feature-image

ဗုဒ္ဓဟူးနေ့ ဘောလုံးစကားဝိုင်း (ဘိုရုရှား ဒေါ့မွန် vs ချယ်လ်ဆီး)

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့အဖြစ် ဒေါ့မွန်အသင်းက ချယ်လ်ဆီးအသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည့် Signal-Iduna Park ကစားကွင်းမှ ပွဲစဉ်သုံးသပ်ချက်နှင့် တိုက်စစ်မှူး အဒီယီမီ ၏ အဆုံးအဖြတ်သွင်းဂိုးတွင် ချယ်လ်ဆီးအသင်း ခံစစ်ကစားသမားများ၏ နေရာယူ၊ ဖျက်ထုတ်မှုအများအပေါ် အသေးစိတ် သုံးသပ်ချက်နှင့် တိုက်စစ်ပိုင်း အဆုံးသတ်အားနည်းနေသော ချယ်လ်ဆီးအသင်း၏ အခက်အခဲများအပေါ် ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ်၊ မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယို ဖာဒီနန် နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟားဂရိဗ် တို့က BT Sports ရုပ်သံဌာန၏ သုံးသပ်ချက်  စကားဝိုင်းအစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။

ရီယို ဖာဒီနန် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ‘အခွင့်အရေးတွေ ဘယ်လောက်ပဲရရ၊ ဘောလုံးဟာ ဂိုးပိုက်နဲ့ မိတ်ဆက်နိုင်ဖို့က အရေးအကြီးဆုံးဖြစ်တယ်’ ဆိုတာ ပြသလိုက်တာပါပဲ..။ ဒါပေမယ့် အရင်ပွဲတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် တိုးတက်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာကတော့ ကောင်းတဲ့အချက်ပေါ့ဗျာ..။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းမှာ အခက်ကြုံနေတယ်ဆိုပေမယ့် ဒီနေ့ပွဲမှာတော့ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပါတယ်..။ အရေးကြီးတာက အဲဒီအခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ဖို့ပဲ လိုအပ်ပါတယ်…။

ဂျိတ်ခ် ဟမ်းဖရေး - ချယ်လ်ဆီးအသင်းဟာ ဂိုးကန်သွင်းခွင့် (၂၁) ကြိမ် ရရှိခဲ့ပြီး (၈) ကြိမ် ဂိုးပေါက်တည့်ခဲ့ပါတယ်..။ ဒါပေမယ့် ဒေ့ါမွန်ဂိုးသမား ဂရီဂေါ် ကိုဘယ်လ် အထူးလက်စွမ်းပြခဲ့တာလည်း ပါတာပေ့ါဗျာ..။
အိုဝင် ဟားဂရိဗ် - မှန်ပါတယ်..။ ဒီနေ့ပွဲမှာ ဒေါ့မွန်အသင်းရဲ့ ခံစစ်ကစားပုံ အတော်လေးကို ကောင်းခဲ့သလို ဂိုးသမား ကိုဘယ်လ် လက်စွမ်းပြခဲ့တာက တစ်ပိုင်းပေါ့..။ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံ တကယ်ကို ကောင်းခဲ့ပါတယ်..။

ဒါပေမယ့် အခုနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြုပ်နှံမှု အတိုင်းအတာနဲ့ဆိုရင် တကယ့်အရေးအကြောင်းမှာ အသင်းအတွက် ဂိုးသွင်းပေးမယ့် တိုက်စစ်မှူးစစ်စစ် တစ်ယောက်မှ ပါမလာတာဟာ ရူးကြောင်ကြောင် နိုင်လွန်းသလို ခံစားမိပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် အသင်းမှာ ဂိုးပုံမှန်သွင်းပေးနိုင်မယ့် တိုက်စစ်မှူးတစ်ယောက် အမှန်တကယ် လိုအပ်နေတယ်ဆိုတာ ထပ်မံပြသလိုက်တာပါပဲ..။



ဂျိတ်ခ် ဟမ်းဖရေး - အင်းဗျ…။ အခုနှစ်ဘောလုံးရာသီမှာ နည်းပြဂရေဟမ် ပေါ်တာ ရဲ့ ချယ်လ်ဆီးအသင်း အကြောင်းကို အနှစ်ချုပ်ပြောမယ်ဆိုရင် အဲဒီတိုက်စစ်ပိုင်းမှာ ဂိုးမိုးခေါင်နေတဲ့ ပြဿနာက အသင်းရဲ့ အဓိကပြဿနာ ဖြစ်နေပါတယ်..။ (၂၄) ပွဲကစားထားတယ်..၊ သွင်းဂိုး (၂၅) ဂိုး… ကဲ.. ဂျိုး ရေ…

ဂျိုး ကိုးလ် - ပြီးခဲ့တဲ့စနေနေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲတုန်းကလည်း အခုပုံစံအတိုင်း ဖြစ်ခဲ့တာပါပဲ..။ အခုနောက်ပိုင်း ပွဲစဉ်တွေမှာ အသင်းရဲ့ကစားပုံ ကျစ်ကျစ်လစ်လစ် ရှိလာတယ်..၊ ပွဲကိုထိန်းချုပ်နိုင်ပြီး တစ်ဘက်အသင်းကို ကွင်းတစ်ဝက်နီးပါး ဖိကစားနိုင်တဲ့ ကာလတွေ ရှိလာခဲ့ပါတယ်..။ ဂျာအို ဖဲလစ် ရဲ့ တစ်ယောက်ချင်း ထိုးဖောက်မှုတွေ၊ ကိုင် ဟာဗာ့ဇ် ရဲ့ တစ်ချက်ထိန်းပြီး လှည့်ထွက်မှုတွေ ကောင်းမွန်ခဲ့ပါတယ်..။ ဒါပေမယ့် တကယ့်ကို အဆုံးသတ်ရမယ့်နေရာ final third ကို ရောက်လာပြီဆိုရင် လိုအပ်တဲ့ဂိုးတွေ မရခဲ့ပါဘူး..။

ဒီနှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲက သွင်းဂိုးအရေအတွက်ကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးလို အသင်းအတွက် လုံလောက်မှုမရှိဘူးဆိုတာ အားလုံးက လက်ခံကြမှာပါ..။ အဲဒီလိုသွင်းဂိုးတွေ မရတာများလာတဲ့အခါ ကစားသမားတွေရဲ့ စိတ်ထဲမှာ ဂိုးရချင်ဇောတွေ ကြီးလာတယ်..၊ ဂိုးရှေ့ရောက်လာပြီဆိုရင် သူတို့တွေကို ကြည့်နေရတာ ဖိအားတွေများနေပြီး စိတ်လောကြီးနေသလိုပါပဲ..။ လွယ်လွယ်ကူကူနဲ့ ဂိုးရနိုင်မယ့် အခွင့်အရေးတွေဆိုလည်း အရမ်းကိုခက်ခဲသလို ဖြစ်သွားကြပါတယ်..။



ဒါပေမယ့် ဒီနေ့ပွဲမှာ တိုးတက်မှုတွေ မြင်တွေ့ခဲ့ရပါတယ်..။ ခင်ဗျားတို့၊ ကျွန်တော်တို့တွေလည်း ဥရောပပြိုင်ပွဲတွေ အများကြီးယှဉ်ပြိုင်ခဲ့ဖူးတာပါပဲ..။ အဝေးကွင်း ၁ဂိုး- ဂိုးမရှိဆိုတဲ့ ရလဒ်ဟာ မျှော်လင့်ချက် ကုန်ဆုံးသွားတာ မဟုတ်ပါဘူး.။ အိမ်ကွင်းမှာ အနိုင်ကန်ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်မယ့် အခွင့်အရေးတွေ အများကြီးရှိနေပါတယ်..။ ဒါပေမယ့် မျှော်လင့်ထားခဲ့တဲ့ ရလဒ်တစ်ခုကို မရရှိခဲ့တဲ့အပေါ် သူတို့တွေ စိတ်ပျက်ခဲ့ကြပါလိမ့်မယ်..။

ဂျိတ်ခ် ဟမ်းဖရေး - မှန်ပါတယ်..။ ဒေါ့မွန်အသင်းဆီမှာတော့ ချယ်လ်ဆီးအသင်းမှာ မတွေ့ရတဲ့ အဆုံးသတ် ဂိုးသွင်းစွမ်းရည် ရှိနေတာကြောင့် အရေးကြီးတဲ့ အနိုင်ပွဲရလဒ်ကို ရယူသွားနိုင်ခဲ့တယ်လို့ပဲ ပြောရမှာပါ..။

အိုဝင် ဟားဂရိဗ် - ဂျာမနီလူငယ် တိုက်စစ်မှူး ကီရင် အဒီယီမီ ရဲ့ တကယ့်ကိုမှော်ဆန်ခဲ့တဲ့ အဆုံးသတ် ဂိုးသွင်းမှုပါပဲ..။ ပွဲချိန် (၆၃) မိနစ်မှာ သွင်းယူသွားခဲ့တဲ့ အဲဒီဂိုးကို ကျွန်တော်တို့ ပြန်ပြီးကြည့်ကြရအောင်…



အခုအပေါ်မှာပြထားတဲ့ ပုံ (ပုံ- ၁) မှာဆိုရင် ရိစ် ဂျိမ်းစ် ရဲ့ကန်ချက်ကနေ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ကန်တင်လိုက်တဲ့အချိန်မှာ အဒီယီမီ ဟာ သူတို့အသင်းရဲ့ ဂိုးဧရိယာထိပ်မှာ ရှိနေတာပါ..။ အခုအနေအထားမှာဆိုရင် ဂျာမနီလူငယ် တိုက်စစ်မှူးလေးဟာ လာမယ့်စက္ကန့်ပိုင်းအတွင်း သူတို့အသင်းအတွက် ဂိုးသွင်းပေးလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားခဲ့မှာ မဟုတ်ပါဘူး..။ တကယ်တမ်းဆိုရင် ချယ်လ်ဆီးအသင်းဘက်က ဂိုးရနိုင်မယ့် အခွင့်အရေး နှစ်ကြိမ်တောင် ရခဲ့ပါသေးတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ထိုးဖောက်မှုကို ရှင်းထုတ်လိုက်ရာကနေ အဒီယီမီ ဟာ ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံးနောက်ခံလူနေရာမှာ ရောက်နေတဲ့ အင်ဇို ဖာနန်ဒက်စ် နဲ့ တစ်ယောက်ချင်း 1 vs 1 ထိုးဖောက်ရတော့မယ့် အလှည့်အပြောင်းကို တမဟုတ်ချင်း ပြောင်းလဲသွားခဲ့ပါတယ်..။

ရီယို ဖာဒီနန် - ခဏလေး… အိုဝင် ရေ… မင်းသာ အင်ဇို နေရာမှာဆိုရင်…
အိုဝင် ဟားဂရိဗ် - ကျွန်တော်ဟာ နောက်ဆုံးနောက်ခံလူနေရာကိုဆင်းပြီး တည်ကန်ဘောတွေက လျံထွက်လာခဲ့တဲ့ ဘောလုံးတွေကို ရှင်းထုတ်ရတဲ့ တာဝန်ယူခဲ့ရတာ အမြဲတမ်းလိုလိုပါပဲ..။
ရီယို ဖာဒီနန် - ဟုတ်ပါတယ်.. စကားဆုံးအောင် နားထောင်ပါဦး..။ မင်းကတော့ မြန်တာကိုး..။ အဲဒီလိုအနေအထားမှာ မင်းသာဆိုရင် မင်းရဲ့အမြန်နှုန်းကို အားကိုးပြီး အဒီယီမီ ကို ဆွဲပြေးခွင့်ပေးမယ်..၊ ပြီးမှဘေးကနေကပ်လိုက်ပြီး ဘေးစည်းဘက်ကို ရောက်သွားအောင် ဖြည်းဖြည်းတွန်းပို့သွားမယ်ဆိုတာ သိပါတယ်..။ ဒါပေမယ့် အင်ဇို ဖာနန်ဒက်စ် ကတော့ မင်းလောက်မမြန်ပါဘူး..။ ဒ့ါကြောင့်သူ့အနေနဲ့ အခုပြထားတဲ့ပုံ (ပုံ - ၂) ကအတိုင်း အဒီယီမီ ကို ဘောလုံးထိန်းခွင့်မပေးပဲ ချက်ချင်းရှေ့တက်ပြီး ဖျက်ထုတ်နိုင်အောင် ကြိုးစားသင့်တယ်လို့ မထင်မိဘူးလား..



အိုဝင် ဟားဂရိဗ် - အတော်လေးတော့ ခက်ပါလိမ့်မယ်..။ အဲဒီလို ချက်ချင်းတက်ဖျက်လိုက်လို့ ကိုယ့်ကိုကျော်ဖြတ် သွားခဲ့မယ်ဆိုရင် ဂိုးပေါက်အထိ တောက်လျှောက်ကြီး ပွင့်ထွက်သွားပြီပေ့ါဗျာ..။ ဒါပေမယ့် ကိုယ့်အတွ်က် အခွင့်အရေး အကောင်းဆုံး ဖြစ်နိုင်မယ့်နှစ်နေရာ ရှိပါတယ်..။ အခုအောက်မှာ ပြထားတဲ့ ပုံ (ပုံ - ၃) နေရာမှာဆိုရင် အင်ဇို အနေနဲ့ အဒီယီမီ ဆွဲထွက်လို့မရအောင် တားလို့ရနိုင်မယ့် အခွင့်အရေး ရှိနိုင်ပါလိမ့်မယ်..။ အဲဒီနေရာမှာ အပြီးသတ် ဖျက်ထုတ်လို့ မရခဲ့ဘူးဆိုရင်တောင် အရှိန်နှေးသွားအောင် တားနိုင်လိုက်တာနဲ့ နောက်ကိုပြေးဆင်းလာတဲ့ တခြားကစားသမားတွေ မှီလာပါလိမ့်မယ်..။



အဲ.. နောက်တစ်နေရာကတော့ အဒီယီမီ နောက်ဆုံးအကြိမ် အရှိန်တင်ပြီး ဂိုးဧရိယာထဲကို ဆွဲဝင်တော့မယ့်နေရာ (ပုံ - ၄) မှာပါ..။ ဒီနေရာမှာတော့ သူ့ကိုတွန်းတိုက်တဲ့နေရာမှာ ပညာသားပါသလို ခပ်ကြမ်းကြမ်းနဲ့ အားပါဖို့လိုပါမယ်..။ ဒါမှလည်း ဘောလုံးသယ်လာတဲ့လူ အခြေပျက်သွားအောင် တွန်းတိုက်နိုင်ပါလိမ့်မယ်..။ ဒါပေမယ့် အင်ဇို က သူ့ကို့ကျော်ဖြတ်ခွင့်ပေးလိုက်တယ်..။ အဒီယီမီ ကျော်ဖြတ်သွားခဲ့တာနဲ့ သူကအရှိန်ကိုနှေးပစ်လိုက်ပါတယ်..။ အဲဒီအချိန်မှာ သွားပြီးထိမိလိုက်ရင် အနီကတ်ဒ်တွေ၊ ပင်နယ်တီတွေကို ကြောက်လို့လည်း ဖြစ်နိုင်ပါတယ်..။



အဲဒါတွေက တကယ့်အသေးစိတ်လေးတွေပါ..။ တစ်စက္ကန့်ရဲ့ အပုံတစ်ရာပုံ တစ်ပုံလောက်ပဲရှိတဲ့ အချိန်တိုလေးအတွင်းမှာ ဆုံးဖြတ်ရာတာဆိုတော့ ကစားသမား တစ်ယောက်အတွက် အတော်လေးခက်ခဲတာ အမှန်ပါပဲ..။

ဂျိုး ကိုးလ် - ကျွန်တော်တို့လို တိုက်စစ်မှူးတွေရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အဒီယီမီ ဟာ ဘောလုံးကို ရလိုက်တာနဲ့ သူဆွဲပြေးရမယ့် လမ်းကြောင်းကို စိတ်ထဲမှာတခါတည်း ဆွဲထားလိုက်တဲ့ပုံပါပဲ..။ အထူးသဖြင့် သူ့ရဲ့လှပတဲ့ ဘောလုံးအထိန်းအသိမ်း၊ ပြီးရင်ဒုတိယမြောက် ဆွဲထွက်သွားခဲ့တဲ့အရှိန်နဲ့ အကွာအဝေး တွက်ချက်ပုံ သိပ်ကိုကောင်းလွန်းပါတယ်..။



နောက်တစ်ချက်အနေနဲ့ ပေးလိုက်ရတဲ့ဂိုးမှာ မီဟေးလ်လို မူဒရပ်ခ် ကို ကျွန်တော် အပြစ်တင်ချင်ပါတယ်..။ ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေဟာ ပြိုင်ဘက်အသင်း ဂိုးဧရိယာထိပ်မှာဆိုရင် ဘယ်လိုဂိုးရအောင် သွင်းမလဲ..? ဆိုတာကိုပဲ အာရုံစိုက်ပါတယ်..။ ဒ့ါကြောင့်မူဒရပ်ခ် ဟာ သူ့ရဲ့စိတ်ထဲမှာ သူ့ရဲ့ဘယ်ဘက်ကို ဘောလုံးကျလာရင် ဘယ်လိုလုပ်လိုက်မယ်..၊ ညာဘက်ကို ဘောလုံးကျလာရင် ဘယ်လိုလုပ်လိုက်မယ်.. ဆိုတာပဲ စဉ်းစားနေပုံ ရပါတယ်..(ပုံ - ၅)။ ဒ့ါကြောင့်သူ့အနေနဲ့ တဒင်္ဂအတွင်း တိုက်စစ်ကနေ ခံစစ်ကာကွယ်ရတော့မယ်.. ဆိုတဲ့ အနေအထားကို ရုတ်ချည်းပြောင်းသွားတဲ့အပေါ် ကြိုတင်ပြင်ဆင်ထားနိုင်တဲ့ပုံ မရှိခဲ့ပါဘူး..။

ရီယို ဖာဒီနန် - မှန်တာပေါ့..။ အဒီယီမီ ပြေးထွက်သွားတဲ့အချိန် မူဒရပ်ခ် က ချက်ချင်းလိုက်မသွားခဲ့ပဲ ကြောင်ကြည့်နေပြီး ကျန်ရစ်ခဲ့တာကြောင့် လျှပ်တစ်ပြက်အတွင်းမှာကို အခုပုံမှာ (ပုံ- ၆) ပြထားတဲ့အတိုင်း (၈) ကိုက်လောက်ပြတ်ပြီး ကျန်နေခဲ့ပါတယ်..။ အဲဒါနဲ့ပဲ အင်ဇို ဖာနန်ဒက်စ် ဟာ တစ်ဘက်က တိုက်စစ်မှူး ကာရင် အဒီယီမီ နဲ့ တစ်ယောက်ချင်း 1 vs 1 ရင်ဆိုင်ရတဲ့ အနေအထား ဖြစ်သွားပါတယ်..။



အဲဒီမှာ နှစ်ပိုင်းပေါ့..။ နောက်ဆုံးနောက်ခံလူ last defender နေရာမှာ ရှိနေတဲ့ အင်ဇို ဖာနန်ဒက်စ် ကလည်း အန္တရာယ်ရှိလာနိုင်မယ့် အခြေအနေတွေကို ကြိုတင်၊ မှန်းဆနိုင်ရမယ်..၊ ရှေ့မှာရှိနေတဲ့ အသင်းဖော်တွေကို အမြဲတမ်းအဆက်အသွယ်မပြတ်တမ်း သတိပေးနေရပါမယ်..။ ကျွန်တော်သာ သူ့ရဲ့နေရာမှာဆိုရင် ရှေ့မှာရှိနေတဲ့ နှစ်ယောက်ကို အခုပူးတွဲပုံ (ပုံ - ၇) ပြထားတဲ့ ဇုန်ထဲကနေ ပြိုင်ဘက်ကစားသမားတွေ ကျော်ထွက်မလာအောင် ရတဲ့နည်းနဲ့ ဖြစ်အောင်တားဆီးဖို့ ကြိုတင်မှာကြားထားမှာပါ..။



အိုဝင် ဟားဂရိဗ် - မူဒရပ်ခ် က အရမ်းကိုမြန်တယ်.. ဆိုပြီး နာမည်ကြီးနေတာ မဟုတ်ဘူးလား..။ သူ့ရဲ့စိတ်ထဲမှာ ငါတော့ဘယ်လိုမှ လိုက်လို့မှီတော့မှာ မဟုတ်ဘူးဆိုပြီး အစကတည်းက စိတ်လျော့လိုက်ပုံ ရပါတယ်..။
ဂျိုး ကိုးလ် - ကျွန်တော်လည်း မူဒရပ်ခ် တို့လောက် မမြန်ပါဘူး..။ ဒါပေမယ့် အခုလိုအခြေအနေမျိုးကျတော့ အမြန်နှုန်းထက်စာရင် အန္တရာယ်ကို ကြိုပြီးသိနေဖို့၊ ကိုယ့်ဘက်က တရစပ် တိုက်စစ်ဆင်နေပေမယ့် ခံစစ်ကို ရုတ်ခြည်းပြောင်းသွားနိုင်တယ်.. ဆိုတဲ့ အသိနဲ့သတိ အမြဲတမ်းရှိနေဖို့က ပိုပြီးအရေးကြီးပါတယ်..။ သူဟာသူ ဘယ်လောက်မြန်မြန်.. တဒင်္ဂလောက် အာရုံစူးစိုက်မှု ပျက်ယွင်းသွားတာနဲ့ ပြောင်းလဲသွားတဲ့ အခြေအနေတွေရဲ့ အပြင်ဘက်ကို ချက်ချင်းရောက်သွားတာပါပဲ..။

ကျွန်တော်ကတော့ အဒီယီမီ ရဲ့ အဲဒီသွင်းဂိုးဟာ သိပ်ကိုလှပ၊ သေသပ်တဲ့ သွင်းဂိုးတစ်ဂိုးလို့ပဲ ချီးကျူးလိုက်ပါတယ်..။ တကယ်တော့ ချယ်လ်ဆီးအသင်းက သီယာဂို ဆေးလ်ဗား ဟာ လက်ရှိဥရောပနဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ယောက်ပါ..။ ဒ့ါကြောင့်လူငယ် ကစားသမားတွေအနေနဲ့ သူလိုကစားသမားဆီကနေ သင်ယူစရာတွေ ဖြည့်ဆည်းစရာတွေ အများကြီးရှိပါတယ်..။ ဘယ်လိုအခြေအနေမျိုးမှာ နောက်ကိုပြန်ဆင်းပြီး စောင့်ဖျက်ရမယ်..၊ ဘယ်လိုအခြေအနေမှာ ရှေ့တက်ပြီး ဖျက်ထုတ်ရမယ်.. စသဖြင့် ခံစစ်ကစားနည်းရဲ့ လေးနက်တဲ့ အတတ်ပညာတွေကို အနီးကပ်သင်ကြားနိုင်ဖို့ လိုအပ်ပါတယ်..။

အိုဝင် ဟားဂရိဗ် - အဲဒီဂိုးဟာ ချန်ပီယံလိဂ်ပြိုင်ပွရဲ့ အနှစ်သာရကို ပြသလိုက်တာပါပဲ..။ ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးဆိုတာ သိပ်ကိုပါးလှလွန်းပါတယ်..။ ဟိုးအရင်နှစ်တွေက ပီအက်စ်ဂျီ၊ မန်ချက်စတာ စီးတီးအသင်းတွေရဲ့ ပွဲတွေမှာဆိုလည်း တကယ့်အသေးစိတ်လေးတွေကပဲ (details) ပွဲရဲ့အဖြေ၊ အနိုင်အရှုံးကို ပြောင်းလဲစေခဲ့တာ ကျွန်တော်တို့တွေ မြင်တွေ့ခဲ့ရပြီးပါပြီ..။ ဒီနေ့ပွဲမှာတော့ အဒီယီမီ ပေါ့ဗျာ..။



ဂျိတ်ခ် ဟမ်းဖရေး - ချယ်လ်ဆီးအသင်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ ရလဒ်တွေ ဆိုးရွားနေပေမယ့် ဒီနေ့မှာတော့ ရလဒ်ကောင်းတွေနဲ့ ချီတက်နေနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းကို သူတင်၊ ကိုယ်တင် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်နည်းပြဂရေဟမ် ပေါ်တာ က ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့တဲ့အချိန်မှာ ကံမလိုက်ခဲ့လို့သာ အရှုံးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ကောက်ချက်ချသွားခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ပိုင်းကစပြီး ဂိုးမိုးခေါင်နေခဲ့တာ အတော်ကြာနေခဲ့ပါပြီ..။ ဒ့ါကြောင့် သူပြောသလောက် ရိုးရှင်းပါ့မလား..?

အိုဝင် ဟားဂရိဗ် - မှန်ပါတယ်..။ သူတို့ဟာ ဒေ့ါမွန်အသင်းထက်ပိုပြီး အပိုင်ဂိုးသွင်းခွင့်တွေရခဲ့ပြီးမှ ရှုံးနိမ့်သွားခဲ့ရတာပါ..။ ပထမပိုင်းမှာ တန်ပြန်တိုက်စစ်ကို အားပြုကစားခဲ့ပြီး ဂျာအို ဖဲလစ် ဟာ ဂိုးရသင့်တဲ့ အပိုင်အခွင့်အရေးနှစ်ကြိမ် ရရှိခဲ့ပါတယ်..။ ဒုတိယပိုင်းမှာတော့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး အိမ်ရှင်အသင်းဘက်ကို အချိန်အတော်များများ ဖိကစားနိုင်ခဲ့တယ်..၊ အခွင့်အရေးကောင်းတွေ အများကြီးရရှိခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ ကြည့်သာကြည့်နေတယ်.. ဂိုးရနိုင်မယ့် အလားအလာ မမြင်မိပါဘူး..။ ဂိုးသွင်းနိုင်မယ်လို့လည်း မထင်မိပါဘူး..။ ဂရေဟမ် ပေါ်တာ ကတော့ သူ့အသင်းရဲ့ ကစားပုံအပေါ် ကျေနပ်မိပါလိမ့်မယ်..။ ဒါပေမယ့် သူ့အနေနဲ့ သွင်းဂိုးတွေလှိုင်လှိုင် ပြန်ပြီးရရှိနိုင်အောင် နည်းလမ်းရှာဖွေဖို့ လိုအပ်နေပါပြီ..။



ဂျိတ်ခ် ဟမ်းဖရေး - transfer window လဲ ပိတ်သွားပြီ..။ အသင်းရဲ့တိုက်စစ် ပိုပြီးထက်မြက်လာဖို့ နည်းလမ်းတွေ ရှာလာတာလည်း လပေါင်းများစွာ ကြာခဲ့ပါပြီ..။ အသင်းမှာ ရှိနေတဲ့တိုက်စစ်မှူးတွေကလည်း ချန်ပီယံလိဂ် လူစာရင်းမှာ ပါဝင်မလာဘူးဆိုတော့ ခင်ဗျားတို့သာ သူ့ရဲ့နေရာမှာဆိုရင် ဘာလုပ်မလဲ…?

ရီယို ဖာဒီနန် - ကစားသမား အသစ်ထပ်ပြီး ခေါ်လို့မရတော့ပေမယ့် ဂျာအို ဖဲလစ် လို ကစားသမား ရှိနေတယ်လေ…။ သူ့ကို ‘false 9’ နေရာမှာ ကစားခိုင်းပြီး အသင်းရဲ့တိုက်စစ်ကိုဦးဆောင်ဖို့ အားကိုးလို့ ရနိုင်ပါတယ်..။ သူဟာအသင်းကို ရောက်လာတာ မကြာသေးပေမယ့် လက်ရှိအသင်းမှာ ဖန်တီးမှု အကောင်းဆုံး ကစားသမား ဖြစ်နေပါပြီ..။ သူနဲ့အတူ တွဲဖက်တိုက်စစ်မှူးတစ်ယောက် လိုပါမယ်..။ သူ့ကိုအဆုံးသတ် ဂိုးသွင်းမယ့် တာဝန်ကို ပိုပြီးယူခိုင်းလိုက်လို့ ရနိုင်ပါလိမ့်မယ်..။

ဒီနေ့ပွဲမှာဆိုရင် သူဟာပြေးရင်းလွှားရင်း၊ ဆွဲပြေးရင်းနဲ့ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့တာပဲလေ..။ အဆုံးသတ် ဂိုးသွင်းယူတဲ့အပိုင်းမှာ တိကျဖို့လိုအပ်နေသေးပါတယ်..။ ဒါကလည်း ကစားခွင့်မရတာ ကြာနေပြီ ဖြစ်တာကြောင့် သံချေးတက်နေတာ ဖြစ်နိုင်သလို သူ့အနေနဲ့ပရီးမီးယားလိဂ် ကစားပုံနဲ့ ပိုပြီးအသားကျလာမယ်ဆိုရင် ဒီထက်ပိုပြီး တိုးတက်လာဖို့ ရှိနေပါတယ်..။

ဒါပေမယ့် ဒီနေ့ပွဲမှာ တိုးတက်မှုတွေအများကြီး တွေ့ခဲ့ရပါတယ်..။ သူတို့အနေနဲ့ အဲဒီတိုးတက် ဖြစ်ထွန်းမှုတွေကို ဆက်လက်သယ်ဆောင်ပြီး စတန်းဖို့ဒ် ဘရစ်ခ်ျမှာ ယှဉ်ပြိုင်ရမယ့် ဒုတိယအကျော့ ပွဲစဉ်ကို အနိုင်ရရှိအောင် အစွမ်းကုန် ကြိုးစားရတော့မှာပါ..။ ကစားသမားတွေဆီမှာသာ ကိုယ့်ကိုယ့်ကို ယုံကြည်မှုအပြည့်နဲ့ အစွမ်းကုန် ကြိုးစားခဲ့မယ်ဆိုရင် ဒုတိယအကျော့မှာ ဒေ့ါမွန်အသင်းကို မနိုင်စရာ အကြောင်းမရှိပါဘူး..။ ဒ့ါအပြင် အဲဒီပွဲစဉ်ဟာ ချယ်ဆီးအသင်းရဲ့ ရာသီလက်ကျန်ကာလ ဖြတ်သန်းမှုအနေအထားအပေါ်မှာသာ သက်ရောက်မှု ကြီးမားနိုင်ပါတယ်..။



ဂျိုး ကိုးလ် - ကစားသမားတွေဟာ ဂိုးမရတာကြာလာတဲ့အခါ ဂိုးရချင်စိတ် လောကြီးနေပြီး ဆန္ဒတွေစော၊ ဆုံးဖြတ်ချက်တွေ မှားယွင်းလာပါတယ်..။ ဒ့ါကြောင့်ဂရေဟမ် ပေါ်တာ အနေနဲ့ အသင်းက တိုက်စစ်ကစားသမားတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုပြီး ကောင်းမွန်လာမယ့် နည်းလမ်းကိုရှာဖွေပြီး အဲဒီအခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရပါမယ်..။

ဂျာအို ဖဲလစ်၊ ကိုင် ဟာဗာ့ဇ် တို့ဟာ အပိုင်အခွင့်အရေးတွေ လွဲချော်နေတယ်..၊ မေဆန် မောင့် ဟာ အခုနှစ်ရာသီမှာ လုံလောက်တဲ့ သွင်းဂိုးတွေ မရရှိခဲ့ဘူး..၊ မူဒရပ်ခ် ရဲ့ လက်ရှိခြေစွမ်းဟာ လိုအပ်ချက်တွေ ရှိနေပါတယ်..။ သူတို့တွေဟာ နောင်တစ်ချိန်မှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်လာမယ့် တကယ့်အရည်အသွေးမြင့် ကစားသမားတွေ ဖြစ်ကြတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ သူတို့တွေရဲ့ ယုံကြည်မှုတွေ ကျဆင်းနေကြပါတယ်..။ နည်းပြဂရေဟမ် ပေါ်တာ အနေနဲ့ အသင်းသားတွေရဲ့ စိတ်ထဲမှာ တည်ငြိမ်၊ အေးဆေးမှုတွေ ရရှိသွားအောင် ကိုယ့်အသင်းရဲ့ ကောင်းကွက်တွေကို ရှာဖွေ၊ ဖော်ထုတ်ပြီး စိတ်ဓါတ်မြှင့်တင်ရေးတွေ ပြုလုပ်သွားဖို့ လိုအပ်နေပါပြီ..။

ဒါပေမယ့်ဗျာ.. ဒေါ့မွန်အသင်းဂိုးသမား ကိုဘယ်လ် လက်စွမ်းပြသွားနိုင်တာကလည်း ဒီနေ့ပွဲရလဒ်မှာ  အရေးပါတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်..။ ဘောလုံးပွဲတစ်ပွဲမှာ ကိုယ့်ဘက်က ထိန်းချုပ်လို့မရနိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်..။ အဲဒါကတစ်ပိုင်းပေါ့..။ အခြားတစ်ဘက်က ကိုယ်လုပ်နိုင်တဲ့အရာတွေကိုတော့ အကောင်းဆုံးကြိုးစားရမှာပါ..။ လေ့ကျင့်ကွင်းတွေမှာ ခံယူချက်၊ စိတ်ဓါတ်အပြည့်နဲ့ အကောင်းဆုံး ကြိုးစားနေရမယ်.၊ ကစားသမားတွေအပေါ် မှန်ကန်တဲ့စိတ်ဓါတ်နဲ့ လမ်းကြောင်းမှန်ပေါ် မြှင့်တင်ပေးနိုင်ရပါမယ်…။

တကယ်တော့ အခုလိုအဆင့်မြင့်ပြိုင်ပွဲတွေမှာ ကျင်လည်နေတဲ့ ကစားသမားတွေအတွက် ဂိုးသွင်းလေ့ကျင့်ခန်းဆိုတာ ဘာမှထူးဆန်းပါဘူး..။ ဒီလေ့ကျင့်ခန်းတွေကိုပဲ ထပ်ခါထပ်ခါ ကြိုးစားလေ့ကျင့်ဖို့ပဲ ရှိပါတယ်..။ နည်းပြတွေကဘက်ကလည်း ကစားသမားတွေရဲ့ပခုံးပေါ်မှာ ကျရောက်နေတဲ့ ဖိအားတွေကို ဖယ်ရှားပေးနိုင်အောင် တတ်နိုင်သမျှ ကြိုးစားပေးရပါမယ်..။ အခွင့်အရေးတွေ လွဲချော်နေတဲ့အပေါ် စိုးရိမ်နေစရာမလိုဘူး..။ အခွင့်အရေးတွေ ရခဲ့တဲ့အခါတိုင်း ယုံယုံကြည်ကြည်နဲ့ ဂိုးကန်သွင်းမှုတွေ ဆက်လက်ပြုလုပ်နေဖို့ အားကိုးရမယ့် ကစားသမားတွေကို တိုက်တွန်းပေးနေဖို့….



ဂျိတ်ခ် ဟမ်းဖရေး - ဘယ်သူတွေကို အားကိုးလို့ရမလဲဗျ..?
ဂျိုး ကိုးလ် - ဂျာအို ဖဲလစ် နဲ့ ကိုင် ဟာဗာ့ဇ် တို့ကိုပဲဆက်ပြီး အားကိုးပါ့မယ်..။ နောက်ပြီးပရိသတ်တွေကို စိတ်အားမြှင့်တင်ပေးနိုင်မယ့် မေဆန် မောင့် ကိုလည်း သူ့ရဲ့အရင်ခြေစွမ်းနဲ့ ယုံကြည်မှုတွေ ပြန်ပြီးရရှိလာအောင် ကြိုးစားပေးပါမယ်…။ ကျွန်တော်တို့အသင်းဟာ လာမယ့်စနေနေ့ကျရင် ဆောက်ပ်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်..။ အဲဒီပွဲကို မဖြစ်မနေ အနိုင်ရအောင်ကြိုးစားပြီး ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုတွေ ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ရမှာပါပဲ..။

အိုဝင် ဟားဂရိဗ် - ကျွန်တော်ကတော့ မူဒရပ်ခ် ရဲ့ခြေစွမ်းအပေါ် အားမရမိသေးဘူး..။ ပြီးခဲ့တဲ့ပွဲမှာဆိုရင် ဟာဗာ့ဇ် လည်း တစ်ချို့အလုံးတွေ အတော်ကောင်းပါတယ်..။ ဂျာအို ဖဲလစ် ကတော့ အဆုံးသတ် ဂိုးသွင်းတာကလွဲရင် ဘာမှအပြစ်ပြောစရာ မရှိပါဘူး.။ ဒါပေမယ့် မူဒရပ်ခ် ကတော့ တစ်ဆင့်လိုနေသေးတယ်လို့ ခံစားမိပါတယ်..။ ဒ့ါကြောင့် မေဆန် မောင့် ရယ်..၊ ကွင်းလယ်ကနေ ဂိုးတွေသွင်းပေးနိုင်တဲ့ ကော်နာ ဂါလက်ချာ တို့ကို ပြန်ပြီးအားကိုးသင့်ပါတယ်..။

ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာ တစ်ယောက်ယောက်ကတော့ ရှေ့ကိုထွက်ပြီး ဦးဆောင်မှုပေးနိုင်ဖို့ လိုအပ်နေပါတယ်..။ အသင်းမှာ ကစားသမားကောင်းတွေ အများကြီးရှိနေပေမယ့် ပရီးမီးယားလိဂ်မှာ (၂၃) ဂိုးပဲ သွင်းယူနိုင်ခဲ့သေးတယ်.. ဆိုတာ အဆင်ပြေမနေပါဘူး..။



ရီယို ဖာဒီနန် - သူတို့ရဲ့ခံစစ်ကြောင်းက မဆိုးလှပါဘူး..။ ဒါပေမယ့် clean sheet တွေရအောင် ဆက်ပြီးကြိုးစားရပါမယ်..။ အသင်းတစ်သင်းဟာ clean sheet ရအောင် ထိန်းထားနိုင်ရင် အနိုင်ရဖို့ အခွင့်အလမ်း အတော်များနေပါပြီ..။ အသင်းတစ်သင်းကို ပြန်လည်တည်ဆောက်မယ်ဆိုရင် ခိုင်မာတဲ့ ခံစစ်ကြောင်းပေါ်ကနေ အခြေခံရတာဟာ ထာဝရ အမှန်တရားပါပဲ..။ သီယာဂို ဆေးလ်ဗား ဟာ လက်ရှိပရီးမီးယားလိဂ်မှာ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ယောက် ဖြစ်ပါတယ်..။ သူ့ကိုအခြေခံပြီး အခုထက်ပိုမိုခိုင်မာတဲ့ ခံစစ်ကြောင်းကို တည်ဆောက်သွားမယ်..၊ တိုက်စစ်ပိုင်းကလည်း ဂိုးတွေသွင်းလာနိုင်မယ်ဆိုရင် အဆင်ပြေသွားမှာပါ..။

ဂျိတ်ခ် ဟမ်းဖရေး - အင်းဗျ..။ အပြောကတော့ လွယ်တာပေ့ါ…။ ဒါပေမယ့် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း ပွဲစဉ်ကျရင် ချယ်လ်ဆီးအသင်းဟာ သူတို့ဆီမှာ ရှိနေတဲ့ ထိပ်တန်းအဆင့် ကစားသမားကောင်းတွေနဲ့အတူ ဒေါ့မွန်အသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်အောင် အစွမ်းကုန် ကြိုးစားရဦးမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ နိုဝင်ဘာလကတည်းက သူတို့ဟာ တစ်ပွဲထဲမှာ နှစ်ဂိုးရခဲ့တဲ့ပွဲ နှစ်ပွဲပဲ ရှိခဲ့ပါတယ်..။ ဒ့ါကြောင့်ဒေါ့မွန်အသင်းကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် အနည်းဆုံး နှစ်ဂိုးတော့ သွင်းနိုင်ရမှာဆိုတော့ ဂရေဟမ် ပေါ်တာ အတွက် လေးလလုံးလုံး ကြိုးစားခဲ့ပေမယ့် အရာမထင်သေးတဲ့ လုပ်ငန်းစဉ်တစ်ခုကို အကောင်အထည် ဖော်ရမလို ဖြစ်နေတာပေ့ါ..။ ဟုတ်ကဲ့ပါ.. ရီယို..၊ ဂျိုး နဲ့ အိုဝင် တို့ရေ.. ဒီနေ့မှာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပေးခဲ့တာကြောင့် အထူးကျေးဇူးပါပဲ..။ နောက်ပွဲတွေမှာ ပြန်ပြီးဆုံတွေ့ကြသေးတာပေ့ါ…