ယခုနှစ်ဘောလုံးရာသီ၊ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အက်တလက်တီကို မက်ဒရစ်အသင်းမှ အဌားစာချုပ်ဖြင့် ရောက်ရှိလာခဲ့သည့် ပေါ်တူဂီတောင်ပံကစားသမား ဂျာအို ဖဲလစ် မှာ စပိန်သတင်းဌာန AS မှ သတင်းထောက် မာနူ ဆန့်ဇ် နှင့် တွေ့ဆုံခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည့် အတွေ့အကြုံများနှင့် ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ဖူးလ်ဟမ်းအသင်းနှင့်ပွဲစဉ်မှ အတွေ့အကြုံများ၊ ဖြစ်ရပ်များကို အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်..။
မေး - ဂျာအို ရေ.. ခပ်မြန်မြန်လေး စလိုက်တာပေ့ါ..။ လန်ဒန်မြို့မှာ ဘယ်လိုလဲ..?
အရမ်းကိုကောင်းပါတယ်..။ မက်ဒရစ် မှာ နေရတဲ့အတိုင်းပါပဲ..။ လန်ဒန်မြို့ဟာ သိပ်ကိုလှပပြီး နေထိုင်လို့အရမ်းကိုကောင်းပါတယ်..။ ဒါ့အပြင်ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ကွင်းကလည်း သိပ်ကိုအဆင့်မြင့် ကောင်းမွန်ပါတယ်..။ ကျွန်တော်နေထိုင်နေတဲ့နေရာနဲ့ နီးတာကြောင့် အဆင်ပြေပါတယ်..။ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် လန်ဒန်မြို့မှာ နေ့စဉ်လုပ်ကိုင်၊ နေထိုင်နေရတာတွေဟာ မက်ဒရစ်အသင်းမှာနဲ့ ဘာမှမကွာခြားလှပါဘူး..။
မေး - ချယ်လ်ဆီးအသင်းအကြောင်း ပြောကြတာပေ့ါ..။ ချယ်လ်ဆီးအသင်းဟာ ဘယ်လိုအသင်းမျိုးလဲဗျ..?
ခင်ဗျားတို့၊ ကျွန်တော်တို့ သိထားတဲ့အတိုင်း ထိပ်တန်းအသင်းတစ်သင်း ဖြစ်ပါတယ်..။ အရမ်းကိုစနစ်တကျ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး အသင်းမှာအစစအရာရာ ပြည့်စုံကုံလုံနေပါတယ်..။ အသင်းကိုထောက်ကူ၊ ဝန်းရံပေးမယ့်သူတွေ ပြည့်ပြည့်စုံစုံ ရှိနေသလို သူတို့ဆီကလည်း အဖိုးတန်တဲ့ အထောက်အပံ့တွေ ရရှိပါတယ်..။ အရမ်းကိုစနစ်ကျတဲ့ အသင်းတစ်သင်းလို့ ပြောရမှာပါ..။
မေး - ဒါပေါ့..၊ ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်ရဲ့ အချမ်းသာဆုံး အသင်းတစ်သင်း ဖြစ်နေတာကိုးဗျ..
Yeah..! မှန်တာပေ့ါ..။ သူတို့ခေါ်ယူခဲ့တဲ့ ကစားသမားတွေ အပါအဝင် အသင်းနဲ့ပတ်သက်တဲ့ အစစအရာရာ အားလုံးကိုကြည့်လိုက်ရင် သိနိုင်ပါတယ်...။ ဒါ့အပြင်ဒီအသင်းဟာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ပြုုလုပ်နေတဲ့ အသင်းတစ်သင်းဖြစ်ပြီး အသင်းကိုလူအသစ်တွေ၊ အပြောင်းအလဲအသစ်တွေ ပြန်လည်ဖွဲ့စည်းနေပါတယ်..။ သိပ်ကိုငွေကြေးချမ်းသာတဲ့ အသင်းဆိုတာ သေချာပါတယ်..။
မေး - အဝတ်လဲခန်းမှာရော လွယ်လွယ်ကူကူ အထိုင်ကျခဲ့လား..?
Yes.. သိပ်ကိုလွယ်ကူပါတယ်..။ ချယ်လ်ဆီးကို ရောက်လာတဲ့အချိန်မှာ ခြားနားတဲ့ အတွေ့အကြုံတစ်ခု ရရှိခဲ့တာပေ့ါ..။ အက်တလက်တီကို အသင်းကိုရောက်လာတုန်းက ကျွန်တော်ဟာ အသက် (၁၉) နှစ်ပဲ ရှိသေးပြီး အခုအချိန်မှာ အသက် (၂၃) နှစ်ရှိပါပြီ..။ ဒ့ါကြောင့်ပိုမိုရင့်ကျက်တဲ့ လူတစ်ယောက်အနေနဲ့ ချက်ချင်းလက်ငင်း စတင်နိုင်ခဲ့ပါတယ်..။ ဒ့ါအပြင် အသင်းဖော်တစ်ချို့နဲ့ အရင်ကတည်းက ရင်းနှီးခဲ့ပြီးဖြစ်တာကြောင့် သူတို့တွေရဲ့ အကူအညီနဲ့ ပိုပြီးလွယ်ကူသွားခဲ့ပါတယ်..။
မေး - အသင်းဖော်တွေက ခင်ဗျားကို အစစအရာရာမှာ အကူအညီပေးခဲ့တာပေ့ါ..
ချယ်လ်ဆီးအသင်းမှာ ဆီဇာ အက်ဇ်ပီလီကွဲတား၊ ကက်ပါ အရီဇာဘာလာဂါ၊ မာ့စ် ကူကူရယ်လာ တို့လို စပိန်ကစားသမားတွေ ရှိနေပါတယ်..။ သူတို့တွေနဲ့ ဆက်ဆံရေးဟာ အရမ်းကိုလွယ်ကူခဲ့သလို ကျွန်တော်ကလည်း သူတို့နဲ့ပဲ စပြီးစကားပြောဖြစ်ခဲ့ပါတယ်..။ သူတို့တွေဟာ အရမ်းကိုနွေးထွေးပြီး အသင်းဖော်သစ်တွေကို အစစအရာရာ အကူအညီပေးခဲ့ကြတဲ့သူတွေ ဖြစ်ကြပါတယ်..။
ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခင်ဗျားလိုပဲ ဘင်ဖီကာအသင်းက ကစားသမားဖြစ်တဲ့ အင်ဇို ဖာနန်ဒက်စ် ကို ခေါ်ယူခဲ့ပါတယ်..။ အဲဒီခေါ်ယူမှုနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့အမြင်ကို ပြောပြနိုင်မလား..? သူကလည်း အဝတ်လဲခန်းထဲမှာ လွယ်လွယ်ကူကူ အထိုင်ကျနိုင်ပါ့မလား….?
အင်ဇို ဟာ သိပ်ကိုကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ပါ..။ သူဟာအသင်းမှာ လွယ်လွယ်ကူကူ အထိုင်ကျခဲ့ပါတယ်..။ ဖူးလ်ဟမ်းနဲ့ပွဲမတိုင်ခင် နှစ်ရက်အလိုမှာ ရောက်ရှိလာခဲ့ပေမယ့် အဲဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။
မေး - ချယ်လ်ဆီးအသင်းမှာ ခင်ဗျားဟာ နည်းပြဂရေဟမ် ပေါ်တာ နဲ့ရော သေသေချာချာ ဆွေးနွေးခွင့် ရခဲ့ပြီလား..?
အသင်းကိုရောက်စ နေ့ရက်တွေမှာ သူဟာကျွန်တော့်ကို ခေါ်ပြီးတွေ့ပါတယ်..။ သူလိုချင်တဲ့ ကစားကွက်၊ ကစားဟန်အကြောင်း ပြောပြပြီး ကျွန်တော့်ကို သူ့ရဲ့အသင်းမှာ ဘယ်လိုနည်းနဲ့ အံဝင်အောင်ပြုလုပ်ဖို့ စီစဉ်ထားတဲ့အကြောင်းကို ပြောပြပါတယ်..။ သူ့အသင်းရဲ့ ကစားဟန်ကို သေသေချာချာ ရှင်းပြပါတယ်..။ သူနဲ့မျက်နှာချင်းဆိုင် စကားပြောခွင့်ရခဲ့တာ သိပ်ကိုကောင်းပါတယ်..။ သူဟာသိပ်ကိုခင်မင်ဖို့ကောင်းတဲ့ နည်းပြတစ်ယောက် ဖြစ်မယ်ဆိုတာ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရကတည်းက ပြောနိုင်ပါတယ်..။
မေး - ဒါဆိုရင် သူ့ရဲ့ကစားကွက်ပုံစံကို ရှင်းပြပေးပါလား..?
သူဟာ ကစားသမားတွေကို ဘောလုံးကို ခြေထဲမှာထားပြီး ကစားစေချင်တယ်..၊ ပွဲကိုထိန်းချုပ်ပြီး တိုက်စစ်ကိုအားပြုတဲ့ ကစားဟန်ကို သွတ်သွင်းချင်တဲ့သူ ဖြစ်ပါတယ်..။ ဒ့ါအပြင်ကစားသမားတိုင်းဟာ လိုအပ်ရင် ခံစစ်ပိုင်းမှာ ပါဝင်စေချင်ပါတယ်..။ ဒါပေမယ့်ပွဲကိုထိန်းချုပ်ပြီး တိုက်စစ်ကိုပဲ အားပြုတဲ့ ကစားဟန်ကို ဦးစားပေး ကစားတာပါ..။ အဲဒီကစားဟန်ကို ကျွန်တော်နှစ်သက်ပါတယ်..။
မေး - ခင်ဗျားဟာ ဖူးလ်ဟမ်းအသင်းနဲ့ပွဲဦးထွက်မှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် မိနစ် (၆၀) လောက်လဲရောက်ရော ရုတ်တရက်ဆိုသလို အနီကတ်ဒ်ပြခံခဲ့ရပါတယ်..။ အဲဒီအခိုက်အတန့်မှာ ခင်ဗျားရဲ့စိတ်ထဲ ဘယ်လိုဖြစ်သွားခဲ့လဲ..?
တည်တည်ငြိမ်ငြိမ် နေနိုင်အောင်ပဲ ကြိုးစားပါတယ်..။ အဲဒီပွဲမှာ ကျွန်တော်ဟာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဘောလုံးကစားတဲ့အခါမှာ အခုလိုမမျှော်လင့်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတတ်ပါတယ်..။ အဲဒီဖြစ်ရပ်ဟာ အပိုင်အခွင့်အရး လွဲချော်တာ..၊ ပင်နယ်တီ ကန်သွင်းခွင့် လွဲချော်တာနဲ့ အတူတူပါပဲ..။ ကျွန်တော်တို့ဟာ ဖြစ်လာတဲ့ အခြေအနေကို လက်ခံနိုင်အောင် ကြိုးစားရမှာပါ..။ အဲဒီဖြစ်ရပ်ကြောင့် စိတ်ပျက်အားလျော့သွားတာ မရှိပါဘူး..။ ကိုယ့်ရဲ့ပွဲဦးထွက်မှာ အနီကတ်ဒ်အပြခံရတာဟာ တကယ့်ကိုခံစားရခက်ခဲတဲ့ ဖြစ်ရပ်တစ်ခုပါပဲ..။ ဒါပေမယ့် ကျွန်တော်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံနိုင်အောင်ပဲ ကြိုးစားပါတယ်..။ ချယ်လ်ဆီးအသင်းမှာ ကျွန်တော်ဟာ အကောင်းဆုံးခြေစွမ်းပြနိုင်မယ်..၊ အသင်းကိုအကောင်းဆုံး အကူအညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။ ကျွန်တော်ဟာ ကိုယ့်ရဲ့ခြေစွမ်းနဲ့ စွမ်းဆောင်ရည်အပေါ် အပြည့်အ၀ ယုံကြည်ထားပါတယ်..။
မေး - ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲစဉ်တွေကို တစ်လလောက် လွဲချော်ခဲ့ပြီး လာမယ့်စနေနေ့ဆိုရင် ခင်ဗျားဟာ ပြန်ပြီးကစားနိုင်တော့မှာပါ..။ အဲဒီအခွင့်အရေးအပေါ် အရမ်းစိတ်လှုပ်ရှားနေပြီလား..?
Yeah..! မှန်တာပေ့ါ..။ ကျွန်တော်ဟာ အဲဒီအခွင့်အရေးကို တစ်လလောက် စောင့်နေခဲ့ရတာပါ..။ အဲဒီကာလအတွင်းမှာ အသင်းကလည်း သုံးပွဲပဲ ကစားခဲ့ရပါသေးတယ်..။ ဒ့ါကြောင့်လာမယ့် စနေနေ့ဆိုရင် အသင်းနဲ့အတူ ပြန်လည်ပါဝင်နိုင်ပါလိမ့်မယ်..။
မေး - ပရီးမီးယားလိဂ်မှာ ကစားရတာဟာ လာလီဂါပြိုင်ပွဲမှာ ကစားရတာနဲ့ ဘယ်လိုနေရာတွေမှာ ကွဲပြားမှုတွေရှိလဲ..?
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ယောက်ချင်း ဘောလုံးယှဉ်လုတာတွေ (duels) များတယ်..၊ ပြိုင်ဘက် ကစားသမားတွေနဲ့ တစ်ဦးချင်း ရင်ဆိုင်မှုတွေများပြီး နည်းစနစ်ပိုင်း ဦးစားပေးတာ အားနည်းပါတယ်..။ ဘောလုံးဟာ ကွင်းဘက်ခြမ်း ဟိုဘက်၊ ဒီဘက် မနားတမ်းလွန်းပျံ ပြေးလွှားနေပြီး ဂိုးသွင်းခွင့်တွေလည်း အများကြီးရပါတယ်..။ အဲဒီကစားဟန်ကို ကျွန်တော်နှစ်သက်ပါတယ်..။
မေး - နောက်ရာသီကျရင် ချယ်လ်ဆီးအသင်းမှာ ဆက်ပြီးနေဖို့ အစီအစဉ်ရှိရဲ့လား..?
ကျွန်တော့်ရဲ့အဌားစာချုပ်မှာ အပြီးသတ် ဝယ်ယူခွင့် (purchase option) မပါပါဘူး..။ ဒါ့ကြောင့်ကျွန်တော့်ကို အပြီးသတ်ခေါ်ယူဖို့ဆိုရင် သူတို့ဟာ အက်တလက်တီကိုအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့ လိုပါတယ်..။ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့တာ ရက်ပိုင်း.. တစ်လပဲ ရှိပါသေးတယ်..။ အခုမှပတ်ဝန်းကျင် အခြေအနေအရပ်ရပ်ကို လေ့လာနေတုန်းပါပဲ..။ အခုအချိန်မှာ အနာဂတ်ကျရင် ဘယ်လိုတွေဖြစ်လာမယ်ဆိုတာ ကြိုတင်ပြောကြားဖို့ မဖြစ်နိုင်သေးပါဘူး..။
မေး - ဒါဆိုရင် ဇန်နဝါရီတုန်းက အက်တလက်တီကို အသင်းကနေ ထွက်ခဲ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ..?
အသင်းရဲ့ကစားဟန်နဲ့ အသားကျ၊ အံဝင်နိုင်ဖို့ ခက်ခဲလာခဲ့တာကြောင့် အပြောင်းအလဲတစ်ခု ပြုလုပ်ဖို့ စဉ်းစားခဲ့ပါတယ်..။ ကျွန်တော့်ဘက်က ကြိုးစားအားထုတ်ခဲ့တာ လုံလောက်ပြီ..၊ ဒီထက်ပိုကြိုးစားလဲ အောင်မြင်မှာ မဟုတ်တော့ဘူး.. လို့ တစ်ထစ်ချ တွေးမိခဲ့တာကြောင့် အသင်းကနေ ထွက်ခဲ့တာပါ..။ ဇန်နဝါရီမှာ ကျွန်တော်ထွက်လာခဲ့တာဟာ အသင်းအတွက်ရော ကျွန်တော့်အတွက်ပါ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်..။
(AS သတင်းဌာနမှ ဆောင်းပါးရှင် Manu Sainz ၏ ‘‘Chelsea’s João Félix speaks to AS: Premier League, debut red card, Atlético future, Simeone... ' တွေ့ဆုံမေးမြန်းခန်း ဆောင်းပါးမှ ကောက်နှုတ် တင်ပြပါသည်..။)