ချယ်လ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေး နှင့် အစုအဖွဲ့မှာ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းအား ပြန်လည်မွမ်းမံ ချဲ့ထွင်ရန် စီစဉ်လျှက်ရှိပြီး နေရာသစ်ဆီသို့ ပြောင်းရွှေ့မည့်အစား စတန်းဖို့ဒ် ဘရစ်ခ်ျ ပွဲကြည့်စင် လေးဘက်ကို တစ်ဘက်ချင်းစီဖြိုချပြီး ပြန်လည်ချဲ့ထွင်၊ တည်ဆောက်သွားမည်ဖြစ်ကြောင်း The Sun သတင်းဌာနက ဖော်ပြခဲ့သည်..။
ထိုသို့ပြန်လည် တည်ဆောက်ရာတွင် The Shed End ပွဲကြည့်စင်နောက်ရှိ ဟိုတယ်များကိုလည်း ဖြိုချသွားမည်ဟု သိရသည်..။ တော့ဒ် ဘိုလေး မှာ နာမည်ကျော် ဗိသုကာပညာရှင် ဂျဲနက် မေရီ စမစ် အား အဆိုပါစတန်းဖို့ဒ် ဘရစ်ခ်ျကွင်းသစ် စီမံကိန်းအား ဦးဆောင်နိုင်ရန် ခန့်အပ်ထားခဲ့ပြီးဖြစ်ပါသည်..။ ဂျဲနက် မေရီ စမစ် မှာ အက်တလန်တာ အိုလံပစ် အားကစားကွင်းကြီး၊ ဘော့စ်တွန် Red Sox အသင်း၏ Fenway Park ကစားကွင်း၊ မာ့ခ် ဝေါ်လ်တာ နှင့် တော့ဒ် ဘိုလေး တို့ ပိုင်ဆိုင်သော LA Dodgers အသင်း၏ Dodgers Stadium ကစားကွင်းများကို ကြီးမှူး၊ တည်ဆောက်ခဲ့သူဖြစ်သည်..။
ချယ်လ်ဆီးအသင်းမှာ ပရိသတ်များ၏ တောင်းဆိုမှုနှင့် ပြိုင်ဘက်အသင်းများနှင့် ကွင်းဝင်ကြေးနှင့် စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေရရှိမှုချင်း ယှဉ်ပြိုင်နိုင်ရန်အတွက် ပရိသတ် (၆၀,၀၀၀) ဆန့် ကစားကွင်းတစ်ခုကို တည်ဆောက်ရန် နှစ်ပေါင်းများစွာ ကြံစည်အားထုတ်ခဲ့ကြသည်..။ ထို့ကြောင့် နှစ်ပေါင်း (၁၁၇) နှစ် သက်တမ်းရှိပြီဖြစ်သော စတန်းဖို့ဒ် ဘရစ်ခ်ျ ကို စွန့်ခွာပြီး နေရာသစ်သို့ ပြောင်းရွှေ့နိုင်ရန် ကြိုးစားခဲ့ဖူးသလို ယခင်ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ ကလည်း စတာလင်ပေါင် (၁.၄) ဘီလီယံခန့် ကုန်ကျမည့် ကွင်းသစ် စီမံကိန်းကြီးတစ်ခုကို စတင်ရန် ပြင်ဆင်ခဲ့ဖူးသည်..။
ဤစာကြောင်းကိုနှိပ်၍ စတန်းဖို့ဒ် ဘရစ်ခ်ျ သမိုင်းကြောင်း ဖတ်ရှုနိုင်ပါသည်..။