ကျွန်တော့်ရဲ့ငယ်ဘဝအကြောင်း ပြန်တွေးမိရင် ကြည်နူးစရာ ဖြစ်ရပ်လေးတွေ အတော့်ကို များပြားခဲ့ပါတယ်..။ ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ‘ဘောလုံးသမား တစ်ယောက် ဖြစ်ရမယ်..’ ဆိုတဲ့ ရည်မှန်းချက်တစ်ခုပဲ ရှိခဲ့တာပါ..။ လေးနှစ်သား၊ ငါးနှစ်သား အရွယ်မှာ ကျွန်တော့်ရဲ့အမေက လူငယ်ဘောလုံးအသင်း တစ်သင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို ခေါ်သွားပါတယ်..။ လူတိုင်းက ကျွန်တော်ဟာ ငယ်လွန်းတာကြောင့် အခုလိုလေ့ကျင့်ခန်း အစီအစဉ်တွေစတင်ဖို့ မသင့်တော်သေးဘူးလို့ ဝိုင်းပြီးတားဆီးကြပါတယ်..။ ဒါပေမယ့် အတင်းကိုကုတ်ကပ်ပြီး တွယ်ဖက်ကာ ကစားခွင့်ရဖို့ မနားတမ်း တောင်းဆိုခဲ့တာကြောင့် နောက်ဆုံးမှာ သူတို့နဲ့အတူ ကစားခွင့် ပေးခဲ့ပါတယ်..။
အသင်းက ကလေးတွေထဲမှာ ကျွန်တော်ဟာ အသက်အငယ်ဆုံး ဖြစ်ပါတယ်..။ ဒါပေမယ့် ငါးနှစ်သား၊ ခြောက်နှစ်သားလောက် ရောက်လာချိန်မှာ ကျွန်တော်ဟာ သူများထက်ပိုပြီး လျှင်မြန်တယ်ဆိုတာ သတိထားမိလာပါတယ်..။ ဒါဟာတခြားကလေးတွေနဲ့ မတူညီတဲ့ ကျွန်တော့်ရဲ့ ထူးခြားချက်ပါ..။ မူကြိုကျောင်းမှာလည်း သုံးယောက်တစ်ယောက် အမြဲတမ်း ကစားလေ့ရှိပြီး ကျွန်တော်ပဲ အနိုင်ရတာ များပါတယ်..။ ဒီလိုနဲ့တဖြည်းဖြည်း အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော့်ဆီမှာ ထူးခြားတဲ့ ပင်ကိုယ်ပါရမီအခံ ရှိနေတာ သတိထားမိလာပါတယ်..။ ဒါပေမယ့် အဖေကတော့ ‘ကြိုးစားမှုမရှိရင် ပင်ကိုယ်အရည်အချင်းဆိုတာ အလကားပဲ..’ လို့ အမြဲတမ်း သတိပေးပါတယ်..။ အဲဒီလိုနေ့စဉ် ကြိုးစားအားထုတ်မှုတွေကြောင့်ပဲ ကျွန်တော်ဟာ ဒီနေ့မှာ အခုလိုကစားသမား ဘဝမျိုးကို ရောက်ရှိခဲ့တာပါ..။
ကျွန်တော်ဟာ ကိုယ့်ထက် နှစ်နှစ်၊ သုံးနှစ်ပိုပြီးကြီးတဲ့ ကလေးတွေနဲ့ ကစားလေ့ ရှိပါတယ်..။ ဘောလုံးကွင်းထဲမှာပဲ တစ်ချိန်လုံးလိုလို အချိန်ကုန်ခဲ့ပေမယ့် မိသားစုဝင်တွေရဲ့ အားပေးကူညီမှုကို ရရှိခဲ့တာ ကံကောင်းပါတယ်..။ သူတို့တွေဟာ ကျွန်တော့်ရဲ့ အကြီးမားဆုံး ပရိသတ်တွေပါပဲ..။ ဒီလိုနဲ့ LASK အသင်းကနေ နာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ ဒီနမို ဇာဂရက်ဗ် အသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့ အချိန်တုန်းက ကျွန်တော်ဟာ အသက် (၁၂) နှစ်ပဲ ရှိပါသေးတယ်..။ ဒီနမို အသင်းမှာ ကစားနေရင်း ဘောလုံးကြောင့်ပဲ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အများကြီး တိုးပွားလာခဲ့ပါတယ်..။
ဘောလုံးသမား တစ်ယောက်အနေနဲ့ ကျွန်တော်ဟာ ကွင်းတွင်းမှာရော၊ ကွင်းပြင်ပမှာပါ အကောင်း၊ အဆိုး လောကဓံတွေကို ကြုံတွေ့ခဲ့ရပါတယ်..။ အထူးသဖြင့် အသက် (၁၄) အရွယ် ခြေထောက်ကျိုး သွားတဲ့အချိန်မှာ ကျွန်တော်ရော၊ ကျွန်တော့်ရဲ့ မိသားစုဝင်တွေပါ နာကျင်ခံစားခဲ့ရပါတယ်..။ ကျွန်တော့်ကို အနီးကပ် စောင့်ရှောက်ဖို့အတွက် သြစတြီးယားနိုင်ငံမှာ အလုပ်လုပ်နေရတဲ့ အဖေဟာ အလုပ်ထွက်ပြီး ခရိုအေးရှားကို ပြန်လာခဲ့ပါတယ်..။
တကယ်တော့ အဖေ့ရဲ့ စွန့်စားမှုဟာ အန္တရာယ်ကြီးပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ ဒီနမို အသင်းမှာ အောင်မြင်မှုတွေ ရရှိလိမ့်မယ်ဆိုတာ သူဟာအပြည့်အ၀ ယုံကြည်ခဲ့တာကြောင့် ဝင်ငွေကောင်းနေတဲ့ သူ့ရဲ့လက်ငုတ်လက်ရင်း အလုပ်ကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်..။ အဖေ့ရဲ့ ဆုံးဖြတ်ချက် မှန်ခဲ့ပါတယ်…။ သူဟာကျွန်တော့်ကို အကြီးမားဆုံး ပံ့ပိုး၊ အားပေးခဲ့သူ ဖြစ်ခဲ့သလို မိသားစုဝင် အားလုံးရဲ့ နွေးထွေးတဲ့ ပံ့ပိုးမှုတွေ စဉ်ဆက်မပြတ် ရရှိခဲ့တာ ကျွန်တော့်အတွက် ကံကောင်းခဲ့ပါတယ်..။ သူတို့အားလုံး ကျွန်တော့်အတွက် အများကြီး ပေးဆပ်ခဲ့ကြတာကြောင့် ကျွန်တော်ကလည်း တစ်ဘက်တစ်လမ်းကနေ သူတို့ကို အကောင်းဆုံး ပြန်လည်ပေးဆပ်နိုင်ဖို့၊ သားကောင်းတစ်ယောက်အနေနဲ့ မိသားစုအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ဖို့၊ မိသားစုဝင်တွေနဲ့ အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်နေဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်..။
ဒီလိုအပြန်အလှန် တည်ရှိနေခဲ့တဲ့ ချစ်ခြင်းတရားတွေကြောင့် ကျွန်တော့်ရဲ့ ငယ်ဘဝတစ်လျှောက်ဟာ နွေးထွေး၊ လုံခြုံမှုတွေ ရရှိခဲ့သလို အရေးကြီးတဲ့ အချိန်တွေ၊ ကြီးမားတဲ့ အဆုံးအဖြတ်တွေ ချမှတ်ရမယ့် အချိန်တွေမှာ မိသားစုဝင်တွေရဲ့ သိုင်းဝိုင်းမှု၊ စည်းလုံးနဲ့ အကြံဉာဏ်ကောင်းတွေ ရရှိခဲ့ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်ဟာ အဆိုးရွားဆုံး အချိန်တွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာတောင် သူတို့တွေရဲ့ မေတ္တာတရား၊ အားပေးမှုတွေကြောင့် ကျေနပ်စရာတွေပါ ပူးတွဲခံစားခွင့် ရခဲ့ပါတယ်..။
ကျွန်တော့်ရဲ့ငယ်စဉ်ဘဝအကြောင်းတွေ ပြန်လည်ပြောတဲ့အခါမှာ ‘လူကာ မိုဒရစ်’ နဲ့ တွေ့ဆုံခဲ့ရတဲ့ အကြောင်းတွေကို ချန်ထားခဲ့လို့ မဖြစ်နိုင်ပါဘူး..။ (၁၀) နှစ်သား အရွယ်လောက်ကတည်းက လူကာ ရဲ့ ကစားပွဲတွေကို တစိုက်မတ်မတ် ကြည့်ရှု၊ အတုယူခဲ့ရင်း ဘောလုံးအကြောင်းကို ကျွန်တော်ပိုပြီး နားလည်လာခဲ့ပါတယ်..။ ဒီလိုနဲ့ပဲ သူနဲ့ဆုံတွေ့ခွင့် နှစ်ကြိမ်ရရှိခဲ့ပါတယ်..။ (၉) နှစ်၊ (၁၀) နှစ်သား အရွယ်မှာ ပထမဆုံးအကြိမ် တွေ့ခွင့်ရခဲ့ပြီး နောက်တစ်ကြိမ်ကတော့ (၁၄) နှစ်သား အရွယ်.. တော့တင်ဟမ် ဟော့စပါး အသင်းကို သူသွားရောက်တော့မယ့်အချိန် ဖြစ်ပါတယ်..။
ဒုတိယအကြိမ် တွေ့ဆုံစဉ်မှာ အသင်းကလူတွေက သူနဲ့အတူ ဓါတ်ပုံတွဲရိုက်ဖို့ တိုက်တွန်းပါတယ်..။ အဲဒီလို ဓါတ်ပုံရိုက်နေချိန်မှာပဲ ‘နောင်တစ်ချိန်ကျရင် တစ်သင်းတည်းမှာ ကစားရမယ့်သူတွေ..’ လို့ သူတို့တွေရဲ့ နောက်ပြောင်ပြီး နမိတ်ဖတ်ခဲ့ကြတဲ့ စကားတွေဟာ မှန်ကန်ခဲ့ပါတယ်..။ အဲဒီအချိန်ကစတင်လို့ လူကာ ဟာ ကျွန်တော့်ရဲ့ မိသားစုဝင် တစ်ယောက်လို့ ပြောရမှာဖြစ်ပြီး ကျွန်တော့်ရဲ့ ကစားသမား ဘဝတစ်လျှောက်လုံးမှာ သူနဲ့အင်မတန်မှ နီးနီးစပ်စပ် ဆက်ဆံခွင့်ရခဲ့ပါတယ်..။
တကယ်တော့ သူ့လိုအင်မတန်မှ ထူးချွန်လှတဲ့ သူတစ်ယောက်နဲ့ ဆုံစည်းခွင့်ရခဲ့တာဟာ သိပ်ကိုဂုဏ်ယူဖို့ ကောင်းပါတယ်..။ လူကာ ဟာ တကယ့်ကို ခြေစွမ်းကောင်းမွန်တဲ့ ထိပ်တန်းကစားသမား တစ်ယောက် ဖြစ်သလို ကွင်းပြင်ပမှာလည်း စံနမူနာထားလောက်တဲ့ အကျင့်စရိုက်တွေနဲ့ ပြည့်စုံသူ ဖြစ်ပါတယ်..။ သူဟာအင်မတန်မှ အေးဆေး တည်ငြိမ်သူ ဖြစ်တာကြောင့် အဲဒီအကျင့်စရိုက်ကို အင်မတန်မှ နှစ်သက်မိပါတယ်..။ ဒါ့အပြင် အမြဲတမ်း နှိမ်ချဆက်ဆံတတ်လေ့ရှိပြီး ဂုဏ်မောက်တဲ့ အပြုအမူတွေ၊ သူတစ်ပါးကို နှိမ့်ချတတ်တဲ့ စကားမျိုးတွေ ပြောကြားခဲ့တာ တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး..။ ဒ့ါကြောင့်သူဟာ ကျွန်တော်တို့လို ခရိုအေးရှား နိုင်ငံက ပေါက်ဖွားလာတဲ့ လူငယ်ကစားသမားတွေအတွက် တကယ့်ကို စံနမူနာပြ.. အတုယူရမယ့် ကစားသမား.. လို့ ပြောရမှာပါ..။
ခြေထောက်ကျိုးဒဏ်ရာကနေ ပြန်လည်ကောင်းမွန် လာခဲ့ပြီးနောက်ပိုင်း ကျွန်တော်ဟာ အစွမ်းကုန် တောက်ပခဲ့သလို အသက် (၁၆) နှစ်မှာ ဒီနမို ဇာဂရက် အသင်းကြီးကို ရောက်ရှိခဲ့ပါတယ်..။ ဒါဟာထိပ်တန်းအဆင့် ကစားသမားအဖြစ် တက်လှမ်းခဲ့တဲ့ ပထမဆုံး ခြေလှမ်းပါပဲ..။ ဒါ့အပြင် ဒီနမိုအသင်းနဲ့ ကျွန်တော့်ရဲ့ ပထမဆုံး ပွဲထွက်ခွင့် ရခဲ့တဲ့နေ့ဟာလည်း တကယ့်ကို အမှတ်တရ ဖြစ်စရာပါ..။ အသင်းကြီးနဲ့ ပွဲဦးထွက်မှာပဲ ကျွန်တော်ဟာ အဖွင့်ဂိုးသွင်းနိုင်ခဲ့ပါတယ်..။ အဲဒီနေ့က ပွဲပြီးတဲ့အချိန် အပျော်ရွှင်ဆုံး လူသားဟာ ကျွန်တော့်ရဲ့အဖေ ဖြစ်မှာပါ…။ ခြေထောက်ကျိုးခဲ့တဲ့ အချိန်ကစလို့ သူဟာကျွန်တော့်အတွက် အများကြီး စွန့်လွှတ်၊ ပေးဆပ်ခဲ့သူ ဖြစ်တာကြောင့် ကျွန်တော့်ရဲ့ ပထမဆုံး သွင်းဂိုးဟာ အဖေ့အတွက် ရည်ညွှန်းပါတယ်..။ အခုဆိုရင် သူဟာ ကျွန်တော့်အတွက် ဂုဏ်ယူမဆုံး ဖြစ်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်..။
ကျွန်တော်ဟာ မြက်ခင်းစိမ်းပေါ်မှာပဲ အမြဲတမ်းရှိနေချင်သလို ဘောလုံးကစားနေရရင် ကျေနပ်ပါတယ်..။ ဘောလုံးကစားရတာကိုလည်း ချစ်မြတ်နိုးပါတယ်..။ ဒါ့အပြင် ကိုယ့်ကိုယ်ကို အမြဲတမ်းယုံကြည်မှုအပြည့် ရှိနေသလို ကျွန်တော့်ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ အခွင့်အရေးပေးခဲ့တဲ့ ဒီနမို ဇာဂရက် အသင်းကို အမြဲတမ်း ကျေးဇူးတင်ရှိပါတယ်..။ တကယ်တော့ သူတို့ကျွန်တော့်ကို အခွင့်အရေး စတင်ပေးခဲ့တဲ့ အချိန်က (၁၆) နှစ်သားလေး တစ်ယောက်အတွက် နည်းစနစ်ပိုင်း၊ စိတ်ဓါတ်ပိုင်းတွေမှာပါ လိုအပ်ချက်တွေ အများကြီး ရှိနေခဲ့ပါတယ်..။
ဒါပေမယ့် သူတို့ဟာ ကျွန်တော့်ရဲ့ အားနည်းချက်တွေကို ခွင့်လွှတ်ထားခဲ့ပြီး ကောင်းသထက် ပိုမိုကောင်းမွန်တဲ့ ကစားသမား တစ်ယောက် ဖြစ်လာအောင် မောင်းနှင်၊ ပျိုးထောင်ပေးခဲ့ပါတယ်..။ ကျွန်တော့်ဘက်ကတော့ နေ့စဉ်နေ့တိုင်း အကောင်းဆုံး ကြိုးစားလေ့ကျင့်တယ်..၊ ပေးဆပ် ကစားတယ်ပေ့ါဗျာ..။ ကျွန်တော်ဟာ အဲဒီအချိန်တုန်းက ထိပ်တန်းအဆင့် ပြိုင်ပွဲတွေအတွက် (၁၀၀%) ရာခိုင်နှုန်းပြည့် အသင့်ရှိမနေသေးပေမယ့် ဒီနမို အသင်းရဲ့ ယုံကြည်အားထားခဲ့မှုကြောင့် နောက်ဆုံးမှာတော့ ကျွန်တော်ကိုယ်တိုင်ရော၊ အသင်းအတွက်ပါ အကျိုးဖြစ်ထွန်း စေခဲ့ပါကြောင်း တင်ဆက်လိုက်ပါတယ်…
မက်တီယို ကိုဗာဆစ်
မက်တီယို ကိုဗာဆစ် ၏ ကိုယ်ရေးအကျဉ်းကို ယခုစာကြောင်းကိုနှိပ်၍ ဖတ်ရှုနိုင်ပါသည်။