အင်္ဂလန်လက်ရွေးစင် အသင်းနှင့်အတူ ရောက်ရှိနေသော ချယ်လ်ဆီးကွင်းလယ် ကစားသမား မေဆန် မောင့် မှာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလများအတွင်း ဖြစ်ချင်ခဲ့သော၊ ပြောင်းလဲချင်ခဲ့သော ဆန္ဒများ၊ အိပ်မက်များ၊ ဆုတောင်းများအကြောင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ၏ ‘If I Could..’ တွေ့ဆုံခန်း အစီအစဉ်မှတဆင့် ယခုလို ဖွင့်ဟခဲ့သည်..။
တကယ်လို့များ (၁) - ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္တဝင်ကစားသမားတွေထဲက အတူတွဲပြီး ကစားခွင့်ရမယ့် ကစားသမား တစ်ယောက်ကို ရွေးလို့ရခဲ့မယ်ဆိုရင်…
“ကျွန်တော်နှစ်ခြိုက်ခဲ့တဲ့ ကစားသမားတွေ အများကြီးရှိနေတဲ့အတွက် ရွေးရတာ အရမ်းခက်ပါတယ်..။ ဒါပေမယ့် ကွင်းလယ်မှာ ဇာဗီ၊ အင်နီယက်စ်တာ တို့နဲ့အတူ တွဲပြီးကစားခွင့် ရခဲ့မယ်ဆိုရင် သိပ်ကိုကျေနပ်ဖို့ ကောင်းပါလိမ့်မယ်..။ ကျွန်တော်ဟာ သူတို့နှစ်ယောက်ရဲ့ ကစားပုံ ဗွီဒီယိုတွေကို ကြည့်ရင်းကြီးပြင်း လာခဲ့တာဆိုတော့ သူတို့တွေရဲ့ တစ်ချက်ထိ ပေးပို့ပုံတွေ၊ ဝမ်းတူး ကစားပုံတွေကို အထူးနှစ်သက်ခဲ့ပါတယ်..။ ဒ့ါကြောင့်သူတို့နှစ်ယောက်နဲ့အတူ ကွင်းလယ် ကစားခွင့်ရဖို့ အရမ်းကိုဆန္ဒရှိခဲ့ပါတယ်..။ သူတို့ပါဝင်ခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ဘက်တွေဟာ ဘောလုံးကိုလုံး၀ ထိခွင့်မရခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တာ တကယ့်ကို မယုံကြည်နိုင်စရာပါပဲ..။”
တကယ်လို့များ (၂) - ကိုယ့်ရဲ့ဘောလုံးစွမ်းရည်ထဲက တစ်ခုခုကို နေ့ချင်းညချင်း တိုးတက်ခွင့်ရခဲ့မယ်ဆိုရင်..
“အဆုံးသတ် ဂိုးသွင်းခြင်း (finishing) ပါ..။ ကွင်းလယ် ကစားသမား တစ်ယောက်အနေနဲ့ အဆုံးသတ် ဂိုးသွင်းတဲ့စွမ်းရည်ပိုင်းမှာ ဒီထက်ပိုပြီး တိုးတက်ခဲ့မယ်ဆိုရင်၊ သွင်းဂိုးတွေ ပိုရခဲ့မယ်ဆိုရင် ကျွန်တော်ဟာ နောက်ထပ်တစ်ဆင့်မြင့် ကစားသမားအဖြစ် တက်လှမ်းသွားနိုင်မှာပါ..။”
တကယ်လို့များ (၃) - အင်္ဂလန်အသင်းဖော်တွေဆီကနေ သူတို့အားသာတဲ့ စွမ်းရည်တွေကို ပေါင်းထည့်ခွင့်ရမယ်ဆိုရင်..
“ကိုင်လ် ဝေါ့ကာ ရဲ့ အမြန်နှုန်း (pace).. ဘာဖြစ်လို့လည်းဆိုတော့ သူဟာ ကျွန်တော်တို့အသင်းမှာ အလျှင်မြန်ဆုံး ကစားသမား ဖြစ်တာကြောင့်ပါ..။ ဒါ့အပြင် ရိစ် ဂျိမ်းစ် ဆီက ကြံ့ခိုင်မှု (strength)၊ ဟာရီ ကိန်း ရဲ့ ဂိုးသွင်းအဆုံးသတ် သေချာမှု (finishing)၊ ဂျာဒွန် ဆန်ချို၊ ဂျက်ခ် ဂရေးလစ်ခ်ျ၊ ရာဟင်း စတာလင်း နဲ့ တောင်ပံ ကစားသမားတွေဆီက ဘောလုံးကျွမ်းကျင်မှုနဲ့ တစ်ဦးချင်း ကျော်ဖြတ်နိုင်မှု စွမ်းရည်တွေ (dribbling and skills) ဖြစ်ပါတယ်..။ ဒါပေမယ့် တစ်ခုထဲကိုပဲ ရွေးပါဆိုရင် ကိုင်လ် ဝေါ့ကာ ရဲ့ အမြန်နှုန်းကိုပဲ ရွေးပါမယ်..။”
တကယ်လို့များ (၄) - သမိုင်းထဲကို တစ်ခေါက်ပြန်သွားခွင့် ရခဲ့မယ်ဆိုရင်..
“အင်္ဂလန်အသင်း ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ၁၉၆၆ ခုနှစ်ကာလကို ပြန်သွားချင်ပါတယ်..။ ပြီးခဲ့တဲ့နွေရာသီ ကာလမှာ ကျွန်တော်တို့ဟာ အဓိကဆုဖလားကြီး တစ်ခုကို ဆွတ်ခူးနိုင်ဖို့ အင်မတန်မှ နီးစပ်ခဲ့ပါတယ်..။ ဒါတောင် နီးစပ်တဲ့အဆင့်ပဲ ရှိသေးတာမို့ တကယ်များ ဗိုလ်စွဲခဲ့ရင် ကစားကွင်းကြီးထဲမှာ ရှိနေမယ့် အနေအထားကို ခန့်မှန်းကြည့်တာနဲ့တင် သိပ်ကိုကြည်နူး ပီတိဖြစ်ရပါတယ်..။ ဒ့ါကြောင့် ကမ္ဘာ့ဖလားလို ဆုဖလားကြီးကို အင်္ဂလန်အသင်း ဆွတ်ခူးခဲ့တာ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရချင်ပါတယ်..။”
တကယ်လို့များ (၅) - ကမ္ဘာကြီးထဲက အကြောင်းအရာ.. ဒါမှမဟုတ် အခြင်းအရာတစ်ခုကို ပြောင်းလဲခွင့် ရခဲ့မယ်ဆိုရင်..
“ကျွန်တော်ပြောင်းလဲလိုက်ချင်တဲ့ အရာတွေ အများကြီးရှိနေတဲ့အတွက် ဖြေရတာ ခက်ခဲပါတယ်..။ ဒါပေမယ့် ဒီနေ့၊ ဒီအချိန်ထိ ကျွန်တော်အမုန်းဆုံး အရာကို ပြောပါဆိုရင် လူတွေဟာ online ပေါ်မှာတက်ပြီး လူမျိုးရေးအစွန်းရောက် စကားတွေ (racism)၊ ခွဲခြားဆက်ဆံမှုတွေ၊ အမုန်းစကားတွေကို ပြောချင်သလို ပြောနိုင်ပေမယ့် သူတို့တွေကို ဘာမှထိထိရောက်ရောက် အရေးမယူတာကိုပဲ ဖြစ်ပါတယ်…။ ဒါတွေကို လက်မခံနိုင်ပါဘူး..။ အခုအချိန်မှာ အဲဒီလို online ပေါ်က အမုန်းတရားတွေလျော့ပါးလာအောင် အင်တိုက်အားတိုက် ဆောင်ရွက်နေတာကြောင့် လျော့ပါးလာတွေ ရှိပေမယ့် လုံးဝပပျောက်သွားခြင်း မရှိသေးပါဘူး..။ ကျွန်တော်ဟာ ဒီအသင်းကို အသက်ခြောက်နှစ် အရွယ်ကတည်းက ရောက်ရှိခဲ့တာ ဖြစ်တဲ့အတွက် ကိုယ်နဲ့အတူတူ ကစားခဲ့ဖူးတဲ့ အသင်းဖော်တွေ၊ သူငယ်ချင်းတွေ အစော်ကားခံရတာ မကြာခဏ မြင်တွေ့ခဲ့ရ၊ ကြားခဲ့ရပါတယ်..။ အဲဒီလို မြင်ခဲ့ကြားခဲ့ရတဲ့ အခါတိုင်း စိတ်မကောင်း ဖြစ်ခဲ့ရသလို အဲဒီလိုခွဲခြားမှုမျိုးတွေ နောက်ထပ်မကြုံတွေ့ရဖို့ မျှော်လင့်ခဲ့ပါတယ်..။”
တကယ်လို့များ (၆) - ဘောလုံးကစားနည်းထဲက အကြောင်းအရာ.. ဒါမှမဟုတ် အခြင်းအရာတစ်ခုကို ပြောင်းလဲခွင့် ရခဲ့မယ်ဆိုရင်..
“မနှစ်တုန်းက ဒီလိုအချိန်မှာသာ အခုမေးခွန်းကို မေးခဲ့မယ်ဆိုရင် ‘VAR’ လို့ ဖြေမိပါလိမ့်မယ်..။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ သိသိသာသာ တိုးတက်လာပါတယ်..။ VAR ကြောင့် စိတ်ညစ်ခဲ့ရတဲ့ အချိန်တွေ အများကြီးပါပဲ..။ ဘောလုံးကစားတာကို စိတ်ခံစားမှုသက်သက်အပေါ် အခြေခံပြီးပဲ ကစားချင်ပါတယ်..။ ဂိုးသွင်းပြီး အောင်ပွဲခံတာတောင် စိတ်တထင့်ထင့်နဲ့ အောင်ပွဲခံနေရတာ..၊ ကိုယ်သွင်းတဲ့ဂိုးကို ပေးမှပေးပါ့မလား.. ဆိုပြီး ငါးစက္ကန့်၊ ဆယ်စက္ကန့်လောက် စောင့်ပြီးမှ အောင်ပွဲခံရတာတွေဟာ အဆင်မပြေလှပါဘူး..။ ဒါ့ကြောင့်ပရိသတ်တွေနဲ့အတူတူ စိတ်ခံစားမှုနဲ့ပဲ ကစားရတဲ့ ဘောလုံးပွဲတွေဆီကို ပြန်သွားချင်ပါတယ်..။ အခုဆိုရင် ဂိုးသွင်းပြီးပြီးချင်း လူကျွံဘောဖြစ်မှာ၊ ပြစ်ဒဏ်ဘောဖြစ်မှာ စိုးရိမ်စိတ်တွေကြောင့် စစချင်းမှာ အပြည့်အ၀ မပျော်ရဲသလို ဖြစ်နေရတာကြောင့် ဂိုးသွင်းယူအပြီးမှာ ရရှိတဲ့ပျော်ရွှင်မှု၊ ခံစားချက်တွေဟာ နည်းနည်းတော့ လျော့ပါးသွားသလို ဖြစ်နေပါတယ်..။ ဒ့ါကြောင့်အရင်လို ခံစားချက်တွေ ပြန်ရခဲ့ရင် ပိုကောင်းပါလိမ့်မယ်..။”
တကယ်လို့များ (၇) - အသက် (၈) နှစ်သားအရွယ် မေဆန် မောင့် ကိုသာ အကြံပေးစကား ပြောကြားခွင့် ရခဲ့မယ်ဆိုရင်..
“ဘောလုံးကစားခွင့်ရနေတဲ့ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို အစွမ်းကုန် ခံစား၊ ပျော်ရွှင်ပါလို့ပဲ အကြံပေးချင်ပါတယ်..။ ကျွန်တော်ကိုယ်တိုင်လည်း ကစားခဲ့ရတဲ့ မိနစ်တိုင်းကို ကျေနပ်ခဲ့ပေမယ့် အချိန်တွေဟာ ကုန်လွယ်လွန်းလှသလို ခံစားရပါတယ်..။ ခြောက်နှစ်သားအရွယ် ချယ်လ်ဆီးအသင်းကို စပြီးရောက်တဲ့အချိန်နဲ့ အခု (၂၂) နှစ်အရွယ် အင်္ဂလန်နဲ့ ချယ်လ်ဆီးအသင်းမှာ ကစားရတဲ့ အချိန်တွေဟာ ခဏလေးလိုပါပဲ..။ ဒါ့အပြင် ကိုဗစ်ကြောင့် ပရိသတ်တွေ မပါဝင်ပဲ ကစားခဲ့ရတဲ့ ကာလတွေလို ဘာမှမှန်းဆလို့ မရနိုင်တဲ့ အချိန်တွေနဲ့လည်း ကြုံတွေ့နိုင်တာကြောင့် ကစားခွင့်ရနိုင်သမျှမှာ ကျေနပ်၊ ပျော်ရွှင်နေဖို့ အရေးကြီးဆုံးပါပဲ..။”
တကယ်လို့များ (၈) - အစားအစာ တစ်မျိုးတည်းကိုပဲ တစ်သက်လုံး စားသွားခွင့်ရမယ်ဆိုရင်…
“ကျွန်တော်ဟာ အစားအစာ အမယ်စုံ နှစ်သက်တဲ့အပြင် အစားအသောက်မှာ ဇီဇာမကြောင်ပါဘူး..။ ဒါပေမယ့် ဘယ်လိုအစားအစာမျိုးကို ရွေးရမလဲ.. ဆိုတာ အတော်ခက်ပါတယ်..။ မက္ကဆီကန် အစားအစာလား..? ပက်စ်တာ နဲ့ ပီဇာတွေလား..? ဂျပန်စာတွေကိုလည်း ကျွန်တော်ကြိုက်တာပဲ..၊ ဆူရှီလား..? စသဖြင့်ပေ့ါဗျာ..။ ဒါပေမယ့် တစ်သက်လုံးကို တစ်မျိုးတည်းပဲ စားရတော့မယ်ဆိုရင် ကျွန်တော့်အတွက် အဆင်ပြေလိမ့်မယ် မထင်ပါဘူး.။ ဒ့ါကြောင့်ကျွန်တော့်ဆီမှာ အဲဒီမေးခွန်းအတွက် အဖြေမရှိပါဘူး..။”
တကယ်လို့များ (၉) - ကိုယ့်ရဲ့အကြောင်း ရုပ်ရှင်ရိုက်မယ်ဆိုရင် မေဆန် မောင့် နေရာမှာ ဘယ်သူ့ကို သရုပ်ဆောင်စေချင်လဲ…?
“အခုတလောမှာ ရုပ်ရှင်တွေ ကြည့်ဖြစ်နေတာကြောင့် Thor ရုပ်ရှင်ကားက Chris Hemsworth..၊ Spiderman ရုပ်ရှင်က မင်းသား Tom Holland တို့ကို နှစ်သက်သလို ရွှေခေတ်က မင်းသားကြီး Leonardo di Carprio.. ဆိုရင် တကယ့်ကို ဂန္တဝင်ပေါ့ဗျာ..။ American Sniper ရုပ်ရှင်ထဲက Bradley Cooper ကိုလည်း နှစ်သက်ပါတယ်..။ ဒါပေမယ့် ကျွန်တော်နဲ့ ရုပ်ချင်းဆင်တူပြီး အသက်ငယ်တဲ့သူထဲက ရွေးရမှာပါ..။ ဒါ့ကြောင့် Tom Holland ကိုပဲ ရွေးပါမယ်..။ Spiderman ရုပ်ရှင်ကားတွေကို နှစ်သက်သလို အသစ်တစ်ကား ထွက်လာတိုင်း အစအဆုံး အကုန်ပြန်ကြည့်ပါတယ်..။ ဒ့ါကြောင့် ၂၀၀၂ ခုနှစ် Toby Maguire ရဲ့ ကားတွေကိုလည်း ပြန်ကြည့်ဖြစ်ပါတယ်..။”
တကယ်လို့များ (၁၀) - သမိုင်းထဲကလူတွေပဲဖြစ်ဖြစ်၊ လက်ရှိမျက်မှောက်ခေတ်က လူတွေပဲဖြစ်ဖြစ် ညစာစားဖို့ သုံးယောက်ဖိတ်ခွင့် ရခဲ့မယ်ဆိုရင်..
“ကျွန်တော်တို့ နားထောင်ဖို့ ဇာတ်လမ်းတွေ၊ ပုံပြင်တွေ၊ အလှည့်အပြောင်းတွေ အများကြီးရှိတဲ့သူတွေကိုပဲ ဖိတ်ချင်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ အင်္ဂလန်ပြည်ရဲ့ သမိုင်းကြောင်းထဲမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့တဲ့ Winston Churchill ဆီကနေ သူပြောပြတဲ့ ပုံပြင်တွေ ကြားချင်ပါတယ်.။ သူဟာစကားပြော ကောင်းတဲ့သူလည်း ဖြစ်ပါတယ်..။ အမေရိကန် ရုပ်ရှင်မင်းသား Leonardo diCarprio နဲ့လည်း ဆုံချင်ပါတယ်..။ တတိယတစ်ယောက်ကတော့ Conor McGregor ပေ့ါဗျာ..။ သူ့ဆီမှာလည်း ပုံပြင်ကောင်းတွေ အများကြီးရှိမှာပါ..။”
တကယ်လို့များ (၁၁) - ဘောလုံးသမား မဟုတ်တဲ့ ဒုတိယအိပ်မက်…
“ဖော်မြူလာဝမ်း (F 1) ပြိုင်ကားမောင်းသမား ဖြစ်ချင်ပါတယ်..။ သူတို့ဟာ တစ်ချိန်လုံးခရီးသွားနေရသလို အပါတ်စဉ်လိုလို ကမ္ဘာအနှံ့ နိုင်ငံစုံ သွားလာနေရပါတယ်..။ ဒါ့အပြင် ကမ္ဘာပေါ်မှာ အမြန်ဆုံးကားတွေနဲ့ ပြိုင်ပွဲဝင်နေရတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ဘဝဟာ အားကျစရာပါပဲ..။”
တကယ်လို့များ (၁၂) - တစုံတယောက်ကိုယ်စား တစ်ရက်လောက် ဖြစ်ခွင့်ရခဲ့မယ်ဆိုရင်..
“ထူးထူးဆန်းဆန်း နေထိုင်၊ ပြုမူတတ်တဲ့ ဂီတသမား (musician) တစ်ယောက် ဖြစ်ချင်ပါတယ်..။ ဒါမှမဟုတ် F 1 ပြိုင်ကားမောင်းသမားအဖြစ် တစ်ရက်လောက် နေထိုင်ခွင့်ရရင်လည်း မဆိုးဘူးလား.. လို့ပါ..။ ဒ့ါကြောင့် Lewis Hamilton ဒါမှမဟုတ် ဂီတသမားထဲကဆိုရင် Drake ပေ့ါဗျာ..။ သူ့ရဲ့အိမ်ကိုလည်း အလည်တစ်ခေါက်လောက် ရောက်ချင်ပါတယ်..။ သူ့ရဲ့အိမ်မှာ ဘတ်စ်ကတ်ဘောကွင်းလည်း ရှိတယ်.၊ အိမ်ထဲမှာ အစုံအလင် ထည့်သွင်းထားတယ်လို့ သိရသလို ကိုယ်ပိုင်လေယာဉ်လည်း ရှိပါတယ်..။ Drake ရဲ့ ကိုယ်ပိုင်လေယာဉ်ဟာ အသေးစား မဟုတ်ပဲ Boeing 767 လေယာဉ်ကြီးပါ..။ ဒ့ါကြောင့် ကျွန်တော်ဟာ Drake ကိုပဲ တစ်ရက်လောက် နေရာလဲဖို့ ရွေးပါ့မယ်..။”
(England Football မှ ဆောင်းပါးရှင် Frank Smith ၏ ‘If I could…with Mason Mount’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)