feature-image

စနေနေ့ ဘောလုံးစကားဝိုင်း (လီဗာပူးလ် vs ချယ်လ်ဆီး)

မနေ့ညက လီဗာပူးလ်အသင်း၏ အန်ဖီးလ် ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော လီဗာပူးလ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ဂိုးမရှိသရေကျခဲ့သည့်ပွဲစဉ်မှ ပွဲစဉ်သုံးသပ်ချက်နှင့် ယနေ့ပွဲတွင် စတင်ပွဲထွက်ခွင့်ရခဲ့သော ယူကရိန်း တောင်ပံကစားသမား မိုင်ဟေးလ်လို မူဒရပ်ခ် ၏ ခြေစွမ်းအပေါ် ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ်၊ မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယို ဖာဒီနန် နှင့် လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမားဟောင်း စတီဗင် ဂျရတ် တို့က BT Sports ရုပ်သံဌာန၏ သုံးသပ်ချက်  စကားဝိုင်းအစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။

လင်းဒ်ဆေး ဟစ်ပ်ဂရေ့ဗ် - ဒီနေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ကြတဲ့ ပွဲစဉ်ဟာလည်း မနှစ်ကလို အရှုံးအနိုင် အဖြေမပေါ်ပဲ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့ပြန်ပါတယ်ရှင့်..။ ဒါ့ကြောင့်လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယား အဆင့် (၈) နေရာမှာ ရပ်တည်နိုင်ခဲ့သလို ချယ်လ်ဆီးအသင်းကလည်း အဆင့် (၁၀) နေရာမှာ အပြောင်းအလဲ မရှိပါဘူး..။

ဒ့ါအပြင်ပြိုင်ပွဲမှတ်တမ်းတွေအရ ပရီးမီးယားလိဂ် ပြိုင်ပွဲရယ်လို့ သီးခြားကျင်းပကတည်းက ဒီနှစ်သင်းရဲ့ အန်ဖီးလ်ကွင်း တွေ့ဆုံမှုတွေမှာ ပထမဆုံးအကြိမ် ဂိုးမရှိသရေကျခဲ့တာ.. လို့လည်း သိရပါတယ်..။ ဒါပေမယ့် ဒီနေပွဲရလဒ်ဟာ နှစ်သင်းစလုံးအတွက် အကျိုးသိပ်မရှိခဲ့ဘူးလို့ပြောရင် မှန်နိုင်မလားရှင့်.. ရီယို ရေ..

ရီယို ဖာဒီနန် - မှန်ပါတယ်..။ ဒါပေမယ့် အခုလက်ရှိအနေအထားအရ နှစ်သင်းစလုံးဟာ ဖိအားကိုယ်စီနဲ့ အခက်အခဲတွေ ရှိနေတာကြောင့် သူတို့တွေဟာ ဒီနေ့ပွဲမှာ ရှုံးပွဲနဲ့မကြုံတွေ့ချင်ကြပါဘူး..။ ဒါ့အပြင် ဒီနေ့ပွဲဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲ.. ဆိုပေမယ့် နှစ်သင်းစလုံးရဲ့ ကစားသွားတဲ့ခြေစွမ်း၊ တိုက်စစ်ပိုင်း၊ ခံစစ်ပိုင်း၊ နည်းစနစ်ပိုင်းဆိုင်ရာ အခင်းအကျင်းတွေဟာ မျှော်မှန်းထားတဲ့ အဆင့်အတန်းမျိုး မရောက်ခဲ့ဘူးလို့ ပြောရမှာပါ.။



ပထမပိုင်းအပြီးတုန်းကလည်း ဒီနှစ်သင်းစလုံးမှာ ပွဲရဲ့အဖြေကို ပြောင်းလဲပေးနိုင်တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေ မတွေ့ခဲ့ရဘူးလို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်..။ ဒုတိယပိုင်းမှာလည်း အဲဒီလိုပါပဲ..။ နှစ်သင်းစလုံးဟာ ဂိုးရနိုင်မယ့် အခွင့်အရေးကိုယ်စီ ရရှိခဲ့ပေမယ့် အနိုင်သုံးမှတ်ကို ဆောင်ယူပေးနိုင်ဖို့ အနိုင်သေချာစေမယ့် တိုက်စစ်မှူးကောင်းတွေ မရှိခဲ့ပါဘူး..။ ဒ့ါကြောင့်နှစ်သင်းစလုံးရဲ့ ဒီနေ့ပွဲမှာ ကစားသွားတဲ့ ခြေစွမ်းအရဆိုရင် ဂိုးမရှိသရေဆိုတာ မျှတတဲ့ရလဒ်လို့ ဆိုရမှာပဲ..။

လင်းဒ်ဆေး ဟစ်ပ်ဂရေ့ဗ် - ‘နှစ်သင်းစလုံးဟာ ရှုံးမှာကြောက်နေကြတယ်..’ လို့ ရှင်ပြောသွားတယ်နော်..။ ဒီနေ့ပွဲကစားပုံအရ သူတို့နှစ်သင်းစလုံးမှာ အဓိကလိုအပ်နေတာ ဘယ်လိုနေရာ..၊ ဒါမှမဟုတ် ဘယ်လိုအရည်အချင်းမျိုး ဖြစ်မလဲရှင့်…

စတီဗင် ဂျရတ် - ကျွန်တော်ကတော့ ပြိုင်ဘက်ခံစစ်ကြောင်းကို ကောင်းကောင်းခြိမ်းခြောက်နိုင်တဲ့ အထောင်တိုက်စစ်မှူး ‘No.9’ ဟာ နှစ်သင်းစလုံးမှာ မရှိဘူးလို့ ထင်ပါတယ်..။ ကိုင် ဟာဗာ့ဇ် ဟာ အထောင်တိုက်စစ်မှူး စစ်စစ်ထက်စာရင် ‘နောက်ချန်တိုက်စစ်မှူး.. ဒါမှမဟုတ် No.10/No.9 အစပ်‘ လို့ ပြောရမှာပါ..။ ဂက်ပို ဟာ ကွင်းလယ်ကိုပဲဆင်းပြီး နေရာယူနေတာ များပါတယ်..။ ဒ့ါကြောင့်သူတို့ဟာ ဒါဝင် နူးနက်ဇ် ကို လူစားသွင်းပြီး တိုက်စစ်ပိုင်းမြှင့်ခဲ့တာပေါ့..။

နှစ်သင်းစလုံးမှာ ပင်နယ်တီဧရိယာထဲရောက်လာရင် အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်မယ့် တိုက်စစ်မှူးကောင်းတွေ မရှိခဲ့တာ အသေအချာပါပဲ..။ ဒ့ါကြောင့်လည်း ဂိုးဧရိယာထဲကို ပေးပို့တဲ့ဘောလုံးတွေကို ချိန်သားကိုက်ရောက်ရှိအောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး..။ ချယ်လ်ဆီးအသင်းဘက်က လူစားဝင်လာတဲ့ ယူကရိန်း လူငယ်တိုက်စစ်မှူးသစ် မူဒရပ်ခ် ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း တိုက်စစ်ထိုးဖောက်ပုံ သွက်လက်လာခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံးရဲ့ မန်နေဂျာတွေဘက်က ကြည့်မယ်ဆိုရင် အန်ဖီးလ်ကွင်းမှာ အနိုင်ရလဒ် မဆောင်ယူနိုင်ခဲ့တဲ့အပေါ် ဂျာဂင် ကလော့ပ် က ပိုပြီးစိတ်ပျက်မိပါလိမ့်မယ်..။ ဂရေဟမ် ပေါ်တာ အတွက်ကတော့ အန်ဖီးလ်ကွင်းလို အစဉ်အလာကြီးမားတဲ့ကွင်းမှာ ရှုံးပွဲမကြုံတွေ့ရအောင် ကစားနိုင်ခဲ့တာဟာ အရမ်းအဆိုးရွားကြီး မဟုတ်ပါဘူး..။



ဂျိုး ကိုးလ် - မှန်ပါတယ်..။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံးရဲ့ခြေစွမ်းဟာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အဆင့်မျိုးကို မရောက်ခဲ့ဘူး..၊ နှစ်သင်းစလုံးဟာ ရှုံးပွဲမကြုံတွေ့ရအောင် ဦးစားပေး ကစားသွားခဲ့သလို ဖြစ်နေခဲ့ရတဲ့ အဓိကအချက်က ‘ယုံကြည်မှုတွေ (confidence)’ ကျဆင်းနေတာကြောင့် ဖြစ်ပါလိမ့်မယ်..။ ဒီနှစ်သင်းယှဉ်ပြိုင်ကစားခဲ့တဲ့ နောက်ဆုံးသုံးပွဲစလုံးမှာ ဂိုးမရှိသရေကျခဲ့ပါတယ်..။ ဒါပေမယ့် မနှစ်က ဘောလုံးရာသီမှာ သူတို့နှစ်သင်း ဆုံတွေ့ခဲ့ကြတဲ့ လိဂ်ဖလား ဗိုလ်လုပွဲ၊ FA ဖလားဗိုလ်လုပွဲတွေက ကစားသမားတွေရဲ့ ခြေစွမ်းတွေနဲ့ ဒီနေ့ပွဲကခြေစွမ်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကစားသမား အတော်များများဟာ ခြေစွမ်းနဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုင်းတွေမှာ အတော်လေးကို ကျဆင်းနေတာ တွေ့မိပါလိမ့်မယ်..။

ဒီနေ့ပွဲမှာ မိုဟာမက် ဆာလာ လည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး..။ ဟာကင် ဇီးယက်ခ်ျ ကတော့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ခုနကစတီဗင် ဂျရတ် ပြောခဲ့သလို.. နောက်ဆုံးအပြီးသတ် တိုက်စစ်ဇုန် final third ကို ရောက်လာချိန်မှာ လိုအပ်တဲ့ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့ပါဘူး..။ အခုလက်ရှိအနေအထားအရ ဒီနှစ်သင်းစလုံးဟာ အရှုံးပွဲနဲ့ မကြုံခဲ့ရတာကို အားယူပြီး ဒီထက်ပို တိုးတက်အောင် ကြိုးစား၊ စွမ်းဆောင်ရမယ့် အခြေအနေလို့ပဲ ပြောရမှာပါ..။

လင်းဒ်ဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..၊ နည်းပြဂရေဟမ် ပေါ်တာ အတွက် အခုအချိန်ဟာ တကယ့်ကို အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ကာလတစ်ခုလို့ ပြောလို့ရပါတယ်ရှင့်..။ ဒါပေမယ့် သူဟာအခုနောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ နှစ်ပွဲမှာ (၄) မှတ်ရခဲ့ပြီး ပေးဂိုးမရှိ clean sheet အရယူနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်ရှင်တို့ ချယ်လ်ဆီးအသင်းမှာ တိုးတက်လာတဲ့ လက္ခဏာတွေ မြင်တွေ့နေရပြီလို့ ပြောနိုင်ပြီလားရှင့်..။ ဒါမှမဟုတ် သူဟာ ရှင်တို့အသင်းကို အခက်အခဲတွေကြားကနေ ရုန်းထွက်ပြီး အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ရဲ့လား..?

ဂျိုး ကိုးလ် - Yes.. အပြည့်အ၀ ယုံကြည်ထားပါတယ်..။ ဂရေဟမ် ပေါ်တာ အင်မတန်မှကို အေးဆေး တည်ငြိမ်ပြီး သူ့ရဲ့သတင်းထောက်တွေနဲ့ ပြောဆိုပုံတွေကို ကြည့်မယ်ဆိုရင် ဖိအားတွေအောက်မှာ ရောက်ရှိနေတဲ့ မန်နေဂျာတစ်ယောက်ရဲ့ ဟန်ပန်၊ အမူအရာမျိုး မတွေ့ရှိရပါဘူး..။ ဒါ့အပြင် တွေ့ဆုံခန်းတွေမှာ သူ့ရဲ့ပြောဆိုပုံတွေကိုလည်း ကျွန်တော်သဘောကျပါတယ်..။



ဒီနေ့ဆိုရင် ကျွန်တော်တို့အသင်းမှာ ရိစ် ဂျိမ်းစ် ဟာ အသင်းနဲ့အတူ အပြည့်အ၀ ပြန်လည်လေ့ကျင့်နေပါပြီ..။ ဘင် ချီးဝဲလ် ပြန်လည်လေ့ကျင့်နေပါပြီ..။ မကြာခင်မှာ ကိုဗာဆစ်၊ ကန်တေး တို့လို ကစားသမားကြီးတွေလည်း ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပါတော့မယ်..။ နောက်ပြီးအခုနောက်ပိုင်း ပွဲစဉ်တွေမှာ အသင်းရဲ့ဗဟိုခံစစ်ကြောင်းမှာ သီယာဂို ဆေးလ်ဗား နဲ့အတူ တွဲဖက်ပြီးနေရာရနေတဲ့ ဘင်နိုအစ် ဘာဒီယာရှီလေး ဆိုရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ခြေစွမ်းပြနေနိုင်တယ်..။ clean sheet တွေ အရယူပေးနေပါတယ်..။

ဒ့ါကြောင့်အစောက ဂျိမ်းစ် မီလ်နာ ပြောခဲ့သလိုပါပဲ..။ ကျွန်တော်တို့ ချယ်လ်ဆီးအသင်းကလည်း အခုလို clean sheet တွေကနေပဲ ခြေလှမ်းပြန်လည်စတင်ရမှာပါ..။ နောက်ပြီး မူဒရပ်ခ်၊ ဂျာအို ဖဲလစ် တို့လို ကစားသမားကောင်းတွေ အသင်းနဲ့အတူ တွဲဖက်မိလာကြတော့မှာ ဖြစ်ပါတယ်..။ ဒ့ါကြောင့်တိုက်စစ်ပိုင်းမှာ အခုထက်ပိုပြီး ထက်မြက်ကောင်းမွန်လာမယ်ဆိုရင် ကျွန်တော်တို့အသင်းဟာ ပုံစံကောင်း၊ ရလဒ်ကောင်းတွေ ပြန်လည်ရရှိလာမှာ အသေအချာပါပဲ..။

အခုအချိန်မှာ ချယ်လ်ဆီးအသင်းဟာ တကယ့်ကိုခက်ခဲတဲ့ကာလတစ်ခုကို ကျော်ဖြတ်နေရတာ ဖြစ်ပါတယ်..။ ဒ့ါကြောင့်လက်ရှိကာလမှာ အရေးအကြီးဆုံး အသင်းသားတွေအားလုံး တစုတစည်းထဲ တည်တည်ငြိမ်ငြိမ် ဖြတ်ကျာ်သွားနိုင်ဖို့ပဲ ဖြစ်ပါတယ်…။ ကျွန်တော်တို့အသင်းဟာ အကောင်းဆုံးခြေစွမ်းနဲ့ အမှတ်ပေးဇယားထိပ်က အသင်းတွေကို ပြန်လည်ခြိမ်းခြောက်နိုင်လာပါလိမ့်မယ်..။



လင်းဒ်ဆေး ဟစ်ပ်ဂရေ့ဗ် - စတီဗီ ရေ.. ရှင်ကလီဗာပူးလ်အသင်း ရုန်းကန်နေရတဲ့ အဓိကအချက်ဟာ ဒဏ်ရာပြဿနာကြောင့် ဖြစ်တယ်လို့ ရှင်ပြောသွားတယ်နော်..။ ဒါဆိုရင် အခုလက်ရှိမှာ ချယ်လ်ဆီးအသင်းဟာလည်း အဆင့် (၁၀) နေရာကို ရောက်ရှိနေပါတယ်..။ သူတို့မှာလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး အဓိကကစားသမား (၁၂) ယောက်လောက် မပါဝင်နိုင်ဘူး ဖြစ်နေတာဆိုတော့ သူတို့အသင်းရဲ့ လူအင်အားနဲ့ အခုလိုအဆင့် (၁၀) နေရာ ရောက်ရှိနေတာ ဖြစ်သင့်တယ်လို့ ပြောနိုင်ရဲ့လား..?

စတီဗင် ဂျရတ် - No.. သူတို့ဟာ အမှတ်ပေးဇယားမှာ အခုထက်ပိုပြီး အခြေအနေကောင်းသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အသင်းရဲ့ လူအင်အား တောင့်တင်းမှု အနေအထား၊ အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးသုံးစွဲခဲ့တဲ့ အနေအထားဟာ အသင်းရဲ့ဒဏ်ရာပြဿနာကို လွှမ်းခြုံနိုင်လောက်တဲ့ အခြေအနေမှာ ရှိသင့်တယ်လို့ ထင်မိတာပဲဗျ..။

ဒါ့အပြင်အခုမှ ပူပူနွေးနွေး ခေါ်ယူထားခဲ့တဲ့ မိုင်ဟေးလ်လို မူဒရစ်ခ် တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းလှတဲ့ ခေါ်ယူမှုလို့ ပြောရမှာပါပဲ..။ ချယ်လ်ဆီးပရိသတ်တွေကလည်း ဒီနေ့ပွဲမှာ ပြသသွားခဲ့တဲ့ သူ့ရဲ့ခြေစွမ်းအပေါ် ကျေနပ်အားရကြပါလိမ့်မယ်..။ ဒါတောင်မှသူဟာ တကယ့်ပြိုင်ပွဲတွေနဲ့ ဝေးနေတာ ကြာနေပြီဖြစ်တာကြောင့် ကြံ့ခိုင်မှုအကောင်းဆုံး အနေအထားကို မရသေးပါဘူး..။ ဒ့ါကြောင့်သူဟာ နောက်လာမယ့်ပွဲတွေမှာ ဘက်ပေါင်းစုံက ပိုပြီးကောင်းမွန်လာဦးမှာပါ..။ သူဟာတကယ့်ကို ကောင်းမွန်ခဲ့တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်ပါတယ်..။

ဒီနေ့ပွဲမှာ သူ့ရဲ့တစ်ကိုယ်ရည် စွမ်းဆောင်ရည်ပြကွက် တစ်ချို့ဟာ သိပ်ကိုလေးစားဖို့ ကောင်းပါတယ်..။
သူ့ရဲ့ကစားပုံကိုကြည့်ပြီး ခြေနှုတ်ခြေသိမ်း..၊ လျှင်မြန်မှုတွေနဲ့ ဘောလုံး အလိမ်အလှည့်တွေဟာ အာဂျင် ရော်ဘင် ကို ပြန်ပြီးသတိရမိပါတယ်..။ သူ့ရဲ့ပထမဆုံးထိချက်ဖြစ်တဲ့ ဘောလုံးကို အရှိန်နဲ့ဆွဲထုတ်သွားဖို့ ကြိုးစားမှုဟာ ဂိုးလွန်ဘော ဖြစ်သွားတာကြောင့် မှားယွင်းခဲ့ရတယ်ပေ့ါ..။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ သူ့ရဲ့ထိချက်တိုင်း၊ ပေးပို့မှု၊ လှုပ်ရှားမှုတိုင်းဟာ သိပ်ကိုထူးခြား ကောင်းမွန်လှပါတယ်..။ ဒ့ါကြောင့်ကျွန်တော်သာ ချယ်လ်ဆီးပရိသတ်ဆိုရင် သူ့ရဲ့ခြေစွမ်းအပေါ် စိတ်လှုပ်ရှားမိမှာ အမှန်ပါပဲ..။



ဂျိုး ကိုးလ် - ဒီနေ့ပွဲမှာဆိုရင် မူဒရပ်ခ် ဟာ လူစားဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း လီဗာပူးလ်အသင်းရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်..။ သူ့လိုကစားသမားမျိုးဟာ ဘယ်လိုနည်းစနစ်နဲ့ပဲ ကစားရသည် ဖြစ်ပါစေ.. ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန်ထဲမှာ တစ်ချိန်လုံး ခြိမ်းခြောက်နေနိုင်တာပဲဗျ..။ သူတို့ဟာ ပြိုင်ဘက်အသင်း ကစားသမားတွေကို တစ်ယောက်ချင်း ကျော်ဖြတ်မှုတွေကို သက်သက်သာသာနဲ့ ပြုလုပ်နိုင်စွမ်း ရှိပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ဂျိမ်းစ် မီလ်နာ ဟာ သူ့ကိုထိန်းဖို့ကြိုးစားရင်း အတော်လေးကို အခက်တွေ့ခဲ့ရပါတယ်..။

ဒ့ါအပြင်သူဟာ ဂိုးပေါက်ကိုလည်း ခြိမ်းခြောက်နိုင်တဲ့သူ ဖြစ်ပါတယ်..။ သူနဲ့ဂျာအို ဖဲလစ် တို့နှစ်ယောက်ဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ပြန်လည်ဆန်းသစ်ပြီး ပရိသတ်တွေကို ကျေနပ်မှုပေးစွမ်းနိုင်မယ့် ကစားသမားတွေ ဖြစ်လာပါလိမ့်မယ်..။ မူဒရပ်ခ် ဟာ ဒီနေ့ပွဲမှာမှ စပြီးကစားရတာ ဖြစ်ပေမယ့် အသင်းဖော်တွေအတွက် ဖန်တီးပေးပို့မှုတွေ အကောင်းစားတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ သူတို့လိုကစားသမားမျိုးဟာ ပရိသတ်တွေကို စိတ်အားတက်ကြွစေတယ်..၊ စိတ်လှုပ်ရှားမှု အပြည့်အ၀ ပေးစွမ်းနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်..။ ကျွန်တော်ကတော့ သူဝင်ရောက်ပြီး ကစားခဲ့တဲ့ (၃၅) မိနစ်အပေါ် အထူးကျေနပ်အားရမိပါတယ်..။

ရီယို ဖာဒီနန် - ချယ်လ်ဆီးကို ရောက်မလာခင်က မူဒရပ်ခ် ရဲ့ မြန်နှုန်းမြင့် ပေါက်ကွဲမှု အပြင်းစား ကစားဟန်တွေကိုပဲ ကျွန်တော်တို့ မြင်တွေ့ခဲ့ကြရပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ သူ့ရဲ့သိမ်မွေ့လှပတဲ့ ထိချက်တွေ..၊ သယ်ယူမှုတွေ..၊ ထိရောက်တဲ့ ပေးပို့မှုတွေနဲ့ final third မှာ ကောင်းမွန်သေသပ်တဲ့ ဆုံးဖြတ်ချက်တွေကိုပါ မြင်ခဲ့ရပါတယ်..။ သူဟာအလျှင်မြန်ဆုံး အရှိန်နဲ့ ပြေးလွှားနေချိန်မှာတောင် သွေးအေးတဲ့သူဆိုတာ သိသာပါတယ်..။



ဒီနေ့မှာ သူ့ရဲ့အရည်အသွေး တပိုင်းတစလောက်ပဲ မြင်ခဲ့ရပေမယ့် ခြေစွမ်းအပြည့်အ၀ ရချိန်မှာဆိုရင် နောက်ခံအစွန်လူတွေအတွက် ကြောက်စရာ၊ လန့်စရာ ဖြစ်လာနိုင်ပါတယ်..။ တကယ်တော့ သူဟာဒီဘက်လပိုင်းတွေမှာ ဒီပွဲပာာကျမှ နာရီဝက်လောက်ပဲ စတင်ကစားရသေးတာပါ..။ ဒါ့ကြောင့်နောက်လာမယ့် ပွဲတွေမှာ သူ့ရဲ့ခြေစွမ်းဟာ စောင့်ကြည့်ချင်စရာပါပဲ..။

ချယ်လ်ဆီးပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ အခိုက်အတန့် ဖြစ်ရပေမယ့် အာဆင်နယ် ပရိသတ်တွေကလည်း သူတို့အပိုင်ရခဲ့ပြီလို့ ထင်ခဲ့ပြီးမှ လက်လွှတ်ခဲ့ရတဲ့ ကစားသမားဟာ 'လွတ်တဲ့ငါးတော့ အတော်ကြီးတယ်ဟ' ဆိုတဲ့ အတွေးတွေ ရှိနေခဲ့မှာ ဧကန်မုချပါပဲ..။

လင်းဒ်ဆေး ဟစ်ပ်ဂရေ့ဗ် - စတီဗီ ရေ.. မူဒရပ်ခ် ရဲ့ ပွဲဦးထွက်ခြေစွမ်းကို ကျွန်မတို့တတွေ အားရပါးရ ချီးကျူးပြီးပြီဆိုရင် ရှင်တို့လီဗာပူးလ်အသင်းရဲ့ ကစားသမားသစ် ကိုဒီ ဂတ်ပို ရဲ့ ခြေစွမ်းကိုလည်း သုံးသပ်ပေးပါဦး..

စတီဗင် ဂျရတ် - သူကတော့ အခုအချိန်ထိ ပရီးမီးယားလိဂ်နဲ့ အသားကျအောင် ပြင်ဆင်နေရဆဲ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို မမြင်တွေ့ရသေးဘူးပေ့ါဗျာ..။ ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုရင် ဒီနေ့ပွဲမှာ မူဒရပ်ခ် ပြသသွားခဲ့တဲ့ခြေစွမ်း၊ အဆင့်အတန်းမျိုးကို ဂတ်ပို ဆီကနေ ကျွန်တော်တို့ မြင်တွေ့ခွင့်မရသေးပါဘူး..။ ဒါပေမယ့် သူဟာပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သူ့ရဲ့ပင်ကိုယ်ခြေစွမ်းနဲ့ အရည်အသွေးကို ပြသခဲ့ပြီး ဖြစ်ပါတယ်..။ ပီအက်စ်ဗွီ အသင်းမှာလည်း သူဟာဥရောပ ဘောလုံးလောကရဲ့ အနာဂတ် လူငယ်သွေးသစ် ဖြစ်လာမယ်ဆိုတာ သက်သေပြသပြီးပါပြီ..။

ကျွန်တော်တို့ဟာ သူ့အပေါ်မှာ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရပါဦးမယ်..။ နည်းပြဂျာဂင် ကလော့ပ် ဟာ သူ့ကိုအထောင်တိုက်စစ်မှူး ‘No.9’ နေရာထားပြီး ကစားပေမယ့် သူ့ရဲ့နဂိုမူလနေရာ၊ သူအားသန်တဲ့နေရာဟာ အစွန်ဘက်ကို အားပြုကစားတဲ့ ရှေ့တန်းတိုက်စစ်မှူး (wide forward)..၊ ဒါမှမဟုတ် ဂိုးဧရိယာတစ်ဝိုက်မှာ လှုပ်ရှားရတဲ့ နောက်ချန်တိုက်စစ်မှုူးဆန်ဆန် နေရာပဲ ဖြစ်ပါလိမ့်မယ်..။ သူ့ရဲ့မခိုမကပ် ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုရမှာပါ..။ ကျွန်တော်တို့ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်ရပါဦးမယ်..။



လင်းဒ်ဆေး ဟစ်ပ်ဂရေ့ဗ် - ပွဲပြီးတဲ့အချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ နည်းပြဂျာဂင် ကလော့ပ် ကတော့ ဒီနေ့ပွဲမှာ ရရှိခဲ့တဲ့ တစ်မှတ်ကို ကျေနပ်တယ်လို့ ပြောသွားပါတယ်..။ စတီဗီ ရေ.. ရှင်တို့အသင်းဟာ ဒီနှစ်ဘောလုံးရာသီ ကုန်တဲ့အချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လှမ်းမှီနိုင်ပါ့မလား.? ဘာလို့လည်းဆိုတော့ ဟိုအရင်တုန်းကလည်း ခြေစွမ်းတွေပြန်ပြီး မှန်လာပြီ..၊ ဒဏ်ရာပြဿနာတွေ ကျော်လွှားနိုင်ပြီဆိုရင် ရှင်တို့အသင်းဟာ ရလဒ်ကောင်းတွေ ဆက်တိုက်ရနိုင်တယ်ဆိုတာ သက်သေပြခဲ့ပြီး ဖြစ်ခဲ့တယ် မဟုတ်လားရှင့်..

စတီဗင် ဂျရတ် - မှန်ပါတယ်..။ ဂျာဂင် ဟာ သူ့ရဲ့အသင်းအကြောင်း၊ ပရီးမီးယားလိဂ် ပြိုင်ပွဲအကြောင်းကို ကောင်းကောင်းသိထားတယ်ဆိုတာ အသိအမှတ်ပြုရမှာပါ..။ အခုအချိန်မှာ ကျွန်တော်တို့အသင်းဟာ ခြေလှမ်းတွေ တစ်လှမ်းချင်း ရှေ့ဆက်ရင်း မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိအောင် ကြိုးစားနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်..။ အသင်းရဲ့အဓိက ကစားသမားတွေ ဒဏ်ရာကပြန်လည် ကောင်းမွန်လာတဲ့အခါ..၊ အသစ်ခေါ်ယူထားတဲ့ ကိုဒီ ဂတ်ပို၊ ဒါဝင် နူးနက်ဇ် တို့လို ကစားသမားတွေ အခြေကျလာတဲ့အခါ အသင်းရဲ့ခြေစွမ်းဟာ အခုထက်ပိုပြီး တိုးတက်လာမယ်ဆိုတာ သေချာပါတယ်..။

ရာသီကုန်တဲ့အချိန် ဘယ်လိုနေရာကနေ အဆုံးသတ်မလဲ..? ဆိုတာကျတော့ ကစားသမားသစ်တွေ ဘယ်လောက်မြန်မြန် အခြေကျမယ်..၊ ဒဏ်ရာရ ကစားသမားကြီးတွေ ဘယ်လောက်မြန်မြန် ပြန်လည်ကောင်းမွန်လာမယ်.. ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်..။ ဒါ့အပြင် သူတို့ဟာ ဒီနေ့ပွဲမှ မြင်တွေ့ခဲ့ရတဲ့ တိုးတက်မှုတွေကို ဆက်လက်သယ်ဆောင်ပြီး ဆက်လက်တိုးတက်အောင်၊ ဒီထက်ပိုပြီး ကောင်းမွန်လာအောင် ကြိုးစားနေရမှာပေါ့..။ ကျွန်တော်ကတော့ ဂျာဂင် ကလော့ပ် ဟာ ထိပ်ဆုံးလေးသင်းနေရာနဲ့ FA ဖလားကို လက်မလျော့သေးဘူးလို့ မြင်ပါတယ်..။



ရီယို ဖာဒီနန် - လီဗာပူးလ်အသင်းဟာ အရင်တုန်းက ဘောလုံးရာသီတွေမှာလည်း ရုန်းကန်နေရတဲ့ အနေအထားကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့ဖူးပါတယ်..။ လက်ရှိပရီးမီးယားလိဂ် ရပ်ဝန်းမှာ ဆယ်ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်နိုင်တဲ့အသင်းဆိုလို့ မန် စီးတီးအသင်းပြီးရင် လီဗာပူးလ် လောက်ပဲ ရှိတာပါ..။ သူတို့ဟာ အခုအချိန်မှာ အဲဒီလိုစွမ်းဆောင်ရည်၊ အရှိန်အဝါနဲ့ အလုံးအထည် ရှိတယ်ဆိုတာ သက်သေပြရတော့မယ့်အချိန် ရောက်လာပါပြီ..။

တကယ်တော့ လီဗာပူးလ်အသင်းရော၊ ချယ်လ်ဆီးအသင်းပါ ဒဏ်ရာပြဿနာ ကြီးကြီးမားမား နှိပ်စက်တာကို ခံခဲ့ရပါတယ်..။ ဒါ့အပြင် ကစားသမား အပြောင်းအလဲမှာ ပွတ်တိုက်မှုတွေကြောင့် နာကျင်ခံစား နေရတာချင်းလည်း တူပါတယ်..။ ရလဒ်ဆိုးတွေကြောင့် အသင်းသားတွေကြားမှာ ယုံကြည်မှုကျဆင်းနေပြီး အသင်းတွေဟာ ပြန်လည်တည်ဆောက်ဆဲ ကာလကို ဖြတ်သန်းနေရပါတယ်..။

ဘယ်လောက်ပဲ အောင်မြင်မှုအရှိန်အဝါ ကြီးမားခဲ့တဲ့ အသင်းတွေ ဖြစ်ပါစေ.. ပြန်လည်တည်ဆောက်ရတဲ့ ကာလတွေကို မလွဲမသွေ ဖြတ်သန်းရတာပါပဲ..။ ကျွန်တော်တို့တွေလည်း အခုလိုရုန်းကန်ခဲ့ရတဲ့ ရာသီတွေကို ဖြတ်သန်းခဲ့ဖူးပါတယ်..။ ကျွန်တော်တို့ဆိုရင်လည်း အဲဒီလိုအချိန်တွေမှာ ကိုယ့်ကိုယ်ကို အရင်တုန်းကလို မဟုတ်ဘူး.. ဆိုတာ သိနေခဲ့ပါတယ်..။ ကိုယ့်ကိုယ်ကိုလည်း ပြန်လည်တည်ဆောက်ရပါတယ်..။

ဒါတွေကို နေ့ချင်းညချင်း ဟတ်ချလောင်းဆိုပြီး ပြောင်းလဲပစ်လိုက်လို့ မရပါဘူး..။ အချိန်ပေးရတယ်..၊ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်ရပါတယ်..။ ဒ့ါကြောင့်ဒီနေ့လို အစဉ်အလာပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေမှာ ရရှိခဲ့တဲ့ clean sheet ရလဒ်တွေကို အခြေတည်ပြီး တိုးတက်အောင် ဆက်လက်တည်ဆောက် သွားရမှာပါ..။



လင်းဒ်ဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါ..။ တစ်မှတ်ဆိုတော့လည်း ရှင်တို့ချယ်လ်ဆီးအသင်းဟာ အဆင့် (၁၀) နရာမှာပဲ ဆက်ပြီးရှိနေဦးမှာပေ့ါ..။ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ရော ဖြစ်နိုင်ပါတော့မလား..?

ဂျိုး ကိုးလ် - ကျွန်တော်တို့လည်း အတူတူပါပဲ..။ ထိပ်ဆုံးလေးသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လျော့ကြဦးမှာ မဟုတ်ပါဘူး..။ တကယ်တော့ ကျွန်တော်တို့အသင်း ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာပြဿနာမျိုးကို အပြုံးမပျက်ပဲ ရင်ဆိုင်နိုင်ဖို့ဆိုတာ အတော့်ကိုခက်ခဲပါတယ်..။ ကစားသမား အများအပြား ဒဏ်ရာရနေတယ်..၊ ကစားသမား ငါးယောက်လောက်က ကြံ့ခိုင်မှု မပြည့်ဝပဲ ဝင်ပြီးကစားပေးနေရတယ်..၊ ဒီလိုအနေအထားမျိုးမှာ ဘယ်လိုပရီးမီးယားလိဂ် အသင်းနဲ့မဆို ရင်ဆိုင်ရရင် မလွယ်ကူပါဘူး..။

ဘရန့်တ်ဖို့ဒ်ပဲဖြစ်ဖြစ်၊ ဘရိုက်တန်ပဲဖြစ်ဖြစ်ပေ့ါဗျာ..။ သူတို့တွေမှာ ထိုက်တန်တဲ့ အရည်အသွေးမှီ ကစားသမားတွေ ရှိနေတယ်..၊ အသင်းဟာ ပုံမှန်ခြေစွမ်းတစ်ခုမှာ ရှိနေပါတယ်..။ ဒီလိုအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရလဒ်မကောင်းခဲ့ရင် ကိုယ့်ရဲ့အသင်းဟာ ယုံကြည်မှုတွေ ကျဆင်းလာတာပါပဲ..။ ဂျာဂင် ကလော့ပ် ရော၊ ဂရေဟမ် ပေါ်တာ နှစ်ယောက်စလုံးဟာ အခက်အခဲတွေကြားကနေ အသင်းကို တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ဦးဆောင်နေနိုင်ဆဲ ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။

သူတို့တွေဟာ ကိုယ့်ရဲ့အသင်းအနေအထားကို ကောင်းကောင်းသိတယ်..၊ ရသမျှလူအင်အားနဲ့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် အသင်းတွေကို ဖွဲ့စည်းတယ်..၊ နှစ်သင်းစလုံးဟာ ရှုံးပွဲနဲ့မကြုံရအောင် ကျားကုတ်ကျားခဲ တိုက်ပွဲဝင်သွားကြပါတယ်..။ ဒ့ါကြောင့်ဒီနေ့ပွဲမှာ ပေးဂိုးမရှိခဲ့တဲ့ ရလဒ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်သယ်ဆောင်ရင်း အမှတ်ပေးဇယား ထိပ်ဆုံးနေရာနဲ့ နီးနိုင်သမျှ နီးစပ်နိုင်အောင် အစွမ်းကုန်ကြိုးစား သွားဖို့ပဲ ရှိပါတယ်..။

လင်းဒ်ဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..၊ ဒီနေ့ပွဲမှာတော့ နှစ်သင်းစလုံးဟာ နောက်လာမယ့် ရာသီပန်းဝင် ကာလမှာ ရေကုန်ရေခမ်း တိုက်ပွဲဝင်နိုင်ဖို့ ကောင်းမွန်၊ တိုးတက်တဲ့ အချက်တွေကို ရှာဖွေ၊ သယ်ဆောင်ခွင့်ရခဲ့တယ်.. လို့ နိဂုံးချုပ်ရင်း ဒီနေ့ပွဲစဉ်ကို သုံးသပ်၊ ဆွေးနွေးခဲ့ကြတဲ့ ဂျိုး၊ ရီယို နဲ့ စတီဗီ တို့ကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်..။