယ်..။ ဒ့ါကြောင့် အီရန်အနွယ်ဖွား အက်ဂ်ဘာလီ ဟာ ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်ကို ပုံဖော်တဲ့နေရာမှာ အဓိကအရေးပါတဲ့ နေရာကနေ ရှိပါလိမ့်မယ်..။
ဒါပေမယ့် အက်ဂ်ဘာလီ နဲ့ Clearlake ကုမ္ပဏီဟာ အားကစားလောကမှာ လှုပ်ရှားခဲ့ဖူးတဲ့ သမိုင်းကြောင်း
မရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းကို ဘယ်လိုဘယ်ပုံနည်းနဲ့ သူတို့တွေပဲ့ကိုင်သွားလိမ့်မယ်ဆိုတာ ဘယ်လိုမှ မှန်းဆလို့ မရပါဘူး..။ တစ်ခုရှိတာက သူတို့ဟာရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခု ဖြစ်တာကြောင့် သေချာပေါက် ရှုံးမယ်လို့ မှန်းဆထားတဲ့ အလုပ်တစ်ခုကို ရင်းနှီးမြုပ်နှံလိမ့်မှာ မဟုတ်ပါဘူး..။ သူတို့နဲ့အတူ ချယ်လ်ဆီးအသင်းကို ကမ်းလှမ်းဖို့ ပထမဆုံး စိတ်ဝင်စားခဲ့တဲ့ ဆွစ်ဇာလန်က သူဌေးကြီး ဟန်းစ်ဂျော့စ် ဝိုက်စ် နဲ့ ဘိုလေး နဲ့အတူ LA Dodgers အသင်းကို ပူးတွဲပိုင်ဆိုင်ထားတဲ့ မာခ့် ဝေါ်လ်တာ တို့က အသင်းမှာအရေးပါတဲ့ ရာထူးတွေကို ရယူပါလိမ့်မယ်..။
အပြောင်းအရွှေ့ဈေးကွက် လှုပ်ရှားမှု ခန့်မှန်းချက်များ..
အသင်းကို လက်လွှဲယူမယ့် ပိုင်ရှင်သစ်များဟာ ဆယ်နှစ်အတွင်း ချယ်လ်ဆီးအသင်းအတွက် စတာလင်ပေါင် (၁.၇၅) ဘီလီယံ ရင်းနှီးမြုပ်နှံပေးရမှာ ဖြစ်ပါတယ်..။ အဲဒီလိုများပြားတဲ့ ပမာဏဟာ အေဘရာမိုဗစ်ခ်ျ ချန်ထားခဲ့တဲ့ အသင်းရဲ့ဂုဏ်ရှိန်ကျက်သရေတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အသုံးပြုရမှာပါ..။ ဒါပေမယ့် အဲဒီရင်းနှီးမြုပ်နှံမှုဟာ ရေရှည်အတွက်ဖြစ်ပြီး ကစားသမား ရောင်းချရာက ရရှိလာမယ့်ငွေကြေးတွေလည်း ပါဝင်မယ်လို့ သိရပါတယ်..။ လတ်တလောအနေနဲ့ အခုလာမယ့် နွေရာသီမှာတော့ သောမတ်စ် တူခယ်လ် အတွက် စတာလင်ပေါင်သန်း (၂၀၀) ထုတ်ပေးမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်..။
ချယ်လ်ဆီးအသင်းဟာ အခုနှစ်ဘောလုံးရာသီကုန်ချိန်မှာ အသင်းကနေ ထွက်ခွာမယ့် အန်တိုနီယို ရူဒီဂါ နဲ့ အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် တို့ရဲ့ ဗဟိုခံစစ်မှူးနေရာတွေကို ဦးစားပေး အလျှင်အမြန် အားဖြည့်ရမှာဖြစ်သလို ဆီဇာ အက်ဇ်ပီလီကွဲတား နဲ့ မားကို့စ် အလွန်ဆို တို့ရဲ့ အနာဂတ်တွေဟာ သေချာမှုမရှိပါဘူး..။ သူတို့နှစ်ယောက်စလုံးဟာ စပိန်မြေကိုပြန်ကြမယ်ဆိုတဲ့ သတင်းတွေ ထွက်နေကြပါတယ်..။ ဆီဗီးလား အသင်းက ပြင်သစ်နောက်ခံလူ ဂျူလက်စ် ကွန်ဒေး ကတော့ တူခယ်လ် ရဲ့ ပထမဦးစားပေး ပစ်မှတ်ဖြစ်နေသလို အဲဒီပြင်သစ်လက်ရွေးစင်ဟာ ဒီနှစ်နွေရာသီမှာ ချယ်လ်ဆီးအသင်းကို ရောက်ရှိဖို့သေချာနေတယ်… ဆိုတဲ့ သတင်းတွေထွက်နေပါတယ်..။
ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ RB လိုက်ပ်ဇစ် အသင်းက ခရိုအေးရှား နောက်ခံလူ ဂျော့စ်ကို ဂါဗာဒီယောလ်..၊ ဗီလာရီးရဲလ် အသင်းက ပေါ် တောရက်စ်၊ လက်စ်တာ စီးတီးအသင်းက ဝက်စ်လေ ဖိုဖာနာ တို့ကို စိတ်ဝင်စားနေတယ်လို့လည်း ဆိုကြပါတယ်..။ လက်ရှိခန့်မှန်းချက်တွေအရကတော့ တော့ဒ် ဘိုလေး တို့အဖွဲ့ရဲ့ ကနဦးရင်းနှီး မြုပ်နှံငွေတွေရဲ့ တစ်ဝက်လောက် (စတာလင်ပေါင်သန်း ၁၀၀) ဟာ ဗဟိုနောက်ခံလူ နှစ်ယောက် ဝယ်ယူတာနဲ့တင် ကုန်သွားနိုင်ပါတယ်..။
အခုအချိန်မှာ သူတို့လိုချင်တဲ့ ကစားသမားတွေကို ကင်းထောက်တာ၊ ဦးစားပေးပစ်မှတ်တွေကို သတ်မှတ်ရွေးချယ်တာတွေ ပြီးဆုံးလောက်ပါပြီ..။ အဲဒီကစားသမားတွေကို မြန်မြန်ဆန်ဆန်၊ သေသေသပ်သပ်နဲ့ အပြီးသတ်ခေါ်ယူဖို့က မာရီနာ ဂရာနော့ဗ်ကီးယားစ် တို့တစ်တွေ ပိုင်နိုင်၊ ကျွမ်းကျင်ပါတယ်..။ ရေရှည်မှာတော့ ဘိုလေး တို့ဟာ ကစားသမားခေါ်ယူရာမှာ အချက်အလက်တွေကို ဦးစားပေး တွက်ချက်၊ အသုံးချလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်..။
လက်ရှိအသင်းသားများ၏ အနေအထား…
ဗြိတိသျှ အစိုးရရဲ့ တားမြစ်ပိတ်ပင်မှုတွေကြောင့် ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကိစ္စရပ်တွေကို ဆွေးနွေးလို့မရနိုင်ပဲ ဖြစ်နေပါတယ်..။ ပထမအရေးအကြီးဆုံးက အကယ်ဒမီထွက် လူငယ်သွေးသစ်များဖြစ်ကြတဲ့ ရိစ် ဂျိမ်းစ် နဲ့ မေဆန် မောင့် တို့ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ဖြစ်ပါလိမ့်မယ်..။ ရိစ် ဂျိမ်းစ် ဟာ စာချုပ်သက်တမ်း သုံးနှစ်၊ မေဆန် မောင့် ဟာ စာချုပ်သက်တမ်းနှစ်နှစ် အသီးသီး ကျန်ရှိနေသေးတယ်.. ဆိုပေမယ့် ဥရောပထိပ်တန်း အသင်းကြီးတွေက သူတို့နှစ်ယောက်ရဲ့ အနေအထားကို မျက်ခြေမပြတ် စောင့်ကြည့်နေကြပါတယ်..။ အဲဒီအင်္ဂလန်လူငယ် နှစ်ယောက်ဟာ သောမတ်စ် တူခယ်လ် ရဲ့ အနာဂတ်အစီအစဉ်တွေမှာ အရေးပါတဲ့ နေရာကနေ ရှိနေမှာဖြစ်ပြီး တစ်ပါတ်ကို စတာလင်ပေါင် (၂၀၀,၀၀၀) လောက် တိုးမြှင့်ရရှိလာဖို့ ရှိပါတယ်..။ အထူးသဖြင့် မန်ချက်စတာ စီးတီး ဟာ အသက်အရွယ် ကြီးမြင့်လာခဲ့တဲ့ ညာနောက်ခံလူ ကိုင်လ် ဝေါ့ကာ ရဲ့နေရာကို ရိစ် ဂျိမ်းစ် နဲ့ အစားထိုးဖို့ ဆန္ဒရှိနေပါတယ်..။
ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ အန်ဂိုလို ကန်တေး နဲ့ ဂျော်ဂင်ဟို တို့ဟာလည်း သူတို့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်တွေဆီ ချဉ်းနင်းဝင်ရောက်လာပါပြီ..။ ဒ့ါကြောင့်သူတို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေကို ခပ်မြန်မြန် ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်..။ ဂျော်ဂင်ဟို ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ စိတ်ဝင်စားမှု ခံယူရနေရသလို အသက် (၃၁) နှစ်ထဲကို ရောက်ရှိလာပြီဖြစ်တဲ့ အန်ဂိုလို ကန်တေး နဲ့ စာချုပ်သက်တမ်းတိုးနိုင်ဖို့ ဆွေးနွေးမှုတွေ အမြန်ဆုံးပြုလုပ်ပါလိမ့်မယ်..။
တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ သူ့ရဲ့ပထမဆုံး ဘောလုံးရာသီမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာ အသင်းဘက်ကရော၊ သူ့ဘက်ကပါ လမ်းခွဲဖို့ကိစ္စကို မစဉ်းစားကြသေးပါဘူး..။ လာမယ့်ဘောလုံးရာသီမှာ သူ့ရဲ့ခြေစွမ်းဟာ တိုးတက်တဲ့ဘက်ကို ရောက်ရှိလာလိမ့်မယ်လို့ နှစ်ဘက်စလုံးက ယူဆနေကြပါတယ်..။ ဒါပေမယ့် အကြောင်းကြောင်းနဲ့ လူကာကူ ထွက်ခွာဖြစ်ပါက RB လိုက်ပ်ဇစ် က ခရစ်စ်တိုဖာ အန်ကန်ကူ နဲ့ ဘင်ဖီကာ အသင်းက ဒါဝင် နူးနက်ဇ် တို့နဲ့ အစားထိုးနိုင်ဖို့ ကြိုးစားပါလိမ့်မယ်..။
အခုနှစ်နွေရာသီမှာ ဟာကင် ဇီးယက်ခ်ျ၊ ကက်ပါ အရီဇာဘာလာဂါ နဲ့ တီမို ဗာနာ တို့ အသင်းကနေ ထွက်ခွာသွားနိုင်ဖို့ ရှိနေပြီး အဌားသွားရောက် ကစားခဲ့တဲ့ အသင်းတွေမှာ အောင်မြင်ခဲ့ကြတဲ့ လီဗိုင်း ကော်ဝေးလ်၊ ကော်နာ ဂါလက်ချာ နဲ့ အာမန်ဒို ဘရိုဂျားစ် တို့ အပါအဝင် ဘီလီ ဂေးလ်မား တို့ဟာ အသင်းကိုပြန်လည် ရောက်ရှိလာပါလိမ့်မယ်..။ နည်းပြတူခယ်လ် ဟာ သူတို့ရဲ့ခြေစွမ်းကို ရာသီကြို ခြေစမ်းပွဲတွေမှာဆန်းစစ်ပြီး သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်ပါမယ်..။ ခရစ်စ်တယ် ပဲလေ့စ်အသင်းက ကော်ဝေးလ် နဲ့ ကော်နာ ဂါလက်ချာ တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဝက်စ်ဟမ်းအသင်းကလည်း အာမန်ဒို ဘရိုဂျားစ် ကို ခေါ်ယူဖို့ ကြိုးစားလိမ့်မယ်.. ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်..။
အသင်းအတွက် ဝင်ငွေလမ်းကြောင်းနှင့် လိုအပ်နေသည့် ကွင်းသစ်စီမံကိန်း…
တော့ဒ် ဘိုလေး ဟာ ပွဲပျက်နေတဲ့ LA Dodgers အသင်းကို အောင်မြင်မှုတွေ ရရှိလာအောင် ဆောင်ရွက်ခဲ့ရာမှာ အပြောင်းအရွှေ့ ဈေးကွက်မှာ ငွေကြေးအများအပြား သုံးစွဲပြီး ကစားသမားကောင်းတွေကို ကြေးမရှောင် ဝယ်ယူခဲ့ပါတယ်..။ အဲဒီလိုသုံးစွဲနိုင်အောင်လို့ မြင့်မားလှတဲ့ ဝင်ငွေတွေကို တမဟုတ်ချင်းရရှိလာအောင် ရှာဖွေခဲ့ရာမှာ Dodgers အသင်းရဲ့ နာမည်နဲ့လုပ်ပိုင်ခွင့် (Naming Rights) အပါအဝင် ရုပ်သံထုတ်လွှင့်မှု မူပိုင်ခွင့်ကို မြင့်မားတဲ့ကြေးနဲ့ ရောင်းချနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ကွင်းဝင်ကြေးလက်မှတ်ခကို အများကြီးတိုးမြှင့်ခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းကတော့ အဓိကဝင်ငွေရလမ်းအနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲနဲ့ ကိုယ်တွေလိုသလို ကြိုးဆွဲလို့မရနိုင်တဲ့ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲဝင်ခွင့်အပေါ် မှီခိုနေရပါတယ်..။ အခုနှစ်ဘောလုံးရာသီမှာဆိုရင် ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ (ဆုကြေးငွေ အပါအဝင်) စတာလင်ပေါင် (၄၃.၄ သန်း) ရရှိခဲ့ပြီး ပြည်တွင်းရုပ်သံလွှင့်ထုတ်မှုတွေကနေ စတာလင်ပေါင် (၁၅၅) သန်း ရရှိခဲ့ပါတယ်..။ အဲဒီဝင်ငွေတွေအပြင် ကစားသမား ရောင်းချရာက ရရှိလာတဲ့ငွေတွေ၊ စီးပွားရေးလုပ်ငန်းတွေကနေ ရရှိလာတဲ့ ဝင်ငွေတွေ ရှိခဲ့ပေမယ့် အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ အနည်းနဲ့အများတော့ ကိုယ်ပိုင်ဝင်ငွေ စိုက်ထုတ်နေရဆဲပါပဲ..။
အထူးသဖြင့် ချယ်လ်ဆီးအသင်းဟာ လန်ဒန်မြို့တော်မှာ အအောင်မြင်ဆုံး အသင်းဖြစ်ပေမယ့် အသင်းရဲ့ တစ်ရာသီစာ လက်မှတ်တန်ကြေး (season ticket price) ဟာ အာဆင်နယ် အသင်းရဲ့ ဈေးအပေါဆုံး တစ်ရာသီစာ လက်မှတ်ကြေးထက် စတာလင်ပေါင် (၃၀၀) လောက် လျော့နည်းနေပါတယ်..။ ဒ့ါအပြင် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကြီးဟာ ပရိသတ် (၄၀,၃၈၄) ယောက်ပဲ ဆန့်တာကြောင့် ပြိုင်ဘက်အသင်းတွေထက် ပရိသတ်ကြည့်ရှုနိုင်ခွင့် လျော့နည်းနေသလို ထပ်မံတိုးချဲ့ရမယ့်နေရာ အတော်လေးကို ရှားပါးနေပါတယ်..။
မကြာသေးခင်ကပဲ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းနားက စစ်ပြန်မှုထမ်းဟောင်း အိမ်ရာစီမံကိန်းကနေ အိမ်ခြေ (၁၅၇) လုံး ပါဝင်တဲ့ အိမ်ယာခြံဝန်းတစ်ခုကို စတာလင်ပေါင်သန်း (၅၀) နဲ့ ရောင်းချလိုတဲ့အကြောင်း အသိပေးလာပါတယ်..။ ဒါဟာချယ်လ်ဆီးအသင်းအတွက် သတင်းကောင်းဖြစ်ပေမယ့် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း ပြန်လည်တိုးချဲ့၊ တည်ဆောက်ရေး လုပ်ငန်းဟာ ကုန်ကျစားရိတ် ကြီးမားမှာ အသေအချာပါပဲ..။ အခုချယ်လ်ဆီးအသင်း ရောင်းချရာမှာ ထူးခြားချက်တစ်ခုကတော့ ရစရာ၊ ပေးစရာ ‘ကြွေးမြီကင်းရှင်း (debt free)’ တာပဲ ဖြစ်ပါတယ်..။ ဒါပေမယ့် ပိုင်ရှင်သစ်တွေရဲ့ လက်ထဲမှာတော့ အားလုံး ‘တစ်’ ကနေ ပြန်စပါမယ်..။
ပိုင်ရှင်သစ်တွေကြောင့် သက်ရောက်လာနိုင်တဲ့ အကျိုးဆက်များ…
အသင်းရဲ့အနာဂတ် ကောက်ကြောင်းတွေကို ခန့်မှန်းတဲ့နေရာမှာ လက်ရှိဥရောပဘောလုံးလောကမှာ ဖြစ်ပေါ်နေတဲ့ ဘောလုံးနိုင်ငံရေး လွန်ဆွဲပွဲတွေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်..။ အစဉ်အလာ ဥရောပထိပ်တန်း အသင်းကြီးတွေနဲ့ အခုနောက်ပိုင်းမှာ အလျှင်အမြန် ကြီးမားလာကြတဲ့ အသင်းများကြားထဲက ပဋိပက္ခဟာ ‘စစ်အေးတိုက်ပွဲ (cold war)’ အသွင် ဆောင်လာပြီး ပြင်သစ်တိုက်စစ်မှူး ကိုင်လီယန် အမ်ဘတ်ပေး ရဲ့ စာချုပ်သက်တမ်းတိုးတဲ့ကိစ္စမှာ ရီးရဲလ် မက်ဒရစ် နဲ့ နောက်တက်ပီအက်စ်ဂျီ အသင်းတို့ ထိပ်တိုက်တွေ့ကြပါတယ်..။ တော့ဒ် ဘိုလေး တို့ဟာ အစဉ်အလာ အသင်းဟောင်းတွေဘက်ကို ထောက်ခံမှာလား..? နောက်တက်ခြေတက် အသင်းတွေဘက်မှာ ရပ်မှာလား..? မပြောနိုင်ပါဘူး..။ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ချယ်လ်ဆီးအသင်းနဲ့ အင်္ဂလိပ်ဘောလုံးလောကရဲ့ မြင်ကွင်းကို ပြောင်းလဲပေးတဲ့သူ ဖြစ်ခဲ့ပေမယ့် အမေရိကန် အသင်းပိုင်ရှင်သစ်တွေကိုတော့ အင်္ဂလန်က မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးလ် တို့လို အမေရိကန် သူဌေးတွေ ပိုင်ဆိုင်ထားတဲ့ ‘old money clubs’ အသင်းတွေ အစုအဖွဲ့ထဲက တစ်သင်းကို ပိုင်ဆိုင်သူအဖြစ်ပဲ မြင်ကြမှာပါ..။
တော့ဒ် ဘိုလေး ဟာ တန်ဖိုးကြီးမားလှတဲ့ ရုပ်သံထုတ်လွှင့်ကြေး စာချုပ်သစ်တွေ ချုပ်ဆိုပြီး Dodgers အသင်းရဲ့ အောင်မြင်မှုတွေကို ဆောင်ယူပေးနိုင်ခဲ့ပေမယ့် အင်္ဂလန်ဘောလုံးလောကရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေအရ အဲဒီလိုသီးခြား စာချုပ်တွေ ပြုလုပ်ပြီး ခွဲထွက်လို့မရပါဘူး..။ ဒါပေမယ့် လောကရဲ့နိယာမအရ အရာရာဟာ တည်မြဲနေမှာ မဟုတ်သလို အခုဆိုရင် တော့ဒ် ဘိုလေး တို့လို အစဉ်အလာ လုပ်ထုံးလုပ်နည်းတွေကို ဆန့်ကျင်လိုသူတွေဘက်က တဖြည်းဖြည်း ပိုအားကောင်းလာတယ်လို့ ပြောလို့ရပါတယ်..။ ဒ့ါကြောင့်သူတို့ old money clubs ပိုင်ရှင်များ စုပေါင်းပြီး အသင်းတစ်သင်းစီအလိုက် အချိုးကျခွဲယူနေရတဲ့ ရုပ်သံထုတ်လွှင့်ကြေး ပုံစံကနေ ခွဲထွက်လာအောင် ဖိအားပေး တောင်းဆိုလာကြမလား..? ဆိုတာ စောင့်ကြည့်ရမှာပါ..။
ဒ့ါကြောင့်လက်ရှိအင်္ဂလိပ် ဘောလုံးလောကရဲ့ အခင်းအကျင်းအရ တော့ဒ် ဘိုလေး တို့ဟာ LA Dodgers အသင်းကို အောင်မြင်မှုတွေ ရရှိစေခဲ့တဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားဖို့ မရှိသေးတဲ့အပြင် ဥရောပဘောလုံးလောကရဲ့ ပြောင်းလဲလာနိုင်မယ့် ရေစီးကြောင်းကို စောင့်ကြည့်ရဖို့ ရှိနေပါတယ်..။ နောက်ထပ် ဖြစ်လာနိုင်စရာရှိတဲ့ အပြောင်းအလဲက သူတို့လို အမြင်သစ်နဲ့ အသင်းပိုင်ရှင်သစ်တွေ တဖြည်းဖြည်း အားကောင်းလာတာနဲ့အမျှ မူလရှိရင်းစွဲ ရှေးရိုးသမားတွေကို တဖြည်းဖြည်း ဖယ်ထုတ်ပြီး ပရီးမီးယားလိဂ်ရဲ့ ဖွဲ့စည်းပုံ ပြောင်းလာလာအောင် တွန်းအားပေးနိုင်လာတာပါပဲ..။ ဒီလိုနည်းနဲ့ ပရီးမီးယားလိဂ်ဟာ ပြောင်းလဲသွားမလား.. စောင့်ကြည့်ချင်စရာပါ..။
ဒါ့အပြင် ဘောလုံးအားကစားနည်းကို စီးပွားရှာဖို့ ရောက်ရှိလာတဲ့ တော့ဒ် ဘိုလေး တို့လို အသင်းပိုင်ရှင်တွေ များပြားလာတာဟာ ကျွန်တော်တို့ ဘောလုံးပရိသတ်၊ အသင်းပရိသတ်တွေအပေါ် သက်ရောက်မှုရှိပါတယ်..။ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေ၊ ချန်ပီယံလိဂ် ပြိုင်ပွဲတွေဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားပြိုင်ပွဲတွေ ဖြစ်နေပေမယ့် ထင်သလောက် စီးပွားဖြစ်နေတာတော့ မဟုတ်ပါဘူး..။ အခုနောက်ပိုင်းနှစ် (၃၀) အတွင်းမှာ ကမ္ဘာ့ဘောလုံးလောကမှာ ကစားသမားတွေရဲ့ လုပ်ခ၊ လစာ၊ ပြောင်းရွှေ့ကြေးတွေ တဖြည်းဖြည်း မြင့်မားလာပေမယ့် ဘောလုံးပွဲတွေဆီကို စီးဝင်လာတဲ့ ငွေကြေးတွေဟာ အချိုးအစားညီညီ တိုးမြှင့်များပြားလာခဲ့ခြင်း မရှိပါဘူး..။
ဒ့ါကြောင့် ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာတို့ စတင်လှုံ့ဆော်ခဲ့တဲ့ ဥရောပစူပါလိဂ် ပြိုင်ပွဲဟာ အလုံးစုံနိဌံသွားခြင်း မရှိသေးသလို မကြာခင် ၂၀၂၄/၂၅ ဘောလုံးရာသီမှာစတင်မယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပုံစံသစ်ဟာ နောင်အခါ လာလတ္တံသော အပြောင်းအလဲအတွက် အကြိုလမ်းခင်းပေးထားတဲ့ ပြိုင်ပွဲပုံစံတစ်ခု ဖြစ်နေပါတယ်..။ အဲဒီလိုပြောင်းလာနိုင်တဲ့ အခင်းအကျင်း၊ အလားအလာတွေအရ ချယ်လ်ဆီး လို အသင်းကြီးတစ်သင်း ပိုင်ရှင်အပြောင်းအလဲဖြစ်တဲ့ ကိစ္စရပ်ဟာ အရေးကြီးပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးဟာ ဘာကြောင့် အသင်းပိုင်ရှင် ပြောင်းလဲခဲ့လဲ..? ပြောင်းကိုပြောင်းမှ ဖြစ်တော့မယ့် အခြေအနေကြောင့် ဖြစ်ပါတယ်..။ တစ်ဆက်တည်းမှာပဲ ပရိသတ်တွေကြိုက်သည်ဖြစ်စေ..၊ မကြိုက်သည်ဖြစ်စေ.. ဥရောပဘောလုံး လောကဟာလည်း အပြောင်းအလဲတွေ ရောက်ရှိလာပါလိမ့်မယ်..။
အဲဒီလိုပြောင်းလဲလာတဲ့ ရေစီးကြောင်း လိုအပ်ချက်အရ ပြိုင်ပွဲကျင်းပပုံ၊ စည်းမျဉ်းဥပဒေတွေဟာ မဖြစ်မနေ ပြောင်းလဲရပါတယ်..။ ‘ကျွဲကူးရေပါဆိုသလို’ ဘောလုံးအသင်းတွေမှာလည်း မဖြစ်မနေ အပြောင်းအလဲတွေ ဖြစ်ပေါ်လာရပါတယ်..။ ဒါ့ကြောင့်အဲဒီလို အပြောင်းအလဲ လှိုင်းတံပိုးတွေကြားထဲမှာ ရိုမန် အေဘရာမိုဗစ်ခ်ျ ကို ပေးဆပ်လိုက်ရတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ တော့ဒ် ဘိုလေး တို့ အစုအဖွဲ့ စတင်ခြယ်သမယ့် အပြာရောင် ကောက်ကြောင်းသစ်တွေရဲ့အောက်မှာ ဘယ်လိုဘယ်ပုံ ပြောင်းလဲလာသွားမလဲ.. မျက်ဝါးထင်ထင် မြင်တွေ့ရမယ့်အချိန်ကို ရောက်ရှိလာပါတော့မယ်..။
Reference
=======
- So what now for Chelsea? As Todd Boehly's consortium collects the Stamford Bridge keys, he'll hand Thomas Tuchel £200m to spend with two new defender the priority... but new owners must solve the stadium conundrum, by Sami Mokbel, Daily Mail
- The Chelsea takeover will be a step into the unknown for all European football, by Ian King, Football 365