feature-image

အရှုံးစကား ပြောနေတာတွေ ချက်ချင်းရပ်လိုက်ပါ.. 'ဂရေဟမ် ပေါ်တာ'

ချယ်လ်ဆီးအသင်းဟာ ဖူးလ်ဟမ်းအသင်းနဲ့ မနေ့ညက လန်ဒန်ဒါဘီပွဲစဉ်မှာ ထပ်ပြီးရှုံးနိမ့်ခဲ့ပြန်ပါတယ်..။ အဲဒီပွဲစဉ်မတိုင်မီကတည်းက အသင်းရဲ့ရလဒ်ပိုင်းတွေ ကျဆင်းလာနေမှုအပေါ် စိတ်ပျက်နေကြတဲ့ အပြာရောင်ပရိသတ်များဟာ နည်းပြကြီး ဂရေဟမ် ပေါ်တာ ဆီက အကြောင်းပြချက်တွေ၊ ဆင်ခြေဆင်လက်တွေ မကြားချင်တော့ပဲ ပိုမိုတင်းမာ၊ ပြတ်သားတဲ့ ပြောကြားချက်တွေကိုသာ အလိုရှိနေပါတော့တယ်..။

တကယ်တော့ အင်္ဂလိပ်နည်းပြကြီးဟာ မနေ့ကပွဲမတိုင်မီကပဲ သူရင်ဆိုင်နေရတဲ့ ဖိအားတွေ ဒီရေလှိုင်းများအလား တစ်နေ့တစ်ခြား တိုးပွားလာနေခဲ့သလို တစ်ဘက်မှာလည်း သတင်းထောက်တွေကတဆင့် ပရိသတ်နဲ့ ထိတွေ့ဆက်ဆံနေရတဲ့ ‘ပီအာ တိုက်ပွဲ (public relation battles)’ တွေမှာ အရှုံးပေါ်နေပါတယ်..။ အကျိုးဆက်ကတော့ သူတို့ရဲ့ချယ်လ်ဆီးအသင်း ပြုပြင်၊ ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် သံသယရှိနေကြတဲ့ ချယ်လ်ဆီးပရိသတ်တွေဟာ ဆန့်ကျင်ဘက်ပရိသတ်တွေအဖြစ် ပြောင်းလဲသွားခြင်းပဲ ဖြစ်ပါတော့တယ်..။

အဲဒီလိုဘက်ပေါင်းစုံက ဖိအားပေးမှုတွေကြောင့် ဂရေဟမ် ပေါ်တာ ဟာ ‘ချယ်လ်ဆီးအသင်း နည်းပြရာထူးဟာ ဘောလုံးလောကရဲ့ အခက်အခဲဆုံး တာဝန်ဖြစ်ပါတယ်..’ ဆိုပြီး ဖူးလ်ဟမ်းအသင်းနဲ့ပွဲကြို သတင်းစာရှင်လင်းပွဲမှာ ပြောကြားခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်း နည်းပြရာထူးကို ဆက်ဆံပြီးမကြာခင်မှာပဲ ကံမကောင်း၊ အကြောင်းမလှမှုမျိုးစုံနဲ့ တိုက်ဆိုင်ခဲ့တာကြောင့် သူဟာအခုအချိန်မှာ အခက်အခဲပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံ ရင်ဆိုင်နေရတာကို သံသယရှိစရာ မလိုပါဘူး..။ ဒါပေမယ့် သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားခဲ့တဲ့ လေလှိုင်းပေါ်က သူ့ရဲ့စကားလုံး၊ မှတ်ချက်တွေဟာ ချယ်လ်ဆီးပရိသတ်တွေရဲ့ စိတ်နှလုံးကို ဆွဲဆောင်နိုင်စွမ်း မရှိသလို ပရိသတ်တွေ ကြားချင်နေတဲ့ စကားလုံးတွေ မပါဝင်ခဲ့ပါဘူး..။



ဒါ့ကြောင့်ချယ်လ်ဆီးအသင်း ပရိသတ်တွေရဲ့ကြားမှာ ဘရိုက်တန်နည်းပြဟောင်းဟာ အပြာရောင်တွေရဲ့ အစဉ်အလာ၊ ယဉ်ကျေးမှုတွေကို နားမလည်ဘူး.. ဆိုတဲ့ ကောက်ချက်တွေ တိုးပွားလာပါတယ်..။ ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာ ဆုဖလားတွေနဲ့ ယဉ်ပါးနေတဲ့ ဟိုဆေး မော်ရင်ဟို၊ ကာလို အန်စလော့တီ၊ အန်တိုနီယို ကွန်တီ၊ သောမတ်စ် တူခယ်လ် တို့လို ထိပ်ထိပ်ကြဲနည်းပြတွေနဲ့ အသားကျနေခဲ့တာ ကြာခဲ့ပါပြီ..။ ဂရေဟမ် ပေါ်တာ ဟာ ‘အစွမ်းကုန်ပေးဆပ်ရမယ့်.. (suffering)၊ နာကျင်ခံစားရမယ့်.. (pain) ကာလတွေ၊ မှောင်မိုက်နေတဲ့ အခက်အခဲကာလတွေ’ ကို ကျော်ဖြတ်ရမယ်လို့ တသွင်သွင်ပြောနေပေမယ့် သူ့ရဲ့ပုံစံဟာ ဝတ္တရားရှိလို့သာ ပြောနေရတဲ့ပုံစံ ဖြစ်နေပြီး ပရိသတ်တွေလိုချင်နေတဲ့..၊ ဆုဖလားတွေကို အမှန်တကယ် တိုက်ပွဲဝင်နေတဲ့ နည်းပြတွေရဲ့ အားမာန်၊ ဆာလောင်မှုတွေ ပျောက်ဆုံးနေပါတယ်..။

သောမတ်စ် တူခယ်လ် ဟာ ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်အပြောင်းအလဲကာလ၊ မသေချာမှုတွေ အများဆုံးကာလမှာ ပရိသတ်တွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်၊ တစ်စင်းထဲသော မီးအိမ်ရှင်အဖြစ် အသင်းကို ဦးဆောင်ပေးသွားခဲ့သလို ဂျာမန်နည်းပြကြီးဟာ ပရိသတ်တွေ၊ သတင်းထောက်တွေကို သတင်းစကားတွေ မျှဝေရာမှာ အင်မတန်မှ ကျွမ်းကျင်၊ လိမ္မာ ပါးနပ်ပါတယ်..။ နားထောင်နေတဲ့ ပရိသတ်တွေ လိုချင်တဲ့အကြောင်းအရာတွေကို သူဟာကောင်းကောင်းနားလည်ပြီး ကိုင်တွယ်၊ ဖြေရှင်းနိုင်တဲ့သူဖြစ်ပါတယ်..။



 ‘ချယ်လ်ဆီးအသင်းကို ဘယ်သူကမှ ရင်မဆိုင်ချင်တဲ့ အသင်းတစ်သင်းဖြစ်လာအောင် ဖန်တီးပါမယ်..’ ဆိုပြီး အပြာရောင်ပရိသတ်တွေရဲ့ သည်းခြေစိတ်နှလုံးကို သိမ်းကြုံးဆွဲယူ မိတ်ဆက်နိုင်ခဲ့တဲ့ သောမတ်စ် တူခယ်လ် ဟာ နောက်ဆုံးအချိန်ထိ အပြာရောင်တွေရဲ့ ‘အနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်ဓါတ်’ ကို ကိုယ်စားပြုနိုင်ခဲ့ပါတယ်..။

ဟိုဆေး မော်ရင်ဟို ဟာ ငယ်ရွယ်၊ တက်ကြွမှု၊ အားမာန်အပြည့်၊ ထီမထင်တဲ့ဟန်နဲ့ အပြာရောင်တွေရဲ့ အစဉ်အလာ သမိုင်းကြောင်းကို စတင်လှုပ်နှိုးခဲ့ပါတယ်..။ အားမာန်အပြည့်နဲ့ အန်တိုနီယို ကွန်တီ ကတော့ ချယ်လ်ဆီးအသင်းကို ‘အလျှံတညီးညီး တောက်လောက်နေတဲ့ မီးပုံကြီး (blazing inferno) အဖြစ် အသက်သွင်းပေးပါ့မယ်..’ ဆိုတဲ့ ကတိစကားကို အကောင်အထည် ဖော်ပေးနိုင်ခဲသူ ဖြစ်ခဲ့ပါတယ်..။



သူတို့တွေဟာ ချယ်လ်ဆီးပရိသတ်တွေ လိုချင်တဲ့ ‘အနိုင်မခံ၊ အရှုံးမပေးတဲ့’ ယဉ်ကျေးမှု၊ အပြာရောင်ခြင်္သေ့တွေရဲ့ အစဉ်အလာကောင်းတွေကို လက်ဆင့်ကမ်း တည်ဆောက်ပေးနိုင်ခဲ့ပါတယ်..။ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ တို့ကလည်း ရလဒ်တွေမကောင်းဘူး.. ဆိုတာနဲ့ မန်နေဂျာသစ် တစ်ယောက်ကို ခပ်မြန်မြန် လူစားလဲပြီး အောင်မြင်မှုတွေကို လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြတာပါပဲ..။ ဒ့ါကြောင့်ရုရှဘီလျံနာ သူဌေးကြီးရဲ့ (၁၉) နှစ်တာ ကာလအတွင်း ချယ်လ်ဆီးအသင်းဟာ ဆုဖလားပေါင်း (၂၁) လုံး ဆွတ်ခူးနိုင်ခဲ့ပြီး အဲဒီနှစ်နှစ်ဆယ် ကာလအတွင်း အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်..။

အခုအသင်းပိုင်ရှင်သစ်တွေဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ ရဲ့ ချယ်လ်ဆီးအသင်းနဲ့ ခြားနားတဲ့ပုံစံတစ်ခုကို တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ ကြုံတွေ့နေရတဲ့ ရလဒ်ပိုင်းဆိုးရွားမှုတွေ၊ အခက်အခဲတွေဟာ သူတို့ရဲ့အနာဂတ်အမြင်တွေအပေါ် ဘယ်လောက်တောင် ယုံကြည်ရမလဲ..? ဆိုတဲ့ စာမေးပွဲတစ်ခုလို ဖြစ်လို့နေပါတော့တယ်..။

အသင်းပိုင်ရှင် တော့ဒ် ဘိုလေး တို့ဟာ နည်းပြဂရေဟမ် ပေါ်တာ ကို အပြည့်အ၀ ထောက်ခံဆဲဖြစ်ကြောင်း ဆက်လက်အာမခံနေဆဲ ဖြစ်ပါတယ်..။ ဒါ့အပြင်သူတို့ဟာ အသင်းရဲ့ဌာနတိုင်းမှာ လူသစ်တွေနဲ့ အစားထိုး၊ ပြောင်းလဲပြီး အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်..။ အသင်းကိုအင်အား ဖြည့်တင်းမှုအဖြစ် အပြောင်းအရွှေ့ အသုံးစားရိတ် စတာလင်ပေါင်သန်း (၃၀၀) သုံးစွဲခဲ့ပြီးပါပြီ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၁၀) နေရာ ရောက်ရှိနေသလို FA ဖလားပြိုင်ပွဲ၊ Carabao ဖလားပြိုင်ပွဲတွေမှာလည်း တတိယအဆင့်ကနေ စောစောစီးစီး နှုတ်ဆက်ခဲ့ရပါတယ်..။



ဒ့ါကြောင့်ဒီနေ့မနက်ပိုင်း ဖူးလ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ နည်းပြဂရေဟမ် ပေါ်တာ အတွက် လာမယ့်တနင်္ဂနွေနေ့ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ခရစ်စ်တယ် ပဲလေ့စ် ကို ဧည့်ခံရမယ့်ပွဲစဉ်ကို အနိုင်ရရှိဖို့ သေရေးရှင်ရေးတမျှ အရေးကြီးလာနိုင်ပါတယ်..။ ဘရိုက်တန်နည်းပြဟောင်းကတော့ ပိုင်ရှင်နှစ်ယောက်ကြား အကူးအပြောင်း ကာလမှာ လစ်ဟာသွားခဲ့တဲ့ ‘လေဟာနယ် (vacuum)’.. ကြောင့် ပေါင်းကူးကာလမှာ အခက်အခဲတွေ ပိုပြီးသွားတဲ့အကြောင်း ဗုဒ္ဓဟူးနေက ပြောကြားသွားခဲ့ပါတယ်..။

သူ့ရဲ့ထောက်ပြချက်ဟာ မှန်ကန်တဲ့ အချက်တစ်ခု ဖြစ်ပေမယ့် အကြောင်းပြချက်တွေအစား တုန်းတိုက်တိုက်၊ ကျားကိုက်ကိုက် ရင်ဆိုင်လိုက်မယ်.. ဆိုတဲ့ တိုက်ပွဲဝင်စိတ်တွေကိုသာ လိုလား၊ တောင့်တနေကြတဲ့ ချယ်လ်ဆီးပရိသတ်တွေဟာ အကြောင်းပြချက်မျိုးစုံနဲ့ ‘မကန်ခင်ကတည်းက ရှုံးနိမ့်ပြီးသား…’ ဆိုတဲ့ ခံယူချက်၊ အတွေးအခေါ်မျိုးကို လက်သင့်ခံနိုင်ကြတော့မှာ မဟုတ်ပါဘူး..။

ရိုမန် အေဘရာမိုဗစ်ခ်ျ ရဲ့ ချယ်လ်ဆီးအသင်း ရွှေရောင်နေ့ရက်တွေကို အစအဆုံး ဖြတ်သန်းခဲ့ကြဖူးတဲ့ ပီတာ ချက်၊ ဘရုစ် ဘတ်ခ်၊ မာရီနာ ဂရာနော့ဗ်ကီးယားစ် နဲ့ ပေါ်လို ဖာရဲရား တို့လို လူဟောင်းတွေသာ အသင်းမှာဆက်ပြီး ရှိနေခဲ့ဦးမယ်ဆိုရင် ချယ်လ်ဆီးအသင်း ပရိသတ်တွေရဲ့ စိတ်ဓါတ်၊ ဆန္ဒ၊ အာသီသတွေအကြောင်း ပေါ်တာ နဲ့ အသင်းပိုင်ရှင်သစ်တွေကို ကောင်းကောင်းရှင်းပြ နိုင်ပါလိမ့်မယ်..။



ဒါပေမယ့် အခုအချိန်မှာတော့ ချယ်လ်ဆီးပရိသတ်တွေဟာ သတင်းစာ ရှင်းလင်းပွဲ တစ်ခါတစ်ခါ နားထောင်လိုက်တိုင်း ဂရေဟမ် ပေါ်တာ ရဲ့ လေသံအေးအေးလေးနဲ့ ရိုရိုကျိုးကျိုး ရှင်းပြချက်တွေ၊ မန်ချက်စတာ စီးတီးအသင်းကို ‘ထိပ်တန်းပြိုင်ဘက်အသင်း (top opponent)’ အဖြစ် အထင်ကြီးလေးစား ရိုရိုကျိုးကျိုး ဝပ်တွားချက်တွေ၊ ပက်ပ် ဂွာဒီယိုလာ ရဲ့ မန်ချက်စတာ စီးတီး နဲ့ အခုလိုအချိန်မှာ ရင်ဆိုင်ရတာ အတော်ဆိုးတာပဲ.. ဆိုတဲ့ FA ဖလားပွဲစဉ်မတိုင်မီ ပြောကြားချက်တွေကိုပဲ အဖန်တလဲလဲ ကြားနေရပါတော့တယ်..။

ဒဏ်ရာပြဿနာကြောင့် ချိနဲ့ချိနဲ့ ရုန်းကန်နေရတဲ့ အပြာရောင်ခြင်္သေ့တွေဟာ မန်ချက်စတာ စီးတီးအသင်းကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ပြီးချိန်မှာ အသင်းအပေါ် ထားရှိခဲ့တဲ့ မျှော်လင့်ချက်တွေ ဘိတ်ဆုံးကို ရောက်ခဲ့သလို ကစားသမားတွေရဲ့ စိတ်ဓါတ်နဲ့ယုံကြည်ချက်တွေဟာလည်း အဝီစိထိ ကျဆင်းကုန်ပါတော့တယ်..။ အဆက်မပြတ် အဝေဖန်ခံ၊ အတိုက်ခိုက်ခံနေရတဲ့ ကစားသမားတွေဟာ ကွင်းထဲမှာ စာခြောက်ရုပ်တွေအလား အသက်မဲ့စွာ ပြေးလွှားနေကြသလို ဒီနေ့မနက်ရှုံးပွဲရလဒ်ဟာ နောက်လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် အိပ်မက်ကို အဆုံးသတ်ပေးနိုင်လောက်မယ့် အခြေအနေပါပဲ..။

“ကျွန်တော်တို့ဟာ လူတကာ တက်နင်းလို့ရမယ့် ခြေသုတ်ခုံမဟုတ်သလို ပြိုင်ပွဲထဲကနေ လက်လျော့အရှုံးပေး၊ အလံဖြူမထောင်သေးပါဘူး..။ ကျွန်တော်တို့ဟာ ရည်မှန်းချက်ကြီးတဲ့ အသင်းဖြစ်တယ်..၊ ကျွန်တော်တို့ နိုင်ပွဲတွေ ရချင်တယ်..၊ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို အကြိတ်အနယ် ယှဉ်ပြိုင်ချင်ပါတယ်..။ ကျွန်တော်ဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့အတွက် ဒီကိုရောက်လာတာပါ..။ ကျွန်တော်တို့ဟာ အောင်မြင်မှုတွေအလီလီ ဆွတ်ခူးနိုင်တဲ့ အသင်းတစ်သင်း၊ အောင်မြင်မှုတွေ.. ဆုဖလားတွေနဲ့ အသားကျနေတဲ့ ရွှေရောင်ယဉ်ကျေးမှုကို တည်ဆောက်ကြပါမယ်..။ အခုအချိန်မှာ အဲဒီလိုအဆင့်အတန်း မရောက်ရှိသေးပေမယ့် မလျော့တဲ့ဇွဲ၊ ကြိုးစားအားထုတ်မှုတွေနဲ့ ရှေ့ဆက်ရမှာပါပဲ..။”
- ဂရေဟမ် ပေါ်တာ

အဲဒီလိုတွန်းအားတွေနဲ့ အသင်းကို မောင်းတင်ပေးနိုင်ဖို့ ကြိုးစားနေပေမယ့် Craven Cottage ကစားကွင်းမှာ ခဲလေသမျှ၊ သဲရေကျရတာကြောင့် ဂရေဟမ် ပေါ်တာ ဟာ အပြာရောင်ပရိသတ်တွေရဲ့ ပြင်းပြတဲ့ ချဉ်ခြင်းအာသီသနဲ့ အမျက်တော်ပြေစေဖို့ အထူးလိုအပ်နေပါပြီ..။ ဒ့ါကြောင့်လာမယ့်တနင်္ဂနွေနေ့မှာ ခရစ်စ်တယ် ပဲလေ့စ်အသင်းနဲ့ပွဲစဉ်ကနေစပြီး မိုင်ကုန်လွှင့် အနိုင်ကျဲရတော့မယ့် ချယ်လ်ဆီးအသင်းအတွက် တိုက်ပွဲခေါ်သံ၊ ညာသံပေးနိုင်ဖို့ သူဌေးကြိုက် ဗောင်းတော်ငြိမ့်၊ စိတ်တော်သိ နည်းပြကြီးအနေနဲ့ ရှေ့လာမယ့် သတင်းစာရှင်းလင်းပွဲတွေမှာ အရှုံးပေးမယ့် စကားတွေနဲ့ လေပြေမသွေး သင့်တော့ပါကြောင်း သတိပေးလိုက်ရပါတယ်..။

(The Evening Standard မှ ဆောင်းပါးရှင် Nizaar Kinsella ၏ ‘Graham Potter must change Chelsea tune as defeatist attitude strikes wrong chord with fans' ဆောင်းပါးကို ဆီလျှော်အောင် ပြင်ဆင်၊ ရေးဖွဲ့ပါသည်..။